အပိုင်း ၄၆
ဆောယောင်းတစ်ယောက် တစ်ခဏအတွင်းမှာပင် ဝမ်းဗိုက်ကို အထိုးခံလိုက်ရသည်။ သူ လဲကျသွားသည့် အခိုက်အတန့်မှာပင် ဒုတိယမြောက် ကန်ချက်က ရောက်လာပြန်၏။ ပရော်ဖက်ရှင်နယ် လက်ဝှေ့သင်ထား၍လားမသိ၊ ဝိုက်ထိုးပုံနှင့် ခြေထောက်အသုံးက သာမန်ထက် ထူးခြားနေသည်။
ဆောယောင်းက တံတောင်ကိုချက်ချင်းမြှင့်ကာ ကာကွယ်သည့်အနေအထား ယူလိုက်သော်လည်း ထောင့်ချိုးအမျိုးမျိုးမှ ဝိုက်ဝင်လာသော လက်သီးချက်များက နာကျင်လှ၏။ လက်မောင်းတစ်ခုလုံး ထုံကျင်နေပြီး နံဘေးတစ်လျှောက် တုန်ခါသွားသည်။ အကယ်၍ အကာအကွယ်ဂီယာများသာ ဝတ်မထားပါက အလွန်ဆိုးဝါးသော နာကျင်မှုကို ခံစားရမည်မှာ အမှန်ပင်။
ထိုသို့ သတိလစ်ဖွယ် လက်သီးချက်များအောက်တွင် ကူကယ်ရာမဲ့စွာ ခံနေရစဉ် အီဝူရှင်းနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။ ယခုအချိန်တွင် သူ့ကိုကြည့်ရသည်က တစ်မျိုးကြီး ခက်ခဲနေသဖြင့် ဆောယောင်း မရမကပင် ဆောင်းဝုချန်းကိုသာ စိုက်ကြည့်နေလိုက်၏။
“အု...နင့်နာမည်က ဆောင်းဝုချန်းလား။”
ထိုသို့ပြောလိုက်သည်နှင့် ခွပ်ခနဲ မျက်နှာကို ခပ်ပြင်းပြင်း အထိုးခံလိုက်ရသည်။ တစ်ချက်လေး ဆွပေးလိုက်ရုံနှင့် ဒေါသတကြီး ပေါက်ကွဲတတ်သူပင်။ မျက်မှောင်ကိုရှုံ့မဲ့နေအောင်ကြုတ်ကာ ဆောင်းဝုချန်းက မျက်နှာကို တရစပ်ထိုးနှက်နေသဖြင့် ခန်းမအတွင်းရှိ ဆူညံသံများက ရုတ်ခြည်း တိတ်ဆိတ်သွား၏။
ဆောယောင်းက လက်ဖြင့်ကာထားရင်း တည်ငြိမ်စွာ စဉ်းစားလိုက်သည်။ လေ့ကျင့်ရေးတွင် အခြားကန့်သတ်ချက်များ မရှိသဖြင့် တစ်ယောက်ချင်းစီ၌ရှိသော နည်းစနစ်များနှင့် ယှဉ်ပြိုင်ခိုင်းခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးမိသည်နှင့် ဆောယောင်းလည်း ထပ်မံ၍တုံ့နှေးခြင်းဖြစ်စေ သည်းခံခြင်းဖြစ်စေ မပြုတော့ပေ။ သူက စောင့်နေသည့်အလား ထိုလူ၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းကို တိုက်ခိုက်လိုက်ပြီးနောက် ဆောင်းဝုချန်း၏ ကိုယ်ပေါ်သို့ လျင်မြန်စွာ ခွတက်လိုက်သည်။
“....”
မျက်စိတစ်မှိတ်အတွင်း ပခုံးအထိ ရောက်သွားသော ဆောယောင်းက သူ၏လည်ပင်းကို ချုပ်လိုက်၏။ တံတောင်ဖြင့် လည်ပင်းတစ်ဝိုက်ကို သေချာညှစ်ထားလိုက်ရာ ‘အစ်... အစ်’ နှင့် ဆောင်းဝုချန်းထံမှ နာကျင်နေသော အသံများ ထွက်ပေါ်လာသည်။
သူက ရုန်းကန်သည့်အနေနှင့် လက်သီးဖြင့် ပြန်ထိုးခဲ့သော်လည်း ဆောယောင်းက တုတ်တုတ်မျှ မလှုပ်ပေ။ ထိုသို့လုပ်လေလေ၊ မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားသော ဆောယောင်း၏တံတောင်က ပို၍ တင်းကျပ်စွာ ညှစ်လေလေပင်။
“ဝါး... အဲ့ဒါ ဂျူဂျစ်စု မဟုတ်လား။”
“အဲ့ဒါက ဂျူဂျစ်စု... လား။”
“ဟင်... မဟုတ်ဘူးလား။ ဘာကမှန်းမသိ ဆင်တူသလိုပဲကို...”
ဝိုင်းထိုင်နေသော ရဲဘော်ရဲဘက်များက တီးတိုးပြောဆိုလာကြသည်။ တစ်ဖက်မှ စောင့်ကြည့်နေသော နည်းပြများကလည်း ဆောယောင်း၏ လှုပ်ရှားမှုကိုကြည့်ကာ အသီးသီး ခေါင်းတခါခါဖြစ်နေကြ၏။
ဂျင်ဟိုဂျယ်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး မေးခဲ့သည်။
“အဖွဲ့မှူး၊ အဲ့ဒီနည်းစနစ်က ဘာလဲဗျ။”
“ဘာကို ဘာဖြစ်ရမှာလဲ၊ အခြေခံမရှိ စနစ်မရှိ ခွေးကိုက်သလိုကိုက်တာပဲပေါ့။”
“...ဗျာ။ အဲ့ဒါကို ပြောတာလား။ ဆောင်းဝုချန်းက တုတ်တုတ်မလှုပ်နိုင်ဘဲ ဖြစ်နေတာကို။”
“ဒါဆို ဟန်ဆောယောင်းကရော အထိုးမခံရလို့လား။”
အီဝူရှင်းက မေးရိုးများ တင်းမာနေအောင် အံကြိတ်ထားရင်း ယှဉ်ပြိုင်နေသော လူနှစ်ဦးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
“ခေါင်းဆောင်းစွပ်ပေးထားလို့ တော်သေးတာပေါ့။ အဲ့ဒီဟာက ဆောင်းဝုချန်း သတိလစ်သွားတဲ့အထိ လည်ပင်းကို ညှစ်ထားပြီး သူ့ခေါင်းသူတော့ ဒီအတိုင်း ပစ်ထားလိုက်မဲ့သဘောပဲ။ အထိုးခံရလို့ ဖူးရောင်လာတာဖြစ်ဖြစ်၊ ပေါက်ပြဲပြီး သွေးထွက်တာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုး။”
“...”
“အဲ့ဒီအဆိပ်ပြင်းတဲ့ဟာလေးက အထိုးခံနေရတာတောင် မျက်လုံးတစ်ချက် မမှိတ်ဘူးပဲ။”
“ဗျာ။”
“တိုက်ဆိုင်တာလား၊ အမြင်အာရုံကောင်းတာလားတော့ မသိဘူး၊ အကဲခတ်နေပြီးမှ တစ်ချက်တည်းနဲ့ အမိအရ တိုက်ခိုက်လိုက်တာ။ ခွန်အားနည်းပေမဲ့ ဖျတ်လတ်ပြီး ပျော့ပျောင်းတယ်။ အဲ့ဒီ အဖြေရှာမရတဲ့ မာဆိုကောင်ကို တကယ်ပဲ ဘယ်လိုများ ပညာပေးရပါ့မလဲ။”
[TL/N : မာဆိုကောင် : Masochist - ကိုယ်တိုင် နာကျင်မှု ခံစားရတာ ဒါမှမဟုတ် ဖိနှိပ်ခံရတာကနေတစ်ဆင့် စိတ်ကျေနပ်မှု၊ သာယာမှုကို ခံစားရတဲ့သူ။ ဆောယောင်းကို ပြောနေတာပါ။]
ဂျင်ဟိုဂျယ်တစ်ယောက် သူ၏အထက်လူကြီးက တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ကို ဆဲနေခြင်းလား၊ ချီးကျူးနေခြင်းလား ဝေခွဲရခက်နေသည်။
“အဲ့ဒီ သောက်ကျိုးနည်း စိတ်မမှန်တဲ့ အဆိပ်ကို ဘယ်လိုများ ထုတ်ပစ်ရမလဲ။”
အီဝူရှင်းက ခေါင်းကို အနည်းငယ်ငဲ့စောင်းကာ သူ့ဘာသာ ရေရွတ်ခဲ့သည်။
ထိုစဉ် မခံနိုင်တော့သည့်အဆုံး ဆောင်းဝုချန်းတစ်ယောက် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်လိုက်၏။ သတိလက်လွတ်ဖြစ်သွားသည့် ခဏမှာပင် ဆောယောင်းက တင်ပါးဖြင့် အရှိန်ပြင်းပြင်း ပြုတ်ကျသွားကာ၊ ချက်ချင်းဆိုသလို လက်နှစ်ဖက်လုံး အချုပ်ခံလိုက်ရပြီး ဆောင်းဝုချန်း၏အောက်သို့ ရောက်သွားတော့သည်။ ဆောင်းဝုချန်း ချောင်းတဟွတ်ဟွတ်ဆိုးရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့် အခိုက်အတန့်မှာပင်။
“တော်ပြီ။”
ရုတ်တရက် ထွက်ပေါ်လာသော နောက်ပြောင်သလိုလို အသံက တင်းမာနေသော အခြေအနေကို ချက်ချင်း ဖြတ်တောက်လိုက်သည်။ ဆောင်းဝုချန်းက ခေတ္တတုံ့ဆိုင်းသွားသော်လည်း ဂရုမစိုက်ဘဲ လက်ကို ပြန်မြှောက်လိုက်ရာ၊ တစ်ပြိုင်နက်တည်းမှာပင် ဖတ်ခနဲ သူ၏ခေါင်းက လွင့်ထွက်မတတ် အကန်ခံလိုက်ရသည်။
“နည်းပြက တော်ပြီလို့ပြောတာ မကြားဘူးလား။”
ဖရဲသီးပေါက်ကွဲသွားလျှင် ဤကဲ့သို့ အသံမျိုး ထွက်လာမည်လား။ ဆောင်းဝုချန်း၏ နားထင်ကို ဘောလုံးတစ်လုံးလို ကန်ပစ်လိုက်သော အီဝူရှင်းက ယှဉ်ပြိုင်ကွင်းအတွင်းသို့ ဝင်လာ၏။
ဆောင်းဝုချန်းက ပုစွန်ထုပ်အလား ကိုယ်ကိုကွေးကာ ခေါင်းကို ကိုင်ထားသော်လည်း၊ နည်းပြ၏ လက်ရိပ်လက်ကဲကြောင့် အလိုအလျောက် ဆတ်ခနဲထရပ်ခဲ့သည်။
အလားတူပင် တစ်ခဏအတွင်း အရေးနိမ့်သွားသော ဆောယောင်းထံသို့လည်း အေးစက်သော အကြည့်များက အပြစ်တင်သလို စိုက်ဝင်လာ၏။ သူ၏ မကျေမနပ်ဖြစ်နေသောပုံစံကြောင့် ဆောယောင်းလည်း မနေရဲဘဲ နေရာမှထရပ်လိုက်သည်။
“လူကြီးမင်းတို့ကို သင်ပေးမဲ့ တိုက်ခိုက်ရေးနည်းစနစ်က ခရာ့ဗ် မာဂါလို့ခေါ်တယ်။”
နည်းပြ အီဝူရှင်းက ဆောင်းဝုချန်း၏ ကာကွယ်ရေးဂီယာများကို ကိုယ်တိုင်ချွတ်ပေးရင်း ပြောခဲ့သည်။ တကယ်ပဲ ဘာကိုတွေးနေ၍လဲမသိ၊ သူက သိမ်းဆည်းလိုက်သော ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ ‘ဒေါက်၊ ဒေါက်’နှင့် ပေါ့ပေါ့ပါးပါး ပစ်ချခဲ့၏။
“လူသားတွေရဲ့ ဗီဇအရ အလိုအလျောက်တုံ့ပြန်မှုကို အခြေခံထားတဲ့ တိုက်ခိုက်ရေးပညာဖြစ်တဲ့အတွက် ပင်ကိုအသိစိတ်နဲ့ တုံ့ပြန်မှုကောင်းလေလေ သင်ယူရတာ ပိုမြန်လေပဲ။ အသက်အရွယ်၊ ကျား၊ မ၊ ခွန်အားနဲ့မဆိုင်ဘဲ ဘယ်သူမဆိုပေါ့။”
သူ၏ အဓိပ္ပာယ်ပါသော အကြည့်များက ဆောယောင်းထံသို့ ဝှစ်ခနဲ ရောက်လာသည်။
“အဲ့ဒါ့အပြင် သေနတ်ကိုင်ထားတဲ့ ပြိုင်ဘက်ကိုတောင် လက်ဗလာနဲ့ နှိမ်နင်းနိုင်တယ်လို့ ပြောကြတာဆိုကြတော့…”
ရုတ်တရက် သူက ခါးကြားမှ ပစ္စတိုသေနတ်ကိုထုတ်ပြီး ဂျောက်ခနဲ မောင်းတင်လိုက်၏။
“ငါ့သေနတ်ကို တစ်ခါလောက် ပေးကိုင်ကြည့်ရမလား။”
“...”
ထို့နောက် ကြောင်အမ်းအမ်း ဖြစ်နေသော ဆောင်းဝုချန်းထံ သေနတ်ကို ထည့်ပေးခဲ့သည်။ ရုတ်တရက် ခေါင်းကို အကန်ခံရခြင်း၊ ကာကွယ်ရေးဂီယာများ အချွတ်ခံရခြင်း၊ ထို့နောက် သေနတ်ကို ကိုင်လိုက်ရခြင်း စသည့် အဖြစ်အပျက်များက သူ့ကို နားမလည်နိုင်အောင် ဖြစ်သွားစေပုံပင်။
ကြောင်တောင်တောင် ရပ်နေသဖြင့် အီဝူရှင်းက ရယ်လျက် သူ၏ပါးကို အသာအယာ ပုတ်လိုက်သည်။
“ဒါဆို အဖွဲ့ဝင် ဆောင်းဝုချန်း၊ ချိန်ကြည့်မလား။”
သဘာဝကျကျ ဖြစ်ပျက်သွားသော ကိစ္စများကြောင့် အားလုံးက မျက်တောင်တဖျတ်ဖျတ် ခတ်နေကြသည်။
ဆောင်းဝုချန်း သေနတ်ကို ကိုင်လိုက်စဉ်မှာပင် နည်းပြက ရှင်းပြချက်များကို ဆက်လက်ပြောကြားရင်း သူ၏လက်မောင်းကို ချက်ချင်း ရိုက်ထုတ်လိုက်၏။
“ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို ရှောင်ဖယ်တာဖြစ်ဖြစ်၊ ရိုက်ထုတ်လိုက်ပြီးတဲ့နောက်မှာဖြစ်ဖြစ်...”
ဆောင်းဝုချန်း လွတ်ကျသွားသော သေနတ်က ဆောယောင်း၏ ခြေရင်းနားသို့ ကျလာသည်။
ထိုအချိန်မှစ၍ အီဝူရှင်းက သူ့ကို အတည်ပေါက် စတင်ထိုးနှက်တော့၏။
ဝမ်းဗိုက်ကိုကန်ပြီး လက်မောင်းကိုလိမ်ကာ မေးရိုးအထိ ဆောင့်ချခဲ့သည်။ ဆောင်းဝုချန်းခမျာ ‘အု...’ ဟု အသံပြုရုံသာ တတ်နိုင်ပြီး ဘာမှပြန်မလုပ်နိုင်ရှာပေ။
“အဓိက တိုက်ခိုက်ရမဲ့ နေရာတွေက မျက်လုံး၊ နှာခေါင်း၊ မေးစေ့၊ လည်ပင်း….”
“အု...”
အီဝူရှင်း တစ်ခုချင်းစီ ပြောလိုက်တိုင်း ထိုနေရာများကို တိတိကျကျ ထိမှန်သွားသည်။
“ပေါင်ခွကြားပဲ။”
“အား..”
“သေချာ တိုက်ခိုက်နိုင်ရင် သေသွားနိုင်တဲ့ အချက်အချာနေရာတွေဖြစ်လို့ အလွတ်မှတ်ထားကြပါ။”
ဆောင်းဝုချန်း၏ နှာခေါင်းမှ သွေးများ တစ်စက်တစ်စက် ကျလာသည်။ အဖွဲ့ဝင်များက ထူးဆန်းသော အနေအထားကြောင့် စကားတစ်လုံးပင် မဟနိုင်ဘဲ ခါးကို မတ်မတ်ဆန့်ထားကြ၏။
‘ဒါက လူသားသဲအိတ်ပဲ’ ဟု ဆောင်းဝုချန်းလည်း ရိပ်မိလာကာ မျက်နှာပျက်သွားတော့သည်။ အီဝူရှင်းကမူ ဂရုမစိုက်ဘဲ နဂိုအတိုင်း ပျင်းရိငြီးငွေ့နေသည့်ပုံစံဖြင့် သင်ခန်းစာကို ဆက်လက်ပို့ချနေ၏။
“နည်းစနစ်အများစုက ပြိုင်ဘက်ကို အထိအနာဆုံးဖြစ်စေမဲ့ အစီအစဉ်အတိုင်း ဖွဲ့စည်းထားတာ။ ဥပမာ- တံတောင်နဲ့ မေးစေ့ကို ရိုက်တာမျိုး။”
“အု... ချီး...”
“ကုပ်၊ ရင်ညွန့်၊ ဝမ်းဗိုက်ကို ထိုးပြီးတော့။”
“အု...”
“စစ်ဖိနပ်နဲ့ ဆီးခုံရိုးအောက်ကို ကန်တာ။”
ဖတ်ခနဲ ပြင်းပြင်းထန်ထန် ရိုက်ခတ်သံက လေ့ကျင့်ရေးခန်းမအတွင်း အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
ဆောင်းဝုချန်းလည်း နောက်ဆုံးတွင် ခြေလက်များ တုန်ယင်ကာ လဲကျသွားပြီး အီဝူရှင်းကမူ အသက်ရှူနှုန်းပင် မူမမှန်မဖြစ်ဘဲ အေးရာအေးကြောင်း လည်ပင်းကို ဖြေလျှော့လိုက်၏။ ကြမ်းပြင်ပေါ်တွင် ကွေးနေသော ပြိုင်ဘက်ကို ကျော်ဖြတ်ကာ သူက လျှောက်လာသည်။
“ခရာ့ဗ် မာဂါမှာ ခွန်အားထက် နည်းစနစ်က ပိုအရေးကြီးတယ်။”
ဘာသိဘာသာ မျက်လုံးများက ဆောယောင်းထံသို့ တည့်တည့်မတ်မတ် ရောက်လာသည်။
“သေချာနားလည်ရဲ့လား။”
ထိုအခိုက်အတန့်တွင် ဆောယောင်းတစ်ယောက် ရင်ထဲ၌ တစ်စုံတစ်ခုက ဆတ်ခနဲ ခြစ်မိသွားသလို ခံစားလိုက်ရသည်။ လေ့ကျင့်ခန်း မစတင်မီကပင် တစ်နေရာရာတွင် လက်ချောင်း ရှသွား၍လားမသိ၊ လက်ဖျားက ထူးဆန်းစွာ ထူပူနေ၏။
“နိဂုံးချုပ်ရရင် ကိုယ့်ထက်ထွားတဲ့ကောင်နဲ့တွေ့လို့လည်း လွယ်လွယ်နဲ့ အလျှော့မပေးနဲ့လို့ ပြောတာ။ အရေးကြုံလာရင် ဘောပင်ဖြစ်ဖြစ်၊ လက်ချောင်းဖြစ်ဖြစ် လုပ်နိုင်တာမှန်သမျှ အကုန်သုံးပြီး ထိုးနှက်ပစ်လိုက်ရင် ရတာမို့လို့။”
ထိုသို့ပြောရင်း ကျနေသော သေနတ်ကို ကောက်ကိုင်ကာ ဆောယောင်း၏ နဖူးကို သေနတ်ပြောင်းဖြင့် အသာအယာ တွန်းခဲ့သည်။ အေးစက်သော အထိအတွေ့ကြောင့် အလိုအလျောက် ကိုယ်က တောင့်တင်းသွား၏။
ဆောယောင်း ဆတ်ခနဲတုန်သွားသည်ကို ကြည့်နေရင်း သူက မောင်းကို ဆွဲလိုက်သည်။ တည်ငြိမ်သော ထိုမျက်နှာထက်တွင် ပရိယာယ်ကြွယ်စဉ်းလဲသော အငြိုးအတေးများ ယှက်သန်းနေသလိုပင်။
“...”
သို့သော် သေနတ်သံအစား ထွက်ပေါ်လာသည်က ကြည်လင်သော ဆပ်ပြာပူဖောင်းလေးများသာ။ ဆောယောင်း မျက်တောင်ကို အမြန်ခတ်ရင်း အောင့်ထားသော အသက်ကို ရှူထုတ်လိုက်မိသည်။ အရူးလုပ်ခံရမှန်း သိလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်လိုက်သော်လည်း အီဝူရှင်းက ချက်ချင်း ကျောခိုင်းသွားပြီး အခြားအဖွဲ့ဝင်များကို ပြောစရာရှိသည်များ ဆက်ပြောနေ၏။
လွင့်မျောနေသော ဆပ်ပြာပူဖောင်းတစ်ခုက ဆောယောင်း၏နဖူးကိုထိကာ ဖောက်ခနဲ ပေါက်သွားသည်။ ဆောယောင်းတစ်ယောက် မျက်နှာကိုမဲ့ကာ စေးကပ်ကပ် နဖူးကို လက်ဖဝါးဖြင့် အထပ်ထပ်အခါခါ သုတ်နေမိတော့၏။
ထို့နောက်တွင်လည်း သူက ဆက်တိုက် ခေါ်ထုတ်ခံရကာ လေ့ကျင့်ခဲ့ရပြီး၊ အထိုးခံရလိုက် ပြန်လည်တုံ့ပြန်လိုက်နှင့်ပင် သံသရာလည်နေခဲ့သည်။ ခန္ဓာကိုယ်ကို အဆက်မပြတ် လှုပ်ရှားနေရသဖြင့် တဒင်္ဂ ခံစားလိုက်ရသော ထူးဆန်းသည့် ထိုခံစားချက်က ဘာမှန်း မေ့လျော့သွားတော့၏။
ထို့နောက် ထိုနေ့ညတွင်လည်း ထုံးစံအတိုင်း ရုတ်တရက် တိုက်ခိုက်ခံရကာ ပင်လယ်ထဲသို့ ဗွမ်းခနဲ ပြုတ်ကျခဲ့ပြန်သည်။
~~~~
Miel’s Translations