အပိုင်း ၆၁
ဒိုင်း၊ ဒိုင်း၊ ဒိုင်း….
ပစ်မှတ်ဗဟိုတည့်တည့်ကို အဆက်မပြတ်ထိမှန်သွားသော သေနတ်သံကြောင့် စုထိုင်နေကြသော အဖွဲ့ဝင်များ၏ ပခုံးများ ဆတ်ခနဲတုန်သွားကြသည်။
နာလန်ထူရက်သတ္တပတ် ပြီးဆုံးသွားသော အဖွဲ့ဝင်များ စုဝေးနေသည့် အိမ်တွင်း သေနတ်ပစ်ကွင်းအတွင်း၌…
သူတို့က ကျည်ကာအင်္ကျီများအပြင် ပစ်ခတ်ရာတွင်သုံးသည့် နားကြပ်များကိုပါ အခိုင်အမာ တပ်ထားကြသော်လည်း လေထုထဲမှတစ်ဆင့် ကူးစက်လာသော တုန်ခါမှုကြောင့် ခန္ဓာကိုယ်များက တစ်ချက်တစ်ချက် တွန့်ခနဲ ဖြစ်သွားကြ၏။
“မိုဇမ်ဘစ်ဂ် ဒရေးလ်ဆိုတာ ကိုယ်ကို နှစ်ချက်၊ ခေါင်းကို တစ်ချက် ပစ်ရတဲ့ ပစ်ခတ်မှု အတတ်ပညာ။”
ပစ်မှတ်၏ ခေါင်းကို တည့်တည့်ဖောက်ထွက်သွားစေခဲ့သည့် အီဝူရှင်းက အနက်ရောင် Rash guard အပေါ်တွင် ပစ္စတိုအိမ်ကို ဝတ်ဆင်ထားလျက် တည်ငြိမ်သော လေသံဖြင့် ဆက်ပြောလေသည်။
“မဆင်မခြင် head shot လှမ်းပစ်လိုက်လို့ ကံမကောင်းဘဲ မျက်နှာကိုပဲ ရှပ်ထိသွားမယ်ဆိုရင်၊ တစ်ဖက်လူကို ပြန်တိုက်ခိုက်ဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲ့ဒီလို အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ဖန်တီးထားတဲ့ နည်းလမ်းက ခန္ဓာကိုယ်ကို နှစ်ချက်၊ ခေါင်းကို တစ်ချက် ပစ်တာပဲ။”
ကျည်ဖြည့်ထားသော သေနတ်ကို ကိုင်ထားသော်လည်း သူ့ထံတွင် တုန်လှုပ်ချောက်ချားမှုကို တစ်စက်ကလေးပင် ရှာမတွေ့နိုင်ပေ။
ပေါင်ကို အသာအယာပုတ်ကာ ကျည်အိမ်ကို ထုတ်ယူလိုက်သည့် သဘာဝကျလှသော လက်လှုပ်ရှားမှုတွင် ပျင်းရိငြီးငွေ့မှုတစ်မျိုးသာ ကပ်ငြိနေသည်။ သေနတ်နှင့် လိုက်ဖက်သည်ထက် ထိုသေနတ်ပြောင်းနှင့် ပါးစပ်ထဲကို စိတ်ကြိုက်မွှေနှောက်မည့်ပုံစံမျိုး ပေါက်နေ၏။
ထိမှန်သွားသော ပျဉ်ချပ်မှ သစ်သားစလေးများ လွင့်စဉ်လာကာ ထိုကြားထဲမှ အီဝူရှင်းနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။
ထိုအခါ ခံစားချက်ကင်းမဲ့သော အကြည့်များက ဘာကြောင့်မှန်းမသိ တဖြည်းဖြည်း တောက်ပလာကာ ဆောယောင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လာ၏။
“ကျွမ်းကျင်သူဆိုရင် ကျည်သုံးတောင့်တည်းနဲ့ လူသားပစ်မှတ်ကို အင်အားချည့်နဲ့သွားအောင် လုပ်နိုင်တယ်။ မိုဇမ်ဘစ်ဂ် ဒရေးလ်ရဲ့ ရည်ရွယ်ချက်က ပြိုင်ဘက်ကို သေသေချာချာ တားဆီးဖို့။ သတ်ပစ်ပြီးတော့ဖြစ်ဖြစ် အဲ့ဒီနေရာမှာ တန့်သွားအောင်လုပ်ဖို့ ရည်ရွယ်တာ။”
“……”
“ဒါကြောင့် ကျည်အနည်းဆုံးနဲ့ တစ်ဖက်လူကို အသက်အန္တရာယ်ဖြစ်စေမဲ့ဒဏ်ရာမျိုး ရစေနိုင်တာပဲ။”
ရုတ်တရက် သူ၏စကားအဆုံးတွင် ပါဝင်လာသော ထူးဆန်းသည့် အပြုံးကြောင့် စိတ်ထဲတွင် လိပ်ပြာမလုံသလို ခံစားလာရပြီး ရင်ထဲ၌ ဗလောင်ဆူလာသည်။
ဆောယောင်းက မျက်မှောင်ကြုတ်လျက် သူ့ကို သတိထားနေသလို စိုက်ကြည့်လိုက်၏။ သို့သော် ပြင်းထန်သော ဆဋ္ဌမအာရုံက အထင်မှားရုံသာဖြစ်ကြောင်း သက်သေပြလိုက်သည့်အလား အိမ်တွင်းပစ်ကွင်းထဲ၌ အေးအေးလူလူသာ ရှိခဲ့သည်။
လေ့ကျင့်ရေးအဆုံးသတ်ခါနီးတွင် Blast ကုမ္ပဏီ၏ အဖွဲ့ဝင်အသစ်များက အယောက်နှစ်ဆယ်ခန့်သာ ကျန်ရှိတော့၏။
သူတို့က နည်းပြ ဂီထယ်မင်း၏ ဦးဆောင်မှုအောက်တွင် အားလပ်သည့်အချိန်တိုင်း အမျိုးမျိုးသော သေနတ်များကို ကိုင်တွယ်ကြည့်ခဲ့ကြပြီး ကိုယ်တိုင်ဖြုတ်ခြင်း၊ ပြန်လည်တပ်ဆင်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။ ထို့နောက် သေနတ်ကိုင်နည်းနှင့် ပစ်ခတ်ပုံ အနေအထားများကို သင်ယူကာ ဆေးရောင်ပါသော ရာဘာကျည်များဖြင့် လက်တွေ့ခံစားချက်ကို လေ့ကျင့်ခဲ့ကြ၏။
ယခုမူ နည်းပြ၏ သရုပ်ပြမှုကို ကိုယ်တိုင်ကြည့်ရှုရသည့် အဆင့်အထိ ရောက်ရှိလာခြင်းပင်…
အီဝူရှင်းက ဘာမှမပြောဘဲ ကျည်အိမ်ထဲသို့ ကျည်ဆန်များကို တစ်တောင့်ချင်း ထည့်သွင်းပြီးနောက် လက်ကို ဖြောင့်တန်းစွာ ဆန့်လိုက်သည်။ သူ၏မျက်ဝန်းများက ဆောယောင်းကို ငုံ့မိုးကြည့်နေဆဲပင်။
“....”
တစ်ပြိုင်နက်တည်းမှာပင် ရဲဘော်ရဲဘက်များ၏ အော်ဟစ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ဘယ်အရာက အရင်ဖြစ်သွားမှန်း မသိသော်လည်း တစ်ခဏအတွင်း ဆောယောင်း၏ ခန္ဓာကိုယ်က အနောက်သို့ ယိုင်သွားကာ နံဘေးတစ်လျှောက်တွင် လေးလံသော နာကျင်မှုတစ်ခု ပျံ့နှံ့သွားတော့၏။
ဒိုင်း….
ဆက်တိုက်ထွက်ပေါ်လာသည့် သေနတ်သံကြောင့် ဖန်ကွဲစများ နားထဲစိုက်ဝင်သွားသလို တဝီဝီအူသွားပြီး သတ္တုကျည်ခွံများက ကြမ်းပြင်ပေါ်သို့ တချွင်ချွင် အသံမြည်ကာ ပြုတ်ကျကုန်သည်။
နေပါဦး... ဒါက ဘာလဲ။
“တကယ်လို့ နှစ်ချက်ပစ်တာက မထိရောက်ခဲ့ရင်တောင် စိုးရိမ်မနေဘဲ တတိယမြောက်ကျည်ကို ခေါင်းဆီ အမြန်ပစ်။ နောက်ဆုံးထွက်သက်အထိ သေသေချာချာ ဖြတ်တောက်နိုင်အောင် ပြန်ချိန်တာက မိုဇမ်ဘစ်ဂ် ဒရေးလ်ရဲ့ အဓိကသော့ချက်ပဲ။”
သူက တည်ငြိမ်သော မျက်နှာထားဖြင့် သေနတ်ကို မောင်းပြန်တင်လိုက်သည်။
ငါ အခု... အဲ့ဒီကောင်ဆီမှာ အပစ်ခံလိုက်ရတာလား။
အံ့ဩလွန်း၍ ပြူးကျယ်သွားသော မျက်လုံးများ ကျုံ့သွားသည့်ခဏတွင် ရှောင်တိမ်းရန် အချိန်မရခင် နောက်ထပ် ကျည်တစ်တောင့်က ရင်ညွန့်ရိုးဆီသို့ စိုက်ဝင်သွားပြန်သည်။
အတိအကျပြောရလျှင် ကျည်ကာအင်္ကျီပေါ်သို့ဖြစ်သော်လည်း လက်သီးနှင့် နံရိုးကို ဖိခြေထားသလို မွန်းကျပ်မှုကြောင့် ခေတ္တ အသက်ရှူရ ခက်ခဲသွား၏။ ယိုင်တိယိုင်တိုင်ဖြစ်သွားသော ဆောယောင်းတစ်ယောက် ရဲဘော်ရဲဘက်များ၏ တွဲကူမှုကို ခံယူရင်း သူ့ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
တကယ် သေနတ်နှင့် အပစ်ခံလိုက်ရသဖြင့် ယမ်းနံ့များက နှာခေါင်းဝသို့ တိုးဝင်လာ၏။ အောက်ကို ငုံ့ကြည့်လိုက်တော့ ထူထူထဲထဲ ဝတ်ဆင်ထားသော ကျည်ကာအင်္ကျီပေါ်တွင် ငြင်းဆန်၍မရသော ကျည်ဆန်နှစ်တောင့် စိုက်ဝင်နေသည်။
လက်တွေ့အခြေအနေကို သတိပြုမိသွားသည့်အခါ ဦးခေါင်းခွံ ပူထွက်သွားသည့်အထိ ဒေါသများ အလိပ်လိုက်တက်လာတော့၏။
“ဘာလို့လဲ၊ နာလို့လား။”
ထိုစဉ် ဘာမှမမှုသလို ကျည်အိမ်ကို စစ်ဆေးနေသည့် လူက တစ်ချက်ကြည့်လာသည်။
“ဒါပေမဲ့ ဒါက 22 LR ကျည်ဆန်မို့လို့ အရွယ်အစားလည်း သေးသလို၊ အင်အားလည်း နည်းတယ်။ ငါတို့ အဖွဲ့ဝင် ဟန်ဆောယောင်း အညိုအမည်းမစွဲအောင် သေးပြီး ပေါ့တာလေးကို အထူးတလည် ဂရုစိုက်ရွေးလာပေးတာ။”
“……”
“စိုက်ဝင်သွားတာလည်း အမှတ်တရပဲဆိုတော့ ကျည်ခွံ ကောက်သွားမလား။”
ထိုအခါ ဆောယောင်းက ကျည်ကာအင်္ကျီကို ဒေါသတကြီး ချွတ်ပစ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူက အသက်ကို ပြင်းပြင်းရှူရင်း ယခုပဲဖြစ်ဖြစ် ပြေးဝင်တော့မည့်အလား ချဉ်းကပ်သွားသော်လည်း အီဝူရှင်းကမူ အေးအေးလူလူ မျက်နှာဖြင့် ပြုံးနေဆဲပင်။
“နည်းပြကြီး၊ အခု တကယ် လွန်သွားပါပြီ…”
“ဘာလို့လဲ၊ ဒါကိုလည်း လုပ်ငန်းခွင် နှိပ်စက်ညှဉ်းပန်းမှုလို့ ထင်နေတာလား။”
“……”
“ဒါပေမဲ့ ငါကတော့ အဖွဲ့ဝင် ဟန်ဆောယောင်းက တခြားဟာတွေထက် ကျည်ဆန်အစိုက်ခံရတာက ပိုလိုက်ဖက်မယ်ထင်ထားတာကို။”
အီဝူရှင်းက အဓိပ္ပာယ်မဖော်နိုင်သော အပြုံးဖြင့် သူ့ကို ကြည့်နေဆဲပင်။ ဆောယောင်းတစ်ယောက် ဒေါသကြောင့် မျက်နှာနီမြန်းနေသော်လည်း သူက ပထမလေသံအတိုင်းပင် စကားကို အဆုံးသတ်ခဲ့သည်။
“အဆုံးအထိ မှတ်ထား။ တကယ်လို့ ခေါင်းကို ချိန်ပစ်တဲ့ကျည်က လွဲချော်ပြီး ပါး ဒါမှမဟုတ် နားရွက်ကိုပဲ ထိသွားလို့ မအောင်မြင်ခဲ့ဘူးဆိုရင်….”
နဖူးတောက်သလို သူ၏ လက်ချောင်းများက ဆောယောင်း၏ နဖူး၊ ပါး၊ နားရွက်တို့ကို တစ်ဆင့်ချင်းစီ ထိတွေ့သွားသည်။ ထောက်ထားငဲ့ညှာမှုမရှိသော ထိုလက်အထိအတွေ့ကို မဖယ်ထုတ်နိုင်ခင်မှာပင် မာကျောသော လက်မက ဆောယောင်း၏ ညှပ်ရိုးကို အရင်ပွတ်သပ်လာ၏။
“ဒီက၊ ညှပ်ရိုးအလယ်။ လည်ပင်းရိုးကို ဖြတ်ပြီးတော့ပဲဖြစ်ဖြစ် အင်အားချည့်နဲ့အောင် လုပ်ရမှာပဲ။”
သူ့လက်မှတစ်ဆင့် အပူရှိန်များ ကူးစက်လာခြင်းလား သို့မဟုတ် နံဘေးက နာကျင်နေဆဲဖြစ်၍လားမသိ၊ ဆောယောင်း တဒင်္ဂ မလှုပ်မယှက်နိုင် ဖြစ်သွားသည်။
အဖွဲ့ဝင်များကို ပြောနေသော အီဝူရှင်းက ရုတ်တရက် အနောက်လှည့်သည့်ဟန်ဖြင့် ဆောယောင်းအား တိုးတိုးလေး ကပ်ပြောလိုက်သည်မှာလည်း ထိုအချိန်၌ပင်။
“ဟုတ်ပါရဲ့၊ ဘယ်သူက အရေးကြီးတဲ့ အစိတ်အပိုင်းကို အဲ့ဒီလိုမျိုး အကာအကွယ်မရှိပြထားပြီး လျှောက်သွားလို့လဲ။”
ဒါက... ဘယ်လိုကြည့်ကြည့် ညှပ်ရိုးအကြောင်း ပြောနေတာမဟုတ်ဘူး ထင်တယ်…
ဆောယောင်းတစ်ယောက် ထူးဆန်းသော ခံစားချက်ကြောင့် မျက်မှောင်ကြုတ်မိရုံသာ တတ်နိုင်တော့သည်။
~~~~
အချိန်များက မြားတစ်စင်းလို ကုန်လွန်သွား၏။
ဆောယောင်း တောင်တက်ခရီးပါ အပြီးသတ်ပြီး ပြန်လာချိန်တွင် လေ့ကျင့်ရေး ၉ ပတ်မြောက်သို့ ရောက်ရှိလာချေပြီ။
သူတို့က ပင်လယ်ကမ်းခြေအနီးရှိ လေ့ကျင့်ရေးစခန်းမှ ပြောင်းရွှေ့ကာ ဒေါ့ယူတောင်၊ မင်ဂျူဂျီတောင်၊ ယောင်းဒုံ၊ ဆော့ဂ်ရီတောင်၊ မွန်းဒေါ့တောင်၊ ဘဲ့ဟွာတောင်၊ ဂုံးဒေါ့တောင်၊ ဒန်ယန်းတို့ကို ဖြတ်ကျော်ရသည့် ပြင်းထန်သော အစီအစဉ်များကို အကုန်ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြသည်။
စစ်ဖိနပ်များ ပေါက်ပြဲသွားခြင်းမှာ ထမင်းစားရေသောက်သလိုပင် ဖြစ်နေပြီး၊ ခြေထောက်များ အားပြတ်ကာ မြောင်းထဲသို့ ခဏခဏ ပြုတ်ကျတတ်သော်လည်း တစ်ဦးတစ်ယောက်မျှ ကျန်မနေဘဲ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ကြ၏။
နည်းပြ အီဝူရှင်းက “စစ်သည်ဆိုတာ မနားတမ်း လမ်းလျှောက်တာကို ကျွမ်းကျင်ရမယ်၊ ဒါမှ အရေးပေါ်အခြေအနေမှာ ထွက်ပြေးရရင်လည်း အဆင်ပြေမှာ” ဟု ခရီးကြမ်းနှင်ခြင်း၏ အနှစ်သာရကို အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သော်လည်း ဆောယောင်းကမူ ထိုအချိန်တိုင်း စိတ်ထဲမှ ကန့်ကွက်နေခဲ့သည်။
ဘဝမှာ ထွက်ပြေးစရာကိစ္စတွေက ဘယ်လောက်များ များနိုင်မှာမို့လို့လဲ။
အာ၊ ဟုတ်သားပဲ...တစ်နေ့ကျရင် ငါက အဲ့ဒီကောင်ကို အနောက်ကနေ အလစ်တိုက်ခိုက်ပြီး ထွက်ပြေးဖို့ အခုကတည်းက သေသေချာချာ သင်ထားရမယ်။
ဆောယောင်းက ထိုကဲ့သို့ ပုန်ကန်လိုသောအတွေးများဖြင့် သူဘာပြောပြော နှုတ်ခမ်းကိုသာ စူထားခဲ့သည်။
သူတို့ခမျာ လမ်းဟူ၍ အစအနပင်မရှိသော နေရာများကို တစ်နေကုန် လျှောက်ခဲ့ရပြီး၊ တောင်တက်လမ်း ပို၍ကြမ်းတမ်းလာသော ကျောက်ဆောင်ဒေသများကိုလည်း ဖြတ်ကျော်ခဲ့ရ၏။ လမ်းကြောင်းက အလွန်ခက်ခဲလှသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ခြေထောက်များ ရောင်ကိုင်းလာကာ၊ အရည်ကြည်ဖုများ ထွက်ပေါ်လာ၍ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်တော့ပေ။
ထိုသို့ဖြစ်သည့်အချိန်တိုင်း အီဝူရှင်းက အပြင်၌ အိပ်နေသော ဆောယောင်းထံသို့ ရောက်လာကာ ခြေဖဝါးမှ အရည်ကြည်ဖုများကို ကိုယ်တိုင် ဖောက်ပေးတတ်သည်။ အပ်နှင့် အညှာအတာမဲ့စွာ ထိုးဖောက်သည့် လက်အထိအတွေ့က ရက်စက်သော်လည်း ခြေချင်းဝတ်ကို ဂရုတစိုက် ကိုင်ထားသည့် ကိုယ်ငွေ့ကမူ တစ်စုံတစ်ယောက်နှင့် ဆင်တူနေ၏။
အဓိပ္ပာယ်မရှိသော ထိုအတွေးကြောင့် ဆောယောင်းတစ်ယောက် အိပ်ချင်စိတ်ပါ ပျောက်သွားရသလိုပင်။ ဆောယောင်းလည်း စိတ်လှုပ်ရှားနေသော မြင်းမလို သူ၏ တောင့်တင်းသောရင်အုပ်ကို အကြောက်အကန် ကန်ထုတ်ပစ်လိုက်သည်။
မိမိ၏ ခင်ပွန်းကို ခန့်မှန်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းနှင့်စံနှုန်း ဤကဲ့သို့ ဝေဝါးသွားရခြင်းက စိတ်မသက်မသာဖြစ်စရာကောင်းလှသလို စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေ၏။
အဲ့ဒီတုန်းက အီဝူရှင်းရဲ့ တုံ့ပြန်မှုက ဘယ်လိုမျိုးပါလိမ့်…
အကိုင်ခံထားရတဲ့ ခြေထောက်တွင် ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခု ပျံ့နှံ့သွားသည့် မှတ်ဉာဏ်သာရှိတော့သည်။
ယင်းက အပ်ကြောင့်လား၊ သို့မဟုတ် အခြားတစ်ခုခုကြောင့်လားဆိုသည်ကိုမူ အိပ်ပျော်နေ၍ သေချာမသိသော်လည်း နာကျင်မှုနှင့်အတူ အသားထဲသို့ ထိတွေ့ခဲ့သည့် စိုစွတ်သောအပူရှိန်က ထင်ရှားလှ၏။
“ဒီအတောအတွင်း အားလုံး ပင်ပန်းသွားကြပါပြီ။”
“……”
ထို့နောက် ခရီးကြမ်းနှင်ပြီး ပြန်ရောက်လာသော အဖွဲ့ဝင်များအတွက် နောက်ဆုံးတွင် ပြီးဆုံးမှတ်ကို ချမှတ်ပေးလာတော့သည်။
“Blast ရဲ့ အခြေခံလေ့ကျင့်ရေးအစီအစဉ်က ဒီနေ့ကစပြီး တရားဝင် ပြီးဆုံးပြီ။ မင်းတို့အားလုံး အခုဆိုရင် သင်တန်းဆင်းတွေအနေနဲ့ Blast ရဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေမှာ အသီးသီး ခန့်အပ်ခံရတော့မှာပဲ။ ဒီအထိရောက်အောင် လာခဲ့ကြတဲ့အတွက် တကယ် ချီးကျူးဂုဏ်ပြုပါတယ်။”
နောက်ဆုံးတွင် ဤစကားတစ်ခွန်းကို ကြားနိုင်ရန်အတွက် ကြောက်စရာကောင်းလှသည့် ထိုနှစ်လတာကို အောင့်အည်းသည်းခံခဲ့ရခြင်းပင်။
တောင်အောက်တွင် အားပြတ်လုနီးပါး စုဝေးနေကြသော အဖွဲ့ဝင်များ၏ မျက်နှာတွင် ဖော်ပြ၍မရသော အောင်မြင်မှုအရသာက တောမီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။
ပြီးပြီ……အခု စိတ်ပျက်စရာကောင်းတဲ့ ဒီအဝတ်တွေကို ချွတ်ပြီး အပြင်ကို ထွက်သွားလို့ရပြီ……
ရင်ထဲတွင် အောင်နိုင်မှုအရသာများ ပြည့်လျှံလာသဖြင့် ဆောယောင်း၏ ခြောက်ကပ်နေသော မျက်နှာတွင်လည်း အရောင်အသွေးများ ပြန်လည် ထင်ဟပ်လာ၏။
သူက ယခုတင် ကျည်ဖြည့်ထားသော ပစ္စတိုတစ်လက်လို မိမိကိုယ်ကိုယ် အသင့်ဖြစ်နေပြီဟု ခံစားမိသည်။ နာကျင်ပင်ပန်းစရာအချိန်များ ဖြစ်ခဲ့သော်လည်း ပင်ပန်းရသလောက် ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ နည်းစနစ်၊ ဗဟုသုတ၊ တိုက်ခိုက်ရေးစွမ်းရည် စသည့်နယ်ပယ်အားလုံးတွင် အင်မတန် အဆင့်အတန်းရှိလာ၏။ ထမင်းချက် အစ်မကြီးအဖြစ် ဤကုမ္ပဏီသို့ ပထမဆုံး ခြေချခဲ့စဉ်ကနှင့် လုံးဝ ခြားနားသွားပေပြီ။
ထိုစဉ် ဘေးနားရှိ ဒုံဂျီဝူးက ရုတ်တရက် ရေအေးနှင့်ပက်သလို တိုးတိုးလေး ရေရွတ်ခဲ့၏။
“ဒါပေမဲ့ ၉ ပတ်မြောက်ပဲ ရှိသေးတာလေ။”
“ဘာကလဲ။”
“ငါတို့ လေ့ကျင့်ရေးလေ။ ၁၀ ပတ်မြောက်က နောက်ဆုံးလို့ ထင်တာကို……”
“……”
“ဒါဆိုရင် တစ်ပတ် ကျန်သေးတာပေါ့။”
ထိုစကားအဆုံးမှာပင် အီဝူရှင်း၏ နက်ရှိုင်းသောအသံက နားထဲသို့ ရောက်ရှိလာသည်။
“အခြေခံလေ့ကျင့်ရေးကို အောင်မြင်ပြီးတဲ့ အဖွဲ့ဝင်တွေက နောက်ဆုံး စမ်းသပ်ချက်တစ်ခုကနေတစ်ဆင့် အထူးလုံခြုံရေးအဖွဲ့ထဲကို ဝင်ရောက်နိုင်ခွင့်ရှိမယ်လို့ အစကတည်းက ပြောထားပြီးသားဖြစ်မှာပါ။”
“……”
တိတ်ဆိတ်နေသော အဖွဲ့ဝင်များကြားတွင် ဆူညံသံများ တစ်ခဏအတွင်း ပျံ့နှံ့သွားတော့သည်။ ထိုအခါမှသာ သူတို့ကို စောင့်ကြိုနေသည့် နောက်ဆုံးတစ်ပတ်က ဘာမှန်း အားလုံး ရိပ်မိသွားကြပုံပင်။
“ရိုးရိုးရှင်းရှင်းလေးပဲ။ မင်းတို့တွေ အခုကစပြီး နည်းပြကို ဖမ်းရမှာ။”
“……”
“ဒါပေမဲ့ အဖွဲ့ဝင်တွေနဲ့အတူ တောင်ထဲကို ဝင်သွားမဲ့ နည်းပြကတော့ နှစ်ယောက်တည်းပဲ။ အဲ့ဒီနည်းပြကို အရင်ဆုံး အရှင်ဖမ်းနိုင်တဲ့အဖွဲ့ဝင်က အထူးလုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့ဝင်သစ်အဖြစ် ဝင်ခွင့်ရမှာ။”
ထိုအချိန်တွင် တိုင်ပင်ထားသလို အီဝူရှင်းနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။ သူက ခန့်ညားစွာပြုံးပြရင်း သူ၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ညွှန်ပြခဲ့၏။ သူကသာ ထိုပစ်မှတ်ဖြစ်ကြောင်း အသိပေးနေသည့်အလား။
“အာ….ဒါနဲ့ ငါ့ကို ဘယ်လိုများ ဖမ်းမလို့လဲ။”
သူက လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ယှက်ထားလျက် မျက်လုံးများကို ဆွဲဆောင်မှုရှိရှိ မှေးစင်းခဲ့သည်။ ဒေါသကိုဆွနေသည့် အပြုအမူကြောင့် ဆောယောင်းက ဘာမှမပြောဘဲ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။
“နည်းပြကတော့ အဖမ်းခံဖို့ တစ်စက်ကလေးတောင် စိတ်ကူးမရှိဘူးနော်။”
ထိုစကားကြောင့် ဘာကြောင့်မှန်းမသိ ရင်ထဲတွင် ဗြောင်းဆန်လာရသည်။ ဤသို့ဆိုလျှင် အီဝူရှင်းကို ဆရာလုပ်ပြီး ပြောခဲ့သမျှက အလကားဖြစ်သွားတော့မည် မဟုတ်ပါလား။ မိမိကိုယ်တိုင်လည်း ယခု မိမိ၏ ဒဏ်ရာများကို သူ့အပေါ် ထင်ဟပ်နေမိခြင်းပင်။
အဖမ်းခံဖို့ စိတ်ကူးမရှိဘူးတဲ့လား...
ဒေါသထွက်ကာ ဆာလောင်မွတ်သိပ်နေသော အကြည့်များက အေးအေးလူလူ ပြုံးနေသော လူထံသို့ ပြင်းထန်စွာ ကပ်ငြိသွားလေသည်။
ဆီးနှင်းမုန်တိုင်းကြီး ကျရောက်လာပေတော့မည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၅၈ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။