အပိုင်း ၄၃
“ဝါး……”
တွယ်တက်လေ့ကျင့်ခန်းတွင် ဟန်ဆောယောင်းကို ယှဉ်နိုင်သူမရှိချေ။ မျက်မြင်ကိုယ်တွေ့ မြင်နေရသော်လည်း လက်ခံရခက်လောက်သည့် ရလဒ်မျိုးပင်။
အီဝူရှင်းက ဆောယောင်းကို ဆေးသုံးထားသလားဟု တစ်ချက် သံသယဝင်မိသော်လည်း ချက်ချင်းပင် ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ အကယ်၍သာ ဆေးဝါးကို အားကိုးပြီး လေ့ကျင့်ရေးတွင် ပါဝင်ခဲ့ခြင်းဆိုလျှင် ထိုမျှလောက် ပြင်းပြသော အကြည့်များဖြင့် သူ့အနားသို့ ကပ်တွယ်မိမည် မဟုတ်ပေ။
ဤအတောအတွင်း ဇီးကွက်ကို အနီးကပ် စောင့်ကြည့်ခဲ့သလောက် သူက များသောအားဖြင့် အမှန်အတိုင်းသာ ပြောတတ်သူဖြစ်သည်။ သို့သော် ထိုအချက်က စိတ်ရင်းမှန်သောသူဟု အဓိပ္ပာယ်သက်ရောက်စေသည်တော့မဟုတ်။
ဆောယောင်းက လူတစ်ဦးတစ်ယောက်၏ အလိုကို လိုက်ရန်အတွက်ဖြစ်စေ၊ အကျိုးအမြတ်တစ်ခုခု ရရန်အတွက်ဖြစ်စေ လိမ်ညာပြောဆိုရန် ဆန္ဒမရှိတော့ဘဲ ဘာကိုမှ စိတ်မဝင်စားတော့သည့် အသက်မပါသောလူတစ်ယောက် ဖြစ်လာခဲ့ခြင်းသာ။
ခင်ပွန်းဖြစ်သူ 'ဂင်ဟျွန်း' နှင့် ပတ်သက်သောကိစ္စမှလွဲ၍ ကျန်သည့်အချိန်များတွင် ဆောယောင်း၏မျက်ဝန်းများ၌ လိုအင်ဆန္ဒဟူ၍ ဖြစ်ပေါ်လာခဲလှသည်။ အီဝူရှင်းအဖို့ ထိုသို့သော ဇီးကွက်က မရင်းနှီးရုံသာမက စိမ်းသက်လွန်းနေ၏။
သူမြင်ဖူးသမျှ ဇီးကွက်၏မျက်လုံးထဲတွင် အမြဲတမ်း မရိုးမရွဖြစ်စေသည့် အပြုံးများ၊ မတည်မငြိမ် စိတ်လှုပ်ရှားမှုများ သို့မဟုတ် ကမ်းကုန်းအောင် ချစ်ပြတတ်သော အချစ်များသာ ပြည့်နှက်နေခဲ့သည် မဟုတ်ပါလား။
သို့သော် မုဒိမ်းမှုတဲ့လား….
တစ်ချိန်ချိန်တွင် လူသတ်မိလိမ့်မည်ဟု ထင်ခဲ့သည်တဲ့လား။
ထိုစကားမျိုးက သာမန်လူတစ်ယောက် အလွယ်တကူ ပြောနိုင်သည့် စကားမျိုး မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူနှင့်အတူ နေထိုင်ခဲ့သည့် ဇီးကွက်ဆိုသည်မှာ အကုန် ထင်ယောင်ထင်မှားဖြစ်မှုများသာ ဖြစ်သည်ဟူသောအချက်က ပို၍ထင်ရှားလာတော့သည်။
ဇီးကွက်၏ အဆိပ်ပြင်းမှု၊ စွမ်းဆောင်ရည်၊ အစီအစဉ်၊ အစွဲအလမ်း၊ စရိုက်... ထိုအရာအားလုံးက သူ့အတွက် စိမ်းသက်နေ၏။ ဇီးကွက်ကို လှည့်စားခဲ့သူမှာ မိမိကိုယ်တိုင်ဖြစ်သော်လည်း၊ ထူးဆန်းစွာပင် မိမိကသာ အလှည့်စားခံခဲ့ရသလို ခံစားနေရသဖြင့် ဒေါသက ငယ်ထိပ်အထိ အရှိန်အဟုန်ဖြင့် တက်လာသည်။
စုပ်လိုက်၊ လျက်လိုက်၊ ချစ်ပြလိုက်နှင့် အတူတူ ပေါင်းသင်းခဲ့သည့် မိန်းမက ယခုမြင်နေရသည့်သူ ဟုတ်မှဟုတ်ပါရဲ့လားဟူသော သံသယက ငြှိမ်းသတ်၍မရအောင် ဖြစ်နေတော့၏။
တစ်ခုခုတော့ လွဲနေချေပြီ။ စိတ်ထဲတွင် ဇီးကွက်ကို အစမှ တစ်ဖန်ပြန်ပြီး စုံစမ်းစစ်ဆေးချင်နေမိသည်။ ပြင်းထန်သော ထိုခံစားချက်ကြောင့် ခေါင်းပင် ကိုက်ချင်လာ၏။ သို့သော်လည်း…….
‘လုပ်ငန်းကန့်သတ်ချက်စည်းမျဉ်း’
ထိုအချက်တစ်ခုက Black အေးဂျင့် အီဝူရှင်း၏ ခြေထောက်ကို အမိအရ ချုပ်ကိုင်ထား၏။
သူတစ်ပါး၏ အလုပ်ကို သိရန်မကြိုးစားပါနှင့်၊ မိမိ၏ အလုပ်ကိုလည်း အသိမပေးပါနှင့်။
ယင်းမှာ အမျိုးသားထောက်လှမ်းရေးမှ အေးဂျင့်အားလုံး လိုက်နာရမည့် အတင်းကျပ်ဆုံးသော စည်းမျဉ်းများအနက်မှ တစ်ခုပင်။
Black အေးဂျင့်များက အထက်မှပေးသော အမိန့်ကိုသာ နာခံရမည်ဖြစ်ပြီး ‘ရုပ်လုံးကြီး’ တစ်ခုလုံးကို သိရန်မလိုပေ။
အကယ်၍ သူတို့ ဖမ်းဆီးခံရသည့်အခါ သတင်းအချက်အလက်အားလုံး ပေါက်ကြားသွားခြင်းမှ ကာကွယ်ရန် တစ်ဦးနှင့်တစ်ဦး လုပ်ငန်းအကြောင်း မသိရှိရအောင် ကန့်သတ်ထားခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။
မိမိနှင့် သက်ဆိုင်သည့် အစိတ်အပိုင်းလေးကိုသာ အာရုံစိုက်ပြီး ထိုအရာကိုသာ သိထားရပေမည်။ ထို့ကြောင့် အေးဂျင့်များက တစ်ကိုယ်တည်း လှုပ်ရှားကြပြီး မိမိအား ပေးအပ်ထားသော တာဝန်ကိုသာ ထမ်းဆောင်ကြ၏။
ဇီးကွက်၏ ကိုယ်ရေးအချက်အလက်များက မှားယွင်းနေခဲ့လျှင်ပင် ထိုအချက်က သူ့ဘာသာ အဓိပ္ပာယ်ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် နောက်ထပ် သံသယများ မထားသင့်တော့ပေ။
“....”
အီဝူရှင်းတစ်ယောက် အကြောင်းမဲ့ တက်လာသော ခံစားချက်များကို ထိန်းချုပ်ရင်း အသက်ရှူနှုန်းကို ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။
ထို့အပြင် ‘Bird Box’ စစ်ဆင်ရေးက ဇီးကွက်ကို အဓိကထားခြင်းမဟုတ်ဘဲ ဇီးကွက်နှင့် အိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းထားရန်ဟူသည့် အချက်အပေါ်တွင်သာ မူတည်၏။ ချဉ်းကပ်ချိန်မှစ၍ ပြန်လည်ဆုတ်ခွာရန် အမိန့်ရသည်အထိ တာဝန်က အောင်မြင်ခဲ့သည်ဟု ပြော၍ရသည်။
ထို့ကြောင့် နောက်ထပ် မစဉ်းစားသင့်တော့ပေ။
ပြောင်းလဲသွားသည့် ဇီးကွက်ကို စောင့်ကြည့်နေရန် မလိုသလို၊ အလကားနေရင်း စိတ်ရှုပ်ခံနေရန် အကြောင်းမရှိ။
အကြောင်းမရှိသော်လည်း။
“…….”
အတွေးများစွာကို ဖယ်ထုတ်ရန် ခေတ္တမျှ မျက်လုံးကို မှိတ်လိုက်ပြီးနောက် သူ လေ့ကျင့်ရေးကွင်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာထားက ခဏချင်းမှာပင် ကျင်လည်စွာ တည်ငြိမ်သွားခဲ့ပေပြီ။
တိုင်ပေါ်သို့ တက်နေသော ဟန်ဆောယောင်းကို ဘာမှမပြောဘဲ ကြည့်နေစဉ် ဘေးမှ ဂျင်ဟိုဂျယ်က ရုတ်တရက် မေးလာသည်။
“အဖွဲ့မှူး၊ အဖွဲ့မှူးရဲ့ မျက်စိထဲမှာရော ဟန်ဆောယောင်းက လှလားဗျ။”
“……ဘာ။”
“မဟုတ်ပါဘူး၊ ကျွန်တော့်မျက်စိထဲမှာပဲ အဲ့ဒီလို မြင်နေရတာလားဆိုပြီး သိချင်လို့ပါ။”
အီဝူရှင်းတစ်ယောက် မနည်းဖိနှိပ်ထားခဲ့ရသော စိတ်များက ရေလှိုင်းများအလား ပြန်တက်လာသလို ခံစားလိုက်ရသည်။ မျက်မှောင်ကြုတ်ကာ ဂျင်ဟိုဂျယ်ကို လှည့်ကြည့်လိုက်တော့ သူ၏ မျက်လုံးများထဲတွင် နှစ်သက်မှုနှင့် စူးစမ်းလိုစိတ်များက ရောထွေးလျက်ရှိနေပေပြီ။
“ဟိုတစ်ယောက်လေ…. ပြီးခဲ့တဲ့တစ်ခေါက် အပြေးလေ့ကျင့်တုန်းက ကျွန်တော့်ကို တအား စူးစူးစိုက်စိုက် ကြည့်နေခဲ့တာပါ။”
“…….”
“ဒီအတောအတွင်း ကျွန်တော့်ကို အဲ့ဒီလိုမျိုး… တစ်ခုခု လုပ်ချင်နေတဲ့ ပုံစံမျိုးနဲ့ ကြည့်တဲ့မိန်းမဆိုရင် သူက ပထမဆုံးပဲဆိုတော့… ရင်ထဲမှာ တစ်မျိုးကြီး ထူးဆန်းနေလို့ပါဗျ။”
သူက ရင်ထဲတွင် မရိုးမရွဖြစ်နေသည့်အလား လေ့ကျင့်ရေးဝတ်စုံပေါ်မှနေ၍ ရင်ဘတ်ကို ခပ်နာနာလေး ဖိကြည့်နေသည်။ အီဝူရှင်းက ချောမောလှပသော မျက်နှာဖြင့် နှုတ်ခမ်းကိုမဲ့ကာ ပြုံးလိုက်သော်လည်း နားထင်မှ သိသိသာသာ ထွက်ပေါ်နေသော သွေးကြောများက ဒေါသကြောင့် တဆတ်ဆတ် တုန်နေ၏။
“ဘာပဲပြောပြော အဲ့ဒီပုဂ္ဂိုလ်က ကျွန်တော့်ကို အရင် သဘောကျသွားတာထင်ပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း အမြဲတမ်း အကြည့်တွေကို ခံစားနေရလို့ လှည့်ကြည့်လိုက်ရင် ဟန်ဆောယောင်းက ကျွန်တော့်ကို စိုက်ကြည့်နေတာပါ။ အဲ့ဒီလို မျက်လုံးချင်းဆုံတာ……”
ဂျင်ဟိုဂျယ်က လက်ချောင်းများကို တစ်ခုချင်းစီချိုးရင်း စဉ်းစားနေသည်။ တစ်၊ နှစ်၊ သုံး၊ လေး... လက်ချောင်းများကို ဆက်တိုက် ချိုးနေစဉ် အီဝူရှင်းကမူ မည်သည့် အမူအရာမှမရှိဘဲ ထိုလက်ကိုသာ စိုက်ကြည့်နေ၏။
နောက်ဆုံးတွင် လက်ချောင်း ခြောက်ချောင်းအထိ ချိုးပြီးသွားသောအခါ ဂျင်ဟိုဂျယ်က တောင့်တင်းသွားသော မျက်နှာဖြင့် ပခုံးကိုမတ်လိုက်သည်။
“အဖွဲ့မှူး၊ ဘယ်လိုလုပ်မလဲ။ ကျွန်တော် ရည်းစားရတော့မှာလားမသိဘူး။”
“အဖွဲ့ဝင် ဂျင်ဟိုဂျယ်။”
ရုတ်တရက် စိတ်ပျက်လက်ပျက် သက်ပြင်းချသံနှင့်အတူ နောက်စေ့က အားဖြင့် ဆုပ်ကိုင်ခံလိုက်ရသည်။ ဂျင်ဟိုဂျယ်လည်း ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရသဖြင့် “အင့်…” ဟု ညည်းတွားရင်း နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်မိ၏။ လက်ချောင်း ငါးချောင်းက ဦးခေါင်းခွံကို ဖောက်ထွက်သွားမတတ် ပြင်းထန်သော အားဖြင့် ဖိညှစ်ထားခြင်းပင်။
ဘာတွေးနေမှန်း မသိရလောက်အောင် အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သော အထက်လူကြီးက ရုတ်တရက် ဒေါသထွက်လာရာ ဂျင်ဟိုဂျယ်လည်း ခါးကို မတ်မတ်ဆန့်လိုက်မိသည်။
“စိတ်မပူပါနဲ့ အဖွဲ့မှူး၊ ဘာပြဿနာမှ မတက်စေဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ ချဉ်းကပ်ပါ့မယ်။”
“အဖွဲ့ဝင် ဟန်ဆောယောင်းမှာ ယောက်ျားရှိတယ်။”
“……ဗျာ။”
“အသက်ပေးချစ်ရတဲ့ ခင်ပွန်း ရှိတယ်လို့။ ငယ်တယ်ထင်ရပေမဲ့ သူက အိမ်ထောင်သည်ပဲ။”
“…….”
“ငါ စစ်ဆေးကြည့်တော့ အိမ်ထောင်ကျတာ စောတယ်။”
အီဝူရှင်းက ကြောင်တောင်တောင် ဖြစ်သွားသော သူ၏ လက်အောက်ငယ်သားကို ကြည့်ရင်း မြွေတစ်ကောင်လို နှုတ်ခမ်းကို ကွေးရုံမျှ ပြုံးလိုက်သည်။
“ဘာလဲ၊ မယုံဘူးလား။”
“ဟုတ်၊ ဟုတ်ကဲ့....”
“တကယ်လို့ မယုံရင်လည်း သွားပြီး သူ့ယောက်ျားအကြောင်း မကောင်းပြောကြည့်လိုက်လေ။”
“ဗျာ။”
“အာ၊ သေနတ်ကိုင်ထားတဲ့ အချိန်တော့ သွေးတိုးသွားမစမ်းနဲ့ဦး။ ထင်တာထက် ပိုပြီး အစွဲအလမ်းကြီးတတ်တဲ့ပုံမို့လို့။”
“……”
ဂျင်ဟိုဂျယ်တစ်ယောက် နားမလည်နိုင်စွာ မျက်တောင်ခတ်နေရင်းမှ လန့်ဖျပ်သွားတော့သည်။
“အဲ့ဒီလို… အဲ့ဒီလို ဖြစ်စရာအကြောင်းမရှိတာကို။ အဲ့ဒီအကြည့်တွေက တကယ် အထာပေးနေတာ သေချာပါတယ်။ ကျွန်တော်က မဟုတ်မှ ကာမပိုင်ရှိပြီးသားလူကို အဲ့ဒီလို စိတ်ကူးမိပါ့မလား။ ကျွန်တော့်မှာလည်း စစ်သားစိတ်ဓာတ် ရှိပါသေးတယ်ဗျ။”
ထိုစကားကြောင့် အီဝူရှင်းက သူ့လက်အောက်ငယ်သား၏ ကုပ်ပိုးကို ခပ်ဖွဖွ ပွတ်သပ်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
“မနောက်စမ်းနဲ့။ အဲ့ဒီဟာက မင်းမျက်လုံးထဲမှာတင် လှနေတာမဟုတ်ဘူး။”
ဂျင်ဟိုဂျယ်တစ်ယောက် နားရွက်မှတစ်ဆင့် ကြက်သီးများ ဖြန်းခနဲထသွားသဖြင့် ပခုံးများ တောင့်တင်းသွားတော့သည်။
“အဲ့ဒါကြောင့် အဲ့ဒီမိန်းမက အရင် အထာပေးတာပဲ၊ အကြည့်က ဘယ်လိုဖြစ်တာပဲ ဆိုတဲ့ ပေါက်ကရစကားတွေ မပြောနဲ့တော့။ အဖွဲ့ဝင် ဂျင်ဟိုဂျယ် တစ်ယောက်တည်းကပဲ ထူးထူးခြားခြားဖြစ်နေတာ မဟုတ်လို့ တစ်ယောက်တည်း ရှေ့တိုးပြီး မှောက်လျက်မလဲနဲ့ဦးလို့။”
“……ဟုတ်ကဲ့။”
“ပြောစကားနားထောင်တော့လည်း လိမ္မာသားပဲ။”
အီဝူရှင်းက အေးစက်သော မျက်နှာဖြင့် လက်အောက်ငယ်သား၏ ခေါင်းကို ပွတ်ပေးခဲ့သည်။ ဂျင်ဟိုဂျယ်လည်း စိတ်ဓာတ်ကျကာ လေ့ကျင့်ရေးကွင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။ ထို့နောက် အပေါ်ဆုံးတွင် မြဲမြဲမြံမြံ တွဲခိုနေသော အမျိုးသမီးကိုကြည့်ရင်း အလိုလို ပါးစပ်ဟသွားတော့သည်။
“နေပါဦး၊ ဝါး…….မဟုတ်တောင် လှနေပြီးသားကို ကိုယ်လုံးကိုယ်ပေါက်ရော အားကစားစွမ်းရည်ပါ တကယ် ကောင်းတာပဲ…”
“ပါးစပ်ပိတ်ထားစမ်း။”
အီဝူရှင်းက အဖွဲ့ဝင် ဂျင်ဟိုဂျယ်၏ မေးစေ့ကို ရုတ်တရက် ရိုက်ခဲ့သည်။ ထိုဒဏ်ကြောင့် လျှာကို မှားကိုက်မိသွားသော ဂျင်ဟိုဂျယ်က မကျေမနပ်မျက်လုံးဖြင့် သူ့ကို မော့ကြည့်လာ၏။
သို့သော် အီဝူရှင်းကမူ အေးစက်နေသော မျက်နှာဖြင့် မျက်မှောင်ကြုတ်ကာ ဆောယောင်းကိုသာ မလှုပ်မယှက် စိုက်ကြည့်နေသည်။ ထိုအကြည့်က တိရစ္ဆာန်တစ်ကောင်၏ ဗီဇအတိုင်း ထက်မြက်ပြီး စူးရှလှ၏။
ဟိုဂျယ်လည်း ကြောက်စရာကောင်းသော ထိုအရှိန်အဝါကြောင့် ကိုယ်ဟန်အနေအထားကို ပြင်ပြီး အသာတိတ်တိတ်သာ နေလိုက်တော့သည်။
~~~~
အရာရှိဆောင်သို့ ပြန်ရောက်တော့ အီဝူရှင်းက တံခါးကို လော့ခ်ချပြီး နားကြပ်ကို ထုတ်၍ တပ်လိုက်သည်။ အနီရောင်မီးလေး ခေတ္တ လင်းလာပြီးနောက် စောင့်နေသည့်အလား ရွှင်မြူးသော နှုတ်ဆက်သံ ထွက်ပေါ်လာ၏။
သူက ပြတင်းပေါက် လိုက်ကာကို မကာ အပြင်ဘက်အခြေအနေကို အကျင့်ပါနေသည့်အတိုင်း အကဲခတ်လိုက်သည်။
“စုံစမ်းခိုင်းထားတာ ဘယ်လိုဖြစ်သွားပြီလဲ။”
―အာ……အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်းအကြောင်းလားဗျ။ အပေါ်ယံ စုံစမ်းတာတော့ ပြီးပါပြီ။
“ဇီးကွက်နဲ့ ဘယ်လိုပတ်သက်လဲ။”
―သိသာတဲ့ ပတ်သက်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ထိုင်းခရီးစဉ်တုန်းက ကိစ္စကြောင့် သူ့ကို တော်တော် အထင်ကြီးသွားတဲ့ပုံပါပဲ။ အဲ့ဒီနေ့ကစပြီး ဇီးကွက်ရဲ့ ကိုယ်ရေးရာဇဝင်ကို ခဏခဏ ဖွင့်ကြည့်နေပါတယ်။
“…….”
―သီးသန့်လည်း စုံစမ်းထားတဲ့ပုံပါပဲ။ တကယ် ကမ်းလှမ်းပြီးတော့ ပျိုးထောင်ပေးချင်နေတဲ့ပုံပါ။
Blast ကုမ္ပဏီက ဟန်ဆောယောင်းကို ကမ်းလှမ်းနေသည်တဲ့လား။ မနှစ်မြို့ဖွယ် သတင်းကြောင့် အီဝူရှင်း ကျုံ့ထားသော နားထင်ကို ဖိလိုက်မိသည်။
ဟန်ဆောယောင်းကို မျက်စိရှေ့မှ မောင်းထုတ်ချင်နေသော်လည်း Blast ကုမ္ပဏီက သူ့ကို ပြန်ဆွဲခေါ်နေသဖြင့် ရင်ထဲတွင် အင်မတန် မသက်မသာ ဖြစ်နေရ၏။
―အဲ့ဒါက အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်းရဲ့ ဆန္ဒလား၊ ဒါမှမဟုတ် အကျင့်လို့ပြောရမလား မသိပါဘူး။
“ဘာစကားလဲ။”
―အရင်ကတည်းက Blast ကုမ္ပဏီက အမျိုးသမီး ကိုယ်ရံတော်တွေကို တိုးမြှင့်ဖို့ အားစိုက်ခဲ့တယ်လို့ ကြားပါတယ်။ နေရာအနှံ့က သုံးစားလို့ရမဲ့သူတွေကို ခေါ်လာပြီး လေ့ကျင့်ရေးထဲ ထည့်ပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အများစုကတော့ ပိုက်ဆံ လိုအပ်နေတဲ့ တတိယတန်းစား ကစားသမားတွေလောက်ပါပဲ။
“အဲ့ဒါနဲ့။”
―……အဲ့ဒီနောက်ပိုင်းမှာ သူတို့ရဲ့ သတင်းအစအနတွေက မရေမရာဖြစ်လာပါတယ်။
“ဆက်ပြော။”
―အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်း စိန့်ပီတာစဘာ့ဂ်ကို အလုပ်ကိစ္စနဲ့ သွားတိုင်း အမျိုးသမီး ကိုယ်ရံတော်တွေကို ခေါ်သွားတတ်ပေမဲ့....ပြန်လာတဲ့အခါ သူတစ်ယောက်တည်းပဲ ပြန်လာတာပါ။
သူတို့နှစ်ဦးကြားတွင် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ ပင့်သက်ခပ်ပြင်းပြင်းကို ရှူထုတ်လိုက်သော အီဝူရှင်း၏ မျက်နှာက အေးစက်သွား၏။ စားပွဲကို ထောက်ထားသော လက်ဖမိုးပေါ်ရှိ သွေးကြောများက ထင်ထင်ရှားရှား ပေါ်လာသည်။
“အမိုက်အမဲ ဇီးကွက်က ဖြစ်ချင်တော့ ချီးလိုကြိုးကိုမှ သွားဆွဲမိတာကိုး။”
―……တကယ်ပဲ ဒါရိုက်တာ ဂန်ထယ်ဂွန်းရဲ့ မျက်စိထဲ ရောက်သွားတာဆိုရင် အဖွဲ့မှူးက ဇီးကွက်ကို မောင်းထုတ်ရင်တောင် လွယ်မှာမဟုတ်ပါဘူး။ Blast ကုမ္ပဏီက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ခေါ်မှာပါ။
အီဝူရှင်းလည်း ဘာမှမပြောဘဲ သွားကြားထဲမှတစ်ဆင့် သူ၏ ပါးစပ်အတွင်းသားကို ဖိကိုက်လိုက်မိတော့သည်။
~~~~
Miel's Translations