no

Font
Theme

အပိုင်း ၅၅

နည်းပြနှင့် သူ့ကို တစ်လှည့်စီ ကြည့်နေကြသော မျက်နှာများက ဆီးလမ်းကြောင်းပိတ်ပြီး အိမ်သာမသွားရသည့် လူများကဲ့သို့ ဂနာမငြိမ် ဖြစ်နေကြသည်။

နည်းပြ အီဝူရှင်း အိပ်ငိုက်နေရင်လည်း ကျေးဇူးပြုပြီး ဒီအတိုင်း လွှတ်ထားပေးလိုက်ပါလား...ငါတို့ကို ဆက်ပြီး နှိပ်စက်နေအောင်ပဲ ထားလိုက်ပါတော့...မလိုအပ်ဘဲ မေးခွန်းတွေမေးပြီး အာရုံကိုမဆွဲစမ်းပါနဲ့ ဒီအရိပ်သုံးပါး နားမလည်တဲ့ဟာရဲ့..

ထိုကဲ့သို့သော ခံစားချက်များ ပါဝင်နေသည့် အကြည့်များက ဆောယောင်းကို အငြိုးတကြီး စိုက်ကြည့်နေကြ၏။

“တော်တော့။”

သို့သော် တုံ့ပြန်လာသူက ဆောယောင်း မဟုတ်ပေ။ အီဝူရှင်းက လက်ကောက်ဝတ်ဖြင့် နားထင်ကို ခပ်ပြင်းပြင်း ဖိနှိပ်ရင်း တီးတိုးရေရွတ်ခဲ့သည်။ သူက နက်ခ်တိုင်မပါသည့် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသော်လည်း လည်ပင်းက မွန်းကျပ်နေသည့်အလား သူ့ရင်ဘတ်အင်္ကျီစကို တစ်ချက်ဆွဲလိုက်၏။

“ကိုယ်နေဟန်ထား မတ်မတ်ထိုင်စမ်း။”

အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်နေပုံရသော ထိုအရှိန်အဝါကြောင့် ဆောယောင်းကို ဖမ်းချုပ်ထားသောလူပါ ကိုယ်နေဟန်ထားကို ချက်ချင်း ပြင်မိသွားသည်။ အီဝူရှင်းက ရုတ်တရက် ကြွက်သားများ တောင့်တင်းနေသည့်အလား လည်ပင်းကို နှိပ်နယ်ရင်း ခပ်ရေးရေးပြုံးလိုက်၏။

“နေသာထိုင်သာရှိနေတဲ့ မျက်နှာတွေကို ကြည့်ရတာ နည်းပြရဲ့ စိတ်ထဲမှာ သိပ်မကောင်းဘူး။ ပြန်လည်ကုစားရေး ရက်သတ္တပတ်အတွင်း မင်းတို့က သက်သောင့်သက်သာရှိလွန်းနေတာပဲ။ စစ်ဖိနပ်တွေ ချွတ်ထားတယ်ဆိုပြီးတော့ ထိုင်ပြီး စာသင်တာ နားထောင်လိုက်၊ စလိုက်နောက်လိုက်။”

“……”

“ကိုယ့်တွဲဘက်နဲ့ လက်ဆော့လိုက်၊ အဓိပ္ပာယ်မရှိတာတွေ ကြံစည်လိုက်နဲ့။”

ငါတို့ကလား……ဘယ်တုန်းကလဲ……

အဖွဲ့ဝင်များက ကြောင်အမ်းအမ်းဖြစ်သွားကြသော်လည်း စိုးရိမ်စိတ်များ ဝင်ရောက်လာသော မျက်နှာများတွင် စစ်စည်းကမ်းက အလိုအလျောက် စွဲမြဲသွားတော့သည်။

“တကယ်ပဲ ဘာတွေလုပ်ထားလို့ နည်းပြငြိုးတာကို ခံနေရတာလဲ။”

~~~~

လေ့ကျင့်ရေး ၇ ပတ်မြောက်။

အားလုံး မျှော်လင့်တကြီး စောင့်စားနေသည့် 'ငရဲရက်သတ္တပတ်' စတင်ချေပြီ။

ရေငုပ်ရာတွင် ကျရှုံးခြင်း၊ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း၊ ပင်ပန်းနွမ်းနယ်မှုကြောင့် အရိုးအက်ခြင်း၊ အတွင်းအင်္ဂါရောဂါများ၊ ဒဏ်ရာရခြင်း၊ ထိတ်လန့်​ချောက်ချားခြင်း…အားလုံးက ထုတ်ပယ်ခံရမည့် အကြောင်းရင်းများပင်။ လေ့ကျင့်ရေး အလယ်သို့အရောက်တွင် လဲကျသွားသူ၊ သတိလစ်သွားသူ အားလုံးက ထုတ်ပယ်ခံရမည့် စာရင်းဝင်များ ဖြစ်ပေသည်။

ထိုမျှ ရိုးရှင်းသော်လည်းခက်ခဲလှသော စည်းမျဉ်းများကြားတွင် ဆောယောင်းက အံကြိတ်ကာ ကြံ့ကြံ့ခံနိုင်ခဲ့သည့်တိုင် ယခု ပထမဆုံးအကြိမ်အဖြစ်…….

“.....”

'ချီးပဲ……'

ရုတ်တရက် မျက်လုံးပွင့်လာသော မျက်နှာတွင် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ချက်ချင်းဆိုသလို ဖြတ်ပြေးသွားသည်။

ဘာမှမမှတ်မိတော့ပေ။

ဘယ်အချိန်ကတည်းက ဖြစ်ပျက်ခဲ့သည်ကို လုံးဝ မသိလိုက်။

လေ့ကျင့်ရေး ပြီးဆုံးရန် ကျန်ရှိသော ကာလမှာ ၃ ပတ်မျှသာ။

သို့သော် လေ့ကျင့်ရေးအတွင်း ပထမဆုံးအကြိမ်အဖြစ် သတိလစ်သွားခဲ့ရသည်။

ဝီးးးး….

ရုတ်တရက် ထွက်ပေါ်လာသော အချက်ပေးဥဩသံကြောင့် အိပ်ပျော်နေသော ခန္ဓာကိုယ်က ဆတ်ခနဲနိုးလာခြင်းမှ စတင်ခဲ့၏။

အရာအားလုံး တစ်ပြိုင်နက်တည်း ဖြစ်ပျက်သွားသည်။ အိပ်ဆောင်အတွင်းသို့ မီးခိုးဗုံးများ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး၊ ဦးခေါင်းခွံကို တုန်ခါသွားစေသည့် ကျည်ဆံလွတ် သေနတ်ပစ်ခတ်သံများကြောင့် အတွင်းပိုင်းက ခဏချင်းအတွင်း ငရဲခန်းပမာဖြစ်သွား၏။

ညတိုင်း အလစ်အငိုက် တိုက်ခိုက်ခံရခြင်းကို အတော်အတန် ရင်းနှီးနေပြီ ဖြစ်သော်လည်း ယနေ့မူ ဘာကမှန်းမသိ ထူးခြားနေသည်။ အလိုလိုသိစိတ်ဖြင့် စစ်ဖိနပ်ကို အရင်ရှာစီးနေစဉ် ခေါင်းပေါ်သို့ မီးသတ်ပိုက်မှ ရေများက ပြင်းထန်သော အရှိန်ဖြင့် ကျရောက်လာ၏။

“အီးး……”

အမြောက်နှင့်ပစ်သလို ပြင်းထန်လှသော ရေဖိအားကြောင့် ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ လွင့်ကျသွားသည်။ တဟွတ်ဟွတ်နှင့်…နှာခေါင်းမှတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲသို့ မှားဝင်သွားသော ရေများကြောင့် နာကျင်မှုက ဦးနှောက်အထိ တက်သွားတော့၏။ ခဏချင်းအတွင်း တစ်ကိုယ်လုံး စိုရွှဲသွားကာ အေးစက်လှသော အပူချိန်ကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။

ပြန်လည်ကုစားရေး ရက်သတ္တပတ်ကတော့ ကုန်ဆုံးသွားပြီပေါ့…….

ဆောယောင်း အံကိုတင်းတင်းကြိတ်ကာ စစ်ဖိနပ်ကြိုးကို အသည်းအသန် ချည်နှောင်လိုက်သည်။

ထိုသို့ဖြင့် အိပ်ချင်မူးတူး ဖြစ်နေသော အဖွဲ့ဝင်များလည်း နည်းပြများ၏ အော်ဟစ်ငေါက်ငမ်းသံများအောက်တွင် အလုအယက် အပြင်သို့ ပြေးထွက်ကုန်ကြ၏။ ထိုအချိန်အထိ တရစပ်ပစ်လွှတ်နေသော မီးသတ်ပိုက်မှ ရေများက တစ်ကိုယ်လုံးကို ထုနှက်နေဆဲပင်။

လှုပ်ရှားနေသော ဆောယောင်းတစ်ယောက် ပြင်းထန်သော ရေဖိအားကြောင့် နံရံနှင့် ဝင်တိုက်မိသည်များ ရှိသော်လည်း၊ မီးခိုးဗုံးများကြောင့် အမြင်အာရုံက သဲသဲကွဲကွဲ မရှိပေ။

ဆောယောင်းက စမ်းတဝါးဝါးနှင့် ဖမ်းမိလိုက်သော ရဲဘော်ရဲဘက် အဖွဲ့ဝင်တစ်ဦးကို အကာအကွယ်အဖြစ် အသုံးပြုကာ စင်္ကြံလမ်းမှ အမြန်ဆုံး ထွက်ခွာခဲ့သည်။

“အားလုံး ရေထဲဆင်း….”

အပြင်သို့ရောက်တော့ ကြိုတင်ပြင်ဆင်ထားသော နည်းပြများက နားထဲသို့ အော်ဟစ်အမိန့်ပေးတော့သည်။ ဆောယောင်းက ကျရောက်လာမည့် နာကျင်မှုကို ကြိုတင်ခန့်မှန်းထားရင်းမှ လှိုင်းများ ရိုက်ခတ်နေသောနေရာတွင် တင်ပါးချကာ ထိုင်လိုက်၏။

ထိုသို့ဖြင့် ရေအေးဒဏ်ကို ကြံ့ကြံ့ခံခြင်း စတင်ခဲ့သည်။

မှန်မှန်လှုပ်ခတ်နေသော လှိုင်းလုံးများကြောင့် ခန္ဓာကိုယ်က ယိုင်နဲ့သွားကာ ပါးစပ်နှင့် နှာခေါင်းထဲသို့ ပင်လယ်ရေများ တရစပ် ဝင်ရောက်လာ၏။ အဖွဲ့ဝင်များက နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသော်လည်း အချင်းချင်း လက်ချိတ်ကာ ထိုင်လျက် ခြေထောက်များကို ၄၅ ဒီဂရီခန့် ​ထောင်ထားကြသည်။

သူတို့ရှေ့တွင် တစ်ယောက်တည်း အေးအေးလူလူ ရှိနေသော အီဝူရှင်းက မျက်တောင်ခတ်ရင်း ပြောလာ၏။

“မင်းတို့ကို အဲ့ဒီမှာ နှစ်ထားတာ ကြည့်ရတော့ အရက်ချက်စက်ရုံနဲ့ တူသားပဲ။”

“……”

“မည်းမှောင်ပြီး ထွက်လာတာက အရက်တော့ မဟုတ်ဘူး၊ ချေးရေတွေပဲ ဖြစ်မှာ။”

သူက ချမ်းလွန်း၍ တုန်ယင်နေသော အဖွဲ့ဝင်များကို အထက်စီးမှ ငုံ့မိုးကြည့်နေ၏။

“နည်းနည်းတော့ နှမြောဖို့ကောင်းပေမဲ့ နည်းပြက အရသာရှိတဲ့အရက် တိုက်ရမလား။”

'အာ…. တစ်ခုခုတော့ မဟုတ်တော့ဘူး….'

ဆောယောင်း အလိုလိုသိစိတ်အရ မျက်နှာပျက်သွားသည်။ ထင်သည့်အတိုင်းပင်၊ အီဝူရှင်းက သူ့အား ကမ်းပေးလာသော အရက်ပုလင်းကို လည်ပင်းမှဆုပ်ကိုင်ကာ အဖွဲ့ဝင်များ၏ ခေါင်းနှင့် မျက်နှာပေါ်သို့ ရုတ်တရက် လောင်းချလေတော့၏။ တည်ငြိမ်သော မျက်နှာထားဖြင့် လက်နှစ်ဖက်တွင် ကိုင်ထားသော အရက်များကို တစ်လှည့်စီ သွန်ချနေသည်။

“....”

ထိုလူက အဖွဲ့ဝင်များကြားတွင် လျှောက်လှမ်းရင်း အရက်များကို အနှံ့အပြား ဖျန်းပက်ခဲ့၏။ ဆောယောင်းအလှည့်သို့ရောက်တော့ သူ၏လက်များက တုံ့ခနဲ ရပ်သွားသည်။ အတိအကျ ပြောရလျှင် ဆောယောင်း၏ ခေါင်းပေါ်တွင် ပုလင်းကို စောင်းလိုက်ရာမှ ရပ်တန့်သွားခြင်းပင်။

ကျရောက်လာမည့် အရှက်ခွဲမှုကို ခန့်မှန်းပြီး မျက်လုံးကို တင်းတင်းမှိတ်ထားခဲ့သော ဆောယောင်းလည်း တဒင်္ဂ တိတ်ဆိတ်သွားမှုကြောင့် မျက်လုံးတစ်ဖက်ကို အသာလေး ဖွင့်ကြည့်လိုက်မိ၏။

“……”

“……”

မည်သည့်ခံစားချက်မှမရှိဘဲ ပုလင်းအလွတ်ကို ခါနေသော ထိုလူက မျက်လုံးအစုံကိုသာ နှိမ့်ချကာ ဆောယောင်းကို စိုက်ကြည့်နေသည်။ ထိုအကြည့်များက ဘာကြောင့်မှန်းမသိ နက်ရှိုင်းကာ စေးကပ်လှသဖြင့် ဆောယောင်းလည်း ဆတ်ခနဲတုန်သွားရ၏။ ချမ်း၍ မဟုတ်ပေ။

မကြာမီ အီဝူရှင်းက ပုလင်းအလွတ်ကို မြေကြီးပေါ်သို့ ပစ်ချကာ အသင့်စောင့်နေသော နည်းပြကို လက်ယပ်ခေါ်လိုက်သည်။ အရက်ပုလင်းအသစ်ကို ကမ်းပေးသည့်တိုင်အောင် သူ၏အကြည့်က ဆောယောင်းထံမှ လုံးဝ မခွာခဲ့ပေ။

“အဖွဲ့ဝင် ဟန်ဆောယောင်း၊ သိလား။”

သန်းခေါင်ယံ မိုးတိမ်များကြောင့် ဖုံးကွယ်နေသော သူ၏မျက်လုံးများက ပုံမှန်ထက် ပို၍မှောင်မိုက်နေသလိုပင်။ ထိုလူက ပုလင်းကို ဖြည်းဖြည်းချင်း ဖွင့်ရင်း ပြောလာ၏။

“စစ်မြေပြင်မှာ ကွပ်ကဲနေတဲ့အခါ ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ပေါ်လာတတ်တယ်။ အဲ့ဒီအခါမှာ စစ်သေနာပတိက အဲ့ဒါကို ဖယ်ရှားပစ်မလား၊ ဒါမှမဟုတ် ထိန်းချုပ်မလားဆိုတာကို အမြန်ဆုံး ဆုံးဖြတ်ရတာပဲ။”

အီဝူရှင်းက အရက်ပုလင်းကို ဖြည်းဖြည်းချင်း စောင်းလိုက်သည်။

“အရင်တုန်းကတော့ မျက်စိရှေ့က အပြောင်းအလဲတွေကို ဖယ်ရှားဖို့ပဲ အာရုံစိုက်ခဲ့တာ…… ဒါပေမဲ့ အခုတော့ စိတ်ပြောင်းသွားပြီ။”

“အစ်……”

ချမ်းလွန်း၍ သေတော့မည့်အထဲတွင် ခေါင်းပေါ်သို့ ပြင်းရှလှသော အရက်များက ဝေါခနဲစီးကျလာသည်။

“....အဖွဲ့ဝင် ဟန်ဆောယောင်း ပြောသလို……က်ျားကို ငါ ရှာပေးမယ်….”

'အစ်…… ဘာပြောလိုက်တာလဲ’'

မိမိကို ပြောနေခြင်းဖြစ်သည်မှာ သေချာသော်လည်း၊ အသားပေါ်သို့ ပူလောင်စွာ ပျံ့နှံ့သွားသော အရက်နံ့ကြောင့် သူ၏စကားကို တစ်ချက်လွတ်သွားခဲ့ရသည်။

ကျောဘက်တွင် လှိုင်းလုံးများ ရိုက်ခတ်နေပြီး၊ အရှေ့တွင်မူ အဝါရောင်အရက်များက ခေါင်းမှတစ်ဆင့် မေးစေ့အထိ စီးကျနေသဖြင့် မျက်လုံးပင် ဖွင့်၍မရတော့။

အရပ်မျက်နှာ အနှံ့အပြားမှ အအေးဓာတ်ကို အပ်များဖြင့် ထိုးနေသည့်အလား ခံစားနေရသည်။ သောက်ကျိုးနည်း၊ ယုတ်မာလိုက်တာ၊ ယုတ်မာချက်။ ဆောယောင်းက အံကိုတင်းတင်းကြိတ်ကာ ယိုင်နဲ့နေပြီဖြစ်သော စိတ်ဓာတ်ကို ပြန်လည် စုစည်းလိုက်၏။

“ဒါကြောင့် ဒီတစ်ခေါက် ငရဲရက်သတ္တပတ်ကို ကောင်းကောင်း ကြံ့ကြံ့ခံကြည့်ရအောင်။”

ယင်းကမှ ငရဲပင်။

သူတစ်ပါး၏ နယ်မြေသို့ အတင်းအဓမ္မ စေလွှတ်ခံရသော ကြေးစားစစ်သားများအဖို့ ရန်သူ့နယ်မြေက ငရဲသာ။ ထို့ကြောင့် လူသားတို့၏ အခြေခံလိုအပ်ချက်များဖြစ်သော အစားအစာ၊ အိပ်စက်ခြင်း၊ အညစ်အကြေး စွန့်ခြင်းတို့ကိုပင် အာမခံချက် မရှိသည့် အခြေအနေများစွာရှိ၏။ ထိုအခြေအနေကို အရှိအတိုင်း ပြန်လည်ဖန်တီးထားသော လေ့ကျင့်ခန်းပင်။

၇ ရက်တိုင်တိုင် အိပ်စက်ခွင့်မရှိ၊ အဝတ်အစား လဲခွင့်မရှိ၊ ထို့အပြင် ထမင်းကို လက်ဖြင့် စားရပြီး အညစ်အကြေးစွန့်ခြင်းကိုလည်း ကိုယ့်ဘာသာ ဖြေရှင်းရသည်။

တစ်ခါဝတ်ဆင်ထားသော လေ့ကျင့်ရေးဝတ်စုံနှင့် စစ်ဖိနပ်ကို လုံးဝ မချွတ်ရသော ရက်သတ္တပတ်။ ခက်ခဲကြမ်းတမ်းသည့် လေ့ကျင့်ရေး ဖြစ်သော်လည်း၊ ခက်ခဲကြမ်းတမ်းသလောက် ငရဲရက်သတ္တပတ်က လိုက်လျောညီထွေရှိမှုကို အကဲဖြတ်သည့် အလွန်အရေးကြီးသောအပိုင်းပင်။

ပတ်ဝန်းကျင်က ခဏချင်းအတွင်း ချဉ်စူးစူးအနံ့များဖြင့် ပြည့်နှက်သွားသည်။ အသက်ရှူရုံနှင့်ပင် မူးရိပ်ရိပ်ဖြစ်လာရသည်က မိမိတစ်ယောက်တည်း ဟုတ်ပုံမရဘဲ၊ အီဝူရှင်းကလည်း နှာခေါင်းရှုံ့ကာ အရက်မူးနေသည့်အလား အောက်နှုတ်ခမ်းကို လျှာဖြင့်သပ်ခဲ့၏။ ဆောယောင်းက အံကိုကြိတ်ကာ လေ့ကျင့်ရေး ပြီးဆုံးရန် ကျန်ရှိသော ရက်များကို စတင်ရေတွက်တော့သည်။

ဂင်ဟျွန်း၊ အချစ်ရေ၊ ဒီယုတ်မာတဲ့ကောင်ရဲ့။ ငါက နင့်တစ်ယောက်ကို ဖမ်းဖို့အတွက် ဒီလို ဒုက္ခတွေကို ကြံ့ကြံ့ခံနေရတာ။

ဆောယောင်း ခေါင်းကို ဘယ်ညာခါယမ်းရင်း စိုစွတ်နေသော မျက်တောင်များကို ခတ်လိုက်သည်။ ထိုသို့ အနာဂတ်ကို တွေးတောရင်း မေးရိုးများ တဆတ်ဆတ် တုန်ယင်နေစဉ်၊ နည်းပြများက IBS ဟုခေါ်သော ရာဘာလှေအကြီးစားများကို ရေထဲသို့ ချလိုက်ကြ၏။

ထိုစဉ် အီဝူရှင်းက မိုးကြိုးပစ်သလို စကားတစ်ခွန်း ပြောလာသည်။

“အခုကစပြီးတော့ အဖွဲ့တွေခွဲပြီး ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု ရမှတ်တွေကို တွက်တော့မှာ။ ငရဲရက်သတ္တပတ် ပြီးဆုံးချိန်မှာ နောက်ဆုံးကနေ အဆင့်အနိမ့်ဆုံး အဖွဲ့က လူအားလုံးကို ထုတ်ပယ်မယ်။”

မိမိဘာသာ ကြံ့ကြံ့ခံရုံသာ လိုအပ်ခဲ့သည့် ယခင်လေ့ကျင့်ရေးများနှင့် လုံးဝ ကွဲပြားသွာပေပြီ။ အုပ်စုဖွဲ့လှုပ်ရှားခြင်းနှင့် အဖွဲ့အစည်းဖြင့် နေထိုင်ခြင်းကို မွေးရာပါ အလွန်အမင်း မုန်းတီးသော ဆောယောင်းတစ်ယောက် စိတ်ထဲမှ စုတ်သပ်လိုက်မိ၏။

ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ရင်း အဖွဲ့ဝင်များ၏ နာမည်များအား တစ်ဦးချင်း ခေါ်ယူနေသည့် အချိန်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။

နောက်ဆုံးတွင် သူ့နာမည်ကို ခေါ်လာ၏။

“ချီးပဲ……”

သူ့ကိုမြင်သည်နှင့် ဆဲရေးတိုင်းထွာခဲ့သူက ချိုကြွတတ်သည့် စားကြွင်းစားကျန်ကောင် ဆောင်းဝုချန်းဖြစ်ပြီး၊ သူ့အပြင် စိတ်ဓာတ်က ခိုင်မာလှသော ချီးထွက်ကောင် ဒုံဂျီဝူး၊ ကြေးစားစစ်သားထက် လူနာပြုစုရမည့်သူနှင့် ပိုတူသော စကားထစ်နေသူ၊ ပြီးလျှင် ဟိုဟိုဒီဒီ ကြားဖူးနားဝ များသဖြင့် ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေသော လူပါးဝသည့်ကောင်တို့က ငရဲရက်သတ္တပတ်အတွင်း ရာဘာလှေကို အတူတူထမ်းပြီး လှုပ်ရှားရမည့် အဖွဲ့ဝင်များပင်။

ဆောယောင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

'ဒီလူစုနဲ့ဆိုရင်…… အကုန်သွားပြီ မဟုတ်ဘူးလား။’

သို့သော် အဖွဲ့ဝင်များ၏ မျက်လုံးများထဲတွင် အတိုင်းသားမြင်နေရသော မျှော်လင့်ချက်ကင်းမဲ့မှုနှင့် အားလျော့မှုအားလုံးက ဆောယောင်းထံသို့သာ စုပြုံကျရောက်လာ၏။

‘ဧကန္တ ငါက ဒီမှာ 'အသုံးမကျဆုံး' အဖွဲ့ဝင် ဖြစ်နေတာလား။’

ထိုအခါမှသာ ဤအားနည်းသော အဖွဲ့ထဲတွင်ပင် အားအနည်းဆုံးသူက မိမိကိုယ်တိုင် ဖြစ်နေကြောင်း သတိပြုမိသွားရသည်။ သူများကို အပြစ်တင်နေရမည့် အခြေအနေမဟုတ်တော့ပေ။

ပီ….

ဝီစီသံ ထွက်လာသည်နှင့် သူတို့လည်း ပါးစပ်ကိုပိတ်ကာ IBS ကို ခေါင်းပေါ်တင်ပြီး ပင်လယ်ထဲသို့ ဆင်းခဲ့ကြသည်။

ပင်လယ်ရေများက ရင်ဘတ်အောက်အထိ ပြင်းထန်စွာ ရိုက်ခတ်လာကာ၊ ကျောက်တုံးကြီးဖြင့် ဖိထားသည့်အလား လေးလံသောအလေးချိန်က ခေါင်းပေါ်သို့ ဖိနှိပ်လာတော့၏။

ထို့အပြင် ပျမ်းမျှအရပ် ၁၈၀ စင်တီမီတာအထက်ရှိသော ရဲဘော်ရဲဘက်များကြားတွင် ဆောယောင်းက တစ်ဦးတည်း နိမ့်ဆင်းနေသဖြင့်၊ သူ့ခမျာ ရာဘာလှေကို လက်နှစ်ဖက်ဖြင့် အသည်းအသန် ပင့်မထားရသည်။

လက်ကောက်ဝတ်က ခဏချင်းအတွင်း ထုံကျဉ်လာသော်လည်း လေ့ကျင့်ရေးက ယခုမှ စတင်ခြင်းပင်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ငရဲရက်သတ္တပတ်ကို ကြံ့ကြံ့ခံနိုင်လျှင် လေ့ကျင့်ရေး ပြီးဆုံးရန်မှာ မကြာတော့။

အရိုးများ ကြေမွသွားတော့မည့် အခိုက်အတန့်မျိုးတွင်ပင် ဂင်ဟျွန်း၏ ဝိုးတဝါးပုံရိပ်က မျက်စိရှေ့၌ ရစ်ဝဲနေသည်။

သူနှင့်အတူ တကယ့် 'စိမ်ပြေးတမ်း' ကစားပွဲက Blast ကုမ္ပဏီ၏ လေ့ကျင့်ရေးတွင် လမ်းခုလတ်၌ သတိလစ်သွားခြင်း လက်လျှော့ခြင်းမရှိဘဲ ပြီးပြည့်စုံအောင် အဆုံးသတ်နိုင်မှသာ စတင်နိုင်မည့်ဇာတ်လမ်းပင်။

“ချီးပဲ…ငါသာ ထွက်သွားရင် အဲ့ဒီ ထမင်းချက်မကြောင့်လို့သာ မှတ်လိုက်။ ငါက ဘာလို့ မိန်းမတစ်ယောက်နဲ့ တစ်ဖွဲ့တည်းကျပြီး အနစ်နာခံရတာလဲ….ဒါက အဖွဲ့ခွဲတာ မဟုတ်ဘူး၊ ပြစ်ဒဏ်ပေးတာပဲ၊ ချီး၊ ဒီလို အသုံးမကျတဲ့ လူတွေနဲ့ ဘာလုပ်ရမှာလဲ…”

ထိုသို့သော အခြေအနေမျိုးတွင်ပင် ဆောင်းဝုချန်းက မကျေမနပ် ညည်းညူရင်း ရန်စကားများကို ဆက်တိုက် ပြောနေ၏။

ဒါနဲ့ ခုနက နည်းပြ အီဝူရှင်း ဘာပြောလိုက်တာပါလိမ့်။

ဆောယောင်း မှတ်မိသလိုလိုနှင့် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခုကို…… ရှာပေးမယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား။

အတွင်းရော အပြင်ပါ အတွေးများ ရှုပ်ထွေးနေသော ဆောယောင်းတစ်ယောက် အမှတ်တမဲ့ လွှတ်ခနဲပြောလိုက်မိသည့် ထိုအချိန်တွင်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment