အပိုင်း ၄၄
—ဒါမှမဟုတ်ရင်လည်း အဖွဲ့မှူးအပေါ် ဖိအားတွေ သက်ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့က ဝင်ပါလို့မရတဲ့အတွက် ရာထူးအရဆိုရင် အဖွဲ့မှူးက အောက်ကျနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဇီးကွက်ကိုခေါ်ပြီး အလုပ်လုပ်ရမဲ့ကိန်းဆိုက်နေနိုင်ပါတယ်……
စိန့်ပီတာစဘာ့ဂ်၊ ရုရှားတဲ့လား……။ အီဝူရှင်း တင်းမာသွားသော မိမိ၏ပါးပြင်ကို ပွတ်သပ်လိုက်သည်။
“ဘာကိစ္စနဲ့ ရုရှားကို သွားတာလဲဆိုတာရော မသိဘူးလား။”
—ဟုတ်ကဲ့၊ လေဆိပ်မှတ်တမ်းပဲ ရှိတာပါ။ အလုပ်ကိစ္စအသေးစိတ်ကိုတော့ စာရွက်စာတမ်းနဲ့ ချန်မထားခဲ့တဲ့ပုံပါပဲ။
“……လောလောဆယ် တာဝန်ကျေတယ်။”
ထပ်ပြီး အာရုံထဲမထားတော့ဘူးဟု ဆုံးဖြတ်ထားသော်လည်း စိတ်ထဲတွင် ချက်ချင်းပင် ရှုပ်ထွေးသွားရပြန်သည်။ နဂိုကပင် နိမ့်ပြီးသား သူ၏အသံက ရွှံ့နွံထဲ နစ်ဝင်သွားသည့်အလား ပို၍ပင် နိမ့်သွား၏။ ဆက်သွယ်မှုကို အဆုံးသတ်ရန် ပြင်လိုက်စဉ်မှာပင်။
—ဟိုလေ၊ အဖွဲ့မှူး…… ဒါနဲ့ ဇီးကွက်ကရော ဘေးကင်းရဲ့လားခင်ဗျ။ လေ့ကျင့်ရေးမှာ ဒဏ်ရာဘာညာတော့ မရဘူးမဟုတ်လား။
မလိုအပ်သော စိုးရိမ်ပူပန်မှုများ အတိုင်းသား ပေါ်လွင်နေသည့် အသံကြောင့် သူက ပါးစပ်ထဲတွင် လျှာကို အကြိမ်ကြိမ် လှည့်ပတ်ကာသပ်နေမိသည်။ ဒဏ်ရာမရဘူးလား၊ ဘေးကင်းရဲ့လားပေါ့လေ။ အီဝူရှင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးမှ အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။
“ကောင်းတဲ့နေရာ တစ်ကွက်မှမရှိဘူးပေါ့။ အဲ့ဒါတောင် ဘေးကင်းနေတာက ပြဿနာပဲ။”
—ဇီးကွက်ကို ဒီလောက်အထိ အလျှော့မပေးတတ်လိမ့်မယ်လို့ ထင်မထားဘူး။
နားကြပ်ထဲမှတစ်ဆင့် စိတ်မကောင်းဖြစ်နေသည့် အသံက စီးဝင်လာသည်။
—အထူးလုံခြုံရေးအဖွဲ့ လိုအပ်တယ်လို့ ပြောတာကလည်း ဂင်ဟျွန်းကြောင့်ပဲ ဖြစ်မှာပေါ့နော်။ အလုပ်အပ်ခကလည်း ဈေးကြီးသလို အထူးလုံခြုံရေးအဖွဲ့ကလည်း ဒေါ်လာ သုံးသိန်းအောက် စာချုပ်ဆို လက်မခံဘူးမဟုတ်လား။ အဲ့ဒါကြောင့် သူကိုယ်တိုင် ဝင်ဖို့ ကြိုးစားနေတာများလား။ တကယ်ပဲ ဝင်သွားပြီး ဘာလုပ်ဖို့ စိတ်ကူးထားတာပါလိမ့်။
“…….”
—ဒါပေမဲ့ ဇီးကွက်က အဖွဲ့မှူးကို တကယ်ပဲ မမှတ်မိတာလား။ အဲ့ဒီမှာ အတူတူ လုံးထွေးသတ်ပုတ်နေကြတာတောင်မှလေ။
ရုတ်တရက် ထွက်လာသော ဒေါသကို သူ တစ်ကြိမ် မျိုသိပ်လိုက်ရပြန်သည်။
‘ဒီဦးနှောက်မရှိတဲ့ကောင်။’
သူက ဒေါသကို ဖြေဖျောက်သည့်အနေဖြင့် မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်၏။ အသက်ရှူသံကိုပင် အသံမထွက်အောင် ထိန်းထားသော အထက်လူကြီး၏ အခြေအနေကို ယနေ့လည်း ရိပ်မိခြင်းမရှိသည့် ဝန်ချန်းကမူ မိမိအတွေးနှင့်မိမိ နစ်မွန်းနေဆဲပင်။
—အဖွဲ့မှူးရဲ့ မျက်နှာက ဂင်ဟျွန်းနဲ့ အရမ်းကွာခြားနေလို့ လုံးဝ မရိပ်မိတာများလား။ ဟုတ်သားပဲ၊ တစ်ဖက်လူ ခံစားရတဲ့ အာရုံငါးပါးလုံး ပြောင်းလဲသွားအောင် လုပ်ရမယ်လို့ ပြောခဲ့တာကို……ဒီတစ်ခါ ကြွက်သားထုကိုလည်း တိုးထားတာမဟုတ်လား။ ပြီးတော့ ဒါက ကျွန်တော့်ရဲ့ တစ်ကိုယ်ရေ အတွေးဆိုပေမဲ့……
“…….”
—တကယ်တော့ ဇီးကွက်က ဂင်ဟျွန်းလို ပုံစံမျိုးကိုမှ အရူးအမူး စွဲလမ်းတတ်တဲ့ အမျိုးအစား ဖြစ်နေလို့များလား။
ထိုနေရာအထိ ကြားလိုက်ရသော အီဝူရှင်းတစ်ယောက် ပြန်ပင်မဖြေတော့ဘဲ နားကြပ်ကို ဆွဲဖြုတ်ပစ်လိုက်တော့သည်။
~~~~
“အဲ့ဒါက ရှက်စရာ မဟုတ်ဘူး။”
ဆောယောင်း၏ အသံက အတက်အကျ လုံးဝမရှိသလောက်ပင်။
ကုန်းပေါ်လေ့ကျင့်ရေးက သာသလား၊ ရေအောက်လေ့ကျင့်ရေးက သာသလား။ လေ့ကျင့်ရေးနှစ်ခုလုံးက ငရဲလို ဆိုးဝါးလှသော်လည်း သေချာသည့် အချက်တစ်ချက်ကား ကုန်းပေါ်တွင် အခြေအနေမကောင်းပါက အန်ရုံသာရှိသော်လည်း ရေအောက်တွင်မူ……
“ချီးပဲ၊ အဲ့ဒီလိုဆိုရင်တောင် ဘောင်းဘီထဲ ချီးပါချမိတာကတော့……”
“ဘယ်သူမှ မမြင်လိုက်ဘူး။”
“မင်း မြင်လိုက်တယ်မဟုတ်၊ မင်းလေ……”
“အရင်က အလုပ်လုပ်ခဲ့တဲ့ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ နေ့တိုင်း မြင်နေကျတွေပဲ။"
“…….”
“လူတိုင်း အဲ့ဒီလို ပါချတတ်ကြတာပဲ၊ နံရံမှာတောင် သုတ်ကြသေးတာ။ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။”
“ကျေးဇူးပြုပြီး တော်ပါတော့……”
ပိုက်တစ်ခုကိုသာ အားကိုးကာ ရေအောက် ခုနစ်မီတာအထိဆင်း၍ ကြိုးချည်ပြီးမှ ပြန်တက်လာရသော ရေအောက်ကြိုးချည်နည်း အကဲဖြတ်မှု။
ထိုလုပ်ငန်းစဉ်တွင် တပ်ဖွဲ့ဝင်အများအပြားက သတိလစ်ခြင်းဖြစ်စေ၊ အောက်ဆီဂျင်ပြတ်တောက်ခြင်းဖြစ်စေ ကြုံတွေ့ရတတ်သော်လည်း ယနေ့တွင် တပ်ဖွဲ့ဝင်တစ်ဦးက ဘောင်းဘီထဲ အနည်းငယ် ချီးထွက်လျက် ပြန်တက်လာခဲ့သည်။ ထိုအကြောင်းကြောင့် ခေတ္တစောင့်ဆိုင်းချိန် ဖြစ်ပေါ်သွား၏။
ဆောယောင်းက ထိုအချိန်ကို ပထမဆုံး မြင်လိုက်ရသည့်သူဖြစ်သလို၊ ပျာယာခတ်သွားသည့် ထိုအဖွဲ့ဝင်ကို သန့်စင်ခန်းထဲသို့ အမြန်ဆုံး တွန်းပို့ပေးခဲ့သည့် အရေးပေါ် ကူညီပေးသူလည်းဖြစ်ပေသည်။ ယခု ခေါင်းကို ဆွဲဖွပြီး စိတ်ပျက်နေသော အဖွဲ့ဝင်ကို ဘာမှမဟုတ်သလို အားပေးစကားပြောနေခြင်းပင်။
“ဖိအားက ရုတ်တရက် ပြောင်းလဲသွားလို့ ဖြစ်ရတာ။”
ရှက်စိတ်ကြောင့် ထိူလူသာ လေ့ကျင့်ရေးကို လက်လျှော့သွားလျှင် အတော် အခက်တွေ့ရပေမည်။ အကြောင်းမူကား သနားစရာကောင်းလောက်အောင် စိတ်ဓာတ်ကျနေသည့် ဤအဖွဲ့ဝင်က ဆောယောင်းနှင့် အပြိုင်အဆိုင် အောက်ဆုံးအဆင့်ကို လုနေရသူဖြစ်ပြီး၊ ဆောယောင်းအနေဖြင့် ရှင်သန်ရန်အတွက် မိမိအောက်တွင် ရှိနေပေးမည့်သူတစ်ယောက် လိုအပ်သောကြောင့်ပင်။
ထို့ကြောင့် ထိူလူ ထွက်မသွားအောင် တားရပေမည်။
အခွင့်သာလျှင် စိတ်ပိုင်းဆိုင်ရာ လှည့်စားခြယ်လှယ်မှု လုပ်ပြီးတော့ဖြစ်ဖြစ်……
“စွန့်ပစ်ပစ္စည်းတိုင်းက တန်ဖိုးရှိတယ်။”
“ကျေးဇူးပြုပြီး တော်ပါတော့လို့ဆိုနေမှ……"
“ကျန်းမာရေးအတွက် တကယ် အရေးကြီးတာလေ။ ပြီးတော့ နင့်ရဲ့ အစာခြေစနစ်က ကောင်းနေတာကို ဘာလို့ ရှက်နေတာလဲ။ ကျိန်းသေပေါက် သင့်တော်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ယေဘုယျအားဖြင့် ချီးကို အိမ်သာထဲမှာ……”
“ပါးစပ် ပိတ်ထားစမ်းပါ……”
“ဘာပဲဖြစ်ဖြစ်၊ နင့်လို အသည်းအသန် ထွက်နိုင်တဲ့ အဖွဲ့ဝင်မျိုးက ဘာလို့ ထွက်ပြေးမှာလဲ။”
ပိန်သွယ်သွယ်လက်ဖဝါးများဖြင့် မျက်နှာကို ပွတ်သပ်ရင်း ငိုချင်သလို ဖြစ်နေသည့် လူက ညည်းတွားခဲ့သည်။
“မင်းကတော့ ကတ္တားကို သေသေချာချာ ထည့်ပြောစမ်းပါ……”
“ချီးထွက်တာလေ။”
“ချီးပဲ……”
“လက်မလျှော့ဘူးမဟုတ်လား။”
“လက်မလျှော့ဘူး……”
ထိုအခါမှ ဆောယောင်းလည်း စိတ်အေးသွားသည့်အလား ခေါင်းညိတ်ကာ ပါးစပ်ပိတ်လိုက်သည်။ မိမိကြားချင်သည့် စကားကို ကြားရပြီးနောက်တွင် ဘယ်တုန်းက သူငယ်ချင်းလို ဆက်ဆံခဲ့သလဲဟု ထင်ရလောက်အောင် အေးစက်သွားသော သူ၏မျက်နှာက ဖြူဖျော့လျက်။
အချိန်ကိုက်ပင် နည်းပြ၏ ဝီစီသံ ထွက်ပေါ်လာသဖြင့် သူ၏ခန္ဓာကိုယ်သည်လည်း အလိုအလျောက် ဝုန်းခနဲ ထရပ်မိသွားတော့သည်။ တစ်နေရာစီတွင် စောင့်ဆိုင်းနေကြသော တပ်ဖွဲ့ဝင်များ ရေကူးကန်အနားတွင် ပြန်လည်စုရုံးရန် စက္ကန့်ပိုင်းသာ ကြာခဲ့၏။
ဆောယောင်းတစ်ယောက် စတုတ္ထပတ် တစ်ပတ်လုံး အသက်အောင့်ခြင်း၊ မီတာ ၅၀ ရေငုပ်ခြင်း၊ ရေအောက် ၁၅ မီတာရှိ ပစ္စည်းကို ဆင်းကောက်ခြင်း စသည့် ရေအောက်လေ့ကျင့်ရေး အမျိုးမျိုးကို ပြုလုပ်နေရသည်။
အီဝူရှင်းကမူ သူ့ကို မြင်သည်နှင့် ယခုအထိလည်း နှိပ်စက်နေမြဲပင်။ အထူးသဖြင့် ရေကန်ထဲဝင်ပြီး အသက်အောင့်ရချိန်တွင် ဆောယောင်း၏ နောက်စေ့ကို ဖိထားတတ်ပြီး နှိပ်စက်ညှဉ်းပန်းခံနေရသည့် ခံစားချက်မျိုးရအောင် လုပ်တတ်၏။
တကယ်ပင် အသက်ထွက်တော့မည့် အခိုက်အတန့်တွင် အချုပ်အနှောင်မှ လွတ်မြောက်လာသော ဆောယောင်း မူးဝေနေသည့် အခြေအနေဖြင့် ခေါင်းမော့လိုက်ရာ၊ ကြည်နူးနေသည့်အလား ပြုံးနေသော အီဝူရှင်းနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။
ထိုခဏတွင် လူသတ်လိုစိတ်များ ထိုးတက်လာ၏။ ချက်ချင်းပင် လက်သီးဖြင့် ထိုးပစ်လိုက်သော်လည်း ဟန်ချက်ပျက်သွားသည့် မိမိက ရေကန်ဘေးရှိ ပိုက်လုံးနှင့်အတူ ကြမ်းပြင်ပေါ်သို့ မှောက်လျက်လဲကျသွားသည့် အရှက်ရဖွယ် မြင်ကွင်းကိုသာ ပြသနိုင်ခဲ့သည်။
‘ငါ့မှာလည်း ဒီလိုမျိုး မေ့ပစ်ချင်စရာ အတိတ်ဆိုးတွေ ရှိလာလိမ့်မယ်လို့ ထင်မထားဘူး…’
ထိုအချိန်ကို ပြန်စဉ်းစားမိတိုင်း မျက်နှာက ပူထူနေဆဲပင်။
“ဒီနေ့က ငါးရာတန်ပဲ။ တစ်ရာတန် ထုတ်ပေးရင်တော့ သမခံရမယ်။”
အီဝူရှင်းက ရွဲ့နေသလို သူ့တစ်ယောက်တည်း လည်စည်းကိုပတ်ထားကာ ပါးပြင်တွင် အနွေးအိတ်ကို ကပ်ထားသည်။
ချမ်းလွန်းလို့ပါဟူသည့်ပုံစံဖြင့် ဟန်အမျိုးမျိုး ထုတ်နေသော်လည်း၊ ဝီစီမှုတ်ချိန်တွင်မူ ပြတ်သားစွာ မှုတ်ပြီး အဖွဲ့ဝင်များကို ရေထဲသို့ မညှာမတာ ဆင်းခိုင်းတော့၏။
သူတို့လည်း အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးသည့်အတိုင်း မတွန့်မဆုတ်ဘဲ ချက်ချင်း ရေထဲဆင်းခဲ့ကြသည်။ ရေအောက်ခြေတွင် ကျနေသော အကြွေစေ့ကို ကောက်ရန်အတွက် ယနေ့တွင် ခုနစ်မီတာအထိ ငုပ်ရပေမည်။
ဆောယောင်းသည်လည်း ထူးမခြားနားပင်။ သူက လေးလံစွာ ကပ်ငြိနေသော ရေဖိအားကို လက်နှစ်ဖက်ဖြင့် တိုးဝှေ့ရင်း အောက်သို့၊ တစ်ဖန် အောက်သို့ ဆင်းသွားခဲ့သည်။
ကာယကြံ့ခိုင်မှု အားနည်းပြီး ရေကူးကျွမ်းကျင်မှုက သာမန်မျှသာ ဖြစ်သော်လည်း အသက်အောင့်ရာတွင် တော်သောကြောင့် အများကြီး နောက်ကျကျန်ခဲ့ခြင်း မရှိပေ။
ထိုသို့ဖြင့် ငါးရာတန်အကြွေကို ရှာတွေ့ပြီး အပေါ်သို့ တည့်တည့်မတ်မတ် ပြန်တက်လာသည့်အခါ ဘယ်တုန်းက ရောက်နေမှန်းမသိသော အီဝူရှင်းက ရေကူးကန်ထဲသို့ ကိုယ်တိုင် ဆင်းနေသည်ကို တွေ့လိုက်ရသည်။ အဖွဲ့ဝင်များက ရေပြင်ပေါ်သို့ မျက်နှာများတင်ထားရင်း နည်းပြ၏ ပါးစပ်ကိုသာ စိုက်ကြည့်နေကြ၏။
“ဒီနေ့တော့ ယာယီ ရေပေါ်ဖောင်လုပ်နည်း လေ့ကျင့်မယ်။”
သူက ရေအောက်တွင် ခါးနားကို စမ်းသည့်အလား လက်ကို လှုပ်ရှားခဲ့သည်။ ဘာ…လုပ်နေတာပါလိမ့်ဟု ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေစဉ်မှာပင် ဂျောက်ခနဲ ဘောင်းဘီခါးပတ် ပြုတ်သွား၏။
ဆောယောင်းလည်း ကြောင်အမ်းအမ်းဖြင့် မျက်တောင်ခတ်လိုက်မိသည်။ မကြာမီ သူက စိုရွှဲနေသော ဘောင်းဘီကို မြှောက်ပြရင်း ပြောလာ၏။
“တပ်ဖွဲ့ဝင်တွေလည်း နည်းပြအတိုင်း ဘောင်းဘီချွတ်ကြ။"
“……”
အီဝူရှင်းက ဝတ်ထားသော ဘောင်းဘီထဲသို့ လေသွင်းပြီး ယာယီ ရေပေါ်ဖောင် ပြုလုပ်ပုံကို ကိုယ်တိုင် သရုပ်ပြခဲ့သည်။ စောင့်ကြည့်နေသော တပ်ဖွဲ့ဝင်များလည်း ရေထဲတွင် ဘောင်းဘီကို တစ်ယောက်ပြီးတစ်ယောက် ချွတ်ကြတော့၏။ တစ်ချိန်တည်းမှာပင် သူတို့၏ အနေရခက်သလို အကြည့်များက ဆောယောင်းရှိရာဘက်သို့ မသိမသာ ဖြတ်သန်းသွားကြသည်။
“……."
ဆောယောင်းလည်း ခြေထောက်ကို လှုပ်ရှားနေရင်းမှ ခေတ္တ တုံ့ဆိုင်းသွား၏။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ တုံ့ဆိုင်းသွားမိသည့် အဖြစ်မှန်ကြောင့် စိတ်ပျက်သွားသည့် အခိုက်အတန့်တွင်။
“အဖွဲ့ဝင် ဟန်ဆောယောင်း။”
အမှတ်မထင် ခေါင်းကို ငဲ့စောင်းကြည့်နေသည့် အီဝူရှင်းနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။
“ငါ့အဖွဲ့မှာ အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့လူက၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပခုံးကိုပဲ တွယ်ကပ်ပြီး ရှင်သန်ဖို့ စိတ်ကူးထားတာလား။”
တစ်ယောက်တည်း ဖောင်မလုပ်နိုင်ဘဲ ဖြစ်နေသည့် သူ့ထံသို့ အေးစက်သော အကြည့်များ စိုက်ဝင်လာသည်။
“ဒါဆို ကိုယ့်ကိုယ်ကိုယ်တောင် မကယ်နိုင်တဲ့ လူကို ငါတို့က ဘာလို့ လက်ခံရမှာလဲ။”
“……”
“ဒါပေမဲ့လည်း အနေရခက်တဲ့ အခြေအနေကို ထည့်စဉ်းစားပြီး ဒီလုပ်ငန်းစဉ်ကိုတော့ ကျော်သွားခိုင်းလိုက်မယ်။”
ဘယ်တုန်းက အပြစ်ပြောခဲ့လို့လဲဟုဆိုရလောက်အောင် သူက ဘာသိဘာသာ ခေါင်းသာလွှဲသွား၏။ ဆောယောင်း ခံစားနေရသော အခက်အခဲ သို့မဟုတ် ရှက်ရွံ့မှုကို နားလည်ပေးသည်ဟု ဆိုလိုသော်လည်း၊ ပုံမှန်လို ပြုံးပြီး လူ့စိတ်ကို ဆွပေးနေခြင်းမဟုတ်ဘဲ မင်းရဲ့ အကန့်အသတ်ကို ငါသိသွားပြီဆိုသည့် ပုံစံဖြင့် ပြောသွားခြင်းကြောင့် အလိုလို စိုးရိမ်လာရသည်။
မဟုတ်မှ ဒီလောက်လေးနဲ့တော့ ဘယ်အထုတ်ခံပါ့မလဲ…
“မဟုတ်ပါဘူး…”
ဆောယောင်းက တွန့်ဆုတ်နေခဲ့သည်ကို ဖျောက်ဖျက်ပစ်သည့်အလား ဘောင်းဘီကို ဝှစ်ခနဲ ချွတ်ချလိုက်သည်။ အပ်ဖြင့်ထိုးနေသလို အေးစက်သောရေများ ခြေတံများကို လာထိတွေ့ချိန်တွင် သတိက ပြန်လည်စုစည်းသွားတော့၏။
အခြားလူများကဲ့သို့ပင် ဘောင်းဘီထဲသို့ လေသွင်းပြီး ယာယီ ရေပေါ်ဖောင် ပြုလုပ်ရာတွင် အောင်မြင်သွားခဲ့သည်။ ဖောင်ကဲ့သို့ ဖောင်းကားနေသော ဘောင်းဘီကို ပွေ့ဖက်ထားရသည့်အတွက် ရေထဲတွင် နေရသည်က ပို၍ သက်သောင့်သက်သာ ရှိလာ၏။ ဆက်တိုက် လေ့ကျင့်မှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် မနက်ပိုင်း လေ့ကျင့်ရေးအားလုံး ပြီးဆုံးသွားခဲ့သည်။
“အားလုံး လူစုခွဲကြ။”
တိုတိုတုတ်တုတ် အမိန့်ပေးလိုက်သည့် အီဝူရှင်းက ရေကူးကန်ထဲမှ အရင် ထွက်သွားသည်။ ကမ္ဘာ့ဆွဲအားကဲ့သို့ ကပ်ငြိနေသော ရေစက်များကို ခါထုတ်ရင်း တက်သွားသည့် သူ့ထံသို့ အဖွဲ့ဝင်များ၏ စိတ်ဝင်စားအာရုံမှုက အတိုင်းသား ရောက်ရှိနေ၏။
ရေစိုနေသော အပေါ်အင်္ကျီကြောင့် ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ကျောပြင်ရှိ ကြွက်သားအဖုအထစ်များက ပေါ်လွင်နေသလို၊ အတွင်းခံကလည်း ကိုယ်ကျပ်ဘောင်းဘီတို ဖြစ်နေသည်။
တစ်ချက်ကြည့်လျှင် ရေကူးဝတ်စုံနှင့် တူသော်လည်း၊ သန်မာတင်းရင်းသော တင်ပါးမှသည် ပေါင်တံအထိ မြင်ကွင်းက ထူးဆန်းစွာ ရမ္မက်ကြွစရာ ဖြစ်နေ၏။ ဆောယောင်းတစ်ယောက် ညစ်ညမ်းရုပ်ရှင်ကို ခိုးကြည့်မိသလို ခံစားချက်မျိုးကြောင့် ခေါင်းကို ချက်ချင်း လွှဲလိုက်တော့သည်။
မကြာမီ အဖွဲ့ဝင်များလည်း ကိုယ်တဆတ်ဆတ်တုန်ယင်ရင်း ရေကူးကန်ထဲမှ ထွက်သွားကြ၏။ ယခု ဆောယောင်းလည်း ဖောင်ကို ပွေ့ဖက်ပြီး ရေကူးကန်အဆုံးသို့ ကူးခတ်သွားစဉ်မှာပင်။
“နောက်လှည့်မကြည့်ဘဲ အဲ့ဒီအတိုင်း အဆောင်ဆီ ပြေးသွားကြ။”
သူက ဝီစီကို တိုပြတ်ပြတ်မှုတ်ရင်း အဖွဲ့ဝင်များကို ညွှန်ကြားခဲ့သည်။
“မင်းကတော့ တက်မလာနဲ့ဦး။”
~~~~
Miel's Translations