no

Font
Theme

အပိုင်း ၅၆

“နင်လည်း ဘာကောင်ကြီးမှမဟုတ်တဲ့သူပဲဆိုတာ တစ်ခါမှ မတွေးမိဖူးဘူးလား။”

ဆောယောင်း၏ တည်ငြိမ်လှသော စကားကြောင့် ဆောင်းဝုချန်းက နဂိုကပင် ပြူးကျယ်နေသော သူ၏မျက်လုံးများကို ပို၍အားထည့်ကာ စိုက်ကြည့်လာသည်။

ပိန်ပါးသော ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေကာ အသက်ရှူပင် မဝသော်လည်း ဆောယောင်း၏ မျက်နှာကမူ အနည်းငယ်မျှပင် ပျက်ယွင်းသွားခြင်း မရှိပေ။

“တစ်ပတ်ဆိုတာ ထင်ထားတာထက် ပိုရှည်တယ်နော်။”

“ဘာ...”

“ကိုယ့်ဘာသာ လက်လျှော့သွားမဲ့သူတွေ ဒီတစ်ခေါက်လည်း ကျိန်းသေပေါက် ထွက်လာလိမ့်မယ်လို့ ပြောတာ။ ဒါကြောင့် ငါသာ နင်ဆိုရင်... ဆောင်းဝုချန်း…”

“……”

သူ့နာမည်ကို တိတိကျကျ ခေါ်လိုက်သောအသံကြောင့် ဆောင်းဝုချန်း၏ မျက်ခုံးများ ကျုံ့သွားလေသည်။

“အဲ့ဒီ ညစ်ပတ်စုတ်ပဲ့နေတဲ့ စရိုက်ကိုသုံးပြီး လူပါးဝတဲ့ အလုပ်တွေ လုပ်ကြည့်မိမှာပဲ။”

“အခု ဘာစကား ပြောလိုက်တယ်……”

“ယုတ်မာပြီး သောက်မြင်ကတ်စရာကောင်းတဲ့ အဲ့ဒီစရိုက်ကို ကောင်းတဲ့နေရာမှာ အသုံးချကြည့်စမ်းပါ။”

ရည်မှန်းချက်တစ်ခုတည်းကိုသာ အညှာအတာမဲ့စွာ တောင့်တနေသော ဆောယောင်း၏အကြည့်များက ဆောင်းဝုချန်းထံသို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။

“အားလုံး အတူတူ ရှင်သန်ရမဲ့နည်းလမ်းကိုတော့ မသိပေမဲ့ ကျန်တဲ့သူတွေကို သတ်ပစ်ရမဲ့ နည်းလမ်းကိုတော့ သိနေသလိုပဲ။”

ရေအေးထဲတွင် နာရီပေါင်းမည်မျှကြာအောင် နေခဲ့ရမှန်းပင် မမှတ်မိတော့ပေ။ သူတို့က အသံကုန်ဟစ်ကာ တိုင်ပင်ခေါ်ခဲ့ကြပြီး၊ ပခုံးများ ပြုတ်ထွက်မတတ် လှော်တက်ကို ခတ်ခဲ့ကြသည်။

ပင်လယ်ကို တစ်ပတ်ပတ်ပြီး ပြန်လာချိန်တွင် နေထွက်နေချေပြီ။ အစာကိုလည်း လှော်တက်ပေါ်၌ပင် လက်ဖြင့်ယူကာ စားခဲ့ရ၏။ ပထမဆုံးနေ့တွင် လူတိုင်း ရှိုက်သံများဖြင့် ထမင်းစားခဲ့ကြသည်။

နေ့ဘက်တွင် လှေကို ပခုံးထမ်းလျက် တောင်တက်ခဲ့ရပြီး၊ ညဘက်တွင်မူ ပျက်ကွက်ခြင်းမရှိဘဲ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ရ၏။

ဆောယောင်းတစ်ယောက် အရွတ်များ ပြတ်ထွက်မတတ် နာကျင်နေသော်လည်း အံကြိတ်ကာ ရာဘာလှေကို ပင့်မထားခဲ့သည်။ တစ်ကိုယ်လုံးကို ဖိထားသော အလေးချိန်ကြောင့် ခြေတစ်လှမ်းချင်းစီ လှမ်းရန်ပင် ခက်ခဲနေ၏။

ခြေချော်ရုံနှင့် လဲကျသွားတော့မည့် အခြေအနေမျိုးတွင် အီဝူရှင်းက လှေပေါ်သို့ တက်ထိုင်ကာ ဝီစီကို တပီပီ မှုတ်လျက် လူကို စိတ်တိုအောင် လုပ်နေသည်။

သစ်လုံးကို ကိုင်ထားစေကာ တစ်ယောက်ကိုတစ်ယောက် လိုက်ဖမ်းခိုင်းခြင်း၊ ချီတက်ခြင်းများ ပြုလုပ်စေပြီး၊ အမျိုးအစား ၅၂ မျိုးပါဝင်သော UDT ကာယလေ့ကျင့်ခန်းကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နှစ်နာရီစီ ပြုလုပ်စေခဲ့၏။ နည်းပြများက လူကို တစ်စက္ကန့်မျှပင် အနားမပေးဘဲ တွန်းအားပေး နှိပ်စက်ခဲ့ကြသည်။

အဖွဲ့ဝင်များအား သန့်စင်ခန်းသွားခွင့်မပြုသဖြင့် ဘောင်းဘီထဲတွင်ပင် အပေါ့အပါး သွားကြရ၏။ ဆောယောင်းက အညစ်အကြေး မစွန့်ထုတ်မိစေရန် အစာကို အနည်းငယ်မျှသာ စားခဲ့သည်။

ပူနွေးသော ကြက်ဆန်ပြုတ်ကျွေးသည့် ညနေပိုင်းတွင်မူ အလွန်အေးလှသဖြင့် မစားနိုင်တော့ဘဲ တစ်ကိုယ်လုံးကို ဆန်ပြုတ်များဖြင့် ပွတ်သပ်ကာ အနွေးဓာတ်ယူရရှာ၏။

ဖြူဖျော့နေသော မျက်နှာပေါ်သို့ နီမြန်းသောအရောင်များ တစ်ဖန်ပြန်လည် စိမ့်ဝင်လာသည်။ ယခုအခါတွင်မူ သူတို့က နေမင်းကိုကြည့်ရင်း အပြေးလေ့ကျင့်နေကြပေပြီ။

ဆောယောင်းက သုံးရက်တိုင်တိုင် အိပ်စက်ခြင်းမရှိဘဲ ဤလုပ်ရိုးလုပ်စဉ်များကို ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့၏။ မကြာခဏဆိုသလို ဂင်ဟျွန်းကိုသာ တမ်းတနေခဲ့သော သူ့ခေါင်းထဲ၌ ပထမဆုံးအကြိမ်အဖြစ် ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်းဖြစ်သွားသည်အထိပင်။

လေးရက်မြောက်နေ့ မနက်တွင်မူ ရွှံ့နွံထဲ၌ လူးလိမ့်ခဲ့ကြသည်။ အသားနှင့် ထိမိပါက အဆိပ်တက်ကာ နီမြန်းဖောင်းကြွလာတတ်သော ရွှံ့နွံထဲတွင် အဆုံးမရှိ တွားသွားပြီး လူးလိမ့်ခဲ့ကြရ၏။ တစ်ကိုယ်လုံး မည်းမှောင်နေသော ရွှံ့များဖြင့် ပေကျံသွားပြီးနောက်တွင်မူ မျက်နှာတစ်ခုလုံး မည်းသွားကာ ဖြူဖွေးသော သွားများသာ ကွက်ကွက်ကွင်းကွင်း မြင်သာနေတော့သည်။

လေးရက်တိုင်တိုင် တစ်မှေးပင် မအိပ်ရဘဲ တစ်ကိုယ်လုံး အညစ်အကြေးများဖြင့် ပြည့်နှက်နေသောအခါ အဖွဲ့ဝင်များလည်း တဖြည်းဖြည်း အကန့်အသတ်သို့ ရောက်ရှိလာကြတော့၏။

“အိပ်ပျော်နေတဲ့ကောင်ရှိရင် နည်းပြကိုယ်တိုင် မျက်နှာကို ရေထဲ အတင်းနှစ်ပစ်မယ်။”

ထိုစကားကြောင့် လန့်နိုးသွားသော ဆောယောင်းလည်း ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။ အီဝူရှင်းက တမင်ပင် ဂန္တဝင်ဂီတများကို ဖွင့်ထားကာ တစ်စုံတစ်ယောက် အိပ်ပျော်သွားပါက ပြင်းထန်စွာ နင်းနှိုးနေခြင်းဖြစ်သည်။

အရူးများလား….

ဆောယောင်း လျှာကိုကိုက်ကာ တိုးဝင်လာသော အိပ်ချင်စိတ်ကို အံတုခဲ့သည်။

ငရဲရက်သတ္တပတ်အတွင်း အီဝူရှင်းက ဆောယောင်းကို လုံးဝ မသိဟန်ဆောင်ခဲ့သော်လည်း၊ ကြိုကြားကြိုကြား အဓိပ္ပာယ်ဖော်မရသော အကြည့်များ ရောယှက်နေ၏။ သူနှင့် မျက်လုံးချင်းဆုံမိတိုင်း သူက လူကို မဟုတ်ဘဲ သက်မဲ့ပစ္စည်းတစ်ခုကို ဆက်ဆံနေသလို အကြည့်မျိုး ရှိနေခဲ့သည်။

စာရွက်စာတမ်းကိုဖတ်သကဲ့သို့ မိမိကို ဖတ်ရှုနေသော ထိုအကြည့်ကို ခန္ဓာကိုယ် ပင်ပန်းနေသည့်ကြားမှ စိတ်ထဲတွင် စွဲထင်နေမိ၏။

ဆောယောင်းကို သိသိသာသာ ဖယ်ရှားပစ်ချင်ခဲ့သော သဘောထားများ ပျောက်ကွယ်သွားကာ ငြိမ်သက်နေသော ထောင်ချောက်တစ်ခုသာ ကျန်ရစ်တော့သလိုပင်။

ယခင်အတိုင်း အရှုပ်ထုပ်ကိုကြည့်သည့် မျက်နှာထားမျိုး ရှိနေဆဲ ဖြစ်သော်လည်း ထိုထက်ပို၍ အေးစက်ကာ ပရိယာယ်ကြွယ်လှသဖြင့် နှလုံးပင် တုန်လှုပ်သွားရသည်။

ထိုသို့သော သံသယဖြစ်ဖွယ် အကြည့်များကြောင့် ဆောယောင်းတစ်ယောက် အားလုံးနှင့်အတူ ငရဲရက်သတ္တပတ်ကို ကြံ့ကြံ့ခံနေသော်လည်း၊ မိမိတစ်ယောက်တည်းသာ အခြားသူများနှင့်မတူသော စမ်းသပ်မှုတစ်ခုအပေါ် ရောက်ရှိနေသည်ဟူသည့် ခံစားချက်ကို ဖျောက်ဖျက်၍ မရခဲ့ပေ။

“အဖွဲ့ဝင် ဒုံဂျီဝူး၊ အဖွဲ့ဝင် ဟန်ဆောယောင်း၊ ထ။”

ချီး……. အိပ်ငိုက်သွားတာထင်တယ်။

စိတ်က မမှန်တော့သဖြင့် အတွေးစုံဝင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

ကြာသပတေးနေ့မှစ၍ မှတ်ဉာဏ်များက သိပ်မရှင်းလင်းတော့ပေ။

“…….”

“…….”

လမ်းလျှောက်နေရင်း အိပ်ပျော်သွားပြီး၊ ထိုနောက်ပိုင်းတွင် ဘာလုပ်လုပ် ငိုက်မြည်းနေခဲ့သည်။ ဤသည်က အိမ်မက်လား၊ လက်တွေ့လားဆိုသည့် နယ်ခြားမျဉ်းပင် ပျောက်ကွယ်သွားပြီး အဖွဲ့ဝင်များက အလိုအလျောက်သာ လှုပ်ရှားနေကြတော့၏။ ဤအချိန်မှစ၍ အမြင်မှား အကြားမှားဖြစ်သော အဖွဲ့ဝင်များလည်း အမှန်တကယ် ပေါ်ထွက်လာသည်။

“ဟေ့၊ ဟေ့၊ ဟိုမှာ ဘာလို့ ဝေလငါးကြီးက ပါးစပ်ဟနေတာလဲ……အားလုံး ထွက်ပြေးကြ……”

လူတိုင်းက ဝေဝါးနေသော မျက်လုံးများဖြင့် အော်ဟစ်နေသော အဖွဲ့ဝင်ကို ဆွဲထိန်းရန် အလုပ်များနေကြပြီး၊ ကုန်းပေါ်တွင်လည်း သရဲခြောက်ခံနေရသည်ဟုဆိုကာ ကြောက်လန့်တကြားဖြစ်နေသူများရှိ၏။

ထိုပွက်လောရိုက်မှုကိုကြည့်ရင်း ဆောယောင်း အသာလေးပြုံးလိုက်မိသည်။ နောက်ဆုံးတော့ အခွင့်အရေး ရောက်လာပေပြီ။

“ဆောင်းဝုချန်း။”

တီးတိုးခေါ်လိုက်သည်နှင့် မျက်မှောင်ကြုတ်ထားသော မျက်နှာက ချက်ချင်း တုံ့ပြန်လာ၏။

“အာ၊ တကယ် အတည်ကြီးလား……”

အိပ်ရေးပျက်ထားသဖြင့် အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများက တဖြည်းဖြည်း နှေးကွေးလာသော်လည်း ဆောယောင်း၏ မျက်လုံးများကမူ ပို၍ပင် တောက်ပလာသည်။

“ပြောခဲ့သားပဲ၊ ငါက ဒီလိုမျိုးတွေအပြင် မသိဘူးလို့။”

ပြိုင်ဘက် အားနည်းနေချိန်တွင် တိုက်ခိုက်ခြင်းက စစ်ဗျူဟာ၏ အခြေခံပင်။ ဆောယောင်းက ငရဲရက်သတ္တပတ် ပထမနေ့ကတည်းက ဤအချိန်ရောက်လာရန် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။

“အတူတူ ရှင်သန်ရမဲ့ နည်းလမ်းကိုမသိလို့၊ အကုန်လုံးကို လိုက်ထိကြည့်မှာ။”

စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို တိုက်ခိုက်ပြီး စိတ်အကဲဆတ်အောင်လုပ်ခြင်း၊ ရှုပ်ထွေးအောင် လုပ်ခြင်းနှင့် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခြင်း။

ထိုနေ့တွင် ဆောယောင်းက ထမင်းစားဆောင်ကို အလစ်အငိုက်ဝင်ကာ အဖွဲ့ဝင်များ၏ နေ့လယ်စာအတွက် ပြင်ဆင်ထားသော ကြက်ဆန်ပြုတ်ထဲသို့ ရွှံ့နွံများကို အားရပါးရ လောင်းထည့်ပစ်ခဲ့သည်။ အားလုံးကို အငတ်ထားရန် ရည်ရွယ်ခြင်းပင်။

တစ်သင်းတည်းသားများက သူ၏ ရက်စက်မှုကို အံ့ဩမဆုံး ဖြစ်နေကြသော်လည်း ဆောယောင်းကမူ ပခုံးသာ တွန့်ပြခဲ့၏။

နည်းပြများက ဤအဖြစ်အပျက်ကိုသိသော်လည်း မသိကျိုးကျွန်ပြုကာ ကြည့်နေခဲ့ကြသည်။ နဂိုကတည်းက စစ်ဥပဒေရှိသည့် နေရာလည်း မဟုတ်သလို၊ ရိုးသားဖြောင့်မတ်မှုနှင့် စနစ်တကျရှိမှုကိုလည်း အထူးတလည် အလေးပေး သင်ကြားထားခြင်းမရှိပေ။ ယင်းထက် စစ်မြေပြင်အစစ်အမှန်တွင် ရောက်ရှိနေသကဲ့သို့ နည်းလမ်းမျိုးစုံ အသုံးပြုနေသော ဆောယောင်း၏ အဖွဲ့ကိုသာ အသေအချာ စောင့်ကြည့်နေခဲ့ကြ၏။

မရေမရာသံသယ အများဆုံးအချိန်ဟု ဆိုကြသော ငရဲရက်သတ္တပတ် ထက်ဝက်ကျိုးချိန်တွင်။

ဆောယောင်းက ဟိုစပ်စပ် ဒီစပ်စပ် သိသူထံမှ ကြိုတင်ကြားထားသော အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်စဉ်းစားလိုက်သည်။ ထို့နောက် အဖွဲ့တစ်ခုစီ၏ အဖွဲ့ခေါင်းဆောင်ကဲ့သို့သောသူများနှင့် အမြင်မှား အကြားမှား အဖြစ်ဆုံးသူများကို သီးသန့်စီ တိုက်ခိုက်တော့၏။

ဆောယောင်းက မိမိအဖွဲ့ဝင်များ အမြင်မှားပါက အညှာအတာမဲ့စွာ ပါးရိုက်ကာ အခြားအဖွဲ့ဝင်များ ထိုသို့ဖြစ်ပါက ပို၍ပင် သားရဲတိရစ္ဆာန်ကဲ့သို့ အသံများပြုလုပ်ကာ ခြောက်လှန့်ခဲ့သည်။

ဆောင်းဝုချန်းက အရေပြားဓာတ်မတည့်မှုရှိသူများကိုသာ ရွေးချယ်ကာ ဒဏ်ရာများကို တမင်ထိုးဆွခဲ့ပြီး၊ ရွှံ့နွံလေ့ကျင့်ခန်း လုပ်ချိန်တွင်လည်း မကြာခဏ ခြေချင်းဝတ်ကို နင်းခဲ့၏။

ထို့အပြင် အဖွဲ့ဝင်များ စိတ်အဓာတ်ကျဆုံးအချိန်နှင့် အချိန်ကိုက်၍ Blast ကုမ္ပဏီနှင့် ပတ်သက်သော ကောလာဟလများကို ဖြန့်ဝေခဲ့သည်။ ထင်ထားတာထက် လစာနည်းသတဲ့၊ အာမခံမရဘူးတဲ့၊ မသန်စွမ်းဖြစ်သွားရင် အလုပ်ထွက်ကြေးတောင်မရဘဲ နှင်ထုတ်ခံရသတဲ့….

ထိုကိစ္စအတွက် စိတ်ရှည်ပြီး သတိကြီးလှသော ဒုံဂျီဝူးက ပင်ပန်းနေသော အဖွဲ့ဝင်များကို လှုံ့ဆော်ကာ ခေါင်းလောင်းတီးလက်လျှော့စေခြင်းဖြင့် အောင်မြင်မှု အနည်းငယ် ရရှိခဲ့သည်။

ထိုသို့ဖြစ်လာသောအခါ တစ်ယောက်မျှ ထွက်မသွားသေးသော အဖွဲ့မှာ ဆောယောင်း၏အဖွဲ့သာ ကျန်တော့၏။

‘အခုမှပဲ နည်းနည်း ဘက်ညီသလို ဖြစ်သွားပြီမဟုတ်လား။’

ရေမချိုးရသဖြင့် မည်းညစ်နေသော လည်ပင်းကို ကုတ်ရင်း ပြောလိုက်တော့ လူတိုင်းက သူ့ကို မတင်မကျအကြည့်ဖြင့် စိုက်ကြည့်ခဲ့ကြသည်။

‘အဲ့ဒါက လူပါးဝတာကိုး….’

နောက်ဆုံး တနင်္ဂနွေနေ့ ညနေခင်း။ ငရဲရက်သတ္တပတ် မပြီးဆုံးမီ ၂ နာရီအလို။

အဖွဲ့ဝင်များ စုဝေးကြတော့ နေရာအနှံ့မှ နံစော်နေသော အညစ်အကြေးနံ့များ လှိုင်နေသည်။ ရွှံ့နွံများ ပေကျံနေသော ခန္ဓာကိုယ်ပေါ်တွင် ဘောင်းဘီထဲ၌ အပေါ့အပါး သွားထားသောသူများပါ တစ်နေရာတည်းတွင် ရှိနေသဖြင့် မိလ္လာကန်လိုပင်။

စကားအတိုင်း ငရဲကဲ့သို့သော ရက်သတ္တပတ်။ ရေလည်း မချိုးရဘဲ လေ့ကျင့်ခန်းသာ လုပ်ခဲ့ရသဖြင့် တင်ပါးများပွန်းပဲ့နေကာ တစ်ကိုယ်လုံးလည်း မည်းညစ်နေသည်။ ခေါင်းအစ ခြေအဆုံး၊ လက်သည်းများပင်လျှင် နဂိုအရောင် မဟုတ်တော့ပေ။

သို့သော်လည်း ငရဲ၏အဆုံးသတ်က နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီး၊ အရေးကြီးဆုံး နောက်ဆုံးနေ့သို့ရောက်တော့ ဆောယောင်းက ဒုံဂျီဝူးကို ဖမ်းဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။

“ငါ မူးလဲတော့မယ်ထင်တယ်။”

“ဘာ...”

အဆုံးအထိ လွယ်ကူသည့်အရာ တစ်ခုမျှ မရှိခဲ့ပေ။

ဆောယောင်းတစ်ယောက် ချက်ချင်းပင် အနောက်သို့ လဲကျသွားတော့မည့်အလား မူးဝေလာသဖြင့် တစ်ချက်ထိတ်လန့်သွား၏။ သူက ချက်ချင်းပင် ခြေထောက်နှစ်ဖက်ကြားသို့ ခေါင်းကိုငုံ့ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

တစ်ခါတစ်ရံ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှ လူနာများကို ထိုသို့လုပ်ရန် ညွှန်ကြားလေ့ရှိ၏။ ယာယီနှင့် ကြမ်းတမ်းသော နည်းလမ်းဖြစ်သော်လည်း ဦးနှောက်သို့ အောက်ဆီဂျင် မြန်မြန်ရောက်အောင် ပို့ဆောင်ပေးခြင်းကို အထောက်အကူပြုသည်ဟုဆိုသည်။

ဆောယောင်းက စိတ်ကို စုစည်းရန်အတွက် မြေကြီးပေါ်တွင် တစ်ခုခုကို အဆက်မပြတ်ဆွဲရင်း အသက်ရှူနေခဲ့သည်။ သို့သော် အကန့်အသတ်သို့ ရောက်နေသော ခန္ဓာကိုယ်က ထိုကဲ့သို့သော လှည့်ကွက်များဖြင့် မရတော့မည့်ပုံပင်။ နားများအူလာကာ အမြင်အာရုံက တဖြည်းဖြည်း မှောင်မိုက်လာသည်။

မဖြစ်ဘူး……. အခုအထိ ဘယ်လိုတောင် တောင့်ခံလာရလဲ……

သူက စင်းကျလာသော မျက်ခွံများကြားမှ အမြန်ပြောလိုက်သည်။

“တကယ်လို့ ငါ သတိလစ်သွားရင် ပွက်လောရိုက်အောင်မလုပ်ဘဲ မသိသလိုနေပေး။”

“ဟေ့……”

“ပုံမှန်အတိုင်းပဲ နေပေး။ အဲ့ဒါဆို ငါ့ဘာသာ ပြန်နိုးလာလိမ့်မယ်။”

ဒုံဂျီဝူးက ဒါ အဓိပ္ပာယ်ရှိလို့လားဟုဆိုကာ ဆောယောင်းကို အရူးတစ်ယောက်လို ကြည့်ခဲ့သည်။ သို့သော် မိမိဘာသာ မူးလဲတော့မည်ဟု ကြိုတင်အသိပေးနေသော လူတစ်ယောက်အနေနှင့် ဆောယောင်းက အလွန်ပင် တည်ငြိမ်နေ၏။

“နည်းပြတွေ မသိရင် ပြီးတာပဲမဟုတ်လား။ အထူးသဖြင့် နည်းပြ အီဝူရှင်းနဲ့ လုံးဝ မျက်လုံးချင်း မဆုံစေနဲ့။ တခြားနည်းပြတွေဆိုရင်တောင် နည်းပြ အီဝူရှင်းကိုတော့ လုံးဝ အသိမပေးနဲ့။”

“ဟေ့……”

ဖျူးစ် ပြတ်သွားသကဲ့သို့ မည်သည့်အသံမျှ မကြားရတော့ပေ။

ဆောယောင်းက မဆုတ်မနစ် တီးတိုးရေရွတ်ရင်း မြေကြီးကို လက်ညှိုးဖြင့် ကုတ်ခြစ်နေခဲ့သည်။

“ထနိုင်တယ်၊ ထမှာ……”

“ဟေ့၊ ဟေ့၊ ဟန်ဆောယောင်း……”

“လုံးဝ အမိမခံရစေနဲ့…….မိလို့ကတော့ သေမယ်……”

ဒုံဂျီဝူးတစ်ယေက် အသံအကျယ်ကြီး မထွက်ရဲဘဲ လည်ချောင်းထဲမှ လေတိုးသံသာ ထွက်လာသည်။ တစ်ချက်ကြည့်ရုံနှင့် ခဏ ငိုက်နေခြင်းလား၊ နားနေခြင်းလား လုံးဝ ခွဲခြား၍မရသော်လည်း၊ စောစောကပင် မဖြစ်နိုင်သော တောင်းဆိုချက်ကို မျက်နှာပြောင်တိုက်ကာ ပြောသွားသူဖြစ်သဖြင့် ဆောယောင်း အမှန်တကယ် သတိလစ်သွားပြီဖြစ်ကြောင်း သူ အလွယ်တကူ သိနိုင်ခဲ့၏။

သူက ဘာမှမဖြစ်သလို မျက်နှာထားကို ပြင်လိုက်ကာ မြေကြီးထဲမှ သဲများကို အကြောင်းမဲ့ ဆော့ကစားနေသည်။ ပခုံးများ တောင့်တင်းနေသော်လည်း ငရဲရက်သတ္တပတ်ကို ဖြတ်သန်းလာရသော ခန္ဓာကိုယ်က တံတောင်ဆစ်များ လိမ်နေလျှင်ပင် ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် လည်ချောင်းများ ခြောက်သွေ့လာကာ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ ပေကျံနေသော မျက်နှာပေါ်မှတစ်ဆင့် ချွေးစေးများ စီးကျလာ၏။

နည်းပြ အီဝူရှင်းက ဤဘက်သို့ တည့်တည့်မတ်မတ် လျှောက်လာနေသောကြောင့်ပင်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment