no

Font
Theme

အပိုင်း ၆၀

-…အစ်မ၊ ကောင်းကောင်းအသက်ရှင်နေသေးရဲ့လား။”

ဖုန်းထဲမှ ကြားလိုက်ရသည့် အသံဩဩကြောင့် တစ်မျိုး ထူးဆန်းသွားသလိုပင်။

တကယ်ပဲ ဒါက ဘယ်သူပြောရမဲ့စကားလဲ……

ဆောယောင်းတစ်ယောက် ဦးအောင်အပြောခံလိုက်ရသဖြင့် တစ်ချက် ပြောစရာစကားပျောက်သွားခဲ့သည်။

နှစ်လနီးပါး လေ့ကျင့်ရေးစခန်းထဲ၌သာ အောင်းနေခဲ့ရ၍လားမသိ၊ တစ်စုံတစ်ခုက လက်တွေ့မဆန်သလို ထူးဆန်းနေ၏။ လည်ပင်းတွင် ပတ်တီးအထပ်ထပ်နှင့် သေလုမျောပါး လဲလျောင်းနေခဲ့သော ချန်နာကို တွေ့ခဲ့ရသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်တစ်ခုလိုပင်။

အသက်ရှင်နေ၍ တော်သေးသည်ဟု တွေးမိသော်လည်း သွေးမရှိဘဲ ဖြူဖျော့နေသည့် နှုတ်ခမ်း၊ တင်းတင်းစေ့ထားသည့် မျက်လုံးများနှင့် ဂျောင်ဖီလ်ဂယူ၏ နာကြည်းနေသောမျက်နှာထားကို မြင်ယောင်မိတိုင်း ရင်ထဲတွင် တစ်စုံတစ်ခုက စူးခနဲ ဖြစ်သွားတတ်သည်။

-အဲ့ဒီမှာ Blast အဖွဲ့ဝင်တွေနဲ့ လုံးထွေးပြီး လေ့ကျင့်နေတယ်ဆို။”

“…….”

ဆောယောင်း မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်သည်။

မိမိကိုယ်တိုင် မည်သည့်နေရာတွင် ရပ်နေမှန်းကိုပင် သတိမပြုမိလောက်အောင် အာရုံများက ထုံထိုင်းနေ၏။

မကြာမီ အဆောင်အတွင်းမှ ဆူညံသံများ သူ့နားထဲသို့ တဖြည်းဖြည်း တိုးဝင်လာသည်။ စင်္ကြံလမ်းအလယ်တွင် ကြောင်စီစီ ရပ်နေသော သူ့ကို ရေချိုးခြင်းတောင်း ကိုင်သွားသည့် အဖွဲ့ဝင်အချို့က တအံ့တဩ လှည့်ကြည့်သွားကြ၏။

-ဟယ်လို။ အစ်မ၊ မဟုတ်မှ ပင်ပန်းလွန်းလို့ မေ့လဲသွားတာလား။

“အဲ့ဒီလိုဆိုရင်တောင် ငါက နေ့တစ်ဝက်အတွင်း ပြန်နိုးလာတာနော်။”

ခြေတစ်လှမ်းလှမ်းပြီး ဘာမှမဟုတ်သလို ပြန်ဖြေလိုက်တော့ ချန်နာက တိုးတိုးလေး ရယ်ခဲ့သည်။

-အခြေအနေတွေကိုတော့ ခဲအိုဆီကနေ အကုန်ကြားပြီးပါပြီ။

“အဲ့ဒါက…တကယ်တော့ ကုမ္ပဏီကနေ အထုတ်ခံလိုက်ရတာကို အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်းကပဲ အရင်ဆုံး ကမ်းလှမ်းလာလို့။”

-အဲ့ဒါကို မဟုတ်ဘဲ အစ်မ ကျွန်မကို ကယ်ခဲ့တဲ့အကြောင်းကို ပြောတာ။

“……”

-ကျေးဇူးတင်ပါတယ်၊ ကျွန်မ အကုန်မှတ်မိတယ်။

“…….”

-အဲ့ဒီတုန်းက… အစ်မ ဘယ်လိုမျက်နှာထားမျိုးနဲ့ ကျွန်မဘေးမှာ ရှိပေးခဲ့သလဲဆိုတာ။ အဲ့ဒါကြောင့် ကျွန်မ တစ်စက်ကလေးမှ မကြောက်ခဲ့ပါဘူး။

ဤကဲ့သို့ တစ်ဖက်သတ် ကျေးဇူးတင်စကားမျိုးက သူနှင့် လုံးဝ မရင်းနှီးလှသဖြင့် ကိုယ်နှင့်မတော်သည့် အဝတ်အစားကို ဝတ်ထားရသလို နေရခက်လှသည်။

ဘာကြောင့်မှန်းမသိ နားများကလည်း ရှိန်းတိန်းရှိန်းတိန်း ဖြစ်လာသဖြင့် ဆောယောင်းတစ်ယောက် ပူနွေးလာသော သူ့နဖူးကို ကုတ်ခြစ်ရင်း နေရာရွှေ့လိုက်၏။

“ငါ ထွေထွေထူးထူး လုပ်ပေးခဲ့ရတာလည်း မရှိပါဘူး။ အဲ့ဒီအချိန်မှာ နည်းပြ အီဝူရှင်း၊ အဲလေ၊ ချန်နာတို့ အဖွဲ့မှူးကပဲ အကုန်လုံးကို အသေးစိတ် ညွှန်ကြားပေးခဲ့လို့ အသိစိတ်ကပ်သွားတာ။ ချန်နာ၊ တကယ် အန္တရာယ်များခဲ့တာပါ။”

ထိုသို့ ပြောလိုက်သည်နှင့် အီဝူရှင်းကို အလိုလို မြင်ယောင်လာမိသည်။

အံ့ဩစရာကောင်းလောက်အောင် ယုံကြည်မှုအပြည့်ရှိနေသော မျက်လုံးများနှင့် ခိုင်မာပြတ်သားသော အသံ။ ထိုအရာကပင် ဆောယောင်း၏ နှလုံးကို တစ်ဖန်ပြန်လည် တုန်ယင်စေခဲ့ပြန်သည်။

အားလုံးက လက်လျှော့ခဲ့ကြတဲ့ ငါ့ယောက်ျားကို၊ အဲ့ဒီလူတစ်ယောက်တည်းကပဲ ရှာပေးမယ်တဲ့….ဂင်ဟျွန်းက ဘယ်လိုလူမှန်းတောင် မသိဘဲနှင့် လိုလိုလားလား ရှိနေတာတဲ့​လေ။

ထိုအကြောင်းကို ပြန်တွေးမိတိုင်း စိတ်က ယိမ်းယိုင်သွားသော်လည်း ဆောယောင်း ခေါင်းကို အမြန်ခါလိုက်သည်။ အကယ်၍ ထိုကမ်းလှမ်းမှုကိုသာ ကြိတ်မှိတ်လက်ခံလိုက်ပါက ရှေ့ဆက်လုပ်မည့် ကိစ္စများတွင် မလိုအပ်သော ဟန့်တားနှောင့်ယှက်မှုများသာ ကြုံလာရမည်မှာ အသေအချာပင်။

-အဲ့ဒီလိုဆိုပေမဲ့လည်း အစ်မရယ်……

ထိုစဉ် ဖုန်းထဲမှ သတိထားပြောဆိုနေသည့်အသံ ထွက်ပေါ်လာသည်။

အဲ့ဒါနှင့်တောင် ဘယ်လိုများ ကိုယ့်လည်ပင်းကိုယ် ရှောရှောရှုရှု လိုလိုလားလား ကမ်းပေးနိုင်မည်နည်း။ ဆန့်ကျင်ဘက်ဆိုလျှင်မူ မသိသော်လည်း။

-အစ်မက ကျွန်မရဲ့ ကျေးဇူးရှင်ပါ။ တစ်သက်လုံး ဘေးမှာနေပြီး ကျေးဇူးဆပ်ရင်တောင် မလောက်ပါဘူး။

ဟုတ်တယ်၊ ဆက်ဆက် အဲ့ဒီလိုပဲ……

-ကျွန်မ အသက်ကို ကယ်ပေးရုံတင်မကဘဲ ကျွန်မရဲ့ မိသားစုကိုပါ ကယ်ပေးခဲ့တာပါ။ ကျွန်မက ရှေ့လျှောက် အစ်မရဲ့ ခြောက်ချောင်းမြောက် လက်ချောင်းလေးအဖြစ်နဲ့ ကျန်ရှိနေတဲ့ ဘဝကို ပြောင်ပြောင်မြောက်မြောက် ရှင်သန်သွားချင်ပါတယ်။

အရင်ဆုံး အရှုံးပေးသလို ဝင်ပြီးတော့…… ဘာ။

-ကျွန်မက အစ်မရဲ့ သပိတ်လွယ်ငှက်လေး ဖြစ်ပေးမယ်လို့ ပြောတာပါ။

အားတက်သရော အော်လိုက်သည့် ဩရှရှအသံကြောင့် ဆောယောင်း ဖုန်းကို နားမှ အနည်းငယ် ခွာလိုက်ရသည်။

“အဲ့ဒါက ဘာကို……”

-မဟုတ်မှ သပိတ်လွယ်ငှက်ကို မကြိုက်လို့လားဟင်။ သူတို့က မြင်ရုံနဲ့တင် ကံကောင်းစေသလို ကွဲကွာနေတဲ့ချစ်သူချင်း ပြန်ဆုံစေမဲ့တံတားအထိပါ ဆောက်ပေးနိုင်တာနော်။

ယိုင်တိယိုင်တိုင်နှင့် ဝင်လာခဲ့သော အဆောင်အတွင်း၌ တီဗွီသံသာ ဆူညံနေကာ အဖွဲ့ဝင်များ​ကမူ ပင်ပန်းလွန်းသဖြင့် သေလူလို ခွေလိမ်လျက် အိပ်ပျော်နေကြပေပြီ။

ဆောယောင်း သက်ပြင်းချရင်း နဖူးကို ကုတ်ခြစ်လိုက်မိ၏။

“ချန်နာ၊ အဲ့ဒီလိုစကားတွေကို ဘယ်နေရာမှာဖြစ်ဖြစ် လက်လွတ်စပယ် ပြောလို့မဖြစ်ဘူးနော်။ ချန်နာကို အရည်အချင်းရှိမှန်းသိတဲ့ လူဆိုးတွေက ကျိန်းသေပေါက် အသုံးချဖို့ပဲ အရင်စဉ်းစားကြမှာ။”

-တခြားနေရာမှာတော့ ဒီလိုမျိုးတွေ မပြောပါဘူး။

“အခု ပြောလိုက်ပြီလေ။”

-…ရှင်။

“လူဆိုးတွေက ချန်နာရဲ့ လည်ပင်းဆိုဒ်ကနေ အရင်ကြည့်ကြမှာမို့လို့။”

ဟုတ်တယ်….။ ငါက လည်ပတ်ကြိုးကို ကိုင်ချင်တာ၊ အပတ်ခံချင်တာ မဟုတ်ဘူး။

ဆောယောင်း အေးစက်စွာ ပြုံးရင်း အီဝူရှင်း၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော မျက်နှာကို မြင်ယောင်လိုက်သည်။

သို့သော် သူ့ကိုသာ အသုံးချနိုင်မည်ဆိုလျှင် သိပ်ကောင်းပေမည်။ ဆေးပေးခန်းမှ ထွက်လာသည့် အချိန်မှစ၍ ဆောယောင်း တရစပ် တွေးတောနေခဲ့သည့် အကြောင်းအရာပင်။ သူက နူးညံ့ချိုသာဟန်ဆောင်ကာ စကားစလိုက်သည်။

“အဲ့ဒီအစား ငါက ထမင်းလည်းကျွေးပြီး၊ ရေလည်းတိုက်ပါ့မယ်။”

-…ရှင်။

“ဆေးရုံကဆင်းရင် ငါတို့အိမ်မှာ ခဏလောက် လာနေမယ်ဆိုရင်ရော ဘယ်လိုလဲ။ အိမ်ရဲ့ လျှို့ဝှက်နံပါတ်ကိုလည်း ပြောပြမယ်။ ပြတင်းပေါက်မှာ သံတိုင်တွေလည်း မရှိဘူး။ အချိုပွဲလည်း ကျွေးဦးမှာ။”

-…….

ပြန်ဖြေသံ မရှိတော့သဖြင့် ဆောယောင်း၏ မျက်ခုံးများ ပင့်တက်သွားသည်။

“ဒါနဲ့ ဘာလို့ ငါ့ဆီကို အရင် ဖုန်းဆက်တာလဲ။”

-……တူ၊ တူ၊ တူ။

“ပါးစပ်နဲ့ သရုပ်ဆောင်မနေပါနဲ့။”

ဆောယောင်းက ‘မိမိပိုင်ဆိုင်သည့် အရာ’ အပေါ် ပျော့ကွက်ရှိစမြဲပင်။ မိမိကို အသုံးချချင်နေသည့် လူထက်၊ သနားစရာကောင်းလောက်အောင် ကိုယ့်ဖဲချပ်အားလုံးကို ပြပြီး ချဉ်းကပ်လာသည့် လူကို မြင်ရလျှင် ကြာနှောင်းလှပြီဖြစ်သော သူ၏ လစ်ဟာမှုများ ပြည့်နှက်သွားသလိုပင်။

ထို့ကြောင့်ပင် အသည်းနှလုံးကို ထုတ်ပေးမတတ် ပြုမူခဲ့သော ဂင်ဟျွန်းအပေါ် ထိုမျှအထိ စွဲလမ်းခဲ့ရခြင်း ဖြစ်ပေမည်။ သူက ချန်နာ၏ ရယ်သံကို နားထောင်ရင်း ဖုန်းကိုသာ တင်းတင်းဆုပ်ထားမိတော့သည်။

ထိုစဉ် ဟောက်သံများသာ ဖုံးလွှမ်းနေသော အဆောင်အတွင်း၌ သေသပ်ပြီး စူးရှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ TV ဖန်သားပြင်မှ ထွက်ပေါ်လာသည့် အလင်းမှိန်မှိန်က အမှောင်ဖုံးနေသော အခန်းကို လင်းလက်သွားစေ၏။

『 သားဖြစ်သူ၏ အငြိမ်းစားယူခအတွက် ဆောရင်ဒုံဂိုဏ်းထံမှ ဝမ် ၅ ဘီလီယံ လာဘ်ယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသော အမတ်ဟောင်း ဘတ်ဂွမ်ဒူအား ပထမအကြိမ် တရားရုံးက အပြစ်မရှိကြောင်း စီရင်ချက်ချလိုက်သည်။ ……တရားသူကြီးက သားဖြစ်သူမှာ အမတ်ဟောင်းဘတ်နှင့် သီးခြားလွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းမှု ပြုခဲ့ခြင်းဖြစ်ပြီး၊ ထိုငွေကို ဖခင်ထံသို့ လွှဲပြောင်းပေးခြင်းဖြစ်စေ၊ ဖခင်အတွက် အသုံးချခဲ့ခြင်းဖြစ်စေ မရှိသဖြင့် လာဘ်ငွေအဖြစ် သတ်မှတ်ရန် ခက်ခဲကြောင်း နိဂုံးချုပ်လိုက်သည်……』

နုနယ်ပြီး သနားစရာကောင်းတဲ့ ချန်နာ။ အဲ့ဒါကို ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ။ ငါက အားနာတတ်တဲ့ အမျိုးအစား မဟုတ်တာကို။

တစ်ယောက်ယောက်က ငါ့အပေါ်မှာ အကြွေးတင်စိတ် ရှိနေတယ်ဆိုရင် အတိုးပါ ပြန်တောင်းရမှာ မဟုတ်ဘူးလား။

လခြမ်းပုံစံ ကွေးသွားသော ဆောယောင်း၏ မျက်လုံးများက TV ဖန်သားပြင်မှ ခွာမရနိုင်အောင် ရှိနေတော့သည်။

“ချန်နာ၊ ၁၆ နှစ်တုန်းက ဘဏ်ဓားပြတိုက်ခဲ့ဖူးတယ်ဆို။”

~~~~

-……အခု အသိစိတ်မှ ကပ်သေးရဲ့လားဗျ။”

ဖုန်းထဲမှ ကုလားထိုင်ဘီးများ ပြင်းပြင်းထန်ထန် လိမ့်သွားသော အသံကို ရှင်းလင်းစွာ ကြားနေရသည်။ နားကြပ်ထဲမှ ကြားနေရသော ဝန်ချန်း၏ အသံက တုန်ယင်နေ၏။

-ဘာ၊ ဘာလုပ်မယ်။ အဖွဲ့မှူး၊ အခု ကျွန်တော့်ကို ဘာခိုင်းလိုက်တယ်။

“နားမလည်ဘူးလား။”

-အဖွဲ့မှူး…

ဒုတိယအကြိမ်မြောက် အနားယူချိန်ရသော အဖွဲ့ဝင်များက ငတ်မွတ်နေသလို အိပ်စက်ခြင်းကိုသာ အရင်ဆုံး အားရပါးရ ဖြည့်ဆည်းခဲ့ကြသည်။ သူတို့က ထမင်းပင် မစားနိုင်ဘဲ နာရီပေါင်း ၃၀ ကျော် တစ်ဆက်တည်း အိပ်စက်ခဲ့ကြပြီး ပြန်နိုးလာချိန်တွင်လည်း စာသင်ခန်းထဲ၌ထိုင်၍ ပို့ချမှုများ ပြန်လည် နားထောင်ခြင်းနှင့် ဆေးပေးခန်းသို့ သွားရောက်ခြင်းတို့ကိုသာ ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့ကြ၏။

ထိုသို့ ရက်အနည်းငယ် ကုန်လွန်ပြီးသည့်နောက်တွင်မူ အဖွဲ့ဝင်များက စစ်ဖိနပ်များကို ပြန်စီးကာ လေ့ကျင့်ရေးကွင်းအတွင်း လမ်းလျှောက်ရင်း တောင့်တင်းနေသော ခန္ဓာကိုယ်များကို ဖြေလျှော့နေကြပေပြီ။ ခေါင်မိုးပေါ်သို့ တက်လာသော အီဝူရှင်းက တိုက်ခတ်လာသည့် လေစိမ်းကို အတိုင်းသားခံရင်း လေ့ကျင့်ရေးကွင်းအောက်သို့ ငေးကြည့်နေ၏။

အစတွင် ၂ ကီလိုမီတာလောက် ပြေးရုံနှင့် မေ့လဲမတတ် မောဟိုက်နေခဲ့သော ကောင်များက ယခုမူ အနေအထား တည်ငြိမ်နေပေပြီ။

လေ့ကျင့်ရေးဆင်းချိန် ရောက်လာလျှင် ၁၀ ကီလိုမီတာကို အရှိန်အကုန်မြှင့်ပြီး ပြေးစေကာမူ ဝန်မဖြစ်လောက်အောင် ကြံ့ခိုင်မှုက တိုးတက်နေပေလိမ့်မည်။

အီဝူရှင်းတစ်ယောက် ထိုလူအုပ်ထဲမှ ဟန်ဆောယောင်းကို ချက်ချင်း ရှာတွေ့သွား၏။ ဘေးမှ အဖော်နှင့် ဘာတွေပြောနေသည်မသိ၊ ပြုံးရွှင်သော မျက်နှာဖြင့် အချင်းချင်း ပခုံးကို ရိုက်ကာ ပြေးလွှားနေကြသည်။ သူ၏ အကြည့်များက အေးစက်စွာ နစ်ဝင်သွားတော့၏။

“အရပ် ၁၈၈ စင်တီမီတာ၊ ကိုယ်အလေးချိန် ၈၀ ကီလိုရှိတဲ့ အမျိုးသား အလောင်းတစ်လောင်း ရှာထားလိုက်။ အမြင့်က ပြုတ်ကျတာပဲဖြစ်ဖြစ် တစ်ခုခုကြောင့် အောက်ပိုင်းက မမှတ်မိနိုင်အောင် ပျက်စီးနေရင် ပိုကောင်းမယ်။”

-……နေပါဦး၊ မဟုတ်ပါဘူး။ ကျွန်တော် သိချင်တာက သာမန်အတိုင်း အလောင်းအကြောင်း ပြောနေရင်း ဘာလို့ ရုတ်တရက်ကြီး ဂင်ဟျွန်းရဲ့ Mask ကို ရှာခိုင်းရတာလဲလို့……တကယ်ပဲ ဇီးကွက်ကို ဘာလုပ်ဖို့ ကြံနေတာလဲဗျ……စစ်ဆင်ရေးက အကုန်ပြီးသွားပြီ မဟုတ်ဘူးလား။

“ငါလည်း အဲ့ဒီလိုပဲ ထင်ခဲ့တာပေါ့။ အကုန်လုံး ပြီးပြတ်သွားပြီဆိုပြီး။”

-အဲ့ဒါကို။

“ငါတို့ မှားသွားတာ၊ ဝန်ချန်းရ။”

အီဝူရှင်းက သူ့ပါးသူ ပွတ်သပ်ရင်း ခပ်ရေးရေး ပြုံးလိုက်သည်။ ဆောယောင်းကို ယခင်လို ထိန်းချုပ်ရန် ကြိုးစားခဲ့သည့် ကိစ္စက လုံးဝ ပျက်စီးသွားပေပြီ။ သူပြောသမျှကို ယုံကြည်တတ်သည့် မိန်းမက ယခု မရှိတော့ပေ။

ဇီးကွက်ကို ထိန်းချုပ်၍ရခဲ့သော်လည်း ဟန်ဆောယောင်းကိုမူ မရတော့။ ဇီးကွက်က ပြိုလဲပျက်စီးလွယ်ပုံရသော်လည်း ဟန်ဆောယောင်းကမူ ငရဲရက်သတ္တပတ်ကို ခံနိုင်ရည်ရှိသည့် ခေါင်းမာသူပင်။

ဇီးကွက်က သူ့ဇနီးဖြစ်ခဲ့သော်လည်း ဟန်ဆောယောင်းကမူ သူ့အမျိုးသမီး မဟုတ်ဟု ဆို၏။ ထို့ကြောင့် ထိန်းချုပ်ခြင်းဆိုသည်မှာ ဇီးကွက်အတွက်သာ အလုပ်ဖြစ်မည့် နည်းလမ်းဖြစ်ပြီး၊ ဟန်ဆောယောင်းကို ရင်ဆိုင်ရာတွင်မူ မှားယွင်းသော နည်းဗျူဟာတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထိုရလဒ်ကြောင့်ပင် အီဝူရှင်းတစ်ယောက် လင်မယားကွာရှင်းမှု နောက်ဆက်တွဲ ဝေဒနာကို ခံစားနေရကာ အမျိုးသမီးအဖွဲ့ဝင်အပေါ် ဒေါသပုံချတတ်သည့် ဆိုးဝါးသော အထက်လူကြီးတစ်ယောက် ဖြစ်ခဲ့ရ၏။ ထိုနေ့ကို ပြန်တွေးမိတိုင်း သူ့မျက်ခုံးများက ဒေါသတကြီး ကျုံ့သွားတတ်သည်။

“ပျောက်သွားရမှာ မဟုတ်ဘူး၊ အစကတည်းက သေခဲ့သင့်တာ။”

-……

“အစကတည်းကသာ ဂင်ဟျွန်း သေခဲ့မယ်ဆိုရင်၊ ခင်ပွန်းကို ရှာမယ်ဆိုတဲ့ အတွေးမျိုး ရှိလာမှာ မဟုတ်ဘူး။”

-…….

“အဲ့ဒီလိုသာဆိုရင် ဒီလောကထဲကို ခြေစုံပစ်ဝင်လာဖို့လည်း မလို၊ လူပင်ပန်းခံစရာလည်း မလိုသလို၊ ယောက်ျားရဲ့ လိင်အင်္ဂါအပေါ် ရူးသွပ်နေစရာလည်း လိုမှာ မဟုတ်ဘူး။”

သွားကြားထဲမှ ထွက်ပေါ်လာသော အေးစက်စက်အသံကြောင့် နားကြပ် တစ်ဖက်ခြမ်းတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။

“အဲ့ဒါကြောင့် အဲ့ဒီကောင်ရဲ့ အလောင်းကိုပဲ ပစ်ပေးလိုက်ရင် ရပြီ။”

ဟန်ဆောယောင်းနှင့် မျက်နှာချင်းဆိုင်လိုက်ရတိုင်း တစ်ခါတစ်ရံ မိမိ၏ ပါးပြင်ကို ဆွဲခွာကြည့်ချင်စိတ် ပေါက်လာတတ်သည်။ ယခုအထိ ‘ဂင်ဟျွန်း’ ၏ Mask ကို တပ်ထားဆဲလားဟူသော ထူးထူးဆန်းဆန်း အတွေးများကြောင့် ခေါင်းက မူးနောက်သွားရ၏။

‘ဂင်ဟျွန်း’ ဆိုသည်မှာ ရုပ်ဒြပ်မရှိသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း၊ တစ်ခါတစ်ရံတွင်မူ လျှာဖျားအထိ ချိုမြိန်ခဲ့သော ထိုလူ၏ ဟန်ဆောင်မှုများက သူ့အရေပြားပေါ်တွင် စေးကပ်သော အညစ်အကြေးများအဖြစ် ကျန်ရှိနေသလိုပင်။

သို့သော် သူ့အသားပေါ်တွင် ကပ်ငြိနေသော ထိုအရာက ပျော်ရွှင်ခဲ့သော အချိန်များ မဟုတ်တော့ဘဲ၊ အဓိပ္ပာယ်မရှိသော အမြင်မတော်သည့် အညစ်အကြေးများသာ။

ထို့ကြောင့် ထပ်မံ၍ သေသေချာချာ ရှင်းလင်းပစ်ရပေမည်။

“အဲ့ဒီနှစ်ယောက်ကို ငါက အပြီးအပိုင် ခွဲပစ်မှာ။”

-……

အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်း၏ ရည်ရွယ်ချက်က ဘာမှန်း တိတိကျကျ မသိရသေးသည့် အခြေအနေတွင် ဆောယောင်းကို ဖယ်ထုတ်၍လည်းမရ၊ ထိန်းချုပ်၍လည်း မရဘူးဆိုလျှင် နည်းလမ်းက ရိုးရှင်းသည်။ ဟန်ဆောယောင်း၏ ရည်မှန်းချက်ကို လုယူပစ်လိုက်ရုံသာ မဟုတ်ပါလော။

“ခင်ပွန်းက ဘာကိုခင်ပွန်းလဲ၊ သွားစမ်းပါ။”

အီဝူရှင်းက တင်းမာနေသော ပါးပြင်ကို လှုပ်ရှားရင်း ဆောယောင်း၏ နောက်ကျောကို မုဆိုးတစ်ယောက်လို အကြည့်ဖြင့် လိုက်ကြည့်နေခဲ့သည်။

ဂင်ဟျွန်းကို တစ်ယောက်တည်း ရှာနိုင်တယ်တဲ့လား။ မင်းက ဘယ်လိုနည်းနဲ့ ဂင်ဟျွန်းကို ရှာမှာလဲ။ ငါက မင်းဆီမှာ လုံးဝ အဖမ်းခံမှာမဟုတ်တာကို။

ခေတ္တမျှ ထိုနေရာတွင် ရပ်နေခဲ့သော လူက အေးစက်သော ပင့်သက်နှင့်အတူ ခြေလှမ်းများကို လှည့်ထွက်လိုက်သည်။

“ပြီးတော့ ဇီးကွက်ရဲ့ အချက်အလက်တွေကို ပြန်စုစည်းပြီး ငါ့ဆီ ပို့ပေး။”

-ဇီးကွက်ရဲ့ အချက်အလက်တွေဆိုရင်…… အဖွဲ့မှူးမှာလည်း ရှိနေတာပဲ မဟုတ်ဘူးလား။

“အဲ့ဒါ မဟုတ်ဘူး။”

ခြေလှမ်းများကို ရွေ့လှမ်းလိုက်ရင်း သူက ခေါင်မိုးပေါ်ရှိ အချက်ပေးခေါင်းလောင်းကို တံတောင်နှင့် အားရပါးရ ထုလိုက်သည်။ ထိုအခါ လေ့ကျင့်ရေးကွင်းအတွင်းသို့ ကျယ်လောင်သော အချက်ပေးသံကြီး ပျံ့လွင့်သွားတော့၏။

ခပ်မှန်မှန် ပြေးနေသော အဖွဲ့ဝင်များလည်း လန့်ဖျပ်ကာ ဟိုဟိုဒီဒီ ပြေးလွှားကုန်ကြသည်ကို မြင်လိုက်ရသည်။ အီဝူရှင်းက ပူးကပ်လျက်ရှိနေသော ခန္ဓာကိုယ်များ တဖြည်းဖြည်း ကွဲထွက်သွားသည်ကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်မိ၏။

“ဒုတိယညွှန်ကြားရေးမှူးဆီက ရတဲ့ဟာ မဟုတ်ဘဲ၊ မင်းက ဒီနေ့ကစပြီး မွေးဖွားမှုမှတ်တမ်းကအစ တိုက်ရိုက် ပြန်စစ်ထားတဲ့ဟာမျိုးပဲ ဖြစ်ရမယ်။”

-……ဗျာ ……အဖွဲ့မှူး၊ နေ၊ နေပါဦး။ အဲ့ဒါက ထောက်လှမ်းရေးရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ……

ပျာယာခတ်သွားသည့်အသံက အလောတကြီး ထွက်ပေါ်လာသည်။ နာဝန်ချန်းကလည်း အလုပ်တာဝန် ခွဲခြားသတ်မှတ်မှု စည်းမျဉ်းကို တင်းတင်းကျပ်ကျပ် လိုက်နာသူ တစ်ဦးပင်။

“ဂင်ဟျွန်းကတော့ အဆုံးအထိ မသိဘဲ သေသွားမှာဆိုပေမဲ့ ငါကတော့ သိထားမှဖြစ်မယ်။”

သို့သော် ဤအချိန်ရောက်မှ အီဝူရှင်းက အမြဲတမ်း ဘေးမှသာ ထိုင်ကြည့်နေခဲ့သည့် သဘောထားကို စွန့်လွှတ်လိုက်ပေပြီ။

“ဟန်ဆောယောင်းရဲ့ ခေါင်းထဲကို ဖွင့်မကြည့်နိုင်လို့ နေ့တိုင်း စိတ်ထဲမှာ ချီးလိုပဲ ခံစားနေရတယ်၊ ဝန်ချန်းရဲ့။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၅၆ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment