no

Font
Theme

အပိုင်း ၄၁

“ဂုဏ်သိက္ခာရှိတဲ့ စစ်သားတွေလည်း မဟုတ်သလို၊ ဒိုပင်းစစ်ဆေးမှုကို ကြောက်နေရတဲ့ အားကစားသမားတွေလည်း မဟုတ်ဘူးလေ။ ခန္ဓာကိုယ်တောင့်တင်းပြီး ကြံ့ခိုင်မှ ဈေးကောင်းရတာက Blast ရဲ့ တပ်သားတွေပဲ။ ဒီလောကမှာ စတီးရွိုက်ဒ်ထိုးတာက အပြစ်တစ်ခု မဟုတ်ဘူး။”

“…….”

“ကုမ္ပဏီမှာဆိုရင် ဆေးဝါးကျွမ်းကျင်နည်းပြတောင် သီးသန့်ရှိတယ်။ ဒီဘောလ် အားဆေးပြားတွေနဲ့ အာနာဒရောလ် ၅၀ ကို ရောပြီး တပ်ဖွဲ့ဝင်တွေကို ပေးတတ်ကြသလို၊ လိုအပ်ရင် အဒရီနယ်လင် ထိုးပေးပြီး ခဏလောက် အားအင်တိုးအောင် လုပ်ပေးတာ။ အဲ့ဒါကို တကူးတက ထိုးပြီးမှ စစ်ဆင်ရေးထွက်တဲ့ အရူးတွေလည်း အများကြီးပဲ။”

သူ၏မျက်မှောင်က အနည်းငယ် ကြုတ်နေသော်လည်း အသံကမူ ငါးစာချော့ကျွေးနေသကဲ့သို့ နူးညံ့နေ၏။ သူက အချိုသပ်ကာ အပျော့ဆွဲဖြင့် ဖျောင်းဖျနားချတော့မည့်အလား တင်းမာနေသော မျက်နှာထားကို ရုတ်ခြည်း ဖြေလျှော့လိုက်ကာ ဆောယောင်း၏ ပုခုံးကို အားပါပါ ဆုပ်ကိုင်လာသည်။

“…ဟုတ်တယ်။ မင်းက ဆေးသုံးထားလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာဆိုရင်တော့ အနည်းဆုံး လက်ခံပေးလို့ ရသေးတာပေါ့။”

ထို့နောက်တွင် ဆောယောင်း၏ လက်ကောက်ဝတ်က ဖမ်းဆုပ်ခံလိုက်ရသည်။ ထိတ်လန့်သွားစေလောက်အောင် ပူနွေးနေသော အပူဓာတ်က သန်မာသော အရိုးအဆစ်များကို ဖိနှိပ်လိုက်ပြီးနောက်၊ အသားမရှိဘဲ အရိုးပေါ် အရေတင်ဖြစ်နေသည့် လက်ကောက်ဝတ်ကို အမှတ်မထင် လှုပ်ယမ်းပစ်ခဲ့၏။ သူ လှုပ်ရမ်းသည့်အတိုင်း လက်ကလေးက လေထဲတွင် ယိမ်းထိုးကာပါသွားလေသည်။

“တကယ်ပဲ ဘာကို ယုံကြည်ပြီး ဒီလိုဖြစ်နေတာလဲလို့ စောင့်ကြည့်နေခဲ့တာ....”

အီဝူရှင်းက မည်သည့်ခံစားချက်မျှ မပါသော မျက်နှာဖြင့် နှုတ်ခမ်းအစုံကိုသာ ကွေးညွှတ်ပြီး ပြုံးခဲ့သည်။

“ဆေးဝါးအကူအညီ တစ်စက်မှမပါဘဲ ဒီလက်ကောက်ဝတ်လေးနဲ့ တန်းကို ခိုတက်နေတာက မင်းဘာသာ ပြန်ကြည့်ရင်လည်း နည်းနည်းတော့ မဟုတ်သေးဘူးမဟုတ်လား။”

“……”

“ဆေးသုံးထားတယ်လို့ပဲ ပြောလိုက်စမ်းပါ။”

သူက တံတောင်ဆစ်အတွင်းဘက် တစ်နေရာကို လက်ဖျားဖြင့် ခပ်ပြင်းပြင်း ဖိနှိပ်ခဲ့သည်။ ဆောယောင်း မလှုပ်နိုင်အောင် ဖိထားသလိုပင်။ အဝတ်အစားပေါ်မှတစ်ဆင့် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရ၏။

“သံသယဖြစ်စရာတွေ မရှိတော့ရင် စောင့်ကြည့်နေဖို့လည်း မလိုတော့သလို ငါ့ရဲ့ စိတ်ဝင်စားမှုလည်း လျော့သွားမှာမို့လို့။ ဆေးထိုးထားလို့ အဲ့ဒီလို ဖြစ်သွားတာဆိုတဲ့ စကားကို ကြားလိုက်ရရင် ငါ့စိတ်လည်း တော်တော်လေး ပေါ့ပါးသွားမှာ။”

“အဲ့ဒီလို ဖြစ်သွားတယ်… ဆိုတာက ဘာအဓိပ္ပာယ်ပါလဲ။”

“တစ်နေရာရာမှာ ပြောင်းလဲသွားတာပေါ့။”

ဆောယောင်းကို စိုက်ကြည့်နေသည့် အကြည့်များက နက်ရှိုင်းကာ မသွေမဖည်ရှိနေခဲ့သည်။

“ပထမဆုံး တွေ့တုန်းကထက် အများကြီးပိုပြီးတော့ အန္တရာယ်များပြီး စိုးရိမ်စရာကောင်းလာတာမျိုး။”

ဆောယောင်းတစ်ယောက် အာရုံကြောများ ကုတ်ခြစ်ခံလိုက်သလိုပင်။

သူနှင့် ပထမဆုံး တွေ့ခဲ့ရသည်က ကုမ္ပဏီအတွင်း၌ဖြစ်၏။ သေချာစကားပြောဖြစ်ခဲ့သည်မှာ စက်ရုံသို့ ဦးတည်နေသော ကားထဲတွင်ဖြစ်သည်။ ထိုစဉ်က ဆောယောင်းမှာ စားဖိုဆောင်ယူနီဖောင်းကို ဝတ်ဆင်ကာ ထမင်းထုပ်ပို့သည့် ဝန်ထမ်းတစ်ဦးဖြစ်ခဲ့သဖြင့် ယခုနှင့် သိသိသာသာ ကွာခြားမှု ရှိပေလိမ့်မည်။

သူက ယခင်အတိုင်းပင် တီးတိုးရေရွတ်ခဲ့၏။

“ငါ မသိတဲ့ ပြဿနာတွေ များလာတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဟုတ်တယ်။”

“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လေ့ကျင့်ရေးအတိုင်း လိုက်နိုင်နေတာကို ဘာလို့ ပြဿနာလို့ ထင်နေမှန်း လုံးဝ နားမလည်နိုင်ပါဘူး။”

“ရှေ့လျှောက် ငါ့ပြဿနာ ဖြစ်လာတော့မှာမို့လို့။”

“…….”

“အဖွဲ့ဝင် ဟန်ဆောယောင်းသာ ပြုတ်မသွားဘူးဆိုရင်။”

နေရောင်ကို ကျောပေးကာ ထိုင်နေသော သူ့ထံမှ အစွဲအလမ်း တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ အမြဲတမ်း ဘာကိုမှ စိတ်မဝင်စားသလို မျက်နှာထားမျိုးနှင့် နေတတ်ပါလျက် တစ်ခါတရံတွင် ယခုလို အနက်ရောင် နွံအိုင်ကြီးအလား လူကို ရစ်ပတ်နှောင်ဖွဲ့တတ်၏။

အမျိုးသမီး အဖွဲ့ဝင်ဖြစ်နေ၍ ပြဿနာဖြစ်နေခြင်းလား၊ သို့မဟုတ် အခြားအဓိပ္ပာယ်တစ်ခုခု ရှိနေခြင်းလား။

ဆောယောင်းက ဘာမှန်းမသိ မရှင်းမလင်းဖြစ်နေသည့် ခံစားချက်ကြောင့် မျက်မှောင်ကိုသာ ကြုတ်ထားလိုက်မိသည်။

“ဘာပဲဖြစ်ဖြစ် ဆေးသုံးထားတာတော့ မဟုတ်ပါဘူး။”

“နှမြောစရာပဲ။”

တကယ်ပင် နှမြောနေ၍လားမသိ စူးရှသော အကြည့်တစ်ချက် တဒင်္ဂ ဖြတ်ပြေးသွား၏။

“ဒါပေမဲ့ ရှိပါတယ်၊ ယုံကြည်ထားတဲ့ အရာဆိုရင်တော့။”

သူနှင့် ဆက်ဆံရသည်ကို စိတ်မသက်မသာ ဖြစ်ရသည်က ဤအချက်ကြောင့်ပင်။ စိတ်ပျက်စရာကောင်းလောက်အောင် လူ့ပါးစပ်ကို ကောင်းကောင်းဖွင့်ခိုင်းတတ်ပြီး၊ ဆောယောင်းကလည်း ဤလူအရှေ့ရောက်လျှင် မကောင်းသည့်အဓိပ္ပာယ်နှင့် စိတ်အလိုလိုက်ကာ အရာအားလုံးကို ထုတ်ပြောမိတတ်၏။

ပထမဆုံးတွေ့ဆုံမှုက အကျည်းတန်ခဲ့ကာ၊ ဒုတိယအကြိမ်တွင် ကြက်ဥစိမ်းနံ့ကြောင့် စက်ဆုပ်ရွံရှာခဲ့ရပြီး တတိယအကြိမ်တွင်မူ လူသတ်ရန်ပါ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ခဲ့ဖူးသလို၊ ယခုလည်း အောက်ခြေတွင် လူးလှိမ့်ရင်း အမြင်မလှသည့်ပုံစံမျိုးစုံကို ပြသနေရသောကြောင့် ဖြစ်လေမည်လား။

တကူးတက ပြောပြနေရန် မလိုသည့် အကြောင်းအရာများအထိ တစ်ခါတစ်ရံ ရုတ်တရက် ထွက်ကျလာတတ်သည်။

“အရင်ကတည်းက စိတ်လိုက်မာန်ပါလုပ်တတ်တာကို မထိန်းချုပ်နိုင်တဲ့ ရောဂါအခံ ရှိလို့ပါ။”

ယင်းမှာလည်း မိမိ၏စိတ်ကို လာလာဆွနေသည့် တစ်ဖက်လူအား အဆိုးဝါးဆုံး အစိတ်အပိုင်းကို ခပ်ပါးပါး ထုတ်ပြလိုက်ခြင်းဖြစ်၏။

ဆရာ၏ သွန်သင်ချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အပြုအမူပင်။ သို့သော် ဆောယောင်းကမူ အမှားကိုသာ ကျူးလွန်ချင်နေမိသည်။ တမင်ပင် အပြစ်အနာအဆာများကို ထုတ်ပြကာ သူပြသနေသည့် စိတ်ဝင်စားမှုကို ဖြတ်တောက်ပစ်ပြီး စိတ်ပျက်သွားစေလို၏။

သူ့ကို အနိုင်ယူချင်သည့်အချိန်တိုင်း မိမိကိုယ်ကိုယ် လက်နက်တစ်ခုလို ထုတ်သုံးနေမိပုံပင်။ ထိုအခါမှသာ ရှေးရိုးစဉ်လာ စည်းကမ်းများကို ချိုးဖောက်လိုက်ရသလို ပျော်ရွှင်မှုကို ခံစားရတတ်သည်။

“အဲ့ဒါကြောင့် အခုအထိလည်း ကြောက်စရာဆိုတာ သိပ်မရှိပါဘူး။ နာကျင်တာကလည်း အရေးမကြီးသလို၊ တစ်ယောက်ယောက်ကို နာကျင်အောင် လုပ်ဖို့လည်း ဝန်မလေးပါဘူး။ နေလာရင်း ဘာကြောင့်မှန်းမသိ တစ်ခါလောက်တော့… လူသတ်ကြည့်ဖြစ်လိမ့်မယ်လို့လည်း ထင်ထားခဲ့တာပါ။”

“……”

“ထင်ထားတာထက် စောပြီး လုပ်မိသွားပေမဲ့ပေါ့။”

ဆောယောင်းက လျှို့ဝှက်ချက်ကို ပြောပြနေသည့်အလား အသံကို နှိမ့်လိုက်သည်။

“ကျွန်မ ယုံကြည်ထားတာက အဲ့ဒီလိုအရာမျိုးတွေပါ။”

ဆောယောင်းက နည်းပြ၏အင်္ကျီကို မသိမသာ ပွတ်သပ်ရင်း ပြောလိုက်သည်။ အီဝူရှင်းကမူ ဆောယောင်း၏လက် ထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ ကော်နှင့်ကပ်ထားသည့်အလား စိုက်ကြည့်နေသော အကြည့်ကို တစ်စက်ကလေးမျှ မရွှေ့ခဲ့ပေ။

“အမျိုးသားကလွဲလို့ ကျန်တာ ဘာမှမကြောက်ပါဘူး။”

“…….”

“တအားငယ်ငယ်လေးကတည်းက အဲ့ဒီလိုမျိုး ကျွမ်းဘားလေ့ကျင့်ခန်းတွေကိုတောင် သည်းခံခဲ့သေးတာ ဒီလောက် လေ့ကျင့်ရေးက ဘာအရေးလဲ။”

ထိုစဉ် အီဝူရှင်းက စဉ်းစားရခက်နေသလို မျက်မှောင်ကို ဖြည်းဖြည်းချင်း ကြုတ်လိုက်သည်။ တစ်ခါမှ မကြားဖူးသည့် ပုံစံမျိုးဖြင့်။ ဆောယောင်းက ပထမဆုံးအကြိမ် ပြောပြခြင်းဖြစ်၍ သူ မသိခြင်းက သဘာဝကျသော်လည်း။

“……ငယ်ငယ်တုန်းကပေါ့လေ။”

“ဟုတ်ကဲ့။”

“ဘယ်လောက် ငယ်ငယ်တုန်းကလဲ။”

“အဲ့ဒါက……”

သဘာဝကျကျ စကားကို ဆက်ပြောနေသည့် ဆောယောင်းတစ်ယောက် တစ်ချက် တုံ့ခနဲဖြစ်သွားသည်။ ဘယ်တုန်းက… ဘယ်တုန်းက စခဲ့တာလဲ၊ အဲ့ဒါက။

အာ... ကျွမ်းဘားဝတ်စုံကို ပထမဆုံး စမ်းဝတ်ကြည့်ခဲ့သည်က မူလတန်း အထက်ဆင့်တုန်းက ဖြစ်သော်လည်း အလေးအနက်ထားပြီး ကျွမ်းဘားကလပ်ဝင်ကာ ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့သည်က အလယ်တန်းကျောင်းသူဘဝမှ ဖြစ်သည်။ ဆောယောင်း ခဏလေး မျက်မှောင်ကြုတ်လိုက်မိ၏။ သို့ဆိုလျှင် ဘာကြောင့် 'တအား' ငယ်ငယ်လေးကတည်းကဟု ပြောမိခြင်းဖြစ်မည်နည်း။

ထိုသို့ပြောမိသည့် မိမိကိုယ်ကိုယ် တစ်မျိုးကြီး မတင်မကျဖြစ်နေသော်လည်း အလယ်တန်း ကျွမ်းဘားကလပ်တွင် လှုပ်ရှားခဲ့သည့် ထင်ရှားသော ပုံရိပ်များကြောင့် ထိုအသေးအဖွဲ စိတ်အနှောင့်အယှက်လေးက အမှားတစ်ခုအလား ချက်ချင်းပင် သိသိသာသာ ပျောက်ကွယ်သွားခဲ့သည်။

“ဒါနဲ့ အဲ့ဒီဆေးဆိုတာလေ၊ တကယ်ပဲ ထိုးရင် အားပိုရှိလာတာလားဟင်။”

ဆောယောင်းက ခပ်အေးအေးပင် စပ်စုလိုက်ရာ အီဝူရှင်းက ချက်ချင်းဆိုသလို စကားမှားသွားပြီဟူသော ပျက်ယွင်းသည့်မျက်နှာထားနှင့် အကျပ်ရိုက်သည့်အရိပ်အယောင် ပြလာသည်။ သူက ဒူးကိုဆန့်ကာ ထရပ်လိုက်ပြီး ဘာမှမသိသလိုပင် ကျောခိုင်းလှည့်ထွက်သွား၏။

“အဲ့ဒါကို ဘယ်မှာသွားရှာလို့ရမလဲရှင့်။ အဲ့ဒီတော့ကလေ ကုမ္ပဏီရဲ့ ဘယ်နှလွှာမှာ……”

“ပေါက်ကရတွေ လိုက်မတွေးဘဲ၊ အဖွဲ့ဝင် ဟန်ဆောယောင်းက အားဆေးဖြစ်ဖြစ် သွားထိုးလိုက်ပါ။”

“ဒီလောကက လူတွေအတွက် ဒါက အပြစ်မဟုတ်ဘူးဆို။”

အီဝူရှင်းတစ်ယောက် ခေါင်းကိုက်လာသည့်ပုံစံဖြင့် ဘာမှပြန်မပြောဘဲ ထွက်သွားခဲ့သည်။

“နည်းပြကြီး……”

ဆောယောင်း မျှော်လင့်တကြီး လှမ်းခေါ်သော်လည်း သူက စိတ်မရှည်သလို လက်ကိုသာ ဝှေ့ယမ်းပြကာ ဝေးရာသို့ ထွက်ခွာသွားလေ၏။

ထိုသို့ဖြင့် မနက်ခင်း အချိန်ဇယား ပြီးဆုံးသွားချိန်တွင် အိပ်ဆောင်တစ်ခုလုံး မန်သိုလေတမ်*အနံ့များဖြင့် ပြည့်နှက်သွားတော့သည်။

[TL/N : မန်သိုလေတမ်* - Mentholatum - ဒဏ်ကြေလိမ်းဆေးပရုပ်ဆီ]

“နည်းပြ အငြိုးထားတာခံရရင် လေ့ကျင့်ချင်စိတ်ကုန်ပြီး ချက်ချင်း ကန်ထုတ်ခံရတာပဲ။”

ယင်းမှာ နဂိုကတည်းက ထိုအတိုင်းသာ။ စားသောက်ဆောင် စားပွဲတွင် ထိုင်နေကြသည့် အဖွဲ့ဝင်တစ်ယောက်က ဆောယောင်းကို ခိုးကြည့်ရင်း ပြောခဲ့သည်။

ဆောယောင်းတစ်ယောက် အကြာကြီး ဝေးကွာနေခဲ့သည့် ပုံမှန်ထမင်းဗန်းလေးကို ရရှိထားသဖြင့် ဇွန်းနှင့် တူကို အငမ်းမရ ကိုင်လှုပ်နေသည့် အချိန်ပင်။ မေးရိုးကို အတင်းအကျပ် လှုပ်ရှားကာ ဝါးစားနေစဉ် ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။

ခေါင်းမော့ကြည့်လိုက်တော့ အဖွဲ့ဝင်အားလုံးက သူ့ကို သနားသလိုကြည့်နေကြ၏။

“ဘာလို့ အဲ့ဒီလိုကြည့်နေကြတာလဲ။”

ဗလုံးဗထွေး အသံဖြင့် မေးလိုက်သော်လည်း အဖွဲ့ဝင်များက ထမင်းဗန်းထဲသို့သာ ခေါင်းငုံ့သွားကြသည်။

ဆောယောင်းတစ်ယောက် အမြဲတမ်း နောက်ဆုံးမှ ထမင်းစားရလေ့ရှိခဲ့ရာမှ မကြာသေးမီကစပြီး အခြေအနေ နည်းနည်းပြန်ကောင်းလာခြင်းပင်။

နည်းပြများက တမင် ၅ မိနစ်အတွင်း ထမင်းကို မြန်မြန်စားရန် ဖိအားပေးလေ့ရှိသဖြင့် ထမင်းကောင်တာက အမြဲတမ်း ယောက်ယက်ခတ်နေတတ်သည်။ ထို့အပြင် အားလုံးက စားသောက်မှု စည်းကမ်းများ ပျောက်ဆုံးနေကြသဖြင့် ဟင်းအသစ်လား သို့မဟုတ် စားကြွင်းစားကျန်လားဆိုသည်ကို ခွဲခြားမရနိုင်သည့် အခြေအနေပင်။

နဂိုကတည်းက စည်းကမ်းစနစ်ကို အလေးထားသည့် ပတ်ဝန်းကျင်မဟုတ်ဘဲ သတ်မှတ်ချိန်အတွင်း အရာအားလုံးကို ပြီးမြောက်အောင် လေ့ကျင့်ပေးခြင်းသာဖြစ်သည့်အတွက် ဖြစ်လာရသောကိစ္စဖြစ်ပေသည်။

ဆောယောင်းက တစ်လျှောက်လုံး ထိုကဲ့သို့သော အမှိုက်သရိုက်များကိုသာ စားခဲ့ရရာမှ ယခုမှသာ စနစ်ကျသော ထမင်းဗန်းတစ်ခုကို ရရှိခဲ့ခြင်းပင်။ စကားဖောင်ဖွဲ့နေရန် အချိန်မရှိပေ။ ဇွန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ပူပူနွေးနွေး ထမင်းများကို ပါးစပ်ထဲသို့ မနားတမ်း ထိုးထည့်နေခဲ့သည်။ တစ်စုံတစ်ယောက်က စားချင်စိတ် ကုန်သွားသည့်အလား ဇွန်းကို ချလိုက်သော်လည်း ဆောယောင်းအတွက်မူ ရယ်စရာပင် မကောင်းခဲ့။

အစက မိန်းမဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် အနိုင်ကျင့်ချင်နေကြသော အဖွဲ့ဝင်များသည်လည်း မကြာသေးမီကမှ မလျှော့သောဇွဲဖြင့် တောင့်ခံနေသည့် ဆောယောင်းထံသို့ တဖြည်းဖြည်း ချဉ်းကပ်ကာ စကားပြောလာကြသည်။

ပင်ပန်းဆင်းရဲသော လေ့ကျင့်ရေးကို အတူတူ ခံယူကြရင်းဖြင့် တံတိုင်းများပြိုလဲသွား၍လား၊ သို့မဟုတ် သနားစိတ် ဝင်လာ၍လားမသိ၊ အချင်းချင်း ကြည့်သည့် မျက်ဝန်းများထဲတွင် ကိုယ်ချင်းစာစိတ်နှင့် စိတ်ပျက်ငြီးငွေ့မှုတို့ စတင်ရောယှက်လာ၏။

အတိအကျ ဘယ်တုန်းကတည်းကပါလိမ့်……

ညမအိပ်ဘဲ ၄ ရက်တိတိ ပင်လယ်ထဲ၌ ထွက်ပေါ်လာသည့် မနက်ခင်းနေမင်းကို အတူတူ ကြိုဆိုခဲ့ကြတုန်းကဖြစ်မည်လား။

ချီးပဲ…

ထိုအချိန်ကို ပြန်တွေးမိရုံဖြင့်ပင် ဆဲသံက အလိုလိုထွက်လာတော့သည်။

ဆောယောင်းသည်လည်း လူသားတစ်ယောက်ပင်ဖြစ်သဖြင့် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ လက်လျှော့လိုသည့်စိတ်များ ပေါ်လာတတ်သော်လည်း ထိုစိတ်ကို ပြန်လည်ဖိနှိပ်ကာ ထမင်းနှင့်အတူ လည်ချောင်းထဲသို့ မျိုချပစ်ခဲ့၏။

တောင့်ခံနိုင်ပါတယ်ဟု ယုံကြည်ချက်အပြည့်နှင့် ကြွေးကြော်ခဲ့သော်လည်း၊ တကယ်တမ်းတွင် သတိလွတ်သွားရန် လက်တစ်လုံးအလိုသာ။ ထိုသို့ဖြစ်သည့် အချိန်တိုင်း သွားကို ကြိတ်ကာ တောင့်ခံနိုင်ခဲ့သည်မှာ ဂင်ဟျွန်းအထိ သွားစဉ်းစားနေရန် မလိုဘဲ၊ လူကို နှိပ်စက်ပြီး သာယာရသည်ကို ဝါသနာပါသူလို လူကို လူးလှိမ့်ခိုင်းပြီး သဘောကျနေတတ်သည့် အီဝူရှင်းအပေါ် မရှုံးနိမ့်လိုသော စိတ်၊ မာနနှင့် ဇွဲ ထိုအရာများကြောင့်သာ ဖြစ်ပေသည်။

ယခုဆိုလျှင် ဆောယောင်းတစ်ယောက် နေ့စဉ် မနက်တိုင်း ၅ ကီလိုမီတာ ပြေးရသည်။ အီဝူရှင်း၏ ညွှန်ကြားချက်ကြောင့် အချို့ရက်များတွင် ၄ ကီလိုဂရမ်လေးသည့် အလေးမခါးပတ်ကို ပတ်ကာ နေရသည့် အခါမျိုးလည်းရှိ၏။

ထိုလူက ရေကူးကန် ကြမ်းပြင်သို့ အကြွေစေ့များနှင့် ဝက်အူခေါင်းများကို ပစ်ချကာ၊ အချိန်မရွေး ခရာမှုတ်တတ်သေးသည်။ ထိုအခါ အဖွဲ့ဝင်များခမျာ ရေကူးမျက်မှန် မပါဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ရေကူးကန် ကြမ်းပြင်အထိ ငုပ်လျှိုးကာ သူပစ်ချထားသည့် ပစ္စည်းများကို ကောက်ယူလာပေးရ၏။

အော့အန်ခြင်းနှင့် မူးဝေခြင်းတို့မှာ နိစ္စဒူဝကိစ္စများပင်။ ဘေးနားမှ ရဲဘော်ရဲဘက်က အန်နေရင်းနှင့်ပင် ဆက်ပြေးရရှာသည်။ စိတ်ရူးပေါက်လုမတတ် မနားတမ်း ဖိအားပေးသည့် အချိန်ဇယားပင်။

လူစုခွဲပြေးပြီး ပြန်လာလျှင် ခြေထောက်များက အင်မတန်ဖူးရောင်နေသဖြင့် ဖိနပ်က ချွတ်မရတော့ပေ။ စစ်ဖိနပ်ကြိုးများကို အဆုံးအထိ ဖြေလျှော့ပြီးမှသာ ခဲရာခဲဆစ် ချွတ်နိုင်တော့၏။

ခြေဖနောင့်၊ ဒူးဆစ်အတွင်းဘက်၊ ပေါင်ကြား၊ မည်သည့်နေရာမှ ကောင်းကောင်းမွန်မွန် မရှိတော့။ ထို့ကြောင့် အားလုံးက တလှုပ်လှုပ်နှင့် တွားသွားကြရသည်။

မခံစားနိုင်တော့သည့်အဆုံး ဆေးခန်းသို့ သွားလျှင် ဆေးမှူးက ဂွမ်းဖတ်ကြီးကြီးကို ရဲရဲနီသော ဆေးရည်များ စိုရွှဲနေအောင် ဆွတ်ကာ ခန္ဓာကိုယ်ပေါ်သို့ ပွတ်တိုက်ရုံသာ လုပ်ပေး၏။

“အင့်……”

ဆောယောင်း နှုတ်ခမ်းကို တင်းတင်းစေ့ရင်း စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို အံတုနေစဉ် ဘေးခုတင်တွင် ဟင်းခနဲ အသံကုန်ဟစ်ကာ ငိုကြွေးနေသည့် ရှက်စရာအဖွဲ့ဝင်များလည်း တစ်ခါတစ်ရံ ရှိတတ်၏။

“ခေါင်မိုးပေါ်သွားပြီး အခြောက်လှန်းလိုက်။”

ဆေးမှူးက ပတ်တီးပင် စည်းမပေးဘဲ နေရောင်အောက်တွင် ကိုယ်ကို သွားရောက် အခြောက်လှန်းခိုင်းရုံသာ လုပ်လေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment