အပိုင်း ၃၇
“ဒီလို တပ်ထွက်ကောင်တွေရဲ့ ကျောပေါ်တက်စီးပြီး ကျွန်မက ဘယ်လိုဂုဏ်ကျက်သရေမျိုးကို ခံစားရမှာမို့လို့ပါလဲ…”
“……”
“တွားသွားရရင်တောင် ကိုယ့်ခြေထောက်နဲ့ကိုယ်ပဲ သွားမှာပါ။”
ရုတ်တရက် နေရာအနှံ့အပြားမှ စူးရှသော အကြည့်များကို ခံစားလိုက်ရသော်လည်း အီဝူရှင်းကမူ ကားကိုယ်ထည်ပေါ်တွင် တံတောင်ထောက်ကာ တဟားဟား ရယ်နေခဲ့သည်။
အေးစက်သော လေအဝှေ့တွင် လွင့်ပျံနေသော သူ၏ ဆံနွယ်စများက မြင့်မားသော နှာတံပေါ်သို့ ကျရောက်ကာ ဝဲဖြာသွား၏။
“ဒါဆို တပ်ထွက်မဟုတ်တဲ့ကောင်ရဲ့ ကျောပေါ်မှာရော အပိုးခံချင်လား။”
“ဒီမှာ အဲ့ဒီလိုဟာမျိုးရော ရှိလို့လား။”
“ရှိတာပေါ့၊ ဘာလို့မရှိရမှာလဲ။”
“မလိုပါဘူး။”
“မင်း အဲ့ဒီလိုကနေ နေမကောင်းဖြစ်တော့မယ်။”
“အခုအထိ လေးကီလိုမီတာအပြင်ဘက်ကို ထွက်ပြေးရသေးတာ မဟုတ်လို့ အဆင်ပြေပါတယ်။”
စကားကို ခွန်းတုံ့ပြန်နေသဖြင့် အီဝူရှင်း၏ လှပသော မျက်ခုံးအစုံက ကျုံ့သွားရသည်။
တစ်ကိုယ်လုံးက ပေါင်တစ်ထောင်လောက် လေးလံနေသော်လည်း သတ်မှတ်ထားသော လူစာရင်းထဲ မဝင်ပါက ညစာကို နောက်ဆုံးမှ စားရပေလိမ့်မည်။ နေလည်စာကို နောက်ဆုံးမှ စားခဲ့ရဖူးသော ဆောယောင်းက ပျော့ခွေချင်နေသော ဒူးများကို ဖျစ်ညှစ်အားတင်းကာ အားစိုက်ထားလိုက်၏။
နောက်ဆုံးမှ ထမင်းစားရပါက အဓိက ဟင်းလျာများအားလုံး ကုန်သွားတတ်ပြီး ထမင်းနှင့် ဂင်ချီသာ ကျန်လေ့ရှိသောကြောင့်ပင်။
“ဟား……”
သို့သော်လည်း ရဲဘော်ရဲဘက်များက ရှေ့သို့ ရောက်သွားကြပြီဖြစ်ရာ ဆောယောင်းက မည်သူကြည့်ကြည့် နောက်ကျကျန်နေခဲ့သူပင်။ ကြံ့ခိုင်မှုနှင့် ကိုယ်ကာယပိုင်းဆိုင်ရာ အခြေအနေအရ ကွာခြားချက် ရှိနေမည်ကို သိထားသော်လည်း ယခုကဲ့သို့ တစ်ယောက်တည်း ကျန်ရစ်နေချိန်တွင် ဒေါသက တထောင်းထောင်းထွက်လာရသည်။
“ဟူး…. ဟား….”
ဆောယောင်းတစ်ယောက် လေ့ကျင့်ရေးကွင်းသို့ ခက်ခဲစွာ ပြန်ရောက်လာကာ ဘောလုံးဂိုးတိုင်ကိုကိုင်ပြီး မှောက်လျက်လဲမတတ် အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။ ရုပ်ပျက်ဆင်းပျက် တုန်ယင်နေသော ခြေထောက်များကြောင့် တိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ခန္ဓာကိုယ်ကို ထိန်းထားရသည်။
ဝေါ့...
အစာဟောင်းရည်များက လည်ချောင်းတစ်လျှောက် ဆန်တက်လာသည်။ ဤသို့ဖြစ်နေမှတော့ ပါးစပ်က ဆဲရေးမိသည်မှာ မဆန်းတော့ပေ။
ထိုစဉ် အေးရာအေးကြောင်း လျှောက်လာသော ခြေသံနှင့်အတူ ခေါင်းပေါ်တွင် မလိုလားအပ်သော အရိပ်တစ်ခု ကျရောက်လာသည်။
“အဖွဲ့ဝင် ဟန်ဆောယောင်းက နောက်ထပ် ဘယ်နှကြိမ်လောက် ဘိတ်ချေးဖြစ်ဦးမှ အရှုံးပေးမှာလဲ။”
“လေ့ကျင့်ရေးက… အခုမှ စရုံပဲ ရှိပါသေးတယ်။”
ဆောယောင်းက အသက်ရှူနှုန်းကို ထိန်းရင်း ခါးကိုမတ်လိုက်သည်။ ဤလူရှေ့တွင် အားနည်းချက်ကို တစ်စက်ကလေးပင် မပြလိုပေ။ ချွေးများဖြင့် စုတ်ပြတ်သပ်နေမည့် မိမိ၏ပုံစံကို သိသော်လည်း မာန်အပြည့်နှင့် ခေါင်းမော့လိုက်၏။
ကွင်းထဲတွင် ခေါင်းလောင်းတစ်ခု ချိတ်ဆွဲထားသော်လည်း ပထမဆုံး ခေါင်းလောင်းသံက မမြည်သေးပေ။
ထိုစတင်မှုကို ဆောယောင်းကိုယ်တိုင်စပြီး အဆုံးသတ်ပေးစေလိုသည့် သူ၏ အရိပ်အယောင်က ယခုဆိုလျှင် လျှို့ဝှက်ချက်ပင် မဟုတ်တော့။ ထိုသို့ ကြုံရတိုင်း ဆောယောင်းက နှာခေါင်းရှုံ့ရုံသာ တုံ့ပြန်ခဲ့သည်။
အီဝူရှင်းက အခြားအဖွဲ့ဝင်များကို ကြိမ်းမောင်းပြီး လူပုံလယ်တွင် အရှက်ခွဲတတ်သူဖြစ်သော်လည်း တကယ်တမ်းတွင် မည်သူ့ထက်မဆို ဆောယောင်းကို ပို၍အထင်သေးကာ နှိပ်ကွပ်တတ်သူဖြစ်၏။
ရိုက်ရင်လည်း ငါပဲ ရိုက်မယ်ဟူသော စိတ်ပုပ်မျိုးလားမသိ၊ သူက ဆောယောင်းအပေါ် အေးစက်သော သဘောထားကို ပြသနေတတ်သော်လည်း မကြာခဏဆိုသလို စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဝင်ရောက်စွက်ဖက်တတ်ပြန်သည်။
ယခု ဘာကြောင့် မိမိကို ဤမျှအထိ မုန်းတီးနေရသလဲဟု အကြောင်းရင်းကိုပင် သိချင်လာမိ၏။
“အဖွဲ့ဝင် ဟန်ဆောယောင်း၊ ဘာကို ယုံကြည်ပြီး အားကိုးနေတာလဲ။”
“ရှင်။”
“ဒါမှမဟုတ် ဒီအတိုင်း အံကြိတ်ပြီး တောင့်ခံနေရင် တစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား။”
“ဟုတ်ကဲ့၊ အမှန်တော့… ဇွဲတစ်ခုတည်းနဲ့ပါပဲ။”
ဆောယောင်းက ပါးတစ်ဖက်ကို ကုတ်လိုက်သည်။ အီဝူရှင်းအဖို့ အဆုံးမရှိ သတိထားစရာဖြစ်နေရသည့် အကြောင်းရင်းက ဤကဲ့သို့သော အချက်များကြောင့်ပင်။
“ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေလို့ အမျိုးသားက ပြန်လာမှာလည်း မဟုတ်တာကို ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းအောင်လုပ်ဖို့ အကြောင်းပြချက် ကြိုဖန်တီးထားတာလား။ အဲ့ဒါကလည်း တော်တော်တော့ အသုံးဝင်မဲ့ပုံပဲ။”
ကြည့်စမ်း၊ ထင်မထားလောက်အောင် အကွက်မြင်သားပဲ….
ဤလူက သဘောကောင်းပြီး ဇဝေဇဝါဖြစ်တတ်သည့် ဆောယောင်း၏ ခင်ပွန်းထက်ပင် ဆောယောင်း၏ အတွင်းစိတ်ကို အကုန်သိမြင်နေကာ ဒဲ့တိုးအတည်ပြုတတ်သည်။
အတိအကျ ပြောရလျှင် ထိုအချက်ကြောင့် အီဝူရှင်းကို ပို၍ စိတ်မသက်မသာဖြစ်ရခြင်းပင်။
“ဒါပေမဲ့ ဘာအစီအစဉ်မှမရှိဘဲ ခင်ပွန်းကို လိုက်ရှာနေတာထက်စာရင် ဒါက ပိုလွယ်လို့ပါ။”
အံကြိတ်ပြီး တောင့်ခံရခြင်းက လွယ်ကူ၏။ အစွမ်းကုန် ကြိုးစားရခြင်းမှာ ဆောယောင်း အကောင်းဆုံး လုပ်နိုင်သည့် အရာများအနက်မှတစ်ခုပင်။
တစ်ယောက်နှင့်တစ်ယောက် ရုန့်ရင်းသော စကားများ ပြောဖူးသွားကြ၍လားမသိ၊ ယခုဆိုလျှင် အီဝူရှင်းရှေ့တွင် ခင်ပွန်းအကြောင်းက အလိုလို ထွက်လာတတ်သည်။ အမြဲတမ်း ဟန်ဆောင်နေစရာ မလိုတော့သည်မှာ အတော်လေး အဆင်ပြေလှ၏။
ဆောယောင်းက အသာအယာ ဦးညွှတ်နှုတ်ဆက်ပြီး ခြေလှမ်းစလိုက်သည်။
အစ်…။ တစ်လှမ်းချင်း လျှောက်လိုက်တိုင်း ခြေဖဝါးမှ မီးလောင်သလို နာကျင်မှုကြောင့် ညည်းသံက ချက်ချင်း ထွက်လာ၏။
နှစ်လပဲ တောင့်ခံရအောင်၊ နှစ်လပဲ။
ဆောယောင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
ယခု ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိသည့် Black Agent ဂင်ဟျွန်း၏ နားထဲသို့ သတင်းရောက်သွားစေရန်အတွက် အမျိုးသားထောက်လှမ်းရေး၏ မျက်စိစပါးမွေးစူးပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ပစ်မှတ်တစ်ခု ဖြစ်လာရပေမည်။ ထိုသို့ဖြစ်လာရန်အတွက် အထူးလုံခြုံရေးအဖွဲ့ကို မဖြစ်မနေ လိုအပ်၏။
နိုင်ငံတကာတွင် နာမည်ကြီးသည့် မူးယစ်ရာဇာကို ကာကွယ်ပေးရင်းဖြစ်ဖြစ် အဖမ်းခံချင်သလို၊ မကောင်းသည့်တာဝန်မှန်သမျှ တစ်ယောက်တည်း အကုန်ယူပြီး ဂင်ဟျွန်းကို မိမိနောက် လိုက်လာအောင် လုပ်ချင်ခဲ့မိသည်။
ထိုအခါ သဘာဝကျကျပင် အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်း၏ မျက်နှာကို ပြေးမြင်မိတော့၏။
ဘယ်နည်းနဲ့ဖြစ်ဖြစ် လေ့ကျင့်ရေးကိုပဲ ပြီးအောင်လုပ်တာပေါ့။ ဟုတ်တယ်… အဲ့ဒီပုဂ္ဂိုလ်ရဲ့အကြည့်တွေက အဲ့ဒီနောက်ပိုင်းကိစ္စတွေကို ဘယ်လိုပဲဖြစ်ဖြစ် စီစဉ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဆောယောင်း စိတ်ကို တင်းတင်းထားလိုက်သည်။
ခြေထောက်ကို တရွတ်တိုက်ဆွဲရင်း လျှောက်သွားနေစဉ် တစ်နေရာရာမှ ဖိနှိပ်ထားသော သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရ၏။ နောက်စေ့တွင် ဘာမှန်းမသိ စူးစူးဆစ်ဆစ် ခံစားနေရသော်လည်း အီဝူရှင်းက အနောက်မှ လိုက်မလာသလို၊ ထိုနေရာမှ ထွက်သွားခြင်းလည်း မရှိခဲ့ပေ။
ဆောယောင်း အဆောက်အအုံအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ အီဝူရှင်းက ခြေသံတစ်စက်မျှ မထွက်အောင် ငြိမ်သက်နေခဲ့သည်။
စုတ်ပြတ်သပ်နေသော ညစာကလည်း နောက်ဆုံးမှရောက်လာသည့် ဆောယောင်း၏ ဝေစုသာဖြစ်ခဲ့ရ၏။
ချောက်—ချောက်—
လူတိုင်း ဟောက်သံပေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည့် ည။
မိန်းမတစ်ယောက်နှင့် တစ်ခန်းတည်း မအိပ်နိုင်ဟုဆိုကာ လည်ပင်းမှ သွေးကြောများ ထောင်ထအောင် အော်ခဲ့ကြသည့်ကောင်များအနက် အရင်ဆုံး သတိလစ်သလို အိပ်ပျော်မသွားသည့်ကောင် တစ်ယောက်မှမရှိပေ။
တစ်နေ့ကုန် ခြေဖဝါးများ ပေါက်ပြဲမတတ် ပြေးလွှားထားရသဖြင့် ခေါင်းအုံးနှင့်ခေါင်း ထိသည်နှင့် သတိလွတ်သွားရန်မှာ ခဲယဉ်းသောအလုပ် မဟုတ်ခဲ့။
ဆောယောင်းက အိပ်ချင်မူးတူး အနေအထားဖြင့် တစ်ကိုယ်လုံးကို လူးလွန့်နေမိသည်။ တစ်ကိုယ်လုံး နာကျင်လွန်းလှသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘဲ ပါးစပ်မှ ညည်းတွားသံများသာ ထွက်ပေါ်နေ၏။
မည်သူ့ကိုမှ ယုံကြည်၍မရသည့် စိမ်းသက်သောနေရာတွင် တစ်နေ့တာကို ခက်ခက်ခဲခဲ ဖြတ်သန်းပြီးနောက် ဂင်ဟျွန်းကို အလိုလို သတိရမိသွားသည်။ သူက ကြမ်းတမ်းသော စောင်ထဲသို့ မျက်နှာအပ်ကာ မှိတ်ထားသော မျက်လုံးများကို ပို၍ တင်းတင်းပိတ်လိုက်၏။ ထိုလူ၏ ရင်ခွင်ထဲ၌ မှီနွဲ့ပြီး တဝကြီးသာ အိပ်လိုက်ရလျှင် ကောင်းပေမည်….
မတတ်သာဘဲ ထိုသို့သော အားငယ်စိတ်များ ဝင်လာ၏။
ငါ့ယောက်ျားသာ တစ်ခါလောက် ပွတ်သပ်ပေးမယ်ဆိုရင်။ သူ့ရဲ့ နွေးထွေးတဲ့ လက်ဖဝါးတွေနဲ့ ကိုယ်ကို နှိပ်နယ်ပေးမယ်ဆိုရင်။ အဆင်ပြေသွားမှာပါလို့ ပြောရင်း နမ်းပေးမယ်ဆိုရင်….
ဆောယောင်း နှုတ်ခမ်းကိုကိုက်ကာ အသက်ကို မမှန်မကန် ရှူသွင်းလိုက်၏။ မှားယွင်းသော လွမ်းဆွတ်မှုများက အမာရွတ်လို ကပ်ငြိနေကာ ကွာကျမသွားခဲ့ပေ။
ဒေါက်—
တစ်စုံတစ်ခု ကြမ်းပြင်ပေါ် ကျသွားပြီး လိမ့်သွားသည့် အရိပ်အယောင် ပေါ်လာသည်က ထိုစဉ်မှာပင်။ မကြာမီ ပေါက်ကွဲထွက်လာသည့် မီးခိုးများက တစ်ခန်းလုံးကို ခဏချင်းအတွင်း ဝါးမျိုသလို ဖုံးလွှမ်းသွားတော့၏။
“……”
မှေးစင်းနေသော မျက်လုံးများ ပြူးကျယ်သွားတော့သည်။ မြင်ကွင်းကို ကွယ်နေသည့် ဝေဝါးသော မီးခိုးများကြောင့် အခြေအနေအမှန်ကို အတတ်မပြောနိုင်သော်လည်း ဆောယောင်းက ဗီဇအရ အလိုအလျောက် အော်ဟစ်လိုက်၏။
“ထကြ....”
လက်ဖြင့် ယပ်ခတ်ရင်း နှာခေါင်းထဲ တိုးဝင်လာသည့် စူးရှသောလေကြောင့် ချောင်းတဟွတ်ဟွတ် ဆိုးမိတော့သည်။ ဘေးပတ်ဝန်းကျင်မှ အု၊ အု ဟူသော ညည်းတွားသံအချို့ကိုသာ ခပ်တိုးတိုး ကြားနေရ၏။
နာကျင်နေသော ကိုယ်ကို ဖျစ်ညှစ်အားတင်းကာ ခုတင်အောက်သို့ဆင်းရန် ကြိုးစားလိုက်သည်။ သို့သော် ထူထပ်သော မီးခိုးများ တစ်ချက်လေး ပါးသွားသည့် ခဏတာအတွင်း ဆောယောင်းတစ်ယောက် မည်းနက်နေသော ဂတ်စ်ကာမျက်နှာဖုံးတစ်ခုကို မြင်လိုက်ရ၏။
အသက်ကင်းမဲ့နေသလို မျက်နှာဖုံးက အိပ်ရာဘေးမှနေ၍ သူ့ကို တိတ်တဆိတ် ငုံ့မိုးကြည့်နေသည်။ အော်သံပင် ထွက်သွားရလောက်အောင် ထိတ်လန့်စရာကောင်းလှသည့် ထိုပုံစံကြောင့် ရင်ထဲ ဒိန်းခနဲဖြစ်သွားရ၏။
“ဘယ်……”
ဘာမှမပြောနိုင်မီ ပါးစပ်အပိတ်ခံလိုက်ရသည်။
ချီးပဲ၊ ဒါကရော ဘာလဲ……
ကြောင်တောင်တောင်နှင့် ပွင့်သွားသော ပါးစပ်ထဲသို့ ပါးစပ်စည်း အတင်းထိုးထည့်ခံလိုက်ရကာ ခေါင်းကိုလည်း အဝတ်တစ်ခုနှင့် အစွပ်ခံလိုက်ရသည်။ ခြေလက်များကို ကြိုးဖြင့်တုပ်နှောင်နေသော လက်အစုံကလည်း ညှာတာမှု စိုးစဉ်းမျှမရှိဘဲ ကြမ်းတမ်းလှ၏။ ပြန်လည် တုံ့ပြန်နိုင်စွမ်းမရှိခင် အလျင်အမြန် စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်သွားခြင်းပင်။
ရဲဘော်ရဲဘက်အများစုက အိပ်ပျော်နေစဉ် အလွယ်တကူ အဖမ်းခံလိုက်ရကာ အချို့သော အကဲခတ်မြန်သူများက ရုန်းကန်နေပုံရသော်လည်း အိပ်ချင်မူးတူး အခြေအနေတွင် မီးခိုးဖြူများနှင့် ရင်ဆိုင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်ကုန်ကြပုံပင်။
“အု၊ အုအု……”
ဆောယောင်းတစ်ယောက် တစ်စုံတစ်ဦး၏ ပုခုံးပေါ်တွင် ထမ်းတင်ခံရကာ အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။ မြင်ကွင်း ပိတ်ဆို့ခံလိုက်ရသည်က ကိစ္စမရှိသော်လည်း ခြေလက်များကို သုံး၍မရသည်မှာ စိတ်ပျက်စရာပင်။
ပါးစပ်စည်းကြားထဲမှ “တအစ်အစ်” နှင့် အဆက်မပြတ် အော်ဟစ်နေခဲ့ရာ ချက်ချင်းဆိုသလို တင်ပါးကို အားပြင်းပြင်းနှင့် အရိုက်ခံလိုက်ရသည်။
တကယ်ပဲ ဘယ်ကောင်လဲ……
ဤနေရာသို့ ရောက်လာသည့်နောက်ပိုင်းတွင် စိတ်တိုလွယ်လာသဖြင့် ပါးစပ်မှ ဆဲသံက အလိုလိုထွက်လာတော့သည်။
အိမ်နေဝတ် ပါးပါးလေးကြားမှ အေးစက်သော ပင်လယ်လေက ပြင်းထန်စွာ တိုးဝင်လာ၏။ ထိုအခါ ဆောယောင်းလည်း အဓိပ္ပာယ်မဲ့သော ရုန်းကန်မှုကိုရပ်ကာ ပတ်ဝန်းကျင်မှ အသံများကို နားစွင့်လိုက်သည်။
ထိုအခါ သူ့ကို ထမ်းထားသည့် တောင့်တင်းသော ခန္ဓာကိုယ်က ရယ်နေသည့်အလား အနည်းငယ် တုန်သွား၏။
“ငါ့နှယ်။”
ခပ်နိမ့်နိမ့် ဩရှရှအသံက ရင်းနှီးလွန်းရုံတင်မကဘဲ အံကြိတ်မိရလောက်အောင် မုန်းတီးရသူ၏ အသံပင်။
“အု……”
သူ့မျက်နှာကို မတွေးမိခင်မှာပင် ဆောယောင်း၏ကိုယ်က ဒုန်းခနဲ ပစ်ချခံလိုက်ရသည်။ ဖျတ်ခနဲ တစ်နေရာသို့ ကျသွားသော်လည်း ထင်သလောက် မနာကျင်ခဲ့။ ကျန်အဖွဲ့ဝင်များလည်း တဒုန်းဒုန်းနှင့် တစ်ယောက်ပြီးတစ်ယောက် ထိုနေရာသို့ ပစ်ချခံနေရ၏။
အနည်းဆုံး လူတို့၏ ကိုယ်ငွေ့ကို ခံစားရသဖြင့် အအေးဒဏ် အနည်းငယ် သက်သာသွားသည်ဟု တွေးနေချိန်မှာပင် ကြမ်းတမ်းသော အင်ဂျင်သံကြီးကို ကြားလိုက်ရသည်။
“……”
စောစောကနှင့် နှိုင်းယှဉ်၍မရလောက်အောင် ဆောင်းလေပြင်းက ကြာပွတ်ပမာ စူးစူးရှရှ တိုက်ခတ်လာသည်။ ပင်လယ်လေက အရှိန်အဟုန်နှင့် တိုက်ခတ်လာကာ အသားကို အပိုင်းပိုင်း ဆွဲဖြဲနေသလိုပင်။
ခေါင်းတွင် စွပ်ထားသော အဝတ်က လွင့်ထွက်ပြီး နှာခေါင်းပေါက်ကို ပိတ်ထားသဖြင့် မတတ်သာဘဲ ပါးစပ်နှင့် အသက်ရှူရပြန်သည်။ သို့သော် ပါးစပ်စည်းကြောင့် ပါးစပ်ဟထားသည့်တိုင် အသက်ရှူရ ခက်ခဲနေဆဲပင်။
ဒါက ဘယ်လိုနှိပ်စက်မှုလဲ……
ဆောယောင်းတစ်ယောက် နိမ့်ချည်မြင့်ချည် လှုပ်ခါနေသော ခန္ဓာကိုယ်ကြောင့် မိမိတို့ ယခု ပင်လယ်ထဲ ရောက်နေပြီဖြစ်ကြောင်း သိလိုက်တော့သည်။
လှေကိုး… ငါတို့ကို လှေပေါ် တင်လိုက်တာပဲ။
ထိုစဉ်မှာပင် ဝေါ...ဟူသော လှိုင်းပုတ်သံတစ်ခု တစ်နေရာမှ ထွက်လာသည်။ ဆောယောင်းက တုပ်နှောင်ခံထားရသော ခန္ဓာကိုယ်ကို တစ်ဖန် ပြန်၍ လူးလွန့်ကြည့်မိ၏။ ဘေးနားမှလည်း အသက်ရှူရခက်ခဲနေပုံရသည့် အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
ထိုစဉ် အင်ဂျင်သံ ရပ်သွားကာ ခေါင်းတွင် စွပ်ထားသော အဝတ်များ တစ်ပြိုင်နက်တည်း ဖယ်ရှားခံလိုက်ရတော့၏။
~~~~
Miel's Translations