no

Font
Theme

အပိုင်း ၃၉

အချို့သောသူများက အချင်းချင်း မျက်ရိပ်ပြရုံဖြင့် တစ်ယောက်ကျော တစ်ယောက်ကပ်ကာ အပေးအယူ တည့်နေကြသော်လည်း ဆောယောင်းကမူ လုံးဝ မြင်ကွင်းတွင်ကွယ်နေသူတစ်ယောက်အလား အဆက်ဆံခံခဲ့ရသည်။ မည်မျှပင် မျှော်လင့်တကြီး အကူအညီတောင်းသည့် အကြည့်များဖြင့် ကြည့်နေပါစေ သူ့ကို ကျော်သွားကြသည်က ထုံးစံလိုဖြစ်နေ၏။

စိုရွှဲနေသော အဝတ်အစားများက ခန္ဓာကိုယ်အပူချိန်ကို စုပ်ယူသွားသည်နှင့်အမျှ သူ၏ကိုယ်က ပို၍ အေးစက်လာတော့သည်။ ဤသည်မှာ သာမန်လေ့ကျင့်ရေးဆင်းခြင်း မဟုတ်တော့ဘဲ စက္ကန့်နှင့်အမျှ အသက်လုနေရသည့် အရေးကြီးအချိန် ဖြစ်သွားသောကြောင့် နောက်ဆုံးတွင် သတိလစ်သွားသည့် အဖွဲ့ဝင်များပင် ပေါ်ထွက်လာတော့၏။ စောင့်ဆိုင်းနေသော နည်းပြများက သတိလစ်သွားသူများကို အရေးပေါ် လူနာတင်ထမ်းစင်များပေါ်တင်ကာ ခေါ်ဆောင်သွားကြသည်။

“အဲ့ဒီလိုဟာမျိုးတွေကို ထုတ်ပယ်မယ်။”

လက်ကိုင်အသံချဲ့စက်ဖြင့် လည်ကုပ်ကို ပုတ်နေသည့် သူက အေးရာအေးကြောင်း အသိပေးခဲ့၏။

“ရေငုပ် မအောင်တာ၊ အအေးလွန်တာ၊ စိတ်ဖိစီးတာ၊ ကိုယ်တွင်းအင်္ဂါရောဂါ၊ ဒဏ်ရာရတာ၊ ထိတ်လန့်တုန်လှုပ်တာ၊ အကုန်လုံးက လေ့ကျင့်ရေးကနေ ထုတ်ပယ်ခံရမဲ့ အကြောင်းရင်းတွေပဲ။”

“……”

“ကြားထဲမှာ လက်လျှော့သွားတဲ့ကောင်ကို အသုံးမကျဘူးလို့ မှတ်ယူတယ်။ ငါတို့က တပ်သားတွေကို အေးရာအေးကြောင်း ပျိုးထောင်နေတာမဟုတ်ဘဲ အခုချက်ချင်း စစ်မြေပြင်ကို လွှတ်လို့ရမဲ့ ခန္ဓာကိုယ်တွေကိုပဲ ရွေးထုတ်နေတာမို့လို့။”

အဖွဲ့ဝင်များက တဒင်္ဂ အီဝူရှင်း၏မျက်နှာကို ခိုးကြည့်လိုက်ကြပြီးမှ တုပ်နှောင်ထားသည့်ကြိုးကို ဖြေသည့်အလုပ်တွင်သာ အာရုံပြန်စိုက်ကုန်ကြ၏။ တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ဆောယောင်းက အခက်တွေ့နေသည့် အခြားအဖွဲ့ဝင်များထံ ချဉ်းကပ်ကာ အရင်ဆုံး ကူညီပေးလိုက်သည်။

“အဲ့ဒီနား မဟုတ်ဘူး၊ ၂ စင်တီမီတာလောက် အောက်ကို ရွှေ့လိုက်ပါ…”

ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုကြောင့် အဖွဲ့ဝင်များက မျက်မှောင်ကြုတ်သွားကြသော်လည်း အခြေအနေက အရေးကြီးနေသဖြင့် ဆောယောင်း၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ကြသည်။

“လက်ကောက်ဝတ်ကြားထဲကနေ၊ အောက်ကို တည့်တည့် ဆွဲထုတ်လိုက်ပါ…”

“ဟူး… ဒီနေရာ ဟုတ်ရဲ့လား။ ဒီကြားလပ်ထဲလား။”

“ဟုတ်တယ်၊ အားနဲ့သာ ဆွဲလိုက်၊ ပိုပြီးအားစိုက်ဦး။”

နောက်ဆုံးတွင် ကြိုးထုံး ပြေသွားသည့် အဖွဲ့ဝင်က သူ၏အဖော်ဖြစ်သူကိုပါ ချက်ချင်းပင် တစ်ဆက်တည်း ကူညီပေးခဲ့သည်။ သူတို့က လွတ်လပ်သွားသော လက်များဖြင့် ခြေချင်းဝတ်မှ ကြိုးများကိုပါ ဖြေချကာ နေရာမှ ထရပ်လိုက်ကြ၏။

ဆောယောင်းက စိတ်အေးသွားသည့်နှယ် သူတို့ကို ကြည့်လိုက်ရင်း....

“ဟိုလေ၊ အကူအညီယူပြီးပြီဆိုရင် ကျွန်မရဲ့ ကြိုးကိုလည်း…”

“အား…အားနာပါတယ်။”

“ရှင်။”

“အရမ်းအေးလွန်းလို့… တကယ် သေတော့မလိုပါပဲ……”

“…….”

“အိမ်ကိုပဲ ပြန်လိုက်ပါတော့၊ ဒီလိုကနေ တကယ် သေသွားပါလိမ့်မယ်။”

သူတို့က ဖြူဖျော့နေသော မျက်နှာများဖြင့် အတုန်တုန်အယင်ယင်နှင့် အဆောင်ဘက်သို့ ပြေးသွားကြသည်။

မဟုတ်ဘူးလေ… ဘယ်သူက အိမ်ပြန်ဖို့ စိုးရိမ်ခိုင်းနေလို့လဲ၊ ကြိုးဖြေပေးဖို့ ပြောနေတာကို။

ဆောယောင်းက ဝေးကွာသွားသော သူတို့ကို အံ့ဩမှင်တက်စွာ အကြောင်သားကြည့်နေခဲ့သည်။

အံကြိတ်ရလွန်း၍ သွားဖုံးများပင် ကွဲထွက်လုမတတ် ဖြစ်နေပေပြီ။ အအေးဒဏ်ကြောင့် နီရဲနေသော လက်ချောင်းများက အရေပြားများ စုတ်ပြတ်မတတ် နာကျင်နေရာမှ တစ်ခဏအတွင်းမှာပင် မေ့ဆေးမိသလို မည်သည့်ခံစားချက်မျှ မရှိတော့ပေ။ အေးနေတာလား၊ ထုံနေတာလား၊ သို့မဟုတ် အဆင်ပြေနေတာလား ဆိုသည်ကိုပင် ခွဲခြားမရတော့သည့် အခြေအနေသို့ ရောက်ရှိနေချေပြီ။

ဤအတောအတွင်း တုပ်ကြိုးကိုဖြေနိုင်ခဲ့သော အဖွဲ့သားများက အော်ဟစ်ကာ အဆောင်ဘက်သို့ ပြေးသွားကြပြီး သောင်ပြင်ပေါ်တွင် လူအနည်းငယ်သာ ကျန်တော့သည့်အချိန်တွင်။

“အရင်ဆုံး ရောက်လာတဲ့ ၄ ယောက်အထိပဲ။ ကျန်တဲ့လူတွေ အကုန် ထုတ်ပယ်မယ်။”

အီဝူရှင်းက ဆောယောင်း ဘာလုပ်နေသလဲဆိုသည်ကို အစကတည်းက စောင့်ကြည့်နေခဲ့သည့်အလား မျက်လုံးများကို မှေးစင်းကာ ပြုံးလိုက်သည်။

‘ဒီလူကတော့ တကယ့် sadist ပဲ၊ sadist အကြီးစား။’

လူဦးရေက မဂဏန်းဖြစ်နေသည့်အထဲတွင်မှ ဆောယောင်းတစ်ယောက်တည်းသာ မုန်လာဥလေးလို ဘက်ပဲ့ကာကျန်ရစ်နေသည်။

ဆောယောင်းက ကြယ်များသာ မြင်နေရသည့် မှောင်မည်းသော ကောင်းကင်ကြီးကို ခဏမျှ မော့ကြည့်လိုက်၏။ ပါးစပ်မှ အာငွေ့ဖြူဖြူများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း ကြယ်ကလေးများကို မြင်ရသည်က စိတ်ကို အနည်းငယ် သက်သာရာရသွားစေသည်။ ဤမျှ အပင်ပန်းခံနေရသည့် အကြောင်းရင်းကလည်း နောက်ဆုံးတွင် ထိုကြယ်လေးကို ဖမ်းဆုပ်နိုင်ရန် မဟုတ်ပါလား။

ဆောယောင်းက အပယ်ခံရသည့် ဤအခြေအနေအပေါ် အကြီးအကျယ် စိတ်ပျက်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျိုး မရှိပေ။ နောက်ဆုံးတွင် ဤကြိုးထုံးကို မိမိကိုယ်တိုင်သာ ဖြေရပေမည်။

ဆောယောင်းက အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ လက်မောင်းကို နောက်သို့ အစွမ်းကုန် ဆွဲဆန့်လိုက်၏။ တစ်စုံတစ်ယောက်သာ ကြည့်မည်ဆိုလျှင် ထူးဆန်းသောပြကွက်ဟု ထင်ကောင်းထင်နိုင်သော်လည်း ဤသည်မှာ ကျွမ်းဘားမယ်ဘဝက ‘မလုပ်နဲ့’ ဟု တားမြစ်ထားသည့်အရာကိုမှ လုပ်ချင်တတ်သည့် ဆောယောင်း လူမသိသူမသိ မကြာခဏ လုပ်လေ့ရှိသော အပြုအမူပင်။

ကြိုးထုံးကို စစ်ဆေးကြည့်လိုက်တော့ တော်သေး၍ လပ်နေသည့်နေရာက ကျယ်နေသည်။ သူက တံတောင်ကို အစွမ်းကုန်ကားကာ လက်မောင်းကို ခေါင်းပေါ်အထိ မြှောက်တင်လိုက်၏။ ထိုသို့လုပ်ရင်း ပုခုံးကို လိမ်ချိုးရမည့် အမှတ်တစ်ခုသို့ ရောက်ရှိလာသည်။

“.....”

တစ်စုံတစ်ယောက်က အံ့ဩတုန်လှုပ်သော မျက်နှာဖြင့် ဤဘက်ကို ကြည့်လာ၏။

ပုခုံးဆီမှ ဂျောက်ခနဲ အသံတစ်ချက် ထွက်လာသော်လည်း တော်သေး၍ အဆစ်ပြုတ်မသွားခဲ့။ ငယ်စဉ်ကနှင့်ယှဉ်လျှင် ကြွက်သားနှင့် အကြောများက ချောချောမွေ့မွေ့ လှုပ်ရှားမရတော့သည်မှာ သိသာလှသည်။

သို့သော်လည်း နောက်ပြန်ကြိုးတုပ်ထားသည့် လက်မောင်းကို ၁၈၀ ဒီဂရီလှည့်ပြီး ရှေ့သို့ထုတ်နိုင်ရန်မှာ ထင်သလောက် မခက်ခဲခဲ့ပေ။ ဘေးပတ်ဝန်းကျင်မှ အံ့ဩတကြီးရေရွတ်သံများ ထွက်ပေါ်လာသော်လည်း ဆောယောင်းတွင် ထိုအရာများကို ဂရုစိုက်နေရန် အချိန်မရှိခဲ့။

ယခုအခါ ဆောယောင်းက ကြိုးထုံးကို သွားဖြင့် ကိုက်ဆွဲကာ တည်တည်ငြိမ်ငြိမ်ပင် ဖြေချလိုက်၏။ ထမင်းမပါဘဲ ဇွန်းကိုသာ စုပ်နေရသည့် စိတ်မျိုးဖြင့် အခြားအဖွဲ့ဝင်များကိုသာ ထိုင်ကြည့်နေခဲ့ရသောကြောင့် ကြိုးဖြေသည့်အလုပ်က သူ့အတွက် မခက်ခဲတော့ပေ။

“ဟူး……”

နောက်ဆုံးတွင် ခြေလက်များ လွတ်လပ်သွားသော ဆောယောင်းတစ်ယောက် ဒယီးဒယိုင်ဖြင့် နေရာမှ ထရပ်လိုက်သည်။

‘စောစောကတည်းက ဒီလိုလုပ်လိုက်ရမှာကို အလကား အချိန်တွေ ဖြုန်းမိသွားတယ်……’

ရက်စက်ကြမ်းကြုတ်သော လက်သည်းများကဲ့သို့ တိုက်ခတ်နေသော လေပြင်းက ပထမဆုံးအကြိမ်အဖြစ် အေးမြလန်းဆန်းမှုကို ပေးစွမ်းခဲ့သည်။ အားလုံးကို ကျော်ဖြတ်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရသည့် ခံစားချက်က အတိုင်းမသိ ကျေနပ်စရာပင်။ အထူးတလည် မျက်နှာဖြူဖျော့သွားသော အီဝူရှင်းကို ဂုဏ်ယူဝင့်ကြွားစွာ ကျော်ဖြတ်သွားသည့် အချိန်တွင်။

“မင်း……”

သူက တစ်ခုခုပြောရန် နှုတ်ခမ်းလှုပ်လိုက်သော်လည်း ဆောယောင်းကမူ တဆတ်ဆတ် တုန်ယင်နေသော မိမိ၏ ခန္ဓာကိုယ်ကိုသာ ဂရုစိုက်နေ၏။

ထိုသို့ဖြင့် အပြေးအလွှား ရေချိုးခန်းထဲသို့ ရောက်သွားချိန်တွင် အဖွဲ့ဝင်များက အဝတ်အစားများကို ချွတ်ချကာ တဝေါဝေါကျဆင်းနေသည့် ရေပန်းများအောက်တွင် နေရာယူထားကြပေပြီ။ နေရာအနှံ့မှ တစ်ပြိုင်နက်တည်း ကျဆင်းလာသော ရေနွေးများကြောင့် ရေချိုးခန်းအတွင်း၌ မြူနှင်းများကဲ့သို့ ရေနွေးငွေ့များဖြင့် ပြည့်နှက်နေ၏။ ထိုမြင်ကွင်းကြောင့် ဆောယောင်းက တံခါးဝတွင် ခေတ္တတွန့်ဆုတ်နေမိသည်။

“ခဲပြီး သေသွားတဲ့အထိ စောင့်နေဦးမလို့လား။”

“……”

ထိုစဉ် သူ၏ခေါင်းပေါ်သို့ တဘက်ထူထူတစ်ထည် ကျလာသည်။

“အဖွဲ့ဝင် ဟန်ဆောယောင်းက ငါ့နောက် လိုက်ခဲ့။”

“ရှင်။”

“မဟုတ်ရင် တခြားကောင်တွေ အကုန် ရေချိုးပြီး ထွက်လာတဲ့အထိ ရှဉ့်လို မျက်နှာငယ်လေးနဲ့ စောင့်နေတော့မှာလား။”

“…….”

ဆောယောင်းက ငြိမ်နေလျက်ကပင် တဆတ်ဆတ် တုန်နေသည့် ပုခုံးကို တင်းတင်းဆုပ်ကိုင်ထားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

“စဉ်းစားနေတာလား၊ ဒါမှမဟုတ် ဟိုကောင်တွေကို ချောင်းကြည့်နေတာလား။”

“……အဲ့ဒီလို မဟုတ်ပါဘူး။”

ဆောယောင်းလည်း နှာရည်များ အဆက်မပြတ် ထွက်နေသဖြင့် လောလောဆယ် သူ့နောက်သို့သာ လိုက်သွားလိုက်သည်။ အဆောင်မှထွက်ကာ ဘေးအဆောက်အအုံသို့ ကူးသွားလိုက်သောအခါ အဖွဲ့ဝင်များသုံးသည့် အဆောင်နှင့်မတူဘဲ တစ်ကိုယ်ရေသုံး အဆောင်ကဲ့သို့သော နေရာတစ်ခုသို့ ရောက်ရှိသွား၏။

အီဝူရှင်းက သဘာဝကျကျပင် အခန်းတံခါးတစ်ခုကို ဖွင့်လိုက်ပြီးနောက် ဧည့်ခန်းနှင့် မီးဖိုချောင်ကိုကျော်ကာ ဆောယောင်းကို ရေချိုးခန်းထဲသို့ တွန်းထည့်လိုက်သည်။

“နောက်ဆို ရေချိုးခန်းကို ဒီမှာပဲသုံးလို့ရတယ်။”

“ဒီနေရာက ဘယ်နေရာပါလဲ။”

“ငါ့အဆောင်။”

“…….”

ဆောယောင်းက နေရာမှားဝင်လာသည်ဟုထင်ကာ ခြေလှမ်းများ တန့်သွားသည်။ ထိုအခါ အီဝူရှင်းက အမူအရာမပျက် မေးလာ၏။

“ဘာလို့လဲ။”

“……ဘာလို့လဲလို့ မေးတဲ့လူနဲ့ စကားအချေအတင် မပြောချင်ပါဘူး။”

“ဒါဆို ငါနဲ့ ဘာလုပ်ချင်လို့လဲ။”

“လက်အောက်မှာ အလုပ်ပဲ လုပ်ချင်တာပါ။”

ထိုအခိုက်အတန့်တွင် ရေနွေးများက ကြိုတင်သတိပေးခြင်းမရှိဘဲ ဒလဟော ကျဆင်းလာသည်။ ဆောယောင်းလည်း အင့်ခနဲ အသံထွက်ကာ ပုခုံးကလေး တွန့်သွား၏။

အီဝူရှင်းက ရေအပူချိန်ကို အသင့်အတင့်ဖြစ်အောင် ပြန်ညှိပေးသော်လည်း အအေးလွန်နေသဖြင့် ရေနွေးကပင် ဆောယောင်းအဖို့ ထိုးနှက်ချက်တစ်ခုလို ခံစားနေရသည်။ အရေပြားများ အသာအယာ အရည်ပျော်သွားခြင်းမျိုး မဟုတ်ဘဲ ရေခဲပြင်ကြီး ကွဲအက်သွားသလို နာကျင်နေ၏။

ကျဆင်းနေသော ရေများအောက်တွင် ဆောယောင်း တောင့်တောင့်ကြီး ဖြစ်နေသည်ကို မြင်သောအခါ အီဝူရှင်းက ဆောယောင်း၏ လက်များကို နှိပ်နယ်ပေးခဲ့သည်။

“……”

ဆတ်ခနဲတုန်သွားသော ဆောယောင်းက လက်ကို ပြန်ရုန်းရန် ကြိုးစားလိုက်သော်လည်း ပို၍ ပြင်းထန်သော အားတစ်ရပ်က သူ့ကို ဖမ်းဆုပ်ခဲ့၏။

“နည်းနည်းလောက် လျှော့ထား။ ခန္ဓာကိုယ်က တအား အေးခဲနေပြီ။”

“အဲ့ဒါက နည်းပြနဲ့ ဘာဆိုင်လဲ မသိပါဘူး။ ကျွန်မတစ်ယောက်တည်း ထူးပြီး အေးနေတာလည်း မဟုတ်တာကို။”

“အဲ့ဒီလို ငေးငိုင်နေလို့ကတော့ ဒီမှာ တစ်ညလုံး ရေချိုးနေရင်တောင် လောက်မှာမဟုတ်ဘူး။”

“……”

“ငါ့အဆောင်မှာ တအားအိပ်ချင်လို့ အဲ့ဒီလိုလုပ်နေတာလား။”

စိတ်တိုသွားသော်လည်း သူပြောသလိုပင် မြန်မြန်အကြောဖြေပြီး၊ မြန်မြန်ထွက်သွားခြင်းက ပိုကောင်းပေလိမ့်မည်။ ဆောယောင်း မကျေမနပ်ဖြင့် လက်ကို အပ်လိုက်သောအခါ အီဝူရှင်းက ထူးဆန်းစွာပင် အကြောများကိုသိရှိစွာ လိုက်နှိပ်ပေးတော့သည်။ ရေချိုးခန်းထဲတွင် ပြည့်နှက်နေသော ရေနွေးငွေ့များကြောင့် အေးစက်စိုရွှဲနေသော ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း အရည်ပျော်လာတော့၏။

လက်မောင်းကိုကျော်ကာ ပုခုံးအထိ ရောက်ရှိလာသော လက်အထိအတွေ့က ယခုတစ်ကြိမ်တွင် အရိုးများကိုပါ စစ်ဆေးနေပြန်သည်။ အနှိပ်ပညာတွင် ဆောယောင်းကိုယ်တိုင် ကျွမ်းကျင်သူဖြစ်သော်လည်း အီဝူရှင်း၏ လက်အစွမ်းက အံ့ဩရလောက်အောင်ပင် ကျွမ်းကျင်လှ၏။

တောင့်တင်းနေသော ကြွက်သားများကို ကျွမ်းကျင်စွာ ဖြေလျှော့ပေးနေရာ အေးခဲနေသော အရေပြားများကလည်း သက်သောင့်သက်သာ ဖြစ်လာသည်ကို ခံစားမိရသည်။ ထိုအခါမှသာ သက်ပြင်းသဲ့သဲ့လေးတစ်ချက် ထွက်ပေါ်လာ၏။ ထိုသို့ဖြင့် မျက်ခွံများက တဖြည်းဖြည်း မှေးစင်းလာခဲ့သည်။

မျက်လုံးမှိတ်ထားလိုက်သောအခါ ရုတ်တရက် ခင်ပွန်းဖြစ်သူကို သတိရမိ၏။ ဂင်ဟျွန်းနှင့်အတူ ဈေးသွားသည့်အခါ လူတိုင်းက “အမျိုးသားက တကယ် အားကိုးရမဲ့ပုံစံလေးပဲ…” ဟု ချီးကျူးတတ်ကြသည်။

သို့သော် အီဝူရှင်းကမူ လူကို နှိပ်စက်ချင်သောပုံစံမျိုးရှိကာ လူကို အမြဲအနိုင်ကျင့်တတ်၏။ ရုပ်ချောသည်ဟူသော စကားကပင် သူ့အတွက် ဖော်ပြရန် လုံလောက်မှု မရှိသည့်အလား။

မျက်နှာချင်းက ထိုမျှအထိ ကွဲပြားနေပါလျက်… သို့တိုင်အောင် ထူးဆန်းသော ရင်းနှီးနေမှုက……

“မျက်လုံးကို သေသေချာချာ ဖွင့်ထား။”

“……”

ထိုစဉ် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“နည်းပြအရှေ့မှာ မျက်လုံးမမှိတ်ရဘူး။”

ထိုအခါမှ သတိပြန်ဝင်လာတော့သည်။ မျက်ခွံကို အားစိုက်ကာ ဖွင့်လိုက်တော့ တဝေါဝေါနှင့် ရေတံခွန်ကဲ့သို့ ကျဆင်းနေသော ရေပန်းသံကို ပြန်ကြားလိုက်ရ၏။

ငါ…တစ်ချက် ငိုက်သွားတာလား။

ဆောယောင်းက အလျင်အမြန် မျက်နှာသစ်လိုက်သည်။

“တောင်း… တောင်းပန်ပါတယ်။”

လည်ပင်းနှင့် ရင်ဘတ်ပေါ်သို့ အားပြင်းစွာ ကျဆင်းနေသော ရေများကြောင့် အရေပြားများ ပူနွေးလာသည်။ ဆောယောင်းလည်း ငိုက်မျဉ်းမှုကို မောင်းထုတ်သည့်အလား ခေါင်းကို ခါယမ်းကာ ရှည်လျားသော ဆံပင်များကို သပ်တင်လိုက်၏။

သူက အချိန်ကိုက် ဆူပူလိုက်သည့်အတွက် အတွေးများလည်း ရပ်တန့်သွားခဲ့သည်။ ထူးဆန်းသော အတွေးများ ပို၍နက်ရှိုင်းမလာမီ ရေချိုးခြင်းကို အမြန်အဆုံးသတ်ရပေမည်။

ဆောယောင်းက သူ့ကို ဖယ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် နီရဲလာသော နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။

“နည်းပြရှင့်၊ ကျွန်မ အခု သေသေချာချာ ရေချိုးချင်လို့ပါ။ အဲ့ဒီမှာပဲ ဆက်ရှိနေဦးမှာလား။”

ထိုအခါ အီဝူရှင်းက ထူးဆန်းသော အဖြေဖြင့် တုံ့ပြန်လာသည်။

“တကယ်ပဲ ခင်ပွန်းကို ဘာတွေ ဘယ်လောက်တောင် အများကြီး ဖုံးကွယ်ထားခဲ့တာလဲ။”

“……အခု အဲ့ဒီစကားက ဘာလို့ ထွက်လာတာပါလဲ။”

ဆောယောင်းက ခုခံကာကွယ်သည့် အကြည့်ဖြင့် ကြည့်လိုက်တော့ အီဝူရှင်းက ရုတ်တရက် ရေပန်းကို ပိတ်လိုက်သည်။

ဘာကို……

ဆောယောင်းက တဟွတ်ဟွတ် ချောင်းဆိုးရင်း သူ့ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ အီဝူရှင်းက အေးရာအေးကြောင်းပင် ရေပန်းခလုတ်ပေါ်မှ လက်ကို မဖယ်သေးပေ။

ဒီလောက်အထိ ကလေးကလား လုပ်တော့မှာလား။

ဆောယောင်း သူ့လက်ကို ဆွဲဖယ်ရန် ကြိုးစားသော်လည်း သူက စိုးစဉ်းမျှ မလှုပ်ရှားခဲ့။ ခန္ဓာကိုယ်က နွေးစပြုလာမှ အေးစက်သော လေထုနှင့် ပြန်လည် ထိတွေ့လိုက်ရသောအခါ အအေးဒဏ်က နှစ်ဆတိုးသွားပြီး ခိုက်ခိုက်တုန်လာရတော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment