no

Font
Theme

အပိုင်း ၄၀

“ငါက ကိုယ့်လက်အောက်က လူတွေကို ဘဏ်စာရင်းအထိ အကုန်စုံစမ်းတာ။ အဲ့ဒါကြောင့် အဖွဲ့ဝင် ဟန်ဆောယောင်းက မြောက်ကိုရီးယားကို ခိုးဝင်ဖို့ ကြိုးစားခဲ့တာလည်း သိပြီးသားပဲ။”

“……”

“ငါ့လက်အောက်မှာ အလုပ်လုပ်ချင်တယ်ဆို။"

ဒါဆို မေးတဲ့အချိန်မှာ ချက်ချင်း ဖွင့်ပြောရမှာပေါ့။

သူက မျက်ခုံးတစ်ဖက်ကိုကျုံ့ကာ မေးလာသည်။

ဒီအယုတ်တမာကောင်……

ဆောယောင်းက တဟွတ်ဟွတ် ချောင်းဆိုးရင်း အော်ပြောလိုက်၏။

“အများကြီး ဖုံးကွယ်ထားတာပေါ့၊ စရိုက်ဆိုရင် ပိုတောင်ဆိုးသေး……”

သူ့ကို ဆဲနေလို့ရော ဘာထူးမှာလဲ၊ ကိုယ်ကပဲ နှိပ်ကွပ်ခံနေရတာကို။

နောက်ဆုံးတွင် ဆောယောင်း အမှန်အတိုင်း ဝန်ခံလိုက်တော့ သူက သနားကရုဏာသက်ဟန်ဖြင့် ရေကို နည်းနည်းလေး ဖွင့်ပေးခဲ့သည်။

တောက်... တောက်... တောက်...

ဆောယောင်းတစ်ယောက် ဒေါသထွက်လွန်း၍ နဖူးမှ အကြောများပင် ထောင်ထွက်လာသလိုပင်။ သို့သော်လည်း စီးကျလာသည့် အနည်းငယ်သော ရေနွေးလေးကပင် သူ့အဖို့ အဖိုးတန်ကာ လိုအပ်နေသဖြင့် စိတ်ထဲရှိသမျှကို ထပ်မံ၍ ထုတ်ဖော်ပြောပြလိုက်ရပြန်၏။

“……ကျွန်မအမျိုးသားက ကြင်နာတတ်ပြီး သဘောကောင်းတဲ့သူပါ။ အဲ့ဒါကြောင့် ကျွန်မရဲ့ စရိုက်အမှန်အတိုင်းသာ ပြုမူရင် သူ ထွက်ပြေးသွားမယ်ထင်လို့။ ကျွန်မက လူကို ပစ်သတ်ပြီးတာတောင် အခုအထိ အိမ်မက်ဆိုး တစ်ခါမှ မမက်ဖူးတဲ့သူမျိုးလေ။ ကျွန်မကို အဲ့ဒီလို မိန်းမမျိုးမှန်း သိသွားရင် အမျိုးသားက စောစောစီးစီး ထွက်ပြေးသွားမှာပေါ့။”

“…….”

“အဲ့ဒါကြောင့် ပိုပြီး ပြည့်စုံတဲ့ ဇနီးတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။”

ထိုစကားနှင့်အတူ ရေနွေးများက ရေတံခွန်အလား တစ်ဖန်ပြန်၍ စီးကျလာပြန်သည်။

အီဝူရှင်းက ဘာမှန်းမသိရသော မျက်နှာထားဖြင့် ဆောယောင်းကို ကြည့်နေခဲ့ပြီး ဆောယောင်းကမူ ဘာမှမပြောဘဲ မျက်တောင်များကိုသာ အဆက်မပြတ် ခတ်နေမိ၏။

စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သော စကားများက ထင်ထားသည်ထက် ပို၍လေးလံကာ သိမ်ငယ်စရာကောင်းနေသဖြင့် ကိုယ့်ဘာသာကိုယ် ပြောပြီးမှပင် အံ့အားသင့်နေမိသည်။

ထိုစဉ် အီဝူရှင်းက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ သက်ပြင်းတစ်ချက်နှင့်အတူ ပြောလာ၏။

“အဲ့ဒီ ခင်ပွန်းကလည်း အတူတူပဲ မဟုတ်ဘူးလား။”

“…….”

မရေမရာစကားဖြစ်သော်လည်း ဆောယောင်း ချက်ချင်း နားလည်လိုက်သည်။ ခင်ပွန်းကလည်း ဖုံးကွယ်ထားသည့် အနေအထားမျိုးတွင် ရှိနေခဲ့ရာ၊ အဘက်ဘက်မှ ပြည့်စုံနေခဲ့သည့် ထိုပုံစံက တကယ့် သူ၏စရိုက်မှန် ဖြစ်ပါ့မလားဟု ဆိုလိုခြင်းပင်။

သို့သော်လည်း လွယ်လွယ်နှင့် လက်ခံချင်သည့် စကားမျိုးတော့ မဟုတ်ပေ။ ဆောယောင်းက ချစ်ခြင်းမေတ္တာကို ရရှိရန်အတွက် ဟန်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ဂင်ဟျွန်းကမူ လိမ်လည်လှည့်ဖြားရန်အတွက် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့်ပင်။

လိမ်လည်လှည့်ဖြားခြင်းဟူသည့် လုပ်ရပ်ချင်း တူညီနေပါစေ၊ ထိုသို့လုပ်ရသည့် နောက်ကွယ်မှ ရည်ရွယ်ချက်ကတော့ မတူညီနိုင်ပေ။

ဆောယောင်းက မျက်နှာကို ခပ်ကြမ်းကြမ်း ပြန်သစ်လိုက်သည်။

ငါတို့ကြားမှာ ရှိခဲ့တဲ့အရာကတော့ တကယ့်အချစ်စစ် ဖြစ်မှာပါ...

အချိန်ကုန်ဆုံးလာလေလေ လှပသော အမှတ်တရများက တန်ဖိုးနည်းသော တောက်ပသည့် အခွံလွတ်များသာ ဖြစ်ကြောင်း သိရှိလာရလေပင်။ လည်ချောင်းထဲတွင် နာကျင်စွာ တင်းကျပ်သွား၏။

“နည်းပြလည်း ကတိပေးပါ။ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါဘူးလို့။”

ဆောယောင်းက မျက်လုံးကို အတင်းပြူးကာ သဘာဝမကျစွာ နှုတ်ခမ်းကို လှုပ်ရှားခဲ့သည်။

“အဲ့ဒီတော့က၊ ဧကန္တများ ကျွန်မအမျိုးသားကို ဖမ်းမိတဲ့အခါကျရင်။ လုံးဝ သိသလို မလုပ်ပါနဲ့၊ ကျွန်မနဲ့အတူ လိုက်လိမ်ပေးမှဖြစ်ပါမယ်။ ကျွန်မက ယဉ်ကျေးပြီး၊ ကြောက်တတ်ပြီး၊ နူးညံ့သိမ်မွေ့တယ်ဆိုပြီးတော့ပါ။”

ပြင်းထန်သော ရေပန်းအောက်မှ ခဏလေး ထွက်လာသည့် ဆောယောင်းက အီဝူရှင်းထံသို့ ခြေတစ်လှမ်း တိုးကပ်သွားကာ သတိပေးလိုက်သည်။ ထိုအခါ မျက်ကပ်မှန်ဖြစ်မည်မှာ သေချာသည့် အစစ်မဖြစ်နိုင်သော သူ၏ မျက်ဆန်နက်နက်က သိသိသာသာ တုန်ယင်သွားသည့်ပုံပင်။

“သေနတ်တို့၊ ဓားတို့၊ ဒီလို လေ့ကျင့်ရေးတို့အကြောင်းဆိုရင် တစ်လုံးတောင် ထုတ်မပြောမိပါစေနဲ့။”

“ငါက ဘာလို့ အဲ့ဒီလိုလုပ်ပေးရမှာလဲ။”

“အရင်ဆုံး နှိုက်နှိုက်ချွတ်ချွတ် လိုက်မေးခဲ့တာ နည်းပြပဲလေ။ အဲ့ဒါကြောင့် တာဝန်ကို အဆုံးအထိ ယူပေးရမယ်လို့ ပြောတာပါ။”

“ထူးဆန်းတယ်။ ခင်ပွန်းကို ဖမ်းမိရင် ကလဲ့စားချေမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။”

သူက ပဟေဠိတစ်ခုကို ကြည့်နေသလို မျက်မှောင်ကြုတ်လိုက်ရာ ဆောယောင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်၊ ဒါပေမဲ့ ကလဲ့စားလည်း ချေပြီး sex လည်း လုပ်မှာပေါ့။”

“……”

အေးရာအေးကြောင်း ထွက်လာသော စကားကြောင့် အီဝူရှင်း၏ မျက်လုံးတစ်ဖက် ကျုံ့သွားတော့သည်။ ဆောယောင်းက ခေါင်းမှ မေးစေ့အထိ စီးကျနေသော ရေစက်များကို လက်ဖမိုးဖြင့် ပေါ့ပေါ့ပါးပါး သုတ်လိုက်ရင်း ထပ်ပြောခဲ့၏။

“ဖြစ်နိုင်ရင် ချစ်ခဲ့တဲ့... ဟင့်အင်း၊ အဲ့ဒီလူအတွက်တော့ အချစ်မဟုတ်လောက်ဘူးလားပဲ…. ဘာပဲဖြစ်ဖြစ် ကိုယ့်ကို တက်ခွတဲ့ မိန်းမက ရင်းနှီးနေတဲ့သူဖြစ်ရင် ပိုကောင်းတာပေါ့။ ကျွန်မကတော့ အမျိုးသားကို မုဒိမ်းကျင့်ခံရတယ်လို့ မထင်စေချင်ဘူးရှင့်။”

“…….”

အီဝူရှင်းတစ်ယောက် စကားလုံးများ ပျောက်ရှသွားသည့်အလား လည်စေ့လှုပ်ရှားသွားအောင်သာ ခပ်ပြင်းပြင်း တံတွေးမျိုချလိုက်မိတော့သည်။ ဆတ်ခနဲတွန့်သွားသော မျက်မှောင်ကို ကြည့်ရပုံထောက်လျှင် နောက်စေ့ကို အရိုက်ခံလိုက်ရသည့် မျက်နှာမျိုး ဖြစ်နေသော်လည်း ဆောယောင်းကမူ ဂရုမစိုက်ပေ။

ဂင်ဟျွန်း သေရမည်ဆိုလျှင်တောင် မိမိ၏ ရင်ခွင်ထဲ၌သာ သေစေလိုသည်။ သူ လိုချင်သည့် တစ်ခုတည်းသော အရာမှာ ဂင်ဟျွန်းသာ။ မည်သို့သော ပုံစံမျိုးနှင့်ဖြစ်ပါစေ သူ့ကို ပြန်ရမှ ဖြစ်မည်။ သို့မှသာ စိတ်ကြိုက် လက်တုံ့ပြန်နိုင်မည် မဟုတ်ပါလား။

သူက ဂင်ဟျွန်းကို တစ်စက်ကလေးမျှပင် လက်မလျှော့ခဲ့သဖြင့် sex နှင့် ကလဲ့စားချေခြင်းမှာ တစ်နည်းအားဖြင့် တူညီသော စကားလုံးများပင်။ ရေပန်းအောက်သို့ ပြန်ဝင်သွားသည့် ဆောယောင်း၏ မျက်လုံးများက စူးရှစွာ တောက်ပသွားသည်။

“အဲ့ဒါကြောင့် တစ်ခုခု လွဲချော်သွားခဲ့ရင် နည်းပြကိုလည်း ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ပါဘူး။”

ရေပန်းကို ဖြုတ်ယူလိုက်သော ဆောယောင်းက အီဝူရှင်း၏ မျက်နှာဆီသို့ ရေဖြင့် ဝုန်းခနဲ ပက်လိုက်၏။

“....”

မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိသော အီဝူရှင်းက မျက်မှောင်ကြုတ်လျက် ဆောယောင်းကို စိုက်ကြည့်နေခဲ့သည်။ ထိုအခါမှသာ ဆောယောင်း၏ နှုတ်ခမ်းဖျား၌ ကျေနပ်စွာ ပြုံးယောင်သမ်းသွား၏။ ကျွတ်ထွက်သွားသော မျက်ကပ်မှန်တစ်ဖက်။ ထင်ထားသည့်အတိုင်း မီးခိုးရောင်မျက်လုံး ဖြစ်နေသည်။

ထိုလူက စိုရွှဲနေသော မျက်တောင်ကို ခတ်လိုက်ရင်း မျက်ကပ်မှန်ကျွတ်သွားသည့်ဘက်ကို လက်ဖဝါးဖြင့် ကာလိုက်၏။ ထိုကဲ့သို့ အကာအကွယ်မဲ့နေသော ပုံစံကိုကြည့်ရင်း ဆောယောင်းက သူ့ကို တစ်ခါထပ်၍ ခနဲ့ပြုံး ပြုံးပြခဲ့သည်။

“တွေ့တယ်မဟုတ်လား။ ကျွန်မလည်း မကောင်းတဲ့အလုပ်တွေ လုပ်တတ်တယ်ဆိုတာ။”

~~~~

Blast လေ့ကျင့်ရေး ပထမပတ် အခြေအနေ။

ကြောက်မက်ဖွယ် ပထမဆုံးည ကုန်လွန်သွားပြီးနောက် သူတို့လည်း ထပ်တလဲလဲဖြစ်နေသော အစီအစဉ်များတွင် တဖြည်းဖြည်း အသားကျလာကြသည်။ မနက်ပိုင်းတွင် ကိုယ်လက်လှုပ်ရှားမှုနှင့် အပြေးလေ့ကျင့်ခန်း၊ မွန်းလွဲပိုင်းတွင် ရေကူးခြင်းတို့ဖြင့် အခြေခံကြံ့ခိုင်မှုကို အဓိကထား လေ့ကျင့်ခဲ့ကြ၏။

အဆောင်အတွင်း၌ 'ဘာကိစ္စမှ' ဖြစ်လာမည်မဟုတ်ဟု ပြောခဲ့သော အီဝူရှင်း၏ သတိပေးချက်က ကွက်တိမှန်ခဲ့သည်။

ညတိုင်း ရုတ်တရက် အနားယူချိန် အနှောင့်အယှက်ပေးခံရကာ ရေထဲဆင်းနေရသောကြောင့် သူများကို ဒုက္ခပေးရန် အင်အားပင် မကျန်တော့ပေ။ အဖွဲ့ဝင်များခမျာ နာတာရှည် အိပ်ရေးပျက်သည့်ဒဏ်ကို ခံစားနေရကာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်ပင် ခက်ခဲနေကြသည်။

ပြဿနာက ထိုကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆိုသည်မှာ ပေါ်တင် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်နေခြင်းပင်။ 'ထမင်းချိတ်' ဟု ခေါ်သော ဘားတန်းခို လေ့ကျင့်ခန်းမှစ၍ အီဝူရှင်း၏ ဆိုးသွမ်းသော အနိုင်ကျင့်မှုများ စတင်လာတော့၏။

ပီ— ပီ—

ဝီစီသံတစ်ချက်တွင် အပေါ်တက်၊ တစ်ချက်တွင် ပြန်ဆင်းရသော ဘားခိုလေ့ကျင့်ခန်း။

ဝီစီသံအတိုင်း မလိုက်နိုင်သူများအတွက် နေ့လယ်စာ လုံးဝမရှိပေ။ ထို့ကြောင့် နည်းပြများက တမင်ပင် ဝစီသံကို နှေးလိုက်၊ မြန်လိုက်ဖြင့် အရှိန်ထိန်းကာ အဖွဲ့ဝင်များ အရင်လက်လျှော့သွားအောင် လုပ်ကြသည်။

သို့သော် ဘားတန်းက ဆောယောင်းအတွက် အလွန်ရင်းနှီးသော ကိရိယာဖြစ်ကာ အထူးသဖြင့် ခိုတွယ်ခြင်းမှာ တစ်ချိန်က သူ အတော်ဆုံးအရာများထဲတွင် ပါဝင်၏။

“....”

ထို့ကြောင့် သူ့အလှည့်ရောက်သောအခါ ဆောယောင်းက သဘာဝကျကျ နေရာယူပြီး ပေါ့ပါးစွာခုန်ကာ တန်းကို ခိုလိုက်သည်။ ကျွမ်းကျင်စွာ ဘားခိုပြလိုက်သောအခါ အဖွဲ့ဝင်များလည်း တအံ့တဩ ဖြစ်သွားကြကုန်၏။ နည်းပြများလည်း ထိုနည်းတူပင်။

ထိုနေ့မှစ၍ ဆောယောင်းအလှည့်ရောက်တိုင်း အီဝူရှင်း ဝင်ပါတော့သည်။ သူက ပြုံးစစဖြင့် ပေါ်လာတတ်ရာ မကောင်းသော အငွေ့အသက်များက မပြေပျောက်နိုင်ခဲ့ပေ။

'ငါ့ကို သက်သောင့်သက်သာ မနေစေချင်ဘူးပေါ့...'

ထိုအတွေးက မှန်ကန်နေခဲ့သည်...

ယနေ့လည်း သူ လမ်းလျှောက်လာသည်ကို မြင်ရုံဖြင့် ဆဲချင်စိတ်ကို အောင့်အည်းထားရ၏။ အီဝူရှင်း ကိုယ်တိုင် ဝီစီသံပေးသည့်နေ့မှစ၍ ဆောယောင်း တစ်ခါမှ နေ့လယ်စာ မစားခဲ့ရသောကြောင့်ပင်။

ပီ— ဝီစီသံ မြည်လာသည်။

ထိုအချက်ပေးသံအတိုင်း ဆောယောင်းက တန်း

ကို ခိုတွယ်နေစဉ် အီဝူရှင်းက တင်းကျပ်လှသော သူ၏ လက်ဆုပ်ကိုင်မှုများကို ကြည့်ရင်း တမင် အချိန်ဆွဲနေခဲ့၏။

“အဖွဲ့ဝင် ဟန်ဆောယောင်းက သီချင်းကြိုက်လား။”

'ဒီတစ်ခါရော ဘာလုပ်ဦးမလို့လဲ...'

ဆောယောင်း စိုက်ကြည့်လိုက်တော့ ထိုလူက မျက်နှာကို ဒန်ဒီလိုင်းယွန်းအစေ့လေးများ လာထိသည့်အလား နူးညံ့စွာ ပြုံးပြခဲ့သည်။

“သီချင်းဆိုမှ နည်းပြကလည်း စိတ်ပါလက်ပါ ဝီစီသံပေးနိုင်မှာပေါ့။”

ဆောယောင်းက အီဝူရှင်း၏ ရင်ဘတ်တည့်တည့်ကို လက်သီးဖြင့် ထိုးထည့်နေသည်ဟု စိတ်ကူးယဉ်ရင်း အားနှင့်မာန်နှင့် ပါးစပ်ဖွင့်လိုက်သည်။

“လှပတဲ့... ဒီမြေ၊ ရွှေပြည်ကြီးရဲ့ရင်ခွင်မှာ၊ ခွေးမသား နည်းပြတစ်ကောင် အမြစ်တွယ် နေရာယူလို့ပါ၊ လူသားအကျိုးဆိုတဲ့ လေလုံးတွေနဲ့ ထင်ရာစိုင်းတာ ဒီစောက်နည်းပြပါ...တစ်ခေတ်ပြီးတစ်ခေတ် ဒီစောက်နည်းပြပဲ ပေါ်လာ...ဒါကို ဆက်ဆိုနေရဦးမှာလား။”

သီချင်းစာသားများကြားတွင် အောင့်အည်းထားရသော အသက်ရှူသံများနှင့်အတူ ဒေါသသံများပါ ထွက်ပေါ်လာသည်။

နေရာအနှံ့မှ ရယ်သံများ ထွက်ပေါ်လာသော်လည်း မုန်းတီးမှုအပြည့်ဖြင့် သီချင်းဆိုနေသော ဆောယောင်းနှင့် စူးရှသော ထိုအကြည့်များကို ပျော်ရွှင်စွာ ခံယူနေသော အီဝူရှင်းတို့ကြားတွင် ထူးဆန်းသော စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု ဖြစ်ပေါ်နေ၏။

ထို့နောက်တွင်လည်း ပီ၊ ပီ ဟူ၍ နှေးကွေးသော ဝီစီသံများ ဆက်လက်ထွက်ပေါ်နေခဲ့သည်။ သံတန်းပေါ်တွင် နူးညံ့သော လက်ဖဝါးများ ပွတ်တိုက်မိကာ အရည်ကြည်ဖုများ ထွက်လာ၏။ ဆောယောင်း၏ လက်မောင်းနှစ်ဖက်က သိသိသာသာ တုန်ယင်နေချေပြီ။

သို့သော်လည်း ဝီစီသံအတိုင်း အဆုံးအထိ လိုက်ပါနိုင်သည့်အခါတိုင်းတွင် အီဝူရှင်းက ထင်မှတ်မထားသည့်အလား မျက်မှောင်ကြုတ်ကြည့်တတ်သည်။

“အင့်....”

တန်းပေါ်သို့ မေးတင်ရန် အသည်းအသန် ကြိုးစားရင်း အကန့်အသတ်ကို ကျော်လွန်သွားသော ဆောယောင်းတစ်ယောက် ဘုတ်ခနဲ ပြုတ်ကျသွားတော့၏။

အား... နာကျင်ခံပြင်းစွာဖြင့် တန်းတိုင်ကို အသာလေး ကန်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူနေမိသည်။ အီဝူရှင်းအား အမြဲတမ်း ရှုံးနိမ့်နေရသည့် အနေအထားကို တွေးမိတိုင်း ဒေါသထွက်ရ၏။

ဟူး...။ ဒီနေ့လည်း နေ့လယ်စာနဲ့ လွဲပြီပေါ့။

တင်းမာနေသော လက်မောင်းများကို နှိပ်နယ်ရင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည့် အချိန်မှာပင်။

ဘာကြောင့်မှန်းမသိ တည်ကြည်သော မျက်နှာထားဖြင့် အီဝူရှင်းက သူ့ကို စူးစိုက်ကြည့်နေ၏။ ထို့နောက် စစ်ဖိနပ်ကို တရွတ်တိုက်ဆွဲကာ ချဉ်းကပ်လာပြီး ဒူးတစ်ဖက်ထောက်ရင်း မျက်လုံးချင်းဆုံအောင် ကြည့်ခဲ့သည်။

အလင်းပြန်နေသောကြောင့်လား မသိ၊ နဂိုကပင် ထင်းနေသော သူ၏ ရုပ်သွင်က ပို၍နက်မှောင်သော အရိပ်များ ဖုံးလွှမ်းနေသလိုပင်။

“ဧကန္တ ဆေးတွေဘာတွေ သုံးနေတာလား။”

“ရှင်။”

“အန်ဒရိုဂျဲနစ် စတီးရွိုက်ဒ် ထိုးဆေးတို့ ဘာတို့လေ။”

“ဘာကို...”

“ငါတို့ အဖွဲ့ဝင် ဟန်ဆောယောင်းက အရင်တုန်းကလည်း ဆေးခြောက်မှုနဲ့ သံသယအဖြစ်ခံရဖူးတယ်မဟုတ်လား။”

ဆောယောင်းတစ်ယောက် အံ့ဩလွန်း၍ နှုတ်ခမ်းပင် အနည်းငယ် ပွင့်ဟသွားသည်။

“အမှန်အတိုင်း ပြောလို့ရတယ်။ ဒီကကောင်တွေက လက်သီးထက် ဆေးထိုးအပ်နဲ့ ပိုရင်းနှီးကြတာမို့လို့။”

အေးစက်လှသော သူ၏ အသံတွင် သံသယများ အပြည့်စွက်လျက်။ သူ၏ မျက်လုံးပုံသဏ္ဌာန်ကိုပါ အလွတ်မှတ်မိတော့မည့် အတိုင်းအတာအထိ သူ၏ အကြည့်များက စူးရှလွန်းလှ၏။

ကျိန်းသေပေါက် မျက်လုံးအစစ် မဟုတ်သဖြင့် မျက်ကပ်မှန် တပ်ထားသော မျက်လုံးများကိုသာ အဏုကြည့်မှန်ပြောင်းကဲ့သို့ ပို၍ ထင်ထင်ရှားရှား မြင်တွေ့နေရခြင်းပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment