အပိုင်း ၅၉
တစ်ပြိုင်နက်တည်းမှာပင် ပခုံးပေါ်တွင် ဖိထားသော လက်ဖဝါးက ခွာသွားသည်။
ခုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သော ထိုလူက သူ၏အဝတ်အစားများကို သေသေသပ်သပ် ပြန်လည်ပြင်ဆင်လိုက်၏။ ရွေးချယ်ခွင့်အားလုံးကို ဆောယောင်းထံ လွှဲအပ်လိုက်သည့်အလား တည်ငြိမ်အေးစက်စွာ စိုက်ကြည့်နေသည့် သူ၏အကြည့်များက အေးစက်လျက်။
နေပါဦး၊ ငါ အခု ဘာစကားကြားလိုက်တာလဲ။
ဆောယောင်းက တံတောင်ဖြင့် ကိုယ်အပေါ်ပိုင်းကို ထောက်ထားရင်း ကြောင်တောင်တောင်မျက်နှာထားနှင့် သူ့ကို မော့ကြည့်နေမိသည်။ သူနှင့် ခပ်ခွာခွာဖြစ်သွားတော့မှ စကားကို အေးအေးဆေးဆေး ပြောနိုင်တော့၏။
"တကယ်ပဲ... ကျွန်မယောက်ျားကို ရှာပေးမယ်လို့ ပြောနေတာလား။"
မိမိကြားလိုက်ရသည်မှာ အမှန်တကယ် ဟုတ်၊ မဟုတ် ပြန်မေးသည့်အသံက သတိကြီးစွာ ထွက်ပေါ်လာသည်။ မျှော်လင့်မထားသော ကမ်းလှမ်းချက်ကြောင့် သံသယဖြစ်ကာ အံ့ဩမှင်တက်သွားသော်လည်း မျက်ဝန်းများကမူ သံသယတစ်ဝက်၊ ဝမ်းသာမှုတစ်ဝက်ဖြင့် ရောထွေးကာ တုန်ယင်နေချေပြီ။
ဂင်ဟျွန်းက ဘယ်သူလဲ။
အမျိုးသားထောက်လှမ်းရေး ဒုညွှန်မှူးကိုယ်တိုင် ဖုန်းဆက်ပြီး စစ်ဆေးမေးမြန်းမှုကို ချက်ချင်း ရပ်တန့်ခိုင်းရလောက်အောင် ဖုံးကွယ်ထားရသည့် Black အေးဂျင့်တစ်ဦးပင်။ အီဝူရှင်းက ဤအချက်ကို သိနိုင်စရာ အကြောင်းမရှိသော်လည်း သို့တိုင်အောင် ဆောယောင်းကို သေချာရေရာစွာ ထိုသို့ပြောပေးသူမှာ သူက ပထမဆုံးပင်။
အားလျော့နေသော နှလုံးက ပြင်းထန်စွာ ခုန်လှုပ်လာသည်။ ပြင်းထန်သော မူးရိပ်ရိပ်ဖြစ်မှုကြောင့် ထုံထိုင်းနေသည့်ခေါင်းနှင့် ဆူးကဲ့သို့ တဆစ်ဆစ်စူးနေသော ရင်ဘတ်က တစ်ခဏချင်းမှာပင် ဆေးကြောသန့်စင်လိုက်သလို ကြည်လင်သွားတော့၏။ ထိုကဲ့သို့ အသံတိတ် ဝမ်းသာပီတိက ဆောယောင်းကို ဝန်းရံသွားလေသည်။
သို့သော်လည်း…
"အဖွဲ့ဝင် ဟန်ဆောယောင်းက ငါ့လက်အောက်မှာ အလုပ်လုပ်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ အဲ့ဒါဆိုရင် ငါ့အမိန့်ကို ဘာမှ ခွန်းတုံ့မပြန်ဘဲနဲ့ နာခံရမှာပဲပေါ့။ ဒါပေမဲ့ အဲ့ဒါနဲ့မတူဘဲ စစ်မြေပြင်မဟုတ်တဲ့ တခြားနေရာတွေမှာလည်း ငါ့ညွှန်ကြားချက်ကို လိုက်နာပေးဖို့ တောင်းဆိုနေတာ။"
"......"
"ယောက်ျားကို ရှာပေးမယ်။"
သူ့ကို အားကိုးပြီး ထလာပါဟူသော အဓိပ္ပာယ်ဖြင့် သူက ကြီးမားသောလက်ကို ကမ်းပေးလာသည်။
ပြတင်းပေါက်မှ ဝင်လာသော နေထွက်ချိန် အလင်းတန်းက သူ့အပေါ်သို့ ကျရောက်နေပြီး၊ အားမာန်အပြည့်ပါသော စကားလုံးများက ပင်ပန်းနွမ်းနယ်နေသည့် ကိုယ်စိတ်နှစ်ပါးကို နှစ်သိမ့်ပေးသည့် အလင်းရောင်တစ်ခုလိုပင်။ ဆောယောင်းလည်း နှစ်ရှည်လများ ခံစားခဲ့ရသော ဝမ်းနည်းမှုများကို မျိုသိပ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိသည်။
သို့တိုင်…
သူက ထိုလက်ကို အလွယ်တကူ မဆုပ်ကိုင်နိုင်သေးပေ။
"အဲ့ဒီအစား၊ အဖွဲ့ဝင် ဟန်ဆောယောင်းက တခြားယောက်ျားတွေရဲ့ လိင်အင်္ဂါကို စိတ်မဝင်စားရဘူး။"
စွန့်လွှတ်လိုက်ရမယ်တဲ့လား… အဲ့ဒီ အဆုံးအဖြတ်ပေးမဲ့ သက်သေကိုလေ…
နေပါဦး၊ တစ်ခါလေးတောင် မရဘူးလား…
ကမ်းပေးထားသော လက်ကို မဆုပ်ကိုင်နိုင်ဘဲ ငေးကြည့်နေမိစဉ်၊ မျက်မှောင်ကြုတ်သွားသော သူက အနားသို့ တိုးကပ်လာသည်။ ဆောယောင်းက လန့်ဖျပ်ပြီး မျက်နှာကို ကာကွယ်ရင်း ပြောလိုက်၏။
"ခဏလေး... ကျွန်မ ရေမချိုးရသေးလို့ ခဏလောက် နောက်ဆုတ်ပေးပါ…"
အနည်းဆုံး ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အော်ပြောလိုက်သော တောင်းဆိုမှုကို အီဝူရှင်းက အလွယ်တကူပင် လျစ်လျူရှုခဲ့သည်။
သူက "ဘယ်နားက ညစ်ပတ်နေလို့လဲ" ဟု မျက်နှာပြောင်တိုက် ပြောကာ ဆောယောင်း၏လက်ကို အတင်းဆွဲယူသွား၏။ မတရားသော စာချုပ်ကို အတင်းအကျပ် ချုပ်ခိုင်းခြင်းခံရသူလို ဆုပ်ကိုင်ခံထားရသော လက်က နာကျင်လာသည်။
ထို့ကြောင့် ဆောယောင်းလည်း မရမက လက်ကို ရုန်းထွက်ရန် ရုတ်တရက် အားစမ်းပွဲ စတင်လိုက်ရတော့၏။ သို့သော် သူက ရုန်းကန်လေ အီဝူရှင်းက လက်ကို ပို၍ တင်းတင်းဆုပ်ကိုင်လေပင်။ သူ့ခမျာ ဤမျှ မတန်တဆဖြစ်နေသော အားကြောင့် ထောင်ချောက်ထဲတွင် မှားယွင်းမိသွားသည့် သတ္တဝါလေးတစ်ကောင်လို လှုပ်မရဖြစ်နေတော့သည်။
"ဒီလိုပြောရတာ အားနာပေမဲ့... ကျွန်မက နည်းပြကြီးရဲ့ စောင့်ကြည့်မှုကို မခံချင်ပါဘူး..."
ထိုသို့ ရုန်းကန်နေသည့်ကြားမှ တည်ငြိမ်စွာ ထွက်ပေါ်လာသော အသံကြောင့် အီဝူရှင်း၏ မျက်ခုံးများ ကျုံ့သွားသည်။
ပြန်ရလာသည့် အဖြေက ငြင်းဆိုခြင်းဖြစ်လိမ့်မည်ဟု စိတ်ပင်မကူးဖူးသည့် မျက်နှာထားမျိုးပင်။ အလစ်အငိုက် အတိုက်ခံလိုက်ရသည်ဟူသော ထိုမျက်နှာက ခက်ထန်လွန်းလှ၏။
"နည်းပြကြီးက နောက်ဆိုရင် ဘာအမိန့်တွေ ပေးဦးမှာလဲဆိုတာ မသိဘဲနဲ့ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ အဲ့ဒါက လည်ပတ်စွပ်ထားသလိုမျိုးမို့လို့ မကြိုက်ပါဘူး။ ကျွန်မရဲ့ အပြုအမူတွေ ကန့်သတ်ခံရတာကိုလည်း မကြိုက်သလို၊ ကတိတည်ရမယ်ဆိုတာကလည်း အနှောင့်အယှက်ဖြစ်စရာပါပဲ။"
"......"
"ပြီးတော့ ပိုပြီး ဒုက္ခရောက်ရင် ရောက်ပါစေ၊ ယောက်ျားကိုတော့ ကျွန်မတစ်ယောက်တည်းလည်း ရှာနိုင်ပါတယ်။ အဲ့ဒီလို စိတ်ဓာတ်မျိုး၊ ယုံကြည်ချက်မျိုးသာ မရှိရင် ကောက်ရိုးပုံထဲက အပ်ရှာတဲ့အလုပ်ကို စခဲ့မှာတောင် မဟုတ်ပါဘူး။"
အင်မတန် ဆွဲဆောင်နိုင်လှသော ကမ်းလှမ်းချက်ကြောင့် နှလုံးက ခုန်လှုပ်နေဆဲဖြစ်သော်လည်း၊ ဆောယောင်း အံကြိတ်ကာ ငြင်းဆန်လိုက်သည်။
ထိုအခါ အီဝူရှင်းက ဒေါသအချို့ကို လည်ချောင်းထဲတွင် ကြမ်းတမ်းစွာ မျိုချလိုက်၏။
"အများစုမဟုတ်ဘဲ လူနည်းစုရဲ့ လိင်အင်္ဂါကိုပဲ စဉ်းစားခိုင်းတာက အဲ့ဒီလောက်တောင် မတရားစရာဖြစ်နေတာလား။"
"ကျွန်မက မလုပ်နဲ့လို့ပြောရင် ပိုလုပ်ချင်တဲ့စရိုက်ရှိလို့ပါ။"
"......"
"အထင်မလွဲပါနဲ့ နည်းပြကြီး။ နည်းပြကြီး တစ်ယောက်တည်းကိုမှ အဲ့ဒီလို ဖြစ်နေတာမဟုတ်ဘဲ၊ နဂိုကတည်းက ငယ်ငယ်ကတည်းက အဲ့ဒီလိုပါ။"
အမှတ်တမဲ့ ဝန်ခံစကားကြောင့် အီဝူရှင်းက တစ်ချက်လေး မျက်နှာကြက်ကိုကြည့်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။ မကြာမီ သူက တိုးညင်းစွာ ပြောလာ၏။
"အဖွဲ့ဝင် ဟန်ဆောယောင်းက မသိပေမဲ့ ဒါက ငါ့ဘက်ကနေ အတော်လေး ခက်ခက်ခဲခဲ ချခဲ့ရတဲ့ ဆုံးဖြတ်ချက်။"
ထိုစကားက မုသားမဟုတ်ကြောင်း သက်သေပြနေသည့်အလား၊ ငရဲရက်သတ္တပတ်အတွင်းမှာပင် မတွေ့ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများက သူ၏မျက်နှာတွင် အထင်းသား ပေါ်လွင်နေ၏။ သေခါနီးဖြစ်နေသည့် အဖွဲ့ဝင်များရှေ့၌ပင် အရှက်မရှိ အိပ်စက်နိုင်ခဲ့သော သူက၊ ယခုမူ အိပ်မပျော်သည့် ဝေဒနာ ခံစားနေရသူလို မျက်လုံးများ ချိုင့်ဝင်နေသည်။
"ဒါနဲ့ နည်းပြကြီး။"
ထိုအချိန်တွင် ဆောယောင်းက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် မေးလာ၏။
"အကယ်၍ ကျွန်မက အမျိုးသားအဖွဲ့ဝင်ဖြစ်နေရင်ရော အခုလိုပဲ လုပ်မှာလား။"
"......"
"မသင့်တော်တဲ့ စာတိုလေး ရေးမိလို့၊ ရမ္မက်ကြွစရာတွေ တွေးမိလို့ဆိုပြီး၊ အခုလိုမျိုး ကြိမ်းမောင်း၊ ဒေါသထွက်ပြီးတော့ ဖိလှဲချပစ်မှာလား။ ကျွန်မက အမျိုးသားအဖွဲ့ဝင်ဆိုရင်ရော အခုလိုပဲ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ဝင်စွက်ဖက်၊ ဝင်ပတ်သက်ပြီးတော့ ထိန်းချုပ်မှာလား။"
အီဝူရှင်း၏ မျက်နှာ တစ်ချက်ပျက်ယွင်းသွားသည်ကို ဆောယောင်းက အလွတ်မပေးဘဲ ကြည့်နေခဲ့သည်။
"အကယ်၍ နည်းပြ ဂျင်ဟိုဂျယ်က ညတိုင်း ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် လဲနေတယ်ဆိုရင်ရော။"
"ကောင်းကောင်းပြောနေရင်း အဲ့ဒီနာမည်က ဘာလို့ ဒီမှာ ပါလာတာလဲ။"
"ဥပမာပေးတာလေ။"
"မင်းတို့နှစ်ယောက် သီးသန့် မိတ်ဆက်ထားတာ ရှိလို့လား။"
"ဒီအတိုင်း ဥပမာပါဆို။"
ဒီအတိုင်း ရုံးတွင်းအချစ်ရေးကို ဆန့်ကျင်သည့် ရှေးရိုးစွဲအထက်လူကြီး၊ သို့မဟုတ် လူတစ်ဦးအပေါ် ကြိက်ခြင်း မကြိုက်ခြင်း ပြင်းထန်သူဟု ဆိုရန်အတွက် သူ တစ်ခါတစ်ရံ ပြသတတ်သည့် ဒေါသက အလွန်ပင် ပုဂ္ဂိုလ်ရေးဆန်လွန်းလှသည်။
တွန့်ခေါက်ကြေမွနေသော စာတိုကို ကြည့်ပြီး သူ မည်မျှ စိတ်ဆိုးခဲ့သည်ကို ဆောယောင်း အနီးကပ် မြင်တွေ့ခဲ့ရပြီးပေပြီ။
ငိုက်နေရင်း ရေးလိုက်မိသည့် စာတိုလေး တစ်စောင်ကြောင့် လူတစ်ယောက်ကို ဤမျှအထိ နှိပ်စက်ပြီး ဖိအားပေးခြင်းက ပုံမှန်ပေပဲလား။
ငါတို့ တွေ့ခဲ့တာမှ လပိုင်းလောက်ပဲ ရှိသေးတာကို။
ဒီလိုမျိုး Privacy ကို ချိုးဖောက်ပြီး ကိစ္စတိုင်းမှာ ဝင်ပါနေတာက တကယ်ပဲ ပုံမှန်လား။
သို့သော် မည်သို့ပင် စဉ်းစားကြည့်ပါစေ၊ သူ၏ တုံ့ပြန်မှုက လွန်ကဲနေသည်ဟူသော ခံစားချက်က ပျောက်ကွယ်မသွားပေ။
"နည်းပြကြီးက ကျွန်မအပေါ်မှာပဲ ထူးထူးခြားခြား ရက်စက်ပြီး စည်းကမ်းကြီးလွန်းတာပါ။"
အထူးသဖြင့် သူ ကရုဏာမရှိဘဲ ပြုမူတတ်သည့် ကိစ္စမှာ 'လိင်' နှင့် ပတ်သက်သည့် ကိစ္စပင်။ ဆောယောင်းက 'အမျိုးသမီး' ဖြစ်နေခြင်း၊ ပြီးတော့ အခြားသူများကို မပြောပြနိုင်သည့် 'ညစ်ညမ်းသော' အစီအစဉ်များကို ဆွဲခဲ့ခြင်း။
ဤအချက်များအားလုံး ထပ်တူကျသွားသည့်အချိန်က နှိပ်စက်ညှဉ်းပန်းခြင်း လေ့ကျင့်ရေးပင်ဖြစ်ပြီး၊ ထိုသို့ဖြစ်လေလေ အီဝူရှင်းက ပို၍ ပုဂ္ဂိုလ်ရေးဆန်၊ ကာကွယ်လိုစိတ်ပြင်းပြကာ ဇီဇာကြောင် ခွကျသည့် အပြုအမူကို ပြသလာလေပင်။
အထူးသဖြင့် ဆောယောင်းက ခင်ပွန်းအပေါ် စွဲလမ်းနေသည့်ပုံကို ပြသည့်အခါ၊ သို့မဟုတ် အဆုံးအထိ လက်မလျှော့သည့်ပုံကို ပြသည့်အခါမျိုးတွင် သူက ဆောယောင်းကို လှောင်ပြောင်တတ်၏။
ဆောယောင်း၏ အပြုအမူတွင် အချစ်ရေး သို့မဟုတ် လိင်ကိစ္စ အငွေ့အသက်လေး ခံစားမိရုံနှင့်ပင် သူက ထိလွယ်ရှလွယ် ဖြစ်လာတတ်သည်။ သာမန်အဖွဲ့ဝင်တစ်ဦးအပေါ် ထားရှိသည့် သဘောထားအနေဖြင့် ဤသည်က တကယ်ပဲ သင့်တော်ပါ့မည်လား။
အမျိုးသမီးအဖွဲ့ဝင်ကို မုန်း၍၊ အလုပ်လုပ်ရာတွင် အနှောင့်အယှက်ဖြစ်၍၊ စကားတစ်ခွန်းတည်းကို နှစ်ခါပြောခိုင်း၍၊ မိမိက အဓိပ္ပာယ်မရှိသောစကားများကိုသာ ပြောနေ၍၊ ခေါင်းမာ၍... ထိုကဲ့သို့သော အပေါ်ယံ အကြောင်းပြချက်များကို ထပ်ပြီး အယုံအကြည်မရှိတော့ပေ။
သူက ဘာကြောင့် မိန်းမ၊ sex၊ ခင်ပွန်း ဟူသော စကားလုံးများအပေါ် ဤမျှအထိ စူးစူးရှရှ တုံ့ပြန်နေရသနည်း။
"နည်းပြကြီး၊ ဧကန္တ အိမ်ထောင်များကျခဲ့ဖူးလား။"
"......"
"လက်ထပ်တာမဟုတ်ရင်တောင် အဲ့ဒါနဲ့ အလားတူတဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုမျိုးရှိခဲ့ဖူးတာလား။"
ဆောယောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော လက်က တစ်ခဏချင်းမှာပင် ပြေလျော့သွားတော့သည်။
ဤအတောအတွင်း နည်းပြကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းများ မေးရန်လိုအပ်သည်ဟု မထင်ခဲ့သလို၊ ဆန္ဒလည်း မရှိခဲ့သော်လည်း၊ ယခုမူ အခြေအနေက ပြောင်းလဲသွားပေပြီ။ ဆောယောင်းက သူ သတိထားမိလိုက်သည့် တစ်ဖက်လူ၏ အားနည်းချက်ကို အသုံးချကာ ညှိနှိုင်းမှု စားပွဲဝိုင်းကို ပြောင်းလဲပစ်လိုက်၏။
"ဒါဆိုရင် ဧကန္တ... အခုတော့ လမ်းခွဲလိုက်ပြီလား။"
ခံစားချက်ကို လှည့်စားခြင်းဖြစ်စေ၊ နည်းပညာဖြစ်စေ ထိုကဲ့သို့သော သံသယဖြစ်ဖွယ် အမြင်များတွင် အခြေခံအကြောင်းရင်းတစ်ခု ရှိရပေမည်။
အလားတူ အတိတ်၏ ကျရှုံးမှုများကို မြင်တွေ့နေရသော သူ့ကိုကြည့်ရင်း ဘဝတူများလို ခံစားချက်မျိုး တဒင်္ဂ ပေါ်လာသော်လည်း ယခု ဆောယောင်းအတွက် အရေးကြီးသည်က တစ်စုံတစ်ဦးကို သနားနေရန် မဟုတ်ပေ။
ဆောယောင်း၏ အသံက ပို၍ သတိရှိလာသည်။
"ဒါဆိုရင် ဧကန္တ... ဇနီးဖြစ်သူက ဖောက်ပြန်ခဲ့လို့လား။"
"......"
"ကျွန်မလိုပဲ ယောက်ျားတွေ အများကြီးကို စာရင်းချရေးထားတာမျိုးလား။"
ထိုစကားအဆုံးတွင် တစ်နေရာမှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။ အီဝူရှင်းက ကြောက်စရာကောင်းသော မျက်နှာဖြင့် ဆောယောင်း၏ လက်ကို ဖယ်ထုတ်လိုက်သည်။ ဤခဏတာလေးအတွင်း ဆောယောင်းကို မည်မျှ တင်းတင်းဆုပ်ကိုင်ထားသလဲဆိုလျှင် လက်ဖဝါးအတွင်း၌ ချွေးများဖြင့် စိုစွတ်နေ၏။
သူက နောက်တစ်ကြိမ် ရူးချင်သလို မျက်နှာဖြင့် မျက်လုံးနှစ်လုံးကို ကာလိုက်ပြန်သည်။ လည်စေ့က အလျင်အမြန် လှုပ်ရှားသွားကာ ထောင်ထွက်နေသော မေးရိုးက ပုံမှန်မဟုတ်ပေ။
ဟုတ်နေတာပဲ...။ အဟုတ်ကြီး…
မိမိအရေးကိစ္စလို ဒေါသထွက်နေသည့် အကြည့်များက တစ်ချိန်လုံး ထူးဆန်းနေသည်ဟု ထင်နေခဲ့သည်ကို ဤသို့သော ပုံစံမျိုးရှိသည့် လူအတွက်လည်း အချစ်ရေးက မလွယ်ကူခဲ့ပုံပင်။
"တစ်နေရာမှာ ကြားဖူးတာတော့ အိမ်ထောင်ကွဲပြီးနောက်မှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲစိတ်ဒဏ်ရာက ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်သားတွေ နေရပ်ပြန်ရောက်တဲ့အခါ ခံစားရတဲ့ စိတ်ဒဏ်ရာနဲ့ ဆင်တူတယ်လို့ ပြောကြပါတယ်။"
"အဖွဲ့ဝင် ဟန်ဆောယောင်း။"
သတိပေးသည့်အသံက စူးရှစွာ ကျရောက်လာသည်။
"ဇနီးဖြစ်သူအတွက် စိတ်မကောင်းပါဘူး။"
"အဲ့ဒီမှာပဲ ရပ်လိုက်တော့။"
"ဒါပေမဲ့ အဲ့ဒီကိစ္စနဲ့ ကျွန်မအပေါ် ဒေါသလာမပုံချပါနဲ့။ ကျွန်မက နည်းပြကြီးရဲ့ အမျိုးသမီး မဟုတ်ပါဘူး။"
"......"
အေးစက်နေသော မျက်နှာထက်တွင် ပြင်းထန်သော ဒေါသများ ဟပ်သွားသည်ကို မြင်လိုက်ရသည်။ သို့သော် ထိုအရာများပင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
မည်သည့် ခံစားချက်ကိုမျှ ဖော်ပြခြင်းမရှိတော့သော မျက်နှာက အသုံးပြုပြီးသား သားရေစုတ်တစ်ခုလို မူမမှန်တော့ပေ။ သူက သင့်တင့်သော အကွာအဝေးတွင် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေခဲ့သည်။
"ကျွန်မ ရှင်သန်နေတဲ့ပုံစံကို ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်၊ ဆေးရုံသွားပြီး တိုင်ပင်ဆွေးနွေးမှုဖြစ်ဖြစ် ခံယူလိုက်ပါ။ ကျွန်မကို ထိန်းချုပ်ချင်နေတာက နည်းပြကြီးရဲ့ စိုးရိမ်စိတ်ကြောင့်ပါ၊ ကျွန်မပြဿနာ မဟုတ်ပါဘူး။"
"......"
"ကျွန်မကြောင့်မဟုတ်ဘဲ နည်းပြကြီးရဲ့ ပြဿနာလို့ ပြောတာပါ။"
ဆောယောင်းက ပြတ်ပြတ်သားသား စည်းသားလိုက်သည်။
"ကျွန်မက နည်းပြကြီး အတိတ်မှာ တွေ့ခဲ့တဲ့ အဲ့ဒီမိန်းမ မဟုတ်ပါဘူး။"
"......"
"တပ်ဖွဲ့ထဲမှာ ကျွန်မက ထူးထူးခြားခြား မျက်စိကျစရာ ဖြစ်နေမှန်းသိပေမဲ့၊ အဲ့ဒါကြောင့်နဲ့ အထင်မှားပြီး လူကို ဒုက္ခမပေးပါနဲ့။ စစ်မြေပြင် အပြင်ဘက်မှာအထိ ကျွန်မက နည်းပြကြီးဆီက စော်ကားတာကို ခံဖို့၊ ထိန်းချုပ်တာကို ခံဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး။"
"......"
"နာကြည်းစရာရှိတဲ့လူရှိရင် အဲ့ဒီလူကိုပဲ သွားဖမ်းပြီး နှိပ်စက်လိုက်ပါ၊ ဘာလို့ အစွမ်းကုန် ကြိုးစားနေတဲ့ ကျွန်မကိုမှ ဒီလိုလုပ်နေရတာလဲ။ မျက်နှာလေး နှမြောစရာကောင်းအောင် ဘာတွေ လုပ်နေတာလဲလို့။"
ဆောယောင်းက အကြောင်သား ကြက်သေသေနေသော သူ့ကို တွန်းထုတ်ကာ နောက်ဆုံးတွင် ခုတင်ပေါ်မှ ဆင်းလိုက်သည်။ တစ်ကိုယ်လုံး နာကျင်နေသည်ကိုပင် မေ့သွားကာ အားမာန်အပြည့်နှင့် လမ်းလျှောက်သွားပြီး ဆေးပေးခန်းတံခါးကို လက်ဖြင့်ထိလိုက်၏။
ထို့နောက် ပြုံးသလိုလို မပြုံးသလိုလို ထူးဆန်းသော မျက်နှာထားဖြင့် ရပ်နေသော သူ့ကို လှည့်ကြည့်ကာ နောက်ဆုံး သံမှိုကို ရိုက်နှက်လိုက်သည်။
"အရင်ဆုံး အပြင်ထွက်ပြီး ဒိတ်လေး ဘာလေး တစ်ချက်လောက် လုပ်ကြည့်လိုက်ပါ။"
"......"
"အချစ်သစ်လည်းရှာ၊ သဘောကောင်းပြီး ချစ်ဖို့ကောင်းတဲ့လူနဲ့ ပျော်ပျော်ပါးပါး sex လည်း လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် နစ်နာသူကြီးလို ထင်ယောင်ထင်မှားတွေဖြစ်တာ၊ ဒေါသကို မထိန်းချုပ်နိုင်တာ၊ အဲ့ဒီအပြင် လိုအင်မပြည့်ဝမှုပါ ထပ်ဆင့်သွားရင် နောက်ဆို မိန်းမကောင်းကောင်းနဲ့ တွေ့ဖို့ ပိုခက်သွားပါလိမ့်မယ်။"
"......"
"အဲ့ဒါတွေ ပြီးသွားမှပဲ အလိုရှိတဲ့အတိုင်း ကျွန်မယောက်ျားကို ရှာခိုင်းပါ့မယ်။ ဒါက ကျွန်မရဲ့ အခြေအနေပါ။"
ရာရာစစ ငါ့ယောက်ျားကို ခုတုံးလုပ်ပြီး အရင်ဆုံး အပေးအယူလုပ်ခဲ့တာ နင်ပဲ။ ငါ့ယောက်ျားကို အကြောင်းပြပြီး ငါ့ကို စိတ်တိုင်းကျ ကြိုးဆွဲဖို့ ကြိုးစားခဲ့တာ။
ဆောယောင်းက ရင်ထဲမှ ထွက်ပေါ်လာသော ဒေါသကို ဖုံးကွယ်ကာ ရွေးချယ်ခွင့်ကို သူထံသို့ ပြန်ပေးလိုက်သည်။ တစ်ချိန်က သူ ဆုတ်ဖြဲပစ်ခဲ့သော စာရွက်ကဲ့သို့ပင် ဆောယောင်းကလည်း အီဝူရှင်း၏ ကမ်းလှမ်းချက်ကို အသုံးမဝင်အောင် လုပ်ပစ်ခဲ့၏။
ထိုသို့ဖြင့် ဆေးပေးခန်းမှ ထွက်လာသော ဆောယောင်းတစ်ယောက် ရေချိုးခန်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။ ဧကန္တ ဒေါသထွက်နေသည့် ထိုလူများ လိုက်လာမလားဟု နောက်လှည့်ကြည့်သော်လည်း ဝေးကွာသွားသဖြင့် သေးငယ်စွာ မြင်နေရသော တံခါးက တိတ်ဆိတ်လျက်သာ ရှိနေ၏။
ထိုနေ့ မွန်းလွဲပိုင်းတွင် ချန်နာ သတိရလာပြီဖြစ်ကြောင်း အကြောင်းကြားစာ ရရှိခဲ့သည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၅၃ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။