အပိုင်း ၅၃
ဒါက ဘာစကားလဲဟုတွေးနေသည့်အလား ဂီထယ်မင်း၏ ချောမွတ်သော မျက်တောင်ဖျားများ သိသိသာသာ တုန်ယင်သွားသည်။
“ဧကန္တ အဖွဲ့ဝင် ဂျင်ဟိုဂျယ်ရဲ့ အောက်ပိုင်းက……”
မျက်မှောင်ကြုတ်ထားသော အီဝူရှင်းက တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်နေသလို မျက်နှာပျက်ယွင်းနေ၏။ ထို့နောက် သေနတ်နှင့် ကျည်အိမ်ကို တစ်ခုချင်းစီ ပြန်ခွဲထုတ်လိုက်ပြီး မကြားခဲ့သလိုသာ သဘောထားလိုက်ပါဟူသော အဓိပ္ပာယ်ဖြင့် ခေါင်းကို ခါယမ်းခဲ့သည်။
သူ့ထံမှ စိတ်ကုန်သလို သက်ပြင်းတစ်ချက် ထွက်ပေါ်လာ၏။
“ဇီးကွက်အော်သံကြောင့် စိတ်ဖောက်ပြန်သွားဖို့ဆိုတာ ခဏလေးပဲကိုး။”
နေသာသောတစ်နေ့၌ ဇီးကွက်ကို ရင်ခွင်ထဲထွေးပွေ့ကာ ဆိုဖာပေါ်တွင် အိပ်ပျော်ခဲ့ရသည့် ထိုသက်တောင့်သက်သာရှိမှုကို အီဝူရှင်း မနှစ်မြို့ပေ။
စာကလေးများလို ချစ်စဖွယ်ထိုင်ပြီး မနက်စာအတူစားခြင်း၊ ရပ်ကွက်ထဲ လမ်းလျှောက်ရင်း အတူရယ်မောခဲ့ကြသည့် ရိုးရှင်းသော ထိုနေ့စဉ်ဘဝကို သူ စက်ဆုပ်၏။
သို့သော်လည်း ယခု ခံစားနေရသော ရေငတ်သလိုခံစားချက်က ဘာများလဲ၊ ရင်ထဲမှ လှိုက်တက်လာသော ဤခံစားချက်ကရော ဘာများလဲ။ ဂင်ဟျွန်းကို မျက်စိစုံမှိတ်ပြီး လိုက်ရှာနေသည့် ဆောယောင်းကို မြင်ရတိုင်း ဤကဲ့သို့ပင် ရင်ထဲ၌ ဗြောင်းဆန်လာရ၏။
လူကို အလွန်အမင်း ယုံကြည်မိလျှင်၊ စိတ်ကို အကုန်ပုံအောပေးမိလျှင် နောက်ဆုံးတွင် အောက်ခြေက ပြိုပျက်ကာ သစ္စာဖောက်ခံရတတ်သည်။ လူဆိုသည်မှာ ပြန်ပြင်၍မဖြစ်သော၊ ဆွဲထား၍မဖြစ်သော အမျိုးအစားဖြစ်၍ ရည်ရွယ်ချက်နှင့် အသုံးတည့်မှုရှိရုံနှင့်ပင် လုံလောက်ပေပြီ။
သို့သော် သူ၏ ဤအတွေးများနှင့် ဆန့်ကျင်စွာ လှုပ်ရှားနေသည့် 'ဇီးကွက်' ကို မြင်ရတိုင်း တစ်ခါတစ်ရံတွင် ကြက်သီးထသည်အထိ ငြင်းပယ်ချင်စိတ်များ ဖြစ်ပေါ်လာရ၏။
မင်းက ဘာလို့ ခင်ပွန်းရဲ့ အထိအတွေ့ကို မမေ့နိုင်ဘဲ ဒီလောက်အထိ စွဲလမ်းနေရတာလဲ။
မကြာမီ အီဝူရှင်းက အသံလုံအတားအဆီးနံရံအပြင်ဘက်သို့ ထွက်လာရင်း ဂီထယ်မင်းကို ကျော်ဖြတ်သွားခဲ့သည်။
‘....ကျွန်မယောက်ျားကို ဖမ်းပေးမှာမဟုတ်ရင် ဝင်မပါပါနဲ့။’
ရုတ်တရက် နားထဲတွင် ပဲ့တင်ထပ်လာသော အသံကြောင့် ခြေလှမ်းများ ရပ်တန့်သွား၏။ အလွန်ဆိုးဝါးသော ထောင်ချောက်တစ်ခုထဲသို့ ကျဆင်းသွားသလို ခံစားရသော်လည်း ယခုက မည်သည့်ဘက်ကိုမဆို ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် အချိန်တန်ပေပြီ။
ရပ်တန့်နေသော ခြေထောက်များက လှေကားကို ပြန်လည်၍ နှေးကွေးစွာ တက်လာတော့၏။
~~~~
ဒဏ်ရာရသူများစွာ ထွက်ပေါ်ခဲ့သော ‘သတင်းအချက်အလက် ပေါက်ကြားမှု ငြင်းဆန်ရေး လေ့ကျင့်ခန်း’ ပြီးဆုံးသွားသည့်အခါ အဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေး ရက်သတ္တပတ်သို့ ရောက်ရှိလာကြသည်။
လေ့ကျင့်ရေး အစီအစဉ် ပြီးဆုံးရန် တစ်ဝက်တိတိ ကျန်ရှိနေချိန်တွင် သူတို့က အသိမ်းခံထားရသော ဖုန်းများကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရရှိခဲ့ကြ၏။
ပြန်လည်ထူထောင်ရေးကာလအတွင်း သတ်မှတ်ထားသော အချိန်များတွင် လွတ်လပ်စွာ ဖုန်းဆက်နိုင်ပြီး၊ အားလုံးက သက်တောင့်သက်သာရှိသော ဖိနပ်များကိုစီးကာ နေ့လယ်ခင်းတစ်လျှောက်လုံး စာသင်ခန်းထဲ၌ ပို့ချမှုများ တက်ရောက်နားထောင်ခဲ့ရသည်။
ပို့ချမှုများက အဓိကအားဖြင့် ပြည်တွင်း လုံခြုံရေး တာဝန်များ သို့မဟုတ် ပြည်ပသို့ စေလွှတ်သည့်အခါ လိုက်နာရမည့် စစ်ဆင်ရေး စည်းမျဉ်းများအကြောင်းပင်။
အထူးသဖြင့် ပြည်ပသို့ ထွက်ခွာရသော ကိုရီးယားကုမ္ပဏီများက အမျိုးမျိုးသော အကြမ်းဖက်မှု ပြဿနာများနှင့် ရင်ဆိုင်ကြရ၏။ တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်စဉ် ပင်လယ်ဓားပြများ၏ ခြိမ်းခြောက်မှုကို ခံရခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားခြင်းများ ရှိခဲ့သည်။
အပေါ်ယံကြည့်လျှင် Blast ကုမ္ပဏီက ဤကဲ့သို့သော လုံခြုံရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်နေခြင်းဖြစ်သဖြင့် အကြမ်းဖက်အဖွဲ့အစည်းများအကြောင်း ပညာပေးမှုများကိုလည်း အသေးစိတ် ပြုလုပ်ခဲ့၏။
ထိုသို့သောအချိန်မျိုးတိုင်း ဆောယောင်းက မျက်နှာထားကို ဖုံးကွယ်ပြီး နားစွင့်ထားလေ့ရှိသည်။
ကျိန်းသေပေါက် သူ အာရုံစိုက်နေသည့် အပိုင်းက ‘ဓားစာခံအဖြစ် ဘယ်လိုဖမ်းဆီးသလဲ’ ဟူသည့် အချက်ပင်။ ဆောယောင်းက နည်းပြ၏ ပို့ချမှုကို ကိုယ့်ဘာသာ အဓိပ္ပာယ်ဖွင့်ဆိုကာ လိုအပ်သည်များကိုသာ ရွေးချယ်နားထောင်ခဲ့သည်။
'ဘယ်လို ဖမ်းမိသွားတာလဲ၊ ဘယ်လို အောင်မြင်သွားတာလဲ' ဟူ၍။ လှပသော မျက်နှာလေးအောက်တွင် ထိုကဲ့သို့သော ကြမ်းကြုတ်သည့် အတွေးများက ဆက်တိုက် ဖြစ်ပေါ်နေ၏။
“ဟော့၊ ရား... နည်းပြကြီး လာနေပြီ...”
ပို့ချမှုပေးနေသည့် နည်းပြက အသက်အရွယ် အတော်အတန်ကြီးရင့်သူဖြစ်ပြီး သင်ခန်းစာများက အမြဲတမ်း ပျင်းစရာကောင်းလှသည်။ ဘေးနားရှိ ရဲဘော်ရဲဘက်က ဆောယောင်းကို တံတောင်နှင့်တွတ်ခဲ့သော်လည်း သူကမူ စိတ်မပါသော မျက်နှာဖြင့် မေးထောက်နေမြဲပင်။
နှိပ်စက်မှု လေ့ကျင့်ရေးပြီးသွားသည့်နောက်ပိုင်း အီဝူရှင်းနှင့် တရားဝင်ကိစ္စများတွင်ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ မဆုံဖြစ်တော့ပေ။ ရိုးရိုး အပြေးလေ့ကျင့်ခန်း၊ အစားစားချိန် သို့မဟုတ် ကြံ့ခိုင်မှု စစ်ဆေးချိန်များ၌လည်း သူ၏ အရိပ်အယောင်ကိုပင် မမြင်ရတော့။
ဆောယောင်းက ကမ်းပေးလာသော စာအုပ်ကို ခံစားချက်မရှိဘဲ လှန်ကြည့်နေရင်းလည်း တစ်ခါတစ်ရံ မျက်ခုံးများ စုကျုံ့သွားတတ်သည်။
ယခု ပေါင်ကြားမှ အောင့်နေသည့်ဒဏ်က ပျောက်သွားပြီဖြစ်သော်လည်း ရင်ထဲတွင်မူ ဘာကမှန်းမသိ တဒုတ်ဒုတ်နှင့် တံခါးဘောင်တွင် ခလုတ်တိုက်နေသလို ခံစားနေရ၏။ ထိုသို့သော မရေမရာသည့် ခံစားချက်မှာ လေ့ကျင့်ရေးပြီးကတည်းက ဆက်တိုက် ဖြစ်ပေါ်နေခြင်းပင်။ ထိုသို့ဖြစ်တိုင်း ဆောယောင်းတစ်ယောက် အဖြေရှာမရဘဲ ခေါင်းကိုသာ ငဲ့စောင်းနေမိသည်။
'ထိုင်းမှာ ဒုက္ခရောက်တုန်းက အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်းက PTSD လက္ခဏာတွေ မရှိဘူးလားဆိုပြီး မေးခဲ့ဖူးတာကို...မဟုတ်မှ အဲ့ဒီ နှိပ်စက်တဲ့ လေ့ကျင့်ရေးလေး ခဏလောက် လုပ်လိုက်ရတာနဲ့ ငါ့ဆီ အဲ့ဒါတွေ ရောက်လာတာများလား။'
မျက်မှောင်ကြုတ်ကာ မည်သည့်ခံစားချက်မှန်း မသိရသော ဤအရာကို ဟိုတွေးဒီတွေး လုပ်နေသည့် အချိန်မှာပင်။
စာသင်ခန်းတံခါးက ဝုန်းခနဲ ပွင့်သွားကာ အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးက တောက်လျှောက် လျှောက်လှမ်းလာသည်။ ဆူညံနေသော အနေအထားက ချက်ချင်း တည်ငြိမ်သွားကာ ဆောယောင်းလည်း မေးထောက်ထားသော လက်ကို ခဏဖယ်လိုက်ရ၏။
“……”
အီဝူရှင်းက မျက်လုံးတစ်ဖက်ကို ပွတ်သပ်ရင်း စာသင်ခန်းထဲသို့ ဝင်လာနေခြင်းပင်။
ပင်ပန်းနွမ်းနယ်နေသည့်အလား ကိုယ်နေဟန်ထားကို လျော့တိလျော့ရဲထားကာ၊ အိပ်ငိုက်ပြီး ပျင်းရိနေသည့် အရိပ်အယောင်ကို အထင်အရှား ပြသရင်း စစ်ဖိနပ် နောက်ဖနောင့်ကို တရွတ်တိုက်ဆွဲလာသည်။
မကြာမီ သူက စင်မြင့်အနားတွင် လက်တစ်ဖက်ကို အသာတင်လိုက်ပြီး အဖွဲ့ဝင်များ၏ အညိုအမည်းစွဲနေသော မျက်နှာများကို စိတ်မပါသလို ဝေ့ကြည့်ခဲ့၏။ ရှည်လျားသော စင်မြင့်ကို ကိုယ်နှင့်မှီထားကာ လှုပ်ရှားလိုက်တိုင်း စင်မြင့်အောက်ခြေက လဲတော့မလိုလိုနှင့် တသိမ့်သိမ့် တုန်ခါသွားသည်။
ခဏအကြာတွင် သူက ပျင်းတိပျင်းတွဲ စကားစလာ၏။
“လေ့ကျင့်ရေးကို အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုရင်၊ မင်းတို့ထဲမှာ တချို့က သီးသန့်ဖြစ်နေပြီး အန္တရာယ်များတဲ့ နိုင်ငံတွေဆီ စေလွှတ်ခံရလိမ့်မယ်။”
သို့သော် သူက ဆောယောင်း ထိုင်နေသည့်ဘက်သို့ တစ်စက်ကလေးပင် ခေါင်းလှည့်မကြည့်ပေ။ ထိုသို့ တမင် လျစ်လျူရှုခြင်းနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဆောယောင်း၏ ရင်ထဲတွင် မီးခတ်ကျောက်နှင့် ထုရိုက်ခံလိုက်ရသလိုပင်။
သူများအပေါက်ထဲကို လက်ချောင်းနဲ့ စိတ်ကြိုက် နှိုက်ခဲ့တာ အဲ့ဒီဘက်က မဟုတ်ဘူးလား။ အဲ့ဒါကို ဘာလို့ ငါကပဲ သူ့ရဲ့ ဖြူစင်အပြစ်ကင်းစင်တဲ့ လက်ချောင်းကို ကိုက်ဖြတ်စားခဲ့သလိုလို ပြုမူနေရတာလဲ။
ဤခံစားချက်က တကယ် PTSD ဖြစ်မည်လား။
မျက်မှောင်ကြုတ်ကာ သူ၏ ဖြူဖျော့ဖျော့ မျက်နှာကို စိုက်ကြည့်နေသော်လည်း သူကမူ တည်ငြိမ်နေဆဲပင်။
“အင်မတန် အားနည်းတဲ့ နိုင်ငံတစ်ခုက အကျင့်ပျက်ခြစားမှုနဲ့ တွေ့တဲ့အခါ။ ပြီးတော့ အဖိုးတန် သဘာဝသယံဇာတတွေနဲ့ ခန့်မှန်းရခက်တဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ ရောထွေးသွားတဲ့အခါ။ ကြေးစားစစ်သားတွေ ကောင်းစားတော့တာပဲ။”
“……”
“မပျော်ဘူးလား။ အခု မင်းတို့အကြောင်း ပြောနေတာလေ။”
အီဝူရှင်း အေးစက်စွာ ပြုံးလိုက်တော့ အဖွဲ့ဝင်များက ခါးကို ပို၍ မတ်လိုက်ကြသည်။
“ဒီပိုက်ဆံကို ရဖို့အတွက်ပဲ မင်းတို့တွေ ဒီမှာ ပက်လက်မှောက်ခုံ လူးလှိမ့်နေကြတာ မဟုတ်ဘူးလား။ ဈေးသာတည့်မယ်ဆိုရင် Blast ကုမ္ပဏီက အချိန်မရွေး ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်တွေကို ပေးလိုက်မှာဖြစ်သလို မင်းတို့ကတော့ ရှေ့ဆုံးကနေ ထွက်သွားကြရမှာပဲ။”
ကိုယ်ကျပ် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ထားလျက် လက်ပိုက်လိုက်သဖြင့် သူ၏ ကြွက်သားများက ပို၍ ထင်ရှားလာသည်။
“ပိုက်ဆံရမဲ့အကြောင်း တွေးပြီး ပြုံးမနေခင် သိထားရမှာက မကောင်းတာလုပ်လို့ ငရဲသွားရရင်တောင် ကုမ္ပဏီက တာဝန်မယူပေးဘူးဆိုတာပဲ။”
“……”
“ကိုယ့်အိမ်နီးချင်းကို ပစ်ထား။ အဲ့ဒါက ဒီနယ်ပယ်ရဲ့ ပထမဆုံး ပညတ်ချက်ဖြစ်နေတဲ့ အခြေအနေမှာ တာဝန်ယူမှုတို့ ဘာတို့ဆိုတာအသာထား ကယ်တင်ခြင်းက ဘယ်မှာရှိမှာလဲ။”
အီဝူရှင်းက တမင်ပင် အဖွဲ့ဝင်များကို တစ်ဖန်ပြန်၍ စိတ်လှုပ်ရှားအောင် လုပ်နေခြင်းဖြစ်သည်။ အဖွဲ့ဝင်အချို့၏ တင်းမာနေသော မျက်နှာများကို မြင်လိုက်ရ၏။ တစ်ဦးက တောင့်တင်းသွားကာ၊ နောက်တစ်ဦးက နှုတ်ခမ်းကိုသာ ကိုက်ထားသည်။
ထိုစဉ်၊ ဘာမှမတွေးဘဲ စာအုပ်ပေါ်တွင် ပုံဆွဲနေသော ဆောယောင်းက ပြန်လည်တုံ့ပြန်လာ၏။
“ဘုရားသခင်နဲ့ တွေ့ရမယ်ဆိုရင် ငရဲတံခါးကလည်း မဆိုးဘူးလို့ ထင်ပါတယ်။ တွေ့နိုင်တဲ့နေရာက အဲ့ဒီမှာပဲ ရှိတယ်ဆိုရင်တော့ သွားရမှာပါ။ ပြီးတော့ သွားမယ်ဆိုရင်လည်း သေသေချာချာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်ဆုံး လမ်းကြောင်းကနေ သွားရမှာပေါ့။”
အီဝူရှင်း၏ ဘာကိုမှစိတ်မဝင်စားသလို မျက်လုံးများက နောက်ဆုံးတွင် ဤဘက်သို့ ဦးတည်လာသည်။ လေထဲတွင် ဝဲနေသော အကြည့်ချင်း ဆုံမိသည့်အခိုက်အတန့်တွင်၊ သူတို့နှစ်ဦးသာသိသော ရန်လိုမှုများက လျှပ်စစ်ကြိုးများလို ထိမိကာ လောင်ကျွမ်းသွားတော့၏။
အီဝူရှင်းက ထိုအတိုင်း ရပ်တန့်သွားသည့်အလား မျက်တောင်ပင်မခတ်ဘဲ သူ့ကို စိုက်ကြည့်နေသည်။
“……”
“……”
ဒါကြောင့်မို့လို့ပဲ တစ်လျှောက်လုံး ရှောင်နေခဲ့တာလား။
ဆောယောင်းလည်း ထိုအခါမှသာ အမှားတစ်ခု လုပ်မိသလို စုတ်သပ်လိုက်မိသည်။ အီဝူရှင်းနှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အခါ မှောင်မည်းပြီး စိုထိုင်းသော်လည်း ရမ္မက်မီးတောက်ခဲ့သော ထိုအခန်းထဲတွင် ပြန်လည်ပိတ်မိသွားသလိုပင်။
ဆောယောင်း အကြောင်းမဲ့ ခြေထောက်နှစ်ဖက်ကိုချိတ်ကာ ကိုယ်ဟန်အနေအထားကို ပြင်လိုက်သည်။ ခန္ဓာကိုယ်၏ ဘယ်နေရာကမှန်းမသိ သိသိသာသာ မရိုးမရွဖြစ်ကာ သက်သောင့်သက်သာမရှိဖြစ်နေ၏။
'ဘာလို့ အဲ့ဒီနေရာက…… ယားသလိုလို ဖြစ်နေရတာလဲ။ ဘယ်လို PTSD မျိုးလို့ ဒီလိုဖြစ်နေရတာလဲ။'
ထိုသို့ဖြစ်တိုင်း မသိစိတ်က တွန်းအားပေးနေခဲ့သည်။ အမြန် မေ့ပစ်လိုက်ရန်။ သို့သော် ခင်ပွန်းဖြစ်သူနှင့် လုပ်ခဲ့သည့် နူးညံ့ပြီး ဘေးကင်းသော sex နှင့် နည်းပြပေးခဲ့သည့် ခြိမ်းခြောက်မှုက လုံးဝ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်တွင် ရှိနေသည်။ ထိုသို့ သိသာထင်ရှားသော ကွာခြားချက်ကြောင့်လား မသိ၊ ပို၍ပင် မေ့မရနိုင်အောင် ဖြစ်နေရ၏။
အခြားယောက်ျားတစ်ယောက်က အတင်းအဓမ္မ အထွတ်အထိပ်အထိ ဆွဲခေါ်သွားခဲ့သည့် ပြီးမြောက်မှုကို မေ့ပစ်လိုက်သင့်သည်မှာ မှန်သော်လည်း အခြေအနေက အလွန် ပြင်းထန်လွန်း၍လားမသိ၊ ခဏခဏ ပြန်တွေးမိနေသည်။ နာကျင်မှုက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း အပိုမှတ်ဉာဏ်များကသာ ပို၍နက်ရှိုင်းလာ၏။
“ဘုရားသခင်တဲ့လား….”
ဘယ်သူမှ အကြည့်ကို အရင်မလွှဲခဲ့ကြသော်လည်း အီဝူရှင်း၏ အတက်အကျမရှိသော အသံကြောင့် တစ်ချက် ဆတ်ခနဲတုန်သွားသည်။
“အဖွဲ့ဝင် ဟန်ဆောယောင်းက မြန်မြန်သေချင်တယ်ဆိုတဲ့ စကားကို ဆန်းဆန်းပြားပြားပြောတတ်တဲ့ ပါရမီရှိတာပဲ။”
“……”
“ငရဲတံခါးရှေ့မှာ ထိုင်စောင့်နေရုံနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တွေ့နိုင်မယ်လို့ ထင်နေတာလား။”
မျက်လုံးကို အသာမှေးစင်းပြီး ကြည့်နေသော အကြည့်ထဲတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည့် ဓားသွားကို ခံစားလိုက်ရသည်။ မရိုးသားသော အကြံအစည်တစ်ခုခု ရှိနေသည်ဟု ခံစားရသော မျက်နှာထားကြောင့် ဆောယောင်း၏ သတိထားမှုကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့၏။
“တကယ့်မျက်နှာကိုတောင် မသိဘဲနဲ့၊ ဘယ်လိုလုပ် တစ်ချက်တည်းနဲ့ မှတ်မိမယ်လို့ ပြောနိုင်တာလဲ။”
“……”
“အဲ့ဒါတွေက တခြားလူတွေ ဆွဲပေးထားတဲ့ မျက်နှာတွေချည်းပဲ မဟုတ်လား။”
ကျိန်းသေပေါက် နည်းပြက ယေဘုယျသဘောဖြင့် ဘုရားသခင်အကြောင်း ပြောနေခြင်းဖြစ်ပေလိမ့်မည်။ သို့သော် ဆောယောင်းတစ်ယောက်တည်းသာ ရင်ဘတ်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရ၏။
ထိုကဲ့သို့ မသိမသာ မျက်လုံးချင်း စစ်ခင်းနေသည့် လူက အရေးမစိုက်သလို ကိုယ်ကိုလှည့်ကာ powerpoint presentation ကို ဖွင့်ခဲ့သည်။
တွေးကြည့်လျှင် သူက အမြဲတမ်း အပြုအမူတွင်ဖြစ်စေ၊ စကားပြောရာတွင်ဖြစ်စေ အပြောင်းအလဲမြန်ဆန်လှပြီး၊ ဆောယောင်းကမူ သူ့ထက် တစ်လှမ်းနောက်ကျမှ သိရှိတတ်၏။ ပထမဆုံးအကြိမ် သူနှင့် ဆုံခဲ့စဉ်ကလည်း ဤသို့ပင် မဟုတ်ပါလား။
ဆောယောင်းက ကိုင်ထားသော ဘောပင်တွင် အားထည့်လိုက်မိသည်။ တကယ် ကျက်သရေတုံးလိုက်တာ….
စောစောကတင် နည်းပြ၏ လျစ်လျူရှုမှုကြောင့် မျက်နှာကြွက်သားများ တောင့်တင်းနေခဲ့သော်လည်း၊ ယခုတွင်မူ စိတ်ပျက်စရာ ထို PTSD ဖြစ်နိုင်သည့် လက္ခဏာများက ချက်ချင်း သက်သာသွားသလို ခံစားလိုက်ရသည်။ ထူးဆန်းသောအဖြစ်ပင်။
“Blast ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အာရှနိုင်ငံတွေက ထိုင်ဝမ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ မြန်မာ…”
သူက ဓာတ်ပုံအချို့ကို ပြသရင်း ရှင်းပြချက်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခံစားချက်မဲ့သော မျက်နှာက တစ်ခါတစ်ရံ အကြောင်းရင်းမရှိ မျက်မှောင်ကြုတ်သွားတတ်သော်လည်း သူ၏ အသံကမူ တစ်လျှောက်လုံး နှေးကွေးနေ၏။
အငြိမ်မနေဘဲ သူ့ကို စိုက်ကြည့်နေရင်း တဖြည်းဖြည်းနှင့် မျက်တောင်များ လေးလံလာသည်။ အလွန် ပျင်းရိစရာကောင်းသည်ဟူသော အရိပ်အယောင်ကိုပင် ဖုံးကွယ်မထားသည့် အသံကို နားထောင်နေရသဖြင့် ထူးထူးဆန်းဆန်း အိပ်ငိုက်လာရ၏။
'ငါက နဂိုကတည်းက ဒီလို စာရေးစားပွဲနဲ့ မအပ်စပ်လို့ထင်တယ်…’
ဆောယောင်းက တဖြည်းဖြည်း မှေးကျလာသော မျက်တောင်များကို အားတင်း၍ ဖွင့်ထားလိုက်သည်။
သူ့စကားများကို နားထောင်ကြည့်လျှင် ကမ္ဘာကြီးက တကယ်ပင် ရှုပ်ထွေးလွန်းလှ၏။ ကမ္ဘာ့အခြားတစ်ဖက်ခြမ်းရှိ နိုင်ဂျီးရီးယားတွင် မိန်းကလေး အထက်တန်းကျောင်း အဆောင်နေ ကျောင်းသူများကို အစွန်းရောက် ဘာသာရေးအဖွဲ့တစ်ခုက အလုံးအရင်းနှင့် ပြန်ပေးဆွဲသွားပြီး၊ မကြာသေးမီက ဆူဒန်တွင် စစ်ဘက်အုပ်စုများ ပဋိပက္ခဖြစ်ကာ အချင်းချင်း တင့်ကားများ၊ တိုက်လေယာဉ်များ အသုံးပြု၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စာမျက်နှာများ ဆက်တိုက် လှန်နေရသည့် ဤအနီရောင်ဝရမ်းထုတ်ခံထားရသူများ စာရင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများအကြောင်း အချက်အလက်များကပင် စာအုပ်တစ်အုပ်ထက်မက ရှိနေ၏။ ဆောယောင်းလည်း ထိုအကြောင်းအရာများကို နားထောင်ရင်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
'Black အေးဂျင့်ဆိုတာ အတော်ဆုံး အရည်အချင်းရှိတဲ့ အထူးအေးဂျင့်တွေပဲ လုပ်ရတာဆိုတော့……. ဒါဆို ဂင်ဟျွန်းက အခု ဘယ်မှာ ဘာလုပ်နေမှာလဲ။'
ရှင်က အခုအချိန်မှာလည်း တိုင်းပြည်အတွက် အမှုထမ်းရင်း၊ အနစ်နာခံရင်း ကိုယ့်ကိုယ်ကိုယ် ပေးဆပ်နေမှာပေါ့။
မိန်းမတစ်ယောက်နဲ့ စိတ်မပါဘဲ လက်ထပ်ပြီး၊ အချိန်တိုအတွင်းမှာတောင် စစ်မှန်တဲ့အချစ်ကို ခံစားရအောင် လုပ်ပေးနိုင်ခဲ့တဲ့သူဆိုရင် သူ့ရဲ့ စိတ်ရင်းက သေချာပေါက် ကြင်နာပြီး ရိုးသားနေဦးမှာပဲ။
ဝေဝါးနေသော ခေါင်းထဲတွင် အတွေးများက လွင့်မျောနေဆဲပင်။
ဒါပေမဲ့ သူ သွားလာနေမဲ့ အပြင်လောကက ဒီလောက်အထိ အန္တရာယ်များနေတာကို….
အဲ့ဒီလိုဆိုရင် ဂင်ဟျွန်းက ငါ့ဘေးမှာ နည်းနည်းလေး ပင်ပန်းရရင်တောင် ငါနဲ့အတူနေတာက ပိုမကောင်းလောက်ဘူးလား။
မကြာမီ နည်းပြ၏အသံကို လုံးဝ မကြားရတော့ဘဲ လေးလံနေသော ခေါင်းက အောက်သို့ ငိုက်ကျသွားတော့သည်။
ထိုသို့ဖြင့် ဆောယောင်း၏ မျက်တောင်များ လုံးဝ ပိတ်သွားသည့် အချိန်တွင် ရုတ်တရက် ဒုန်းခနဲ စားပွဲကတုန်ခါသွားတော့၏။
~~~~
Miel’s Translations