အပိုင်း ၅၇
ဒုံဂျီဝူးတစ်ယောက် သွေးခုန်နှုန်း တဒိန်းဒိန်းဖြစ်နေသော်လည်း အတော်ပင် တည်ငြိမ်သော မျက်နှာထားအဖြစ် ဟန်ဆောင်နိုင်ခဲ့သည်။
တော်သေး၍ ဟန်ဆောယောင်းက ခေါင်းငိုက်စိုက်ချထားသဖြင့် ခေတ္တ အားပြတ်ကာ အသက်ပြင်းပြင်းရှူနေသူလိုပုံသာပေါက်နေ၏။
ဆောယောင်းက တစ်ခါတစ်ရံတွင် အလွန်ပင် ဇွဲနပဲကြီးလွန်းသော်လည်း ဒုံဂျီဝူးက ထိုခံစားချက်ကို အပြည့်အဝ နားလည်ပေးနိုင်သည်။ ကျိန်စာသင့်သလို ငရဲရက်သတ္တပတ်ကို သေလုမတတ် တောင့်ခံလာခဲ့ပြီးမှ ပြီးဆုံးရန် နှစ်နာရီအလိုတွင် အမှားရှာ အဖမ်းခံရမည်ကိုမူ အဖြစ်မခံနိုင်ပေ။
‘နည်းပြကြီး၊ ကျေးဇူးပြုပြီး ဒီအတိုင်းပဲ ကျော်သွားပေးပါတော့……’
ဒုံဂျီဝူး တံတွေးကို ဂလုခနဲ မျိုချလိုက်သော်လည်း စစ်ဖိနပ်ဦးကမူ အညှာအတာမဲ့စွာ နီးနီးလေးတွင် ရပ်တန့်သွားလေသည်။
“……”
အမှတ်တမဲ့ ခေါင်းမော့ကြည့်လိုက်ရာ ခပ်စောင်းစောင်းရပ်နေသော အီဝူရှင်းက ထူးဆန်းသော မျက်နှာထားဖြင့် ဆောယောင်းကို ငုံ့ကြည့်နေ၏။
ကျဉ်းမြောင်းသွားသော သူ၏မျက်ဝန်းများက ဆောယောင်း၏ လှည့်ကွက်ကို ကြိုတင်ရိပ်မိနေသလိုရှိသော်လည်း မျက်နှာထားကမူ အစအဆုံး ပရော်ဖက်ရှင်နယ်ဆန်ကာ တင်းမာနေသည်။
ညဦးလေကို တည့်တည့်ခံယူကာ ရပ်နေသော ထိုလူက ဂျုံနယ်ထားသလို တောင့်တင်းနေသည့် ဆောယောင်း၏ ဆံပင်များ၊ ညစ်ပတ်ပေရေနေသော နဖူးပြင်၊ ရွှံ့နွံနှင့် ပင်လယ်ရေထဲ တစ်လှည့်စီ ဝင်ခဲ့ရသဖြင့် ကြမ်းတမ်းနေသော လေ့ကျင့်ရေးဝတ်စုံမှသည် ရွှံ့များ မုန့်နှစ်လို ကပ်ငြိနေသဖြင့် ပုံသဏ္ဌာန်ပင် ခွဲမရတော့သော စစ်ဖိနပ်အထိ ဗြောင်ကျကျပင် အကဲခတ်နေခဲ့သည်။
ထိုသို့ကြည့်လေလေ၊ သူ၏ ပြေပြစ်သော နဖူးပြင်ထက်မှ ကျုံ့ရာတို့က ပို၍နက်ရှိုင်းလာလေဖြစ်ကာ မကြာမီ ဆောယောင်း၏လက် အမှတ်တမဲ့ ထောက်ထားသည့် မြေပြင်ပေါ်အထိ စူးစိုက်သောအကြည့်တို့ ရောက်ရှိသွားတော့၏။
အီဝူရှင်း၏ မျက်နှာထား ရုတ်ခြည်းပြောင်းလဲသွားသည်က ထိုအချိန်မှာပင်။
ဘာကိုမှစိတ်မဝင်စားသလိုမျက်နှာတွင် ထင်ရှားသော အက်ကြောင်းတစ်ခု ပေါ်လာသောကြောင့် စပ်စုချင်စိတ်ဖြစ်လာသော ဒုံဂျီဝူးပါ အောက်သို့ လိုက်ကြည့်မိ၏။
ဆောယောင်းက သတိမလစ်ခင်အထိ တစ်စုံတစ်ရာကို အတင်းဖျစ်ညှစ်ရေးခြစ်ကာ တောင့်ခံခဲ့သည်ကို သိပြီးသားဖြစ်၍ သူက မျက်မှောင်ကြုတ်လျက် မှေးမှိန်နေသော စာလုံးများကိုဖတ်ရန် ကြိုးစားလိုက်သည်။
ဂင်… ဂင်… ဘာပါလိမ့်။ ဂင်ဟီးလား။ ဂင်ဟောလား။
ထိုအခိုက်အတန့်တွင် နည်းပြ၏ ထူးဆန်းသော မျက်နှာထားကို မြင်လိုက်ရခြင်းမှာ သူ၏အဖို့ တကယ့်တိုက်ဆိုင်မှုပင်။
အီဝူရှင်းက စကားဖြင့် ဖော်ပြရန် ခက်ခဲသော မျက်နှာထားမျိုး ဖြစ်နေသည်။ လက်သည်းဖြင့် သူ့ပါးသူ ခြစ်နေမိရာမှလည်း သည်းမခံနိုင်တော့သည့်အလား လက်သီးကို တင်းတင်းဆုပ်လိုက်ပြန်၏။
“……ချီးပဲ၊ တကယ် ဇွဲကြီးချက်ကတော့။ ဘယ်ကနေ ဒီလိုဟာမျိုး ပေါ်လာပြီး လူကို ရူးအောင်လုပ်နေတာလဲ……”
မည်သူကြည့်ကြည့် စုတ်ပြတ်နေသော ဆောယောင်း၏ပုံစံကိုကြည့်ကာ နည်းပြက မေးရိုးကို တင်းတင်းစေ့ထားသော်လည်း သူ၏မျက်လုံးများကမူ ထိုပုံစံထဲသို့ မရှုမလှ စီးမျောပါဝင်သွားမတတ်ဖြစ်နေ၏။
သူက ရိုင်းစိုင်းစွာ ဆဲဆိုလိုက်သည့်တိုင် မြေပြင်ကိုကြည့်နေသည့် မျက်နှာတစ်ခြမ်းက ချိုမြိန်စွာ နူးညံ့ပျော့ပျောင်းသွားသည်။
ဒုံဂျီဝူးက ယားကျိကျိဖြစ်နေသော လည်ပင်းကိုကုတ်ရင်း သိသလိုလို မသိသလိုလို မျက်နှာထားဖြစ်သွား၏။
ဒီအတိုင်း အညစ်အကြေးတုံးတစ်တုံးနှင့်မခြားသည့် ဟန်ဆောယောင်းထံတွင် ကြည့်စရာ ဘာတွေများ ထိုမျှအထိ များနေ၍လဲမသိ၊ နည်းပြက အကြည့်မခွာနိုင်ဘဲ ရှိနေခဲ့သည်။
ထိုစဉ် အနက်ကို မခန့်မှန်းနိုင်သော မျက်ဝန်းအိမ်ထဲ၌ မှေးမှိန်သော သနားကရုဏာရိပ်တစ်ခု ဖြတ်ခနဲပေါ်လာပြီး ပျောက်ကွယ်သွား၏။
‘ဘာ……လဲ။’
ဒုံဂျီဝူးတစ်ယောက် အလိုလို ခေါင်းကို ဝှစ်ခနဲ လွှဲလိုက်မိသည်။ မမြင်သင့်သောအရာကို ချောင်းကြည့်မိသလို ခံစားချက်မျိုး ဝင်လာသောကြောင့်ပင်။
မကြာမီ အီဝူရှင်းက အင်္ကျီလက်ကို အသာမပြီး စစ်သုံးအီလက်ထရောနစ်နာရီကို စစ်ဆေးခဲ့သည်။ သူက စုတ်တစ်ချက်သပ်ရင်း ခြေထောက်များ နစ်ဝင်နေသည့် သဲသောင်ပြင်ပေါ်တွင် ခြေလှမ်းအနည်းငယ် ထပ်လှမ်းကာ ဟန်ဆောယောင်းအနားသို့ ချဉ်းကပ်သွား၏။
ဟော… ဟော…
ကြောင်တောင်တောင်ဖြစ်နေသော ဒုံဂျီဝူး ဖင်တကြွကြွဖြစ်နေစဉ်မှာပင်၊ သူက ဟန်ဆောယောင်း ရေးခြစ်ထားသော သဲပြင်ကို စစ်ဖိနပ်အောက်ခြေဖြင့် နှစ်ချက်၊ သုံးချက်မျှ နင်းခြေဖျက်ဆီးပြီးနောက် လှည့်ထွက်သွားလေသည်။
“…….”
တကယ်ပဲ ဘာလုပ်သွားတာပါလိမ့်။
ဇဝေဇဝါဖြစ်သွားသော်လည်း ခဏအကြာတွင် ကျောခိုင်းသွားသော နည်းပြကြောင့် ဒုံဂျီဝူးလည်း မျက်တောင်တဖျပ်ဖျပ်ခတ်ရင်းသာာ ကျန်ရစ်ခဲ့၏။
ပါးကို ခြစ်နေသောဓားကဲ့သို့ အေးစက်သောလေများ ထပ်မံ၍ တိုက်ခတ်မလာတော့သလိုပင်။ လေပြင်းများ တိုက်ခတ်လာရာဘက်တွင် နည်းပြအီဝူရှင်းက မီးပြတိုက်တစ်ခုပမာ မားမားမတ်မတ်ရပ်နေလေသည်။
~~~~
မကြာမီ ဆောယောင်း၏ လက်ချောင်းများ ထပ်မံ၍ လှုပ်ရှားလာ၏။
သတိက ဝေဝါးလျက်။ မျက်ခွံများက လေးလံလွန်းသဖြင့် လုံးဝ မဖွင့်နိုင်ဘဲ ရှိနေစဉ် နဖူးထက်တွင် လေပြေလေး တိုက်ခတ်လာသည်။
ဆောယောင်းက နက်ရှိုင်းစွာ နစ်မြုပ်နေသလို အခြေအနေအတိုင်း ထိုအရာက လက်အထိအတွေ့လား၊ လေညင်းလားဆိုသည်ကို ဝိုးတဝါး ခံစားနေမိ၏။ ကြီးကျယ်လှသော အိပ်မက်တစ်ခုခုကို မက်ခဲ့သလိုပင်….။ ဆောယောင်း အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် နှုတ်ခမ်းကို လှုပ်ရှားကြည့်လိုက်သည်။
“ဂင်ဟျွန်း……”
ထိုအခါ လေတိုက်နေခြင်းက ခေတ္တခဏ ရပ်တန့်သွား၏။ ဆောယောင်းလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသောလေကို ရှာသည့်အလား ခေါင်းကို စောင်းလိုက်မိသည်။ အလိုအလျောက်သိစိတ်နင့် လှုပ်ရှားမှုဖြစ်သလို ခင်ပွန်းဖြစ်သူကိုသာ ပြသတတ်သော ကလေးဆန်သည့် အမူအရာလည်းဖြစ်၏။
ဟျွန်းလေးလား။ ဒီနေ့ ဘာလို့ ဒီလောက် အစောကြီး အလုပ်ဆင်းလာတာပါလိမ့်။
“အိမ်မှာ ထမင်းမရှိတာကို……”
သဘာဝကျကျ ထွက်ပေါ်လာသော ရေရွတ်သံကြောင့် ဆံစလေးများကို သပ်ပေးနေသော လက်က ထပ်မံ၍ ဆတ်ခနဲတွန့်သွားပြန်သည်။
ထိုအခါ ဆောယောင်းလည်း ထူးဆန်းသော စိုးရိမ်စိတ်တို့ ဝင်လာကာ အမြန်ဆုံး မျက်လုံးဖွင့်ချင်လာ၏။ ဘာကြောင့်မှန်းမသိ ယခု ဂင်ဟျွန်း၏မျက်နှာကို မြင်ရတော့မည်ဟု ထင်နေမိသည်။
သို့သော် အဆောက်အအုံအပျက်အစီးများအောက်တွင် ပိနေသလို လုံးဝ လှုပ်ရှား၍မရပေ။ မရမက အားယူကာ မျက်တောင်များ တလှုပ်လှုပ်တုန်ယင်လျက် ဖွင့်ရန်ကြိုးစားနေစဉ်၊ ရုတ်တရက် မျက်ခွံပေါ်သို့ နွေးထွေးနေသော ရေနွေးဝတ်တစ်ခု ရောက်ရှိလာသည်။
အာ….
ရင်ထဲမှ သက်ပြင်းတစ်ချက် ထွက်လာ၏။
တကယ် ငါ့ယောက်ျားပဲ……။
ထိုနွေးထွေးမှုကြောင့် မသိစိတ်ဖြင့် ခန္ဓာကိုယ်မှ အားအင်များ လျှောထွက်သွားတော့သည်။
“တကယ်ပဲ၊ ကျွန်မ တကယ့်ကို ထူးဆန်းတဲ့အိပ်မက် မက်ခဲ့တယ်…. တကယ်၊ တကယ့်ကို မုန်းစရာကောင်းတဲ့ အိပ်မက်……”
“ဘယ်လို အိပ်မက်မျိုးလဲ။”
နွေးထွေးသော အနွေးဓာတ်။ သဘာဝကျကျ ပြန်ဖြေလာသော အသံ။ ရင်းနှီးသော ခံစားချက်ကြောင့် ရုတ်တရက် မျက်ရည်ကျချင်လာသည်။
“ဒီအတိုင်း တစ်ကိုယ်လုံး နာကျင်နေပြီး ရင်ဘတ်ထဲမှာလည်း ဟာတာတာကြီး ဖြစ်နေသလိုပဲ……”
“အတိအကျ ဘယ်နေရာက ဘယ်လိုနာနေတာလဲ၊ ဒီမှာလား။”
ရင်းနှီးသော လက်အစုံက နာကျင်နေသော ခြေလက်များကို ဂရုတစိုက် နှိပ်နယ်ပေးလာသည်။
“အင်း…… ပြီးတော့ ရေအေးနဲ့လည်း အပက်ခံရတယ်၊ အရက်နဲ့လည်း အပက်ခံရတယ်……”
“တကယ်ပဲ အဲ့ဒါမျိုးကို ဘယ်သူက လုပ်တာလဲ။”
“ခွေးမသားက……”
“…….”
“တော်တော့်ကို ကျက်သရေတုံးတဲ့ကောင်က……”
“…….”
“ဒါပေမဲ့ ဘယ်လောက်ပဲရှာရှာ ဟျွန်းလေးက ရှိမနေဘူး။”
ထိုစဉ် တစ်စုံတစ်ဦး ဆုပ်ကိုင်ထားသောလက်က ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာသလိုလည်းဖြစ်ကာ၊ တစ်ဖက်တွင်မူ နာကျင်ရလောက်အောင် အပစ်ပယ်ခံလိုက်ရသလိုလည်း ခံစားရသည်။
တကယ်ပင် အရာအားလုံးက အိပ်မက်လို ဘာမှတိတိကျကျမရှိခဲ့။
ဆောယောင်းတစ်ယောက် အက်ရှရှအသံဖြင့် သူ၏အမည်ကိုသာ စိတ်လွတ်ကိုယ်လွတ် ခေါ်နေရင်း ပြန်လည်အိပ်ပျော်သွားတော့သည်။
“....”
တစ်ခဏချင်းမှာပင် ဆတ်ခနဲပွင့်လာသော မျက်လုံးများက ဆေးပေးခန်း၏ အဖြူရောင်မျက်နှာကြက်ကို ဝေ့ကြည့်နေမိသည်။
ချီး…… မကြာမီမှာပင် မည်းမှောင်သော ထိတ်လန့်မှုနှင့် စိတ်ပျက်မှုတို့က မျက်နှာပေါ်တွင် ချက်ချင်း ဖုံးလွှမ်းသွားတော့၏။ မမှတ်မိတော့ပေ။ ဘယ်အချိန်ကတည်းကလဲဆိုသည်ကို လုံးဝ မမှတ်မိတော့။
ခေါင်းကို အမြန်လှည့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ရာ အမှောင်ထုက ပျောက်ကွယ်သွားကာ နေထွက်နေပေပြီ။
နေပါဦး၊ နေထွက်နေပြီဆိုတော့။
ငါ ဘယ်လောက်တောင် အိပ်လိုက်မိတာလဲ။
ဒုတ်ခနဲ ပြုတ်ကျသွားသော နှလုံးက ပျက်စီးနေသော ဘောလုံးလို တရစပ် တဒုန်းဒုန်းခုန်နေသည်။ မှန်ထဲကြည့်စရာမလိုဘဲ သွေးဆုတ်နေသော မိမိ၏ မျက်နှာကို မျက်စိထဲ မြင်ယောင်နေသလိုပင်။
“အင့်……”
အလိုအလျောက် ထွက်လာသော ညည်းသံကို အောင့်အည်းဖိနှိပ်ရင်း ဆောယောင်း ကိုယ်ကို ထူလိုက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထူလိုက်ရုံမျှဖြင့် စိမ့်ထွက်လာသော ချွေးစေးများကြောင့် တစ်ကိုယ်လုံးက ဆန်မုန့်လိုဖြစ်နေကာ ပုံမှန်မဟုတ်တော့ပေ။
ထိုစဉ် ဒရွတ်…. ဟူသော အသံနှင့်အတူ ဆေးပေးခန်းတံခါး ပွင့်လာသည်။
“မင်း……”
ဆောယောင်းက ဖြူဖျော့နေသော ဒုံဂျီဝူးကို မြင်သည်နှင့် မျက်လုံးကို အားစိုက်ကာ ကြည့်လိုက်သည်။
သူ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံနှင့် သိနိုင်၏။
ငရဲရက်သတ္တပတ်က ပြီးဆုံးသွားပေပြီ။
အညစ်အကြေးနံ့များ လှိုင်လှိုင်ထနေသောပုံစံက အချိန်တိုအတွင်း သန့်ရှင်းသွားကာ ညစ်ပေနေသော အဝတ်အစားများကလည်း သန့်စင်နေသည်။
ထိုပုံစံကို ငေးကြည့်နေရင်း နောက်စေ့အရိုက်ခံလိုက်ရသလို စကားလုံးများ ဆို့နင့်သွား၏။
ဘာလို့ ငါ့မှာ ဘာမှတ်ဉာဏ်မှ မရှိတာလဲ။
ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်ကြောင့် တုန်လှုပ်နေမိသည်။
“ငါ…… အဲ့ဒီနောက်ပိုင်း မထနိုင်လိုက်ဘူးလား။ အဲ့ဒါကြောင့် အမိခံလိုက်ရတာလား။”
မတတ်သာဘဲ အသံများ တုန်ယင်လာသည်။ ကြောက်လန့်မှုနှင့် နီးစပ်သော ခံစားချက်ပင်။
“မိသွားလားလို့ မေးနေတယ်လေ။”
ဆောယောင်းက တစ်ကိုယ်လုံး ခြေမွခံထားရသလို နာကျင်မှုကို တောင့်ခံရင်း ထပ်မံ၍ မေးမြန်းလိုက်သည်။
တစ်ခုခုပြောရန် ပြင်နေသော ဒုံဂျီဝူး ရုတ်တရက် တောင့်တင်းသွားသည်က ထိုအချိန်မှာပင်။ သတိလည်ခါစဖြစ်သည်မှာ သေချာသော မျက်ဝန်းအိမ်မှ မျက်ရည်များ ပေါက်ခနဲ ကျလာ၏။
သူက နှုတ်ခမ်းကိုသာ လှုပ်ရှားနေကာ ဘာမှပြန်မပြောနိုင်ခဲ့။ သို့သော် ရှိုက်သံပင်မပါဘဲ စီးကျလာသော မျက်ရည်များက ရေပိုက်ယိုစိမ့်နေသည့်အလား ဘာအဓိပ္ပာယ်မှရှိပုံမရပေ။
“ဘယ်သူ့ဆီမှာ မိသွားတာလဲ။ နည်းပြအီဝူရှင်းလား။ ဟုတ်လား။”
“……ဟေ့။ ……မင်း အဲ့ဒါ ဘာဖြစ်တာလဲ။”
“ဘာလဲ။”
“ဘာလို့ အဲ့ဒီကနေ မိုးရွာတာလည်းမဟုတ်ဘဲ ရေတွေ ကျနေတာလဲ……”
ဆောယောင်းက အဲ့ဒါ ဘာစကားလဲဟု တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် မျက်ဝန်းတစ်ဝိုက်ကို စမ်းသပ်ကြည့်ပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်သည့်အလား လက်ဖဝါးဖြင့် ရေများကို သုတ်ပစ်ခဲ့၏။ ထိုအချိန်တွင် ဒုံဂျီဝူးက အထင်လွဲမှုကို အမြန်ဆုံး ရှင်းပြပေးခဲ့သည်။
“စိတ်ချလက်ချနေလို့လည်း ရတယ်၊ မင်းက ငရဲရက်သတ္တပတ်ကို ကောင်းကောင်းပြီးဆုံးခဲ့ပြီး ဒီမှာ လဲနေတာမို့လို။”
“နောက်ဆုံးမှတ်ဉာဏ်လည်းမရှိဘဲနဲ့ ဘယ်လိုလုပ် လေ့ကျင့်ရေးကို ပြီးအောင်လုပ်မှာလဲ။”
“တကယ်ကြီး စိတ်က တစ်ဝက်လောက် လွင့်ထွက်သွားတာပဲ……”
ဒုံဂျီဝူးက ဘာကြောင့်မှန်းမသိ စိတ်ပျက်သလိုမျက်နှာထားဖြင့် ဆောယောင်းကို ကြည့်လာသည်။
“ဒါပေမဲ့လည်း မင်းက ထပြီး လှုပ်ရှားတာရော၊ စကားပြောတာရော၊ အကုန်လုပ်ခဲ့တာ။”
“…….”
“ဘာပဲဖြစ်ဖြစ် မင်းတင်မဟုတ်ဘဲ အားလုံးက လူနာတွေလို လမ်းလျှောက်ခဲ့ကြတာပဲလေ။ နောက်ဆုံးမှာ ဆောင်းဝုချန်းက မင်းအတွက်ပါ အားစိုက်ပေးခဲ့တာ။ မင်းကို စိုက်ကြည့်ရင်း တောက်လျှောက် ပွစိပွစိပြောနေခဲ့တာဆိုပေမဲ့ နောက်မှ ထမင်းတစ်နပ်လောက် ဝယ်ကျွေးလိုက်ပေါ့။”
“…….”
“ဘာပဲဖြစ်ဖြစ် တကယ်ပဲ ကောင်းကောင်း ပြီးသွားပြီ။ မိသွားတာလည်း မဟုတ်သလို၊ ထုတ်ပယ်ခံရတာလည်း မဟုတ်ဘူး၊ အကုန် အောင်မြင်ခဲ့တယ်။”
မကြာခင် ဒီနေရာက ထွက်သွားရမဲ့နေ့က မဝေးတော့ဘူးတဲ့လား……
ထိုစကားကြောင့် ဆောယောင်း အောင့်ထားသောအသက်ကို ရှူထုတ်လိုက်သလို ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်မိ၏။
ဒီတစ်ခါတော့ တကယ်ပြုတ်ပြီလို့ ထင်ခဲ့တာကို။
ခဲနေသော သွေးများက ပြန်လည်၍ အရှိန်အဟုန်ဖြင့် လည်ပတ်လာသည်။
“ဒါပေမဲ့… နည်းပြအီဝူရှင်းက လေ့ကျင့်ရေးပြီးတာနဲ့ မင်းကို ကောက်ချီပြီး ဒီကို လာခဲ့တာ။”
ထိုစဉ် အိုးတိုးအမ်းတမ်း မျက်နှာထားဖြင့် နောက်စေ့ကိုကုတ်နေသော ဒုံဂျီဝူးက ပြောပြလာသည်။
“မင်း သတိလစ်သွားတာကို အရင်ဆုံး သိလိုက်တာလည်း သူပဲ။”
ဆောယောင်း မျက်ခုံးကိုအားစိုက်လျက် ဇဝေဇဝါမျက်နှာထား ဖြစ်သွား၏။
“လမ်းကိုလည်း တည့်တည့်လျှောက်နေသလို၊ မေးတာကိုလည်း ပြန်ဖြေနေတော့ ထူးဆန်းတယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ရုတ်တရက် လေ့ကျင့်ရေးပြီးတာနဲ့ နည်းပြအီဝူရှင်းက မင်းကို ချက်ချင်း ကောက်ချီပြီး ခေါ်သွားတော့တာပဲ။”
ဆောယောင်း မသိစိတ်ဖြင့် ညှပ်ရိုးနားကို အသာအယာ ကုတ်မိသွားသည်။
ယောက်ျားကလွဲပြီး ဘယ်သူ့အပေါ်မှ ကျောပိုးမစီးဖူးတာကို….
အမှတ်တမဲ့ ကုတ်နေမိသော လည်ပင်းတစ်ဝိုက်တွင် မကြာမီ နီရဲသော လက်သည်းရာများ ရှည်လျားစွာ ထင်ကျန်လာတော့သည်။
ဆောယောင်း ဘာကြောင့်မှန်းမသိ မွန်းကျပ်သော ခံစားချက်ဖြင့် မနက်ခင်းရောက်လာနေသော ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိ၏။ ထိုအခိုက်အတန့်တွင် မေ့နေသောအရာကို သတိရသွားသည့်အလား သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဆောယောင်းက ဆေးပေးခန်းကို ဝေ့ဝဲကြည့်ရင်း အလျင်စလို မေးမြန်းလိုက်၏။
“ဧကန္တ ဒီကို နင်ကလွဲပြီး တခြား ဘယ်သူလာသေးလဲ။”
“ဟမ်။”
ရုတ်တရက် မျက်စိရှေ့၌ ထပ်မံ၍ ဝေဝါးလာပြန်သည်။
ဘာလို့ ဒီလိုဖြစ်နေတာလဲ……
ဆောယောင်း အံ့ဩသောစိတ်ဖြင့် မျက်လုံးကို ပွတ်ကြည့်သော်လည်း ခန္ဓာကိုယ်၏ တစ်နေရာရာတွင် ချို့ယွင်းနေ၍လားမသိ မျက်ဝန်းအိမ်က ဆက်တိုက် ဖောင်းကြွနေ၏။
အကန့်အသတ်ကို ရောက်နေသော ခန္ဓာကိုယ်က တစ်ကြိမ် ပြတ်တောက်သွားခဲ့သောကြောင့် ဖြစ်မည်လား။ ပထမဆုံးအကြိမ်အဖြစ် ဂင်ဟျွန်းကို အိပ်မက်မက်ခဲ့သည်။ မိမိ၏ခင်ပွန်းက အိပ်မက်ထဲ၌ပင် ဆံချည်တစ်မျှင်မျှ လာမပြသည့် ရက်စက်သူ ဖြစ်ခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင် သူက အိပ်မက်ထဲသို့ ရောက်လာ၏။
ဆောယောင်းတစ်ယောက် တစ်စုံတစ်ရာ၏ ညှို့ယူပြုစားမှုကို ခံထားရသူလို လက်ကို ရှေ့နောက်လှန်ကာ စေ့စေ့စပ်စပ် ကြည့်ရှုနေပြီးနောက်၊ ရုတ်တရက် ဒုံဂျီဝူး၏ မျက်စိရှေ့တွင် ဖြန့်ပြလိုက်သည်။
“ဒီမှာကြည့်၊ လက်က သန့်ရှင်းနေတယ်မဟုတ်လား။”
“ဒါကလား။”
သူက သဘောတူပုံမရသော်လည်း ဆောယောင်းကမူ နွေးထွေးသော ရေနွေးဝတ်ကို မှတ်မိနေ၏။
“အိပ်မက်မဟုတ်ဘူးထင်တယ်……”
“ဟန်ဆောယောင်း၊ မင်းဆီမှာ အခု တကယ့်ကို အနံ့ဆိုးတွေထွက်နေတာ။ အဲ့ဒါကို ဘယ်သူက မင်းအနားမှာကပ်ပြီး လက်ကို သုတ်ပေးမှာလဲ။ ဒါကတော့ တကယ့် အိပ်မက်ပဲပေါ့။ လေ့ကျင့်ရေးပြီးလို့ ဆေးပေးခန်းကို ဝင်ထွက်နေတဲ့သူတွေကလည်း ဘယ်နှယောက်တောင်လဲ၊ အာ….”
စကားရပ်သွားသော သူ၏ မျက်နှာထားက မရေမရာဖြစ်လာသည်။
ထိုစဉ် ကြိုတင်အသိပေးခြင်းမရှိဘဲ ဆေးပေးခန်းတံခါး ပွင့်သွားကာ ရင်းနှီးနေသော အရပ်ရှည်ရှည်နှင့် လူရိပ်တစ်ခု ဝင်ရောက်လာ၏။
ကိုယ်ထည်ထက်အရင် ကြမ်းပြင်ပေါ်၌ ရှည်လျားစွာ ထင်ကျန်နေသော လူရိပ်ကို မြင်ရသည်တွင် ဘာကြောင့်မှန်းမသိ နှလုံးက အနည်းငယ် လှုပ်ခတ်သွားသည်။
စိုစွတ်နေသော ဆံပင်များကြားမှ အေးစက်သော မျက်ဝန်းများကို မြင်လိုက်ရ၏။ အတွင်းသို့ ဝင်လာသောလူက ဆောယောင်းနှင့် ဒုံဂျီဝူးကို တစ်လှည့်စီ အကဲခတ်ပြီးနောက် မျက်မှောင်ကို ဆတ်ခနဲကြုတ်လိုက်သည်။
“သူက အဲ့ဒီလိုလုပ်ခဲ့တာလား။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၄၅ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။