no

Font
Theme

အပိုင်း ၇၀

“ဧကန္တ ခက်ခဲမယ်ထင်ရင်တော့……”

ဆောယောင်းက အသက် ၂၀ စွန်းရုံမျှသာရှိသေးသော ချန်နာကို ကြည့်ရင်း စကားစကို ချန်ထားခဲ့သည်။

ငယ်စဉ်ကတည်းက ဤသို့သော အလုပ်မျိုးကို မကြာမကြာ လုပ်ခဲ့သည်ဆိုသော်လည်း အရာအားလုံးတွင် ကျွမ်းကျင်လိမ့်မည်တော့ မဟုတ်ပေ။ မည်မျှပင် ထူးချွန်သည့် အရည်အချင်း ရှိပါစေ၊ လက်တွေ့ လုပ်ဆောင်ရသည့် ခံစားချက်က သီးခြားတစ်ကဏ္ဍ ဖြစ်ပေလိမ့်မည်။

ဆောယောင်းက ခါးသီးသောစိတ်ဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အရှေ့တွင်ရှိနေသည့် လုံးဝန်းသော ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ ထိုစဉ် ချန်နာ၏ မျက်လုံးများက ရုတ်တရက် အလိုမကျသလို ဖြစ်သွားကာ ထိုမျက်လုံးများထဲတွင် ထိခိုက်သွားသော မာနကို ဖတ်လိုက်ရသည်။

“ကျွန်မ မဖောက်ထွင်းနိုင်တာဆိုလို့ ဝမ်းချုပ်တာပဲ ရှိတာကို……”

သူက တိရစ္ဆာန်လေးတစ်ကောင်လို ရှေ့သွားလေးများကို ထုတ်ပြကာ နှာခေါင်းရှုံ့လိုက်သည်။

“ပြီးတော့ တောင်ဂျိုဆွန်းဆိုတာ ခံလိုက်ရမှန်းတောင်မသိဘဲ ကျော်သွားတဲ့ အခြေအနေတွေမှ အများကြီးပါ……”

ဘာကို ဒေါသထွက်သွားသည်မသိ၊ သူက စိတ်တိုနေပုံရကာ သူ့အင်္ကျီကော်လံသူ ကိုင်ပြီး လှုပ်ယမ်းပြခဲ့၏။

“တောင်ကိုရီးယား ရေအားလျှပ်စစ်နဲ့ နျူကလီးယားစွမ်းအင်ရဲ့ အတွင်းစာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တာ၊ NH ဘဏ်ရဲ့ ကွန်ရက် ဖောက်ထွင်းခံရတာ၊ ဆိုးလ် တက္ကသိုလ်ဆေးရုံကနေ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရတာတွေ အကုန်လုံးက မြောက်ကိုရီးယား ထောက်လှမ်းရေး အထွေထွေဗျူရို - ကိုရီးယားပြည်သူ့တပ်မတော် ထောက်လှမ်းရေးအေဂျင်စီ - ရဲ့ လက်ချက်ပဲလို့…အဲ့ဒါတောင် တောင်ဂျိုဆွန်းက ဘာမှ မတုံ့ပြန်နိုင်ခဲ့ဘူးမဟုတ်လား……”

“……”

“ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းကစပြီး သုံးစားလို့ရတဲ့ အကောင်တစ်ကောင် ဝင်လာလို့လားမသိဘူး၊ ကာကွယ်ရေးတံတိုင်းတွေ ပိုခိုင်လာတယ်ဆိုတဲ့ သတင်းတွေတော့ ကြားဖူးတယ်။ အစ်မ၊ ကျွန်မကို အထင်မသေးပါနဲ့။ ကျွန်မက အဲ့ဒီလူနဲ့ နေ့ရောညပါ ကစားပေးဖို့ စဉ်းစားထားတာမို့လို့……”

နုနယ်သော မျက်နှာထက်တွင် အနိုင်လိုချင်စိတ်နှင့် မာနက ဆူပွက်နေသော ရေပူများလို တစီစီထနေသည်။ ထိုမျှ ပြင်းပြသော အားမာန်ကို ကြည့်ခြင်းဖြင့် မြောက်ကိုရီးယား အစိုးရက သူ့ကို ဘာကြောင့် နောက်ဆုံးအထိ ဦးနှောက်မကျင်းနိုင်ခဲ့သလဲ၊ ထွက်ပြေးလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဘာကြောင့် ယခုအထိ ရှင်းပစ်ချင်ဇောဖြင့် အသည်းအသန် ဖြစ်နေရသလဲဆိုသည်ကို ဆောယောင်း အနည်းငယ် နားလည်သွားသလိုပင်။ မိမိတစ်ယောက်တည်း၏ကမ္ဘာတွင်သာ နစ်မျောနေသည့် ငယ်ရွယ်ပြီး စွမ်းအားကြီးသော သားရဲလောက် အန္တရာယ်ပြုနိုင်သည့်အရာ မရှိပေ။

“ငါက ဘာလို့ ချန်နာကို တားပြီး အရှုံးခံရမှာလဲ။ ခက်ခဲရင် မလုပ်နဲ့လို့ ပြောတာ မဟုတ်ဘဲ၊ တခြားဟာတွေထက် signature တစ်ခုကိုတော့ သေသေချာချာ ချန်ထားပေးဖို့ ပြောတာပါ။”

“Sig……nature တဲ့လား။”

ထိုအခါမှ ဒေါသ အနည်းငယ်ပြေလျော့သွားသော ချန်နာက မျက်တောင်ခတ်ရင်း မေးလာသည်။

“မြောက်ကိုရီးယားက Phishing မေးလ်တွေ ပို့တဲ့အခါ ဂင်ဆုဟျန်းဆိုတဲ့ နာမည်ကို မကြာမကြာ သုံးတယ်ဆို။”

“ဟုတ်တယ်……”

မြောက်ကိုရီးယား ဟက်ကာအဖွဲ့က မေးလ်ထဲတွင် ဗိုင်းရပ်စ်များ ဝှက်ကာ ကိုယ်ရေးအချက်အလက်များကို ခိုးယူသည့်အခါ 'ဂင်ဆုဟျန်း' ဟူသည့် နာမည်ကို မကြာခဏ အသုံးပြုလေ့ရှိသည်မှာ လူသိများသော ကိစ္စပင်။

“ငါလည်း အဲ့ဒီလို တစ်ခုခု ချန်ထားချင်လို့။”

“ဘာနာမည်နဲ့လဲ။”

ဆောယောင်းက ရင်ထဲမှ အင်အားများကို စုစည်းကာ အသက်ကို ပြင်းပြင်းရှူရင်း ပြန်ဖြေခဲ့သည်။

“ဂင်ဟျွန်း။”

အရာအားလုံးကို ထိုလူ၏ ထိုနာမည်ဖြင့်။

~~~~

အမျိုးသားထောက်လှမ်းရေးအေဂျင်စီ ပြည်ပထောက်လှမ်းရေးဌာန၏ တရားဝင်မဟုတ်သော အဖွဲ့ (၁) မှ ဟက်ကာ နာဝန်ချန်း အဆောင်ခန်းမှ သမ်းဝေရင်း ထွက်လာသည်။

အားအင်မရှိဘဲ ဖိနပ်ကို တရွတ်တိုက်ဆွဲကာ၊ ရှုပ်ပွနေသောခေါင်းကို ကုတ်ရင်း၊ မျက်လုံးတစ်ဖက်ကို ပွတ်သပ်နေ၏။ အိပ်ချင်မပြေနိုင်သေးဘဲ ရုံးခန်းသို့ ပြန်ရောက်လာသော သူက အမျိုးသားထောက်လှမ်းရေး လိုဂိုအကြီးကြီး ပါရှိသော မော်နီတာရှေ့တွင် ထိုင်လိုက်သည်။

“ဟင်း……”

ကုလားထိုင်ထဲသို့ နစ်ဝင်သွားသော ခန္ဓာကိုယ်က ချက်ချင်းပင် လျှော်ပြီးသား အဝတ်စိုလို ပျော့ခွေသွား၏။ သူက ဘာမှမလုပ်ဘဲ ကုလားထိုင်ဘီးကိုသာ ဟိုဟိုဒီဒီ လှည့်နေသည်။

နာဝန်ချန်းက Black အေးဂျင့်ကို ကူညီထောက်ပို့ရသည့် လျှို့ဝှက်ဌာနမှ အဖွဲ့ဝင်ဖြစ်သောကြောင့် ပုံမှန်အချိန်တွင် ဆိုက်ဘာလုံခြုံရေးအဖွဲ့မှ ဝန်ထမ်းအဖြစ် ဟန်ဆောင်ထားလေ့ရှိ၏။

ဝီး… ဝီး… ဟူသော စက်လည်ပတ်သံများသာ ထွက်ပေါ်နေသည့် ဌာနအတွင်း။

စခရင်န်ကြီးများနှင့် မော်နီတာ အမျိုးမျိုး ပြည့်နှက်နေသော ရုံးခန်းအတွင်းပိုင်းက မှောင်မည်းနေ၏။ ဖန်သားပြင်ဘုတ်နှင့် ဝှိုက်ဘုတ်များပေါ်တွင် တစ်စုံတစ်ယောက် ဖိပြီးရေးထားသော ဒိုမိန်းလိပ်စာများ၊ Reverse DNS ဒေတာများ၊ သက်ဆိုင်ရာ IP နံပါတ်များက ပြန့်ကြဲလျက်။

“အား… အဖွဲ့မှူးရာ……”

နာဝန်ချန်းက ခေါင်းကို အနောက်သို့လှန်ကာ တိုးတိုးညည်းတွားလိုက်သည်။

အီဝူရှင်း တိုးတိုးတိတ်တိတ် ခိုင်းထားသည့် ဇီးကွက်အကြောင်း ပြန်လည် စုံစမ်းစစ်ဆေးရေးကိစ္စ။

ထိုကိစ္စကြောင့် သူ၏ နေ့ရက်တိုင်းက ဗုံးတစ်လုံးလိုပင်။

ပထမအချက်က ဒုညွှန်မှူး ဘယ်အချိန် ရိပ်မိသွားမလဲဟု ကြောက်ရသလို၊ ဒုတိယအချက်က ဇီးကွက်အကြောင်းကို ပိုပြီး တူးဆွလေလေ ထူးဆန်းသည့်အရာများ တစ်ခုပြီးတစ်ခု ပေါ်လာလေဖြစ်သောကြောင့် ပို၍ပင် စိုးရိမ်နေရသည်။

ဗီဇအရ သူက တိုက်ခိုက်ခြင်းထက် ခုခံကာကွယ်ခြင်းတွင် ပို၍ ထူးချွန်သူပင်။ တစ်ခုခုကို ဖောက်ထွင်းဖျက်ဆီးခြင်းထက် အလွှာ ၁၀ ထပ်၊ အထပ်၂၀ အထိ ကာကွယ်ရေးတံတိုင်းများ တည်ဆောက်ကာ ပြိုလဲသွားသည့်အပိုင်းကို မြန်မြန်ဆန်ဆန် ပြန်လည်ပြုပြင်ခြင်းကို ပို၍နှစ်သက်၏။

ဖျက်ဆီးခံလိုက်ရသောအရာကို ပြန်လည်တည်ဆောက်ခြင်း၊ ဆုတ်ဖြဲခံရသော အပိုင်းအစများကို ပြန်လည်ဆက်စပ်ပြီး မူလပုံစံနှင့် စတင်ရာအမှတ်ကို ရှာဖွေခြင်း။ ထိုသဘောအရ ဖျက်ပစ်လိုက်သော အစအနများကို ပြန်လည်ဖော်ထုတ်ခြင်းနှင့် ထွက်ပြေးသွားသော ခြေရာများကို နောက်ကြောင်းပြန်လိုက်ခြင်းက နာဝန်ချန်း၏ အထူးကျွမ်းကျင်သော ပညာရပ်ပင်။

ထို့ကြောင့်လည်း….

ဇီးကွက်၏ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု မှတ်တမ်းများနှင့် ဗီဒီယိုများကို ပြန်လည်ဖော်ထုတ်ရန်မှာ သူ့အဖို့ မခက်ခဲလှပေ။ ထိုမှတ်တမ်းများ၏ ပမာဏက 1 Terabyte (TB) နီးပါး ရှိနေသော်လည်း။

အသက် ၁၀ နှစ်အရွယ်မှစ၍ 'Bird Box စစ်ဆင်ရေး' မစတင်မီအထိ ဆက်တိုက် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများ။

ဒါပေမဲ့ ဒါက… ၂ နှစ်ခွဲကြာတဲ့ စစ်ဆင်ရေး မဟုတ်ဘူးလား။ ပမာဏက ဘာလို့ ဒီလောက်ကြီးနေတာလဲ။

“.....”

ဟိုးအတော်ကြာကတည်းကပင် ဇီးကွက်က စောင့်ကြည့်ခံခဲ့ရခြင်း ဖြစ်လောက်မလားမသိပေ။ ထိုကဲ့သို့ ဖြတ်ခနဲဝင်လာသော အတွေးကြောင့် နာဝန်ချန်း၏ တစ်ကိုယ်လုံးရှိ မွေးညင်းများ ထောင်ထသွားရ၏။

မကြာမီ မတူးဆွသင့်သောအရာကို တူးဆွမိလေခြင်းဟူသော နောင်တနှင့် အမျိုးသားထောက်လှမ်းရေးအေးဂျင့် စည်းကမ်းချက်များကို ချိုးဖောက်မိခြင်းဟူသော ကြောက်စိတ်များက ရေလှိုင်းကဲ့သို့ တိုးဝင်လာတော့သည်။

“အား… အဖွဲ့မှူး……”

ထိုသို့ဖြစ်လာတိုင်း သက်ပြင်းချသံများ ထွက်ပေါ်လာတတ်၏။

“စပ်စုလို့ ကြောင်သေတယ်ဆိုတာ အမှန်ပါပဲလို့……”

ထိုစဉ် တစ်စုံတစ်ယောက်က မှန်တံခါးကို ဒုန်း… ဟူ၍ ဝုန်းကနဲဖွင့်ကာ ဝင်လာသည်။

အာရုံပျက်သွားသော နာဝန်ချန်းလည်း မျက်မှောင်ကြုတ်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။ နက်ခ်တိုင် တလွင့်လွင့်ဖြင့် ဝင်လာသော လူက ဟောဟဲဆိုက်နေသည်။

“ဟေ့… ဟေ့… ထစမ်း၊ ဟေ့ကောင်…မင်း ငါတို့အဖွဲ့ဘက်ကို ခဏလောက် လာကူပေးဦး။”

မျက်မှန်းတန်းမိနေသည့် ထိုလူက တတိယ ဒုညွှန်မှူး လက်အောက်ရှိ ဘဏ္ဍာရေး ရာဇ၀တ်မှုအဖွဲ့မှ ဝန်ထမ်းပင်။ ထိုလူက တံခါးကို ဝုန်းခနဲ ဖွင့်ဝင်လာသော်လည်း ယခုပဲဖြစ်ဖြစ် ပြန်ပြေးရန် အသင့်ဖြစ်နေသည့်ပုံစံဖြင့် ရပ်နေသည်။

သို့သော် နာဝန်ချန်းကမူ ကုလားထိုင်ကိုသာ တစ်ပတ်လှည့်လိုက်ရင်း နှာခေါင်းပေါ်တွင် ခဲတံတစ်ချောင်း တင်ထားလိုက်၏။ ထိုပုံစံကိုကြည့်ပြီး ဝန်ထမ်းလည်း ဒေါသတကြီး အော်ဟစ်လေတော့သည်။

“အခု အရေးပေါ် အခြေအနေကွ၊ ဘတ်ဂွမ်ဒူရဲ့ အကောင့်ထဲကနေ ၅ ဘီလီယံ အခိုးခံလိုက်ရပြီ……”

“ဗျာ။”

ထိုအခါမှ စိတ်မဝင်စားသလို နေခဲ့သော ဝန်ချန်းလည်း ခေါင်းလှည့်ကြည့်မိတော့၏။

“၂၀၁၁ တုန်းက NH ဘဏ် ကွန်ရက် ဖောက်ထွင်းခံရတုန်းက နည်းလမ်းနဲ့ ဆင်တူတယ်။ စတာက Phishing မေးလ်ကနေပဲ၊ ဗိုင်းရပ်စ်ကူးပြီး ကွန်ရက် တစ်ချက် ရပ်သွားတာ၊ ပြီးလို့ ပြန်ပြင်ပြီး ကြည့်လိုက်တော့ အမတ်ဟောင်း ဘတ်ဂွမ်ဒူရဲ့ အကောင့်တစ်ခုတည်းကနေပဲ အကုန်လုံး ပါသွားလိုက်တာ။”

ထိုစကားကြောင့် နာဝန်ချန်း၏ မျက်ခုံးများ ဆတ်ခနဲတွန့်သွားသည်။ အင်မတန် အံ့ဩသွားသော်လည်း အားမရှိသော ခန္ဓာကိုယ်ကို ထရပ်စေနိုင်လောက်သည်အထိတော့ မဟုတ်ပေ။ သူက ပျင်းတိပျင်းတွဲ လေသံဖြင့် ပြန်မေးလိုက်၏။

“ထပ်ပြီး မြောက်ကိုရီးယားပဲလား။”

“သေသေချာချာတော့ မသိသေးပေမဲ့ မင်းအမြင်မှာရော တူမနေဘူးလား။”

မြောက်ကိုရီးယား၏ ဆိုက်ဘာ တိုက်ခိုက်မှု စွမ်းအားက ရုရှားနှင့်အတူ ကမ္ဘာ့အဆင့်တွင် ၁၊ ၂ ယှဉ်ပြိုင်နိုင်လောက်သည့် အတိုင်းအတာပင်။ IT အခြေခံအဆောက်အအုံပင် မရှိသည့် နိုင်ငံမှ ထိုကဲ့သို့သော အရူးများ ထွက်လာအောင် မည်မျှအထိ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးထားရမည်နည်း။

သူတို့က မြောက်ကိုရီးယား၏စနစ်ကို သရော်သည့်ရုပ်ရှင် ရိုက်ကူးခဲ့သည်ဟုဆိုကာ Sony Pictures ကို ဟက်ခဲ့ကြသလို၊ ခရစ်ပတို ငွေကြေး လဲလှယ်ရေးစခန်းမှ ဝမ် ၂ ထရီလီယံ ၉၀ ဘီလီယံကို ခိုးယူသွားသည့် အရူးများပင်။

ထိုမှတစ်ဖန် ကိုရီးယား ရေအားလျှပ်စစ်နဲ့ နျူကလီးယားစွမ်းအင်၊ Korea Aerospace Industries (KAI)၊ Daewoo Shipbuilding & Marine Engineering (DSME) စသည်တို့ကို ဟက်ကာ အတွင်းသတင်းများ ခိုးယူပြီး နည်းပညာနှင့် ငွေကြေးများကိုပါ မြင်မြင်သမျှ အကုန် ခိုးယူနေကြသူများဖြစ်၏။

မည်သို့ပင်ဖြစ်စေ မေ့တော့မည့်အချိန်တိုင်း ပေါ်လာတတ်သည်က မြောက်ကိုရီးယား ဟက်ကာအဖွဲ့များပင်။ လွန်ခဲ့သော ရက်ပိုင်းကလည်း ဘဏ္ဍာရေးလုံခြုံရေး အသိအမှတ်ပြုစနစ်၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ကွန်ပျူတာ ၂၀၇ လုံးကို ဟက်ပြီး ဗိုင်းရပ်စ်များ ဖြန့်ဝေခဲ့ကြသည် မဟုတ်ပါလား။

“ဧကန္တ မေးလ် အကောင့်နာမည်က ဂင်ဆုဟျန်းလား။”

“မဟုတ်ဘူး။ ကိုရီးယား ရေအားလျှပ်စစ်နဲ့ နျူကလီးယားစွမ်းအင်ကို ဖောက်တုန်းက ဂင်ဆုဟျန်း ဆိုပေမဲ့ အခုက မဟုတ်ဘူး။ မြောက်ကိုရီးယား မဟုတ်နိုင်တဲ့ အခြေအနေကိုလည်း စဉ်းစားထားပေမဲ့ နယ်ပယ်က တအားကျယ်လွန်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ၅ဘီလီယံဆိုတဲ့ အငြိမ်းစားငွေကို မနာလိုတဲ့ ပြည်သူတစ်ယောက်ယောက် ရှိလို့များလား။”

နာဝန်ချန်းကမူ ယခုအထိ စိတ်မဝင်စားသော မျက်နှာထားဖြင့်သာရှိနေသည်။

မော်နီတာ တစ်ဖက်ခြမ်းမှ အွန်လိုင်းပေါ်က မရီးဖြစ်သူ ဇီးကွက်အကြောင်း စဉ်းစားရုံနှင့်ပင် ယခု ခေါင်းပေါက်မတတ် ဖြစ်နေရသည်ကို၊ ထိုမျှလောက် ငွေလေး အခိုးခံရခြင်းက ဘာများအရေးကြီးနေသနည်း……ဝန်းချန်း ပင်ပန်းနေသော မျက်လုံးတစ်ဝိုက်ကိုသာ ဖိပြီး နှိပ်နယ်နေမိသည်။

“ဒါပေမဲ့ အဲ့ဒီလူက VIP ရဲ့ မိန်းမဘက်က တူမရဲ့ ခမည်းခမက် ဖြစ်နေတယ်တဲ့။ ဒီငွေကို ပြန်မရှာနိုင်ရင် ငါတို့အဖွဲ့ အလုပ်ပြုတ်တော့မှာ။ အဲ့ဒါကြောင့် မင်းလည်း လာကူညီပေးဦး……တကယ် အဲ့ဒီလောက် ငွေအ​များကြီး ယူသွားတာတောင် အစအန တစ်ခုမှမကျန်ခဲ့ဘူးဆိုတာကတော့……”

“……”

“ဘာပဲဖြစ်ဖြစ် ပထမဆုံး မြင်ဖူးတဲ့ အကောင့်ဆိုပေမဲ့ နောက်ကြောင်းလိုက်တိုင်း အဲ့ဒီနာမည်က ပါနေလို့၊ လောလောဆယ် ငါတို့အဖွဲ့က ‘ဂင်ဟျွန်း’ ဆိုတာ လျှို့ဝှက်ကုဒ်များလားဆိုပြီး ဆက်စပ်မှုတွေကို လိုက်နေ……”

နှာခေါင်းပေါ်တွင် တင်ထားသော ခဲတံ တလိမ့်လိမ့်နှင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်က ထိုအချိန်ပင်။

“အခု ဘာလို့ ပြောလိုက်တယ်။”

ပျော့ခွေနေသော ဝန်ချန်းတစ်ယောက် ဝုန်းခနဲ ထရပ်လိုက်မိသည်။ ထိုအခါ သူထိုင်နေသော ကုလားထိုင်က အနောက်သို့ လဲကျသွားကာ ဆူညံသော အသံကြီး ထွက်ပေါ်လာ၏။

“မေးလ် နာမည်က…… ဘာရယ်။”

အသံ၏အဆုံးက အလန့်တကြား တုန်ယင်သွား၏။

~~~~

အိပ်မက် မကောင်းသော်လည်း မနက်ကတည်းကစပြီး စိတ်က ကြည်လင်နေသည်။

တစ်ခုခုဖြစ်တော့မလို လန်းဆန်းဖွယ်ရာ နေ့တစ်နေ့။ သက်သောင့်သက်သာ မရှိဘဲ မာကျောသော လေ့ကျင့်ရေးစခန်းလို မဟုတ်ဘဲ နူးညံ့သော မွေ့ရာပေါ်တွင် နိုးထရသည့် ခံစားချက်က အတိုင်းထက်အလွန် ပြီးပြည့်စုံနေ၏။

ရက်အတော်ကြာအောင် နေ့ရောညပါ တဟားဟားနှင့် ပျော်ရွှင်နေသော အသံများကို ယခု မကြားရတော့ပေ။

အလုပ်ကို အဆုံးသတ်လိုက်သည့် ချန်နာက ခိုးယူထားသော ၅ ဘီလီယံကို ဖိလစ်ပိုင်၊ မနီလာရှိ ဘဏ်တစ်ခုတွင် ထည့်ထားခဲ့သည်ဟုဆိုသည်။ ထို့နောက် ကြားခံကို အသုံးပြုကာ ငွေများကို လေးစုခွဲ၍ ထုတ်ယူပြီး ကာစီနို အကောင့်များသို့ ပြောင်းရွှေ့လိုက်သည်ဟုပြောခဲ့၏။ ဆောယောင်းလည်း ဖြစ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ချန်နာကို Blast ကုမ္ပဏီအတွင်းသို့ ပို့ဆောင်လိုက်သည်။

ထိုသို့ဖြင့် တစ်ယောက်တည်း ပြန်ဖြစ်သွားသော ဆောယောင်းက အားကစားအိတ်ထဲတွင် ထည့်ထားခဲ့သော ပစ္စည်းများကို ပြန်ထုတ်ကာ ကျန်နေသော အိမ်အလုပ်များကို တစ်ခုချင်း စီမံနေ၏။ ထိုစဉ် ဝရန်တာမှတစ်ဆင့် နွေးထွေးသော နေရောင်ခြည်က ခြေဖျားလေးများကို လာထိတော့ ခင်ပွန်းဖြစ်သူနှင့်အတူ နေ့လယ် တစ်ရေးတမောအိပ်စက်ခဲ့သည့် အချိန်များက နာကျင်မှုတစ်ခုလို အတွေးထဲပေါ်လာသည်။

“……”

ထို့နောက် အီဝူရှင်းနှင့် မျှဝေခဲ့သော ကိုယ်ငွေ့ကလည်း……

နေပါဦး၊ ဘာရယ်။

အဝတ်ခေါက်နေသော သူ၏ လက်များ တုံ့ခနဲ ဖြစ်သွားသည်။

အခု ငါ ဘာတွေ တွေးနေတာလဲ……ရူးသွားပြီလား။

ဆောယောင်းက စိတ်ပျက်သလို တစ်ကိုယ်လုံးကို ခါယမ်းလိုက်မိသည်။

တစ်ချိန်လုံး ဆူညံနေသည့်နေရာမှ ရုတ်တရက် အိမ်သို့ ပြန်ရောက်လာ၍ ဘေးထွက်ဆိုးကျိုးတစ်ခုခု ခံစားနေရခြင်းလား……

နေ့တိုင်း မြင်နေရသည့် နည်းပြ ပျောက်သွားတော့ အနည်းငယ် ထူးဆန်းသလို ခံစားရသည်မှာလည်း အမှန်ပင်။

အီဝူရှင်းကို နောက်ဆုံး မြင်ခဲ့ရသည်မှာ ထိုနေ့က ချောက်ကမ်းပါးထိပ်တွင် ဖြစ်သည်။ နှစ်လခွဲကြာအောင် အမြဲတမ်း ထိတွေ့ဆက်ဆံခဲ့ကြသော်လည်း လေ့ကျင့်ရေး ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် အီဝူရှင်းက အဖွဲ့ဝင်များ၏ ရှေ့သို့ နောက်ထပ် ပေါ်မလာတော့ပေ။

ပတ်သက်မှုကို ယတိပြတ် ဖြတ်တောက်လိုက်သည့်ပုံစံက ဆောယောင်း ထင်ထားသည့်အတိုင်းပင်။ တဘတ်ကို ခေါက်နေသော လက်ဖျားများတွင် ရုတ်တရက် အားပါသွားသည်။

ထိုစဉ် တောင်ခနဲ ဖုန်းမှ စာတိုအချက်ပေးသံ ထွက်ပေါ်လာ၏။ ဖုန်းစခရင်န်ကို လှမ်းကြည့်လိုက်တော့ မသိသောဖုန်းနံပါတ် ဖြစ်နေသည်။

- အသိပေးချက် -

အထူးလုံခြုံရေးအဖွဲ့ အဖွဲ့ဝင်သစ် ကြိုဆိုပွဲနှင့် စားသောက်ပွဲ လမ်းညွှန်

အဖွဲ့သားများအကြား စည်းလုံးမှုရှိစေရန်အတွက် စားသောက်ပွဲ ပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။

၂၀XX. ၀၂. ၁၄ (ကြာသပတေး) ၁၉:၀၀

ဂျူရင်းဂွမ် (၂၂၄၉၊ XX ရပ်ကွက်၊ XX လမ်းမကြီး၊ ဆိုးလ်၊)

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၁၈ အထိ ဖတ်လို့ရပါပြီ။

၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment