no

Font
Theme

အပိုင်း ၄၂

ဆောယောင်းလည်း အဖွဲ့ဝင်များနှင့်အတူ လေးဖက်ထောက်ကာ လှေကားမှတစ်ဆင့် တက်လာပြီး ခေါင်မိုးပေါ်သို့ တံခါးဖွင့်ဝင်လိုက်သည်။ သူတို့အားလုံး နေရောင်အောက်တွင် လဲလျောင်းရင်း ဒဏ်ရာပေါ်မှဆေးနီများနှင့် မျက်ရည်များကို အတူတူ အခြောက်ခံခဲ့ကြ၏။ တစ်ကိုယ်လုံး အညိုအမည်းစွဲလျက် ခုတင်ပေါ်သို့ ပစ်လှဲကာ အိပ်ပျော်သွားလိုက်၊ ပြန်နိုးလာလိုက်ဖြင့် တစ်နေ့တာကို ဖြတ်သန်းနေရသည်။

ယခင်က နိုင်ငံလက်ရွေးစင် ဖြစ်ခဲ့ဖူးသူရော၊ ပရော်ဖက်ရှင်နယ် အားကစားသမားဟောင်းများပါ စောစောစီးစီး လက်လျှော့သွားကြ၏။ ကမ္ဘာပေါ်က ဘယ်နေရာမှာ PT ကို ငါးနာရီကြာအောင် လုပ်ရလို့လဲဟု ညည်းတွားရင်း အရှုံးပေးကာ ထွက်ခွာသွားကြခြင်းပင်။

တစ်ခုသောနေ့တွင် ဆန်အိတ်များ သို့မဟုတ် အုတ်ခဲများကို တစ်နေ့ကုန် ပုံခိုင်းပြီးနောက် ယင်းတို့ကို ပြန်ဖျက်ဆီးခိုင်းကာ ထပ်မံ၍ ပုံခိုင်းပြန်သည်။ အဆုံးထိ ပုံပြီးသွားလျှင် နောက်တစ်ကြိမ် ပြန်ဖျက်ခိုင်းပြီး ထပ်လုပ်ခိုင်းပြန်၏။

ထိုအခါမှ နည်းပြများ၏ ရည်ရွယ်ချက်မှာ သူတို့အား လေ့ကျင့်ရေးကို လက်လျှော့သွားစေရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးပစ်ရန် ဖြစ်ကြောင်း နားလည်သွားတော့သည်။

ထိုကဲ့သို့သော ဘဝကို တစ်ပတ်တိတိ ဖြတ်သန်းပြီးသည့်နောက်တွင် အမျိုးသမီးဟူ၍ အထင်သေးခဲ့ကြသူများပင် မျက်နှာများ ချောင်ကျကာ ပါးစပ်ပိတ်သွားကြတော့၏။

တစ်ယောက်နှင့်တစ်ယောက် မုန်းတီးရန်ပင် အားမရှိတော့ဘဲ စိတ်ဓာတ်များ ပျော့ပျောင်းကုန်သည်။ လေ့ကျင့်ရေးပြီးသွားတိုင်း အားအင်ကုန်ခမ်းသွားသဖြင့် အချင်းချင်း အားပြိုင်ရန် သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ရန်ပင် အားမရှိကြတော့ပေ။

ထိုအစား ပတ်တီးကို စနစ်တကျ စည်းပေးတတ်ပြီး ဆေးကိုလည်း သေသေချာချာ ထည့်ပေးတတ်သည့် ဆောယောင်းအနားသို့ ချဉ်းကပ်ကာ အကူအညီတောင်းသူများသာ တဖြည်းဖြည်း များပြားလာ၏။

“ချီးပဲ၊ အဲ့ဒီလောက်တောင်ဖြစ်နေရင် ဆေးခန်းပဲ ဖွင့်လိုက်ပါတော့လား။”

ကျိန်းသေပေါက် ယခင်အတိုင်း အကျင့်ယုတ်တတ်သည့် ကလေးကလားနိုင်သူများလည်း ရှိနေဆဲပင်။

“ဟူး... ဟူး...”

သုံးပတ်မြောက် မနက်ခင်းသည်လည်း ထိုနည်းတူသာ။ သူတို့ ထုံးစံအတိုင်း မနက်ခင်း အပြေးလေ့ကျင့်ခန်း လုပ်နေကြသည်။

ပင့်သက်က ရင်ဘတ်အထိ တက်လာပြန်ကာ နံရိုးကြားထဲသို့ ဆူးဖြင့် အထိုးခံနေရသလို တဆစ်ဆစ် အောင့်နေ၏။ ထိုကဲ့သို့ လက်လျှော့ချင်စိတ် ပေါ်လာသည့် အခိုက်အတန့်တိုင်းတွင် ဆောယောင်းက ကိုယ့်ကိုယ်ကိုယ် အပေးအယူ ပြန်လုပ်ခဲ့သည်။

၁ ကီလိုမီတာအထိပဲ သွားရအောင်။ ထိုနေရာသို့ ရောက်သွားလျှင် ၂ ကီလိုမီတာအထိပဲ သွားရအောင်။ ဟင့်အင်း၊ ဟိုဘက်က လမ်းတစ်ဝက်အမှတ်အထိပဲ သွားရအောင်။ နည်းနည်းလေးပဲ ထပ်သွားရအောင်။ ထိုသို့ဖြင့် ပန်းတိုင်အကွာအဝေးကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ကာ ရောက်ရှိသွားသည့်အခါတိုင်း ထပ်မံ တိုးမြှင့်ခြင်းကို အထပ်ထပ် ပြုလုပ်ခဲ့၏။

သို့သော် မည်မျှပင် ကိုယ့်ကိုယ်ကိုယ်နှင့် ညှိနှိုင်းပါစေ၊ လည်ချောင်းထဲတွင် ဆုတ်ဖြဲခံရသလို စပ်ဖျဉ်းနေကာ အသက်ကို ရှူသွင်းရှူထုတ် လုပ်ရသည်မှာပင် အပ်ကို မျိုချနေရသကဲ့သို့ နာကျင်လှသည်။

ခန္ဓာကိုယ် အပူချိန်ကလည်း အမြင့်ဆုံးအထိ မြင့်တက်နေပေပြီ။ ပင်ပန်းနွမ်းနယ်မှုများ စုပုံလာ၍လားမသိ၊ ယနေ့မှ ပို၍ အားပြတ်နေသလို ခံစားရ၏။

တကယ်ပဲ... ဒီအထိက ငါ့ရဲ့ အကန့်အသတ်လား...

အရှေ့မှ မြင်ကွင်းများ ဝေဝါးနေစဉ်။

“.....”

ရုတ်တရက် လေတစ်ချက်က ဝှေ့ယမ်းဖြတ်သန်းသွားသည်။ ထိုခဏတွင် မျက်လုံးအဝိုင်းသားဖြင့် ဆောယောင်း ဘေးဘီကို ဝေ့ဝဲကြည့်လိုက်မိ၏။ နီရဲနေသော ပါးပြင်ကို လာရောက်ထိတွေ့ကျီစယ်သွားသည်က ကိုယ်နံ့ဖျော့ဖျော့လေးတစ်ခု။

ဘာ... လဲ။ ဘယ်ကလဲ။ ကျိန်းသေပေါက်၊ ကျိန်းသေပေါက်...

တစ်နေရာရာမှ ဂင်ဟျွန်း၏ ကိုယ်သင်းနံ့ကို ရလိုက်သည်။

ယခုတစ်ကြိမ်တွင် အစစ်အမှန်ပင်။ ရေမွှေးနံ့လည်း မဟုတ်၊ အဝတ်ပျော့အမွှေးဆီနံ့လည်း မဟုတ်။ ချွေးထွက်သည့်အခါမှသာ ထွက်ပေါ်လာတတ်သည့် သိသိသာသာ ကိုယ်နံ့အစစ်။ ဂင်ဟျွန်းနှင့် sex လုပ်သည့်အခါတိုင်း ရလေ့ရှိသော အရိုင်းဆန်ဆန် ဟော်မုန်းနံ့ပင်။

ဆောယောင်းတစ်ယောက် ပျာယာခတ်နေသော မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ဆက်တိုက် ကြည့်နေမိသည်။ သို့သော် မျက်လုံးကို မည်မျှပင် ပြူးကြည့်ပါစေ၊ အသက်လုရှူနေကြသည့် ချွေးစော်နံနံ ရဲဘော်ရဲဘက်များကိုသာ မြင်တွေ့ရ၏။

ထိုစဉ် အရှေ့မှ ပြေးနေသော နည်းပြထံသို့ အကြည့်ရောက်သွားသည်။ အင်မတန် မောပန်းနေသဖြင့် ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်နိုင်သည်ဟု တွေးမိသော်လည်း တဒင်္ဂ ရလိုက်သည့် ထိုရနံ့က အလွန်ပင် ထင်ရှားလွန်းနေ၏။

ထင်ယောင်ထင်မှား ဖြစ်နေလျှင်ပင် လန်းဆန်းသွားစေသည်။ တစ်ကိုယ်လုံးရှိ သွေးများ အရှိန်အဟုန်ဖြင့် လည်ပတ်သွားသည်အထိ ထင်ရှားလှသဖြင့် မသိချင်ယောင်ဆောင်ရန် မဖြစ်နိုင်ပေ။ ဆောယောင်းတစ်ယောက် အံကြိတ်ကာ ပြေးသွားပြီး သူ၏အင်္ကျီကို လှမ်းဆွဲလိုက်သည်။

“ဟင်...”

လန့်သွားသလို ခြေလှမ်းရပ်လိုက်သော နည်းပြနှင့် မျက်လုံးချင်း ဆုံသွားတော့၏။

“ဘာဖြစ်လို့လဲဗျ။”

အရပ်ရှည်ပြီး ရိုးသားဖော်ရွေပုံရသည့် အမျိုးသားက သူ့ကို ထူးဆန်းသလို ကြည့်နေသည်။ အသားညိုညိုနှင့် ထိုလူက တစ်နေရာရာတွင် မြင်ဖူးသလိုရှိသည့် အထူးလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ပင်။

အားနာပေမဲ့၊ အဲ့ဒီ ချွေးထွက်နေတဲ့ နေရာနားလေးမှာ နှာခေါင်းလေး ခဏလောက် အပ်ကြည့်လို့ ရမလားဟု မေးလိုက်လျှင် ချက်ချင်းပင် အရူးဟု သတ်မှတ်ခံရပေမည်။

ဆောယောင်းတစ်ယောက် စကားပြောရန် ဟန်ပြင်လိုက်ရာမှ ခေါင်းကိုသာ ခါယမ်းလိုက်သည်။ ထိုအစား အမျိုးသား၏ မျက်နှာကို စူးစိုက်ကြည့်နေမိ၏။ မျက်လုံးမှ နှာခေါင်း၊ နှာခေါင်းမှ ပါးစပ်သို့။ တော်တော်လေး ခံ့ညားပြီး ယုံကြည်အားကိုးထိုက်သည့် ပုံစံမျိုးပင်။

ဆောယောင်းတစ်ယောက် ရောဂါလက္ခဏာပြန်စလာသလို ခေါင်းထဲတွင် ဂင်ဟျွန်းနှင့် ထိုလူကို စတင် နှိုင်းယှဉ်ကြည့်မိပြန်သည်။

သူ အမြဲပုံဖော်ခဲ့သည့် ဂင်ဟျွန်း၏ ရုပ်သွင်က မည်သို့ဖြစ်မည်နည်း။

ဟုတ်တယ်... မျက်လုံးက အခုလိုပဲ မျက်ခွံနှစ်ထပ် မပါရဘူး၊ နှာတံက အခုလို စင်းနေရမယ်၊ မေးရိုးက ယောက်ျားပီပီသသ ပေါ်လွင်နေရမယ်။ ဒါပေမဲ့ ကြည့်ကောင်းပြီး ရိုးသားကြိုးစားတဲ့ ပုံရိပ်မျိုး ဖြစ်ရမယ်။

လူကြီးများရော ကလေးများပါ သဘောကျကြကာ အမျိုးသမီးများကလည်း အားကစားသမား တစ်ယောက်လို အင်မတန် တန်းတန်းစွဲဖြစ်ကြမည့်ပုံပင်။

မျက်စိရှေ့မှ နည်းပြက ဂင်ဟျွန်းနှင့် ထပ်တူကျနေသလို ခံစားရသည်။ ဆောယောင်းတစ်ယောက် ဦးတည်ချက်မရှိ ကန္တာရထဲတွင် ပြေးလွှားနေရာမှ နောက်ဆုံး၌ အိုအေစစ်လေးကို ရှာတွေ့သွားသူလို ကွဲအက်နေသော နှုတ်ခမ်းလွှာများကို ဟလိုက်သည်။

သို့သော် အမျိုးသားထောက်လှမ်းရေး အေးဂျင့်တစ်ယောက်က ဤနေရာ​တွင် ရှိနေရန် အကြောင်းမရှိပေ။ ဟင့်အင်း၊ သို့သော်လည်း အသံကို အရင်ဆုံး စစ်ဆေးကြည့်ရမည်။

ငါ့ယောက်ျားရဲ့ အသံက ဘယ်လိုမျိုးပါလိမ့်။ နည်းနည်းတော့ နိမ့်ပြီး ဩရှရှနဲ့။ ဂင်ဟျွန်းက ငါ့ကို မျက်စိကွယ်အောင်လုပ်ခဲ့ပေမဲ့ နားမကြားအောင်တော့ မလုပ်ခဲ့ဘူးလေ။

ဒါနဲ့ ငါ အခု စိတ်ရောမှန်ရဲ့လား။ ခန္ဓာကိုယ်ကရော ကောင်းကောင်းလှုပ်ရှားနေရဲ့လား။ ဦးနှောက်ထဲမှာ အောက်ဆီဂျင် ပြတ်သွားပြီလား။

အတွေးများက တဖြည်းဖြည်းနှင့် ကစဉ့်ကလျားဖြစ်လာသည်။ အသံများစွာ ရောထွေးနေသော်လည်း ဆောယောင်းတစ်ယောက် မွတ်သိပ်နေသူလို မျက်လုံးများက မျက်ဖြူတစ်ဝက်လန်နေ၏။

သဘာဝကျကျလေး စကားစကြည့်ရအောင်။ သဘာဝကျကျလေး...

“နည်းပြကြီး၊ အင်္ကျီကို ဒီအတိုင်း မလျှော်လိုက်ပါနဲ့...”

“ဗျာ။”

“အဲ့ဒီအင်္ကျီမှာ ချွေးကြောင့် အစွန်းအထင်းတွေ အများကြီး ဖြစ်နေရင် မုန့်ဖုတ်ဆိုဒါနဲ့ ရေနဲ့ ရောပြီး အင်္ကျီမှာ သုတ်ပေးလိုက်ပါ။”

“အာ...”

“မလျှော်ခင် အင်္ကျီက တံဆိပ်မှာပါတဲ့ သတိပေးချက်ကိုလည်း သေသေချာချာ စစ်ဆေးကြည့်ရင် ပိုပြီး...”

“ဒါကို ဘယ်နှချောင်းလို့ မြင်လဲဗျ။”

ရုတ်တရက် သူက လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းကို ဝှေ့ယမ်းပြလာသည်။

ဘာလဲဟ...။ 'V' ပုံစံ လုပ်ပြတာတောင် ချစ်စရာလေး...

သေသေချာချာ ကြည့်ကြည့်ရင် အရပ်ကလည်း ဆင်တူသလိုပဲ မဟုတ်လား။ အမူအရာ တောင့်တောင့်ကြီး ဖြစ်နေတာကအစ။ နေဦး၊ ဒါပေမဲ့ ဂင်ဟျွန်းက ဒီမှာရှိနေစရာ အကြောင်းမှမရှိတာ...

သို့သော် ဆင်တူသည့်ပုံရိပ်ကို တွေ့ရရုံဖြင့်ပင် ကြာရှည်လှသော မွတ်သိပ်မှုက အနည်းငယ် ပြေပျောက်သွားသလို ခံစားရသည်။ မိမိကိုယ်ကိုယ် လိုအပ်ချက် တစ်ခုခုရှိနေမှန်း ကောင်းကောင်းသိသော်လည်း တကယ်ပင် မည်သို့မျှ တားဆီး၍မရခဲ့။

ကြည့်နေရရုံနှင့်ပင် မွန်းကျပ်နေသည့် ရင်ထဲ၌ သက်သာသွားခြင်းမှာ...။ ထိုသို့ အကြည့်မလွှဲနိုင်ဘဲ အရှေ့မှ အမျိုးသားကို အငမ်းမရ စိုက်ကြည့်နေစဉ်မှာပင်။

“....”

ရုတ်တရက် ကြီးမားသော လက်တစ်ဖက်က ဆောယောင်း၏ မျက်လုံးများကို အုပ်မိုးသွားသည်။

နားထင်အထိ တင်းကျပ်စွာ ဖိထားသော ပြင်းထန်သည့်အားကြောင့် နောက်စေ့က တစ်စုံတစ်ရာနှင့် တိုက်မိသွား၏။ မြင်ကွင်းကို လုံးဝ ပိတ်ဆို့ထားသည့် လက်ဖဝါးနှင့် မလိုက်ဖက်စွာပင် သကြားလုံးနံ့ချိုချိုလေး ရနေသည်။

“ဟိုကြည့်ဒီကြည့်မလုပ်ဘဲ သေသေချာချာ ပြေးစမ်းပါ။”

ပူလောင်နေသော အသားကို အေးမြသွားစေသည့် အေးစက်စက် အသံ။ နောက်လှည့်ကြည့်လိုက်တော့ ခံစားချက်မရှိသော မျက်ဝန်းများက သူ့ကို ငုံ့မိုးကြည့်နေသည်။ ထိုအတောအတွင်း ဆောယောင်း စိတ်ဝင်စားနေခဲ့သည့် နည်းပြက ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ပြန်လည်အရှိန်မြှင့်ကာ ပြေးထွက်သွားတော့၏။

ဝေးကွာသွားသည့် ကျောပြင်ကိုကြည့်ရင်း ကိုယ်တိုင်ပင်မသိဘဲ သွားရည်ကျမိနေစဉ်၊ ရှည်လျားသော လက်ချောင်းများက ကြောက်စရာကောင်းအောင် တောက်ခနဲ မြည်သွားသည်။

“သတိ သေချာကပ်မထားဘူးလား။”

“……”

သူက ပျော့ခွေနေသော ကျောပြင်ကို လက်ဖဝါးဖြင့် ရိုက်ချကာ အမြန်ပြေးရန် တိုက်တွန်းခဲ့သည်။ ဆောယောင်းလည်း နောက်တစ်ကြိမ် အံကြိတ်ကာ ပြေးရုံမှတစ်ပါး အခြားမရှိတော့ပေ။

အကိုက်အခဲပျောက်ဆေး ထိုးထားသလို တဒင်္ဂ မေ့လျော့နေခဲ့သည့် နာကျင်မှုက အီဝူရှင်းနှင့် တွေ့လိုက်ရသည့်အခါ အိပ်မက်ဆိုးကဲ့သို့ ပြန်လည် အသက်ဝင်လာသည်။

ခြေဖဝါးမှာ ပတ်တီးစည်းထားတော့ရော ဘာထူးလဲ။

ဆောယောင်းခမျာ ခြေထော့နဲ့ဖြင့် ပြေးနေရပြီး၊ အီဝူရှင်းကမူ ခြေလှမ်းကျဲကြီးများဖြင့် သူ့နောက်မှ အေးအေးလူလူ လိုက်လာ၏။ ဆောယောင်းကို စောင့်ကြည့်နေသည့် မျက်လုံးများက အတော်ပင် အေးစက်နေသည်။

“အဖွဲ့ဝင် ဟန်ဆောယောင်း ယောက်ျားကို လိုက်ကြည့်ပြီး ငေးနေတာ ဒါနဲ့ဆို ငါမြင်တာ နှစ်ခါရှိပြီ။”

သူက မေးရိုးကို တင်းထားရင်း ပြောလာ၏။

“တတိယအကြိမ် မိလို့ကတော့လား။”

“……”

“ငါ့အဖွဲ့ဝင်က ဓားကိုင်တာကို သဘောကျပေးနိုင်ပေမဲ့ အချစ်ဇာတ်လမ်းခင်းတာကိုတော့ လုံးဝ ခွင့်မပြုနိုင်ဘူး။”

အီဝူရှင်းက ပြတ်သားသော သတိပေးချက်ကို ပစ်ချလိုက်ပြီးနောက် ဆောယောင်းကို လျစ်လျူရှုကာ အရှေ့မှ ထွက်သွား၏။ ဆောယောင်းတစ်ယောက် ဝေးကွာသွားသည့် ခြေတံရှည်များကို အသံတိတ် မျက်စောင်းထိုးရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။

ဤနေရာတွင် မလိုအပ်ဘဲ စကားမှားပြောမိလျှင် နောက်ထပ် အပြစ်ရှာခံရဦးမည်ဖြစ်သလို၊ ယခုအချိန်တွင် ပြန်ပြောရန်လည်း အင်အားမရှိတော့ပေ။

ထိုစဉ်၊ အီဝူရှင်းက ရုတ်တရက် ရပ်လိုက်ပြီးနောက် ခါးထောက်ကာ မြေပြင်ကိုသာ စိုက်ကြည့်နေသည်။

ဘာဖြစ်တာပါလိမ့်။

ဆောယောင်း နှုတ်ခမ်းစူလိုက်သည့် ခဏမှာပင် သူက တဖြည်းဖြည်း ပြန်လျှောက်လာ၏။ မျက်မှောင်ကြုတ်နေသော မျက်နှာက တဖြည်းဖြည်း နီးကပ်လာပြီးနောက် ရုတ်တရက် ဆောယောင်း၏ နဖူးကို လက်ဆစ်ဖြင့် ဒေါက်ခနဲတောက်လေသည်။

“အား...”

ခေါက်လိုက်သည့် လက်ခလယ်က နဖူးကို ထိသွားပြီးနောက် ကပ်ပါလာသည့် လက်မက အခေါက်ခံလိုက်ရသည့် နေရာကို မသိမသာ ပွတ်သပ်သွားသည်။ ဆောယောင်းလည်း အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ အီဝူရှင်းက မျက်မှောင်ကြုတ်လျက်ကပင် လှောင်ရယ် ရယ်ခဲ့သည်။

“တွေးကြည့်လေလေ ရွံစရာကောင်းလေပဲ။ ဖြတ်သွားတဲ့ နည်းပြကိုကြည့်ပြီး ဘာလို့ သွားရည်ကျနေရတာလဲ။ မင်းက ခွေးလည်း မဟုတ်ဘဲနဲ့။ ကျချင်ရင်လည်း ရုပ်ပျက်ဆန်းပျက်နဲ့ မျက်ရည်တွေ နှာရည်တွေပဲ ကျစမ်းပါ။”

“ကျွန်မ ဘယ်တုန်းက သွားရည်ကျလို့...”

“အပြေးလေ့ကျင့်ခန်း လုပ်နိုင်သေးပုံပဲ။ ၇ ကီလိုမီတာအထိ တိုးပေးရမလား။”

“……”

ဆောယောင်းတစ်ယောက် ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ ပါးစပ်ကို ပိတ်လိုက်ရတော့သည်။ နှာခေါင်းဖျားတွင် ဂင်ဟျွန်း၏ရနံ့က မသိမသာလေး ကျန်ရှိနေဆဲပင်။

“ဒီကိုလာပြီး ယောက်ျားအစားထိုး မရှာပါနဲ့။”

“……”

“ဒီမှာ အဲ့ဒါမျိုး မရှိဘူး။”

အီဝူရှင်းက မနှစ်မြို့သလို စုတ်တစ်ချက်သပ်ကာ လေ့ကျင့်ရေးကွင်းထဲမှ ထွက်ခွာသွားသည်။ ဆောယောင်းတစ်ယောက် ရင်ဘတ်ကို တစ်ခုခုနှင့် အထိုးခံရသလို ဆတ်ခနဲတုန်သွားရ၏။

ခင်ပွန်းက ဒီမှာရှိနေစရာ အကြောင်းမရှိမှန်း ဘယ်သူက မသိလို့လဲ။

ခင်ပွန်းကို ရှာနေခြင်း မဟုတ်ဘဲ၊ ဆင်တူသည့် အရာတစ်ခုဆီ ခန္ဓာကိုယ်က ဆွဲဆောင်ခံလိုက်ရခြင်းသာ။ လိပ်ကိုမြင်ပြီး လန့်ဖျပ်သွားသည့် နှလုံးသားက ဒယ်အိုးဖုံးကို မြင်တော့လည်း နောက်တစ်ကြိမ် တုန်လှုပ်သွားရခြင်းမျိုးပင်။ သူစိမ်းယောက်ျားများအပေါ် မလျော်မကန် စိတ်ကူးရှိနေခြင်းမဟုတ်ဘဲ၊ မိမိ၏ စိတ်အာရုံအလုံးစုံက ဂင်ဟျွန်းထံတွင်သာ ပုံသေရှိနေကြောင်း အတည်ပြုလိုက်ရသည့် သနားစရာအဖြစ် ဖြစ်ပေသည်။

အကယ်၍ ဂင်ဟျွန်းကို ရှာမတွေ့ခဲ့လျှင် သူနှင့်တူသော ပုံရိပ်ယောင်များနှင့်သာ တွေ့ဆုံရင်း တဒင်္ဂပျော်ရွှင်မှုကို ရှာဖွေပြီး ရှင်သန်သွားရမလား မသိပေ။

ယင်းမှာ တွေးကြည့်ရုံဖြင့် ဆိုးဝါးလွန်းလှသော ဘဝပင်။

ဆောယောင်း ထိုနေ့ကလည်း နောက်ဆုံးမှ ထမင်းစားခဲ့ရပြန်သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment