no

Font
Theme

အပိုင်း ၅၄

“……”

လန့်နိုးလာကာ မျက်လုံးဖွင့်လိုက်သည်နှင့် ကျစ်လစ်တောင့်တင်းသော လက်မောင်းတစ်ဖက်ကို မြင်လိုက်ရသည်။ တစ်စုံတစ်ယောက်က စားပွဲကို ထောက်ထားသည့် တင်းကျပ်နေသော လက်သီးဆုပ်။

အီဝူရှင်းက စားပွဲကိုထုကာ သတိပေးလိုက်သဖြင့် အပေါ်ယံတင်ထားသော စာအုပ်များ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။ အေးစက်သော အကြည့်ချင်း ဆုံသွားသော်လည်း သူက ဘာမှမပြောခဲ့ပေ။

ထိုအစား ပြုတ်ကျသွားသော စာအုပ်ကို ကောက်ပေးနေရင်း သူ၏အကြည့်က စာရွက်ထောင့်တစ်နေရာတွင် ရပ်တန့်သွားသည်။ နဂိုကပင် အမူအရာကင်းမဲ့သော သူ၏မျက်နှာက ယခုမူ ရေခဲတမျှ အေးစက်သွား၏။

မကောင်းသော အငွေ့အသက်ကြောင့် ဆောယောင်း စာအုပ်ကို လုယူရန် ကြိုးစားလိုက်သော်လည်း သူက စာရွက်တစ်ရွက်ကို လှစ်ခနဲ ဆွဲဖြဲသွားလေသည်။

“....”

နေပါဦး၊ ဘာလို့ သူများစာအုပ်ကို…

အာဏာပြသော အပြုအမူကြောင့် တစ်ချက်ကြောင်သွားသော်လည်း အီဝူရှင်းက မျက်တောင်တစ်ခတ်အတွင်း ထိုစာရွက်ကို ပင်ပေါင်ဘောလုံးခန့်ရှိသော အလုံးလေးဖြစ်အောင် လုံးခြေပစ်လိုက်သည်။

လက်ဖဝါးကြီးကြီးထဲတွင် အမှိုက်သဖွယ် လုံးခြေခံလိုက်ရသော စာရွက်အပိုင်းအစက ပုံသဏ္ဌာန်ပင်မကျန်တော့ဘဲ သူ၏အိတ်ကပ်ထဲသို့ ရောက်သွားတော့၏။ ဆောယောင်းလည်း အံ့ဩလွန်းသဖြင့် သူ့ကိုသာ ငေးကြည့်နေမိသည်။

“နည်းပြရှေ့မှာ နေပူစာလှုံသလို ဇိမ်မခံရဘူး။”

သူ၏ တောင့်တင်းကြံ့ခိုင်သော ရင်အုပ်ကြီးက တစ်ချက် မြင့်တက်လာပြီးမှ ပြန်ကျသွား၏။

“အပိုတွေမတွေးဘဲ အာရုံစိုက်ထား။ အရေးပေါ်အခြေအနေနဲ့ ကြုံလာရင် လူဆိုတာ ခေါင်းထဲက အောက်ခြေအထိ နှိုက်ထုတ်ပြီး ဘယ်လိုနည်းနဲ့မဆို ရှင်သန်အောင် ကြိုးစားကြရတာ။ ငိုက်ရင်းနားထောင်ခဲ့ရတဲ့ အသေးအဖွဲ စကားလေးတွေတောင် အသည်းအသန်ဖြစ်လာတဲ့အချိန်ကျရင် တစ်ခွန်းချင်းစီက အဖိုးတန်လာတတ်တာမျိုး….”

ငါက ဘယ်တုန်းက အပိုတွေ…. အာ…

ဆောယောင်း မျက်မှောင်ကြုတ်လိုက်မိသည်။ လျှောက်ခြစ်ထားသည်ကို မြင်သွားခြင်းပဲလား။

‘ဆန်ခါတင်ခင်ပွန်း’ ဆိုလား ဘာဆိုလား ရေးထားမိတယ်ထင်တယ်….

“အဖွဲ့ဝင် ဟန်ဆောယောင်းက ဘယ်နေရာမှာ ဘယ်လိုမျိုး ဒုက္ခရောက်မလဲဆိုတာ မသိနိုင်လို့ နည်းပြက အားသွန်ခွန်စိုက် သင်ပေးနေတာကို အေးအေးလူလူ အိပ်နေရလား။ ငရဲတံခါးဝအထိ သွားမယ်ဆိုပြီး အဲ့ဒီမှာလည်း အိပ်နေဦးမှာလား။”

သွယ်ဝိုက်၍ ခနဲ့လိုက်သော အီဝူရှင်းက စားပွဲများကြားမှ ဖြတ်လျှောက်သွားကာ ရပ်တန့်ထားသော စကားကို ပြန်စလေသည်။

အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ၏ ပထဝီဝင်နှင့် ရာသီဥတုအကြောင်း၊ ခိုလှုံရာနေရာ ဖန်တီးနည်းများအကြောင်းကိုလည်း အစဉ်လိုက် ရှင်းပြနေ၏။ ထိုမှတစ်ဆင့် အကြောင်းအရာမှာ မကြာသေးမီက Blast ကုမ္ပဏီမှ တာဝန်ယူခဲ့သော လုံခြုံရေးနှင့် အစောင့်အရှောက်လုပ်ငန်းများဆီသို့ ရောက်ရှိသွားသည်။

“မကြာသေးခင်က ဖိလစ်ပိုင်မှာဖြစ်ခဲ့တဲ့ လက်နက်ကိုင် ဓားပြတိုက် ပြန်ပေးဆွဲမှုမှာဆိုရင်……”

‘ပြန်ပေးဆွဲမှု’ ဟူသော စကားကြောင့် ခေါင်းက ဆတ်ခနဲ ထောင်လာသည်။

အတိုချုပ်ပြောရလျှင် သေနတ်ကိုင်ထားသော ဒေသခံတစ်ဦးက ကိုရီးယားခရီးသွားကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး စုစုပေါင်း ဝမ် သိန်းထောင်ချီ ခြိမ်းခြောက်ယူသွားသည့်ကိစ္စပင်။

သေနတ်ကိုင်ထားသော လူဆိုးတဲ့လား။ ဆောယောင်း ရုတ်တရက် လက်ထောင်လိုက်သည်။ ထင်မှတ်မထားသော လုပ်ရပ်ကြောင့် အီဝူရှင်းက မျက်ခုံးတစ်ဖက်ကိုသာ တွန့်ပြကာ လျစ်လျူရှုမည့်အလား မညှာမတာ ကျောခိုင်းသွားသော်လည်း ဆောယောင်းက ဇွဲနပဲဖြင့် လက်ကို ပြန်မချခဲ့ပေ။ ထိုအခါ ဘေးချင်းကပ်လျက် ထိုင်နေသော ရဲဘော်ရဲဘက်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း သူ၏လက်မောင်းကို ဆွဲချရန် ကြိုးစားလာ၏။

ထိုအခိုက်အတန့်တွင် အီဝူရှင်းက ချက်ချင်း စကားပြောလာသည်။

“ဘာလဲ။”

“သိချင်တာ ရှိလို့ပါ။”

“ဒါဆိုရင် အဲ့ဒီလက်ကို အရင်ချ၊ ပြီးတော့ ထိုင်ခုံကိုလည်း တစ်လက်မလောက် ခွာလိုက်။”

“ရှင်။”

“မဟုတ်ရင် နည်းပြက ဖြေပေးမှာမဟုတ်ဘူး။”

ဘာတွေ ဒီလောက်တောင် ဂဂျီဂဂျောင်တိုက်နေတာလဲ….

ဆောယောင်း မျက်မှောင်ကြုတ်လိုက်သော်လည်း လက်ကိုချကာ ထိုင်ခုံကိုလည်း ခပ်ကျဲကျဲလေး ရွှေ့လိုက်သည်။ ထို့နောက် Blast ကုမ္ပဏီကို မဝင်ခင်ကတည်းက သိချင်နေခဲ့ပြီး မဖြစ်မနေ သင်ယူချင်ခဲ့သည့်အရာကို မေးလိုက်၏။

“ဓားစာခံ ကြောက်တာက သေနတ်ကိုလား၊ လူကိုလား။”

ရည်ရွယ်ချက်ကို ခန့်မှန်းရခက်သော မေးခွန်းကြောင့် အီဝူရှင်းက သူ့အား စူးစိုက်ကြည့်နေပြီးမှ စကားဆိုလာသည်။

“ဒါကတော့ ပထမတစ်ခုပေါ့။”

“သေနတ်က အရာရာတိုင်းအတွက် အဖြေမဟုတ်နိုင်ဘူး မဟုတ်လား။”

“ကလေးတွေကို သေနတ်ပေးကိုင်လိုက်ရင် ကလေးစစ်သားဖြစ်သွားပြီး၊ ဆင်းရဲတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် သေနတ်ကိုင်လိုက်ရင် ဘဏ်ဓားပြဖြစ်သွားတာကို ဘာလို့ အရာရာတိုင်းအတွက် အဖြေမဟုတ်ဘူးလို့ ပြောတာလဲ။”

“…….”

“ယောက်မပဲ ကိုင်တတ်တဲ့ လက်ထဲကို ထည့်ပေးကြည့်တာတောင် ပြဿနာတွေ အကြီးအကျယ် ရှာနိုင်ခဲ့သေးတာပဲ။”

မျက်ခုံးပင့်ကာ အဓိပ္ပာယ်ပါပါ ပြောဆိုလာသော်လည်း ဆောယောင်းက မတုန်လှုပ်ဘဲ ဆက်မေးလိုက်သည်။ မိမိ၏ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် စီးမျောသွားသည့်အလား မြဲမြံခိုင်မာသော မျက်လုံးများက မှောင်ရိပ်သမ်းလျက် တောက်ပနေ၏။

“တစ်ဖက်လူက သာမန်လူ မဟုတ်ရင်ရော။ သေနတ်နဲ့ ရင်းနှီးတဲ့လူကရော ကြောက်တတ်သလား။”

ဇွဲကောင်းသော မေးခွန်းကြောင့် အီဝူရှင်းလည်း ခနဲ့တဲ့တဲ့ရယ်ရင်း ခေါင်းကို ငဲ့စောင်းလိုက်သည်။

“ဘာလဲ၊ အဖွဲ့ဝင် ဟန်ဆောယောင်း။ အခုတလော သေနတ်နဲ့ ချိန်ချင်စရာကောင်းတဲ့လူများ ပေါ်လာလို့လား။”

“အထူးတလည်တော့ မရှိပါဘူး။”

အသေအချာ စဉ်းစားနေပုံရသော ဆောယောင်း၏ အဖြေက အလွန်ပင် ရှင်းလင်းလှ၏။

နှိပ်စက်ညှဉ်းပန်းခံရသည့် လေ့ကျင့်ရေးက အထောက်အကူဖြစ်ခဲ့ပြီး၊ PTSD ကြောင့်ဟု ယူဆရသော လက္ခဏာများမှာလည်း နည်းပြကို မြင်သည့်အခါ တစ်ခါတစ်ရံ ထိုနေရာက မရိုးမရွဖြစ်တတ်သည်မှလွဲ၍ ဘာမှမရှိပေ။

သို့သော် အီဝူရှင်းက ထိုကဲ့သို့ အမှုမဲ့အမှတ်မဲ့ တုံ့ပြန်မှုကို ပို၍ မကျေမနပ်ဖြစ်နေပုံရကာ မျက်မှောင်တစ်ချက်ကြုတ်သွားသည်။

“အဖြေကို အရင်ပြောရရင်တော့ သေနတ်နဲ့ ရင်းနှီးတဲ့လူဖြစ်လေလေ၊ တုံ့ပြန်မှုက ပိုမြန်လေပဲ။ သေနတ်က ဘယ်လောက်အထိ အစွမ်းထက်ပြီး ကြောက်စရာကောင်းလဲဆိုတာကို သိနေလို့ ချက်ချင်း အညံခံတာ ဒါမှမဟုတ် ချက်ချင်း ပြန်နှိမ်နင်းတာ၊ ဒီနှစ်ခုထဲက တစ်ခုပေါ့။”

ကိုရီးယားတွင် သာမန်အရပ်သားများ လက်နက်ကိုင်ဆောင်ခွင့် မရှိသော်လည်း အချို့သော သက်တော်စောင့်များ သို့မဟုတ် လုံခြုံရေးကုမ္ပဏီ ဝန်ထမ်းများတွင် လက်နက်ကိုင်ဆောင်ခွင့်ရှိကြသည်။

ယင်းကလည်း တင်းကျပ်သော စည်းကမ်းချက်များကို လိုက်နာရသည့်တိုင် Blast ကုမ္ပဏီသို့ ဝင်ရောက်ခြင်းက ကိစ္စအတော်များများတွင် ပို၍ လွယ်ကူစေသည်မှာ အမှန်ပင်။

“ဒါဆို……”

ဆောယောင်းက ဤနေရာတွင် ဆက်သွားရမလား၊ ရပ်ရမလားဟု ခဏလောက် တွေးတောမိသည်။

သို့သော် ချန်နာက Blast ကုမ္ပဏီကို စတင်မိတ်ဆက်ပေးခဲ့သည်မှာလည်း ဤအကြောင်းရင်းကြောင့် မဟုတ်ပါလား။ ကူညီပေးမည့်သူ ရှာဖွေရန်နှင့် နည်းပညာများကို သင်ယူရန်။

ထိုသို့ဆိုလျှင် ယခုအချိန်က အကောင်းဆုံးပင်။ အီဝူရှင်းဟူသည့် လူသားပုံစံကို ဖယ်ထားလျှင်၊ သက်ရှိထင်ရှား ပြဋ္ဌာန်းစာအုပ်သဖွယ် ဖြစ်နေသော အကောင်းဆုံး ဆရာတစ်ဦးက သူ၏ရှေ့တွင် ရှိနေပေပြီ။

‘Terrible Ones’

ထိုအချက်ကို အသစ်တစ်ဖန် သတိပြုမိလိုက်သဖြင့် ဆောယောင်း၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထလာသည်။ ဆောယောင်းက မိမိ၏အကြံအစည်ကို မရိပ်မိစေရန် မျက်နှာသေဟန်ဖမ်းကာ မေးလိုက်၏။

“နည်းပြကြီးကရော လိုအပ်ချက်အရ လူတစ်ယောက်ကိုဖမ်းပြီး အတူတူ သွားလာဖူးတာမျိုး ရှိလား။”

“ရှိတယ်။”

“ထမင်းကျွေး၊ ရေတိုက်ပြီး ရက်အတော်ကြာအောင် ခေါ်ထားဖူးတာမျိုးရော ရှိလား။”

“ရှိတာပေါ့။”

သူက မျက်နှာတစ်စက်ကလေးမျှ မပျက်ဘဲ ပြန်ဖြေခဲ့သည်။

“အဲ့ဒီအချိန်မှာ ဘယ်လိုမျိုး လုပ်ခဲ့တာလဲ။ သတိထားရမဲ့ အချက်တွေများ ရှိမလား။”

အမျိုးသားထောက်လှမ်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးက စုစုပေါင်း သုံးဦး။

ပြည်ပသတင်းအချက်အလက်ဌာနမှ ပထမဒုညွှန်၊ တန်ပြန်ထောက်လှမ်းရေးဌာနမှ ဒုတိယဒုညွှန်၊ သိပ္ပံနှင့် ဆိုက်ဘာထောက်လှမ်းရေးဌာနမှ တတိယဒုညွှန်တို့ပင်။

နှစ်လပဲ အောင့်အည်းသည်းခံမည်ဟု ဆုံးဖြတ်ခဲ့သော သန္နိဋ္ဌာန်က တစ်ဝက်ခန့် ကျော်လွန်ခဲ့ပြီဖြစ်ကာ လေ့ကျင့်ရေးပြီးဆုံးရန် သုံးပတ်သာ ကျန်တော့သည်။ ထို့ကြောင့် သုံးဦးအနက်မှ မည်သူဖြစ်ဖြစ် ကိစ္စမရှိပေ။

နည်းပြ၏ ရည်ရွယ်ချက်အတိုင်း သင်ယူနိုင်ခြင်းမရှိသည့်အတွက် နှမြောမိသော်လည်း ဆောယောင်းက ပြီးခဲ့သော လေ့ကျင့်ရေးများမှတစ်ဆင့် နာကျင်မှုကို ကျော်လွှားနိုင်သည့် စိတ်ဓာတ်ကိုဖြစ်စေ၊ စစ်ဆေးမေးမြန်းမှုအပေါ် တုံ့ပြန်သည့် အပြုအမူကိုဖြစ်စေ သင်ယူခဲ့ခြင်းမဟုတ်။

အစကတည်းက သူသိချင်ခဲ့သည်မှာ တစ်ခုတည်းသာ။

ကျွမ်းကျင်သူများက မည်ကဲ့သို့ နှိပ်စက်ညှဉ်းပန်းကြသနည်း။

ရုတ်တရက် ဆောယောင်း၏ ကြည်လင်သော မျက်လုံးများထဲတွင် ကျေနပ်အားရသော အကြည့်များ ဖြတ်သန်းသွားသည်။ ကိုယ်တိုင် ခန္ဓာကိုယ်နှင့်ရင်းပြီး ရရှိခဲ့သော အဓိကအချက်မှာ ထိုအချက်ပင်။

ထို့အပြင် ရဲဘော်ရဲဘက်များနှင့် နည်းပြ အီဝူရှင်းတို့က ကိုယ်တိုင်ကိုယ်ကျ ဥပမာအမျိုးမျိုးဖြင့် ရှင်းပြပေးခဲ့ကြသည့် ကျေးဇူးကြောင့် နှိပ်စက်နည်း အမျိုးအမည်များလည်း သိသိသာသာ တိုးပွားလာခဲ့၏။

ထို့ကြောင့် တစ်ယောက်ဆိုလျှင် လုံလောက်ပေပြီ။ ဒုညွှန် သုံးဦးအနက်မှ တစ်ဦးတည်းကိုသာ….။ သေသေချာချာ၊ ဝမ်းမြောက်ဝမ်းသာနှင့် အနီးဆုံးလမ်းကြောင်းမှ။

ရရှိလာမည့်အရာက ဂင်ဟျွန်း၏ ဆံပင်တစ်မျှင်တည်း ဖြစ်နေပါစေ။

အဖြေကို စောင့်ဆိုင်းနေသော ဆောယောင်း၏ မျက်လုံးများက တင်းတင်းစေ့ထားသည့် ထိုလူ၏ နှုတ်ခမ်းဆီသို့ ဇွဲကောင်းကောင်းနှင့် စိုက်ကြည့်လျက်ရှိနေသည်။

“…….”

“…….”

သို့သော် အီဝူရှင်းကမူ တစ်စုံတစ်ရာကို မသင်္ကာသလို ဆောယောင်းကို အသာတိတ်တိတ် စူးစိုက်ကြည့်နေရုံသာ။

ငါ့မေးခွန်းက ထူးဆန်းသွားလို့များလား။ ဒါပေမဲ့ အားလုံးက Blast အဖွဲ့ဝင်သစ်တွေနဲ့ နည်းပြတွေပဲကို အပြန်အလှန် ဆွေးနွေးလို့ရတဲ့ အကြောင်းအရာတွေပဲ မဟုတ်ဘူးလား။

သို့သော် သူ၏အကြည့်က ပို၍ ထူးဆန်းလာသဖြင့် ဆောယောင်းလည်း သံသယများကို ဖျောက်ဖျက်ရန်အတွက် လက်တလော အကြောင်းပြချက်တစ်ခုကို ကပ်တွဲပြောလိုက်ရသည်။

“နည်းပြကြီး ပြောသလိုပဲ ဘယ်မှာ ဘာဖြစ်မယ်မှန်း မသိနိုင်လို့ပါ။ တကယ် အရေးပေါ်ဖြစ်လာရင် နည်းပြကြီးရဲ့ စကားတွေကိုလည်း ပြန်စဉ်းစားကြည့်ရမယ်ဆို။ အဲ့ဒါကြောင့် အားနေတဲ့အချိန်မှာ အရှည်ကြီး မေးကြည့်နေတာပါ။”

အတော်လေး ကောင်းကောင်းပြောလိုက်နိုင်သည်ဟု ထင်ထားသော်လည်း အီဝူရှင်း၏ မျက်ခုံးများက ကျုံ့သွားပြန်သည်။ သူက ဖတ်ရခက်သော မျက်နှာထားဖြင့် သူ၏နှုတ်ခမ်းကို အသာအယာ ပွတ်သပ်နေပြီးနောက် ရုတ်တရက် ပြောလာ၏။

“ပြန်ပေးဆွဲတာပဲဖြစ်ဖြစ်၊ ဘာစစ်ဆင်ရေးပဲလုပ်လုပ် အခြေခံကျကျ အသုံးချရမဲ့ သဘောတရားကတော့ အတူတူပဲ။ တစ်ဖက်လူရဲ့ သတိထားမှုကို ဘယ်လောက်အထိ လျှော့ချနိုင်သလဲ၊ အဲ့ဒီအပေါ်မှာပဲ အောင်မြင်မှုနဲ့ ကျရှုံးမှုက ကွာခြားသွားတာ။”

“…….”

“တကယ်တော့ လူဆိုတာ ယဉ်ကျေးမှုအရ ကွာခြားချက်မရှိ၊ ဘာသာစကား အခက်အခဲမရှိ၊ ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ နည်းပုံရတယ်လို့ ထင်ရတဲ့လူစားမျိုးအပေါ်မှာဆိုရင် သတိထားမှုက အကန့်အသတ်မရှိ လျော့ကျသွားတတ်တာပဲ။”

သူ၏ မှင်သေသေ မျက်နှာက ရုတ်တရက် ငဲ့စောင်းသွားသည်။

“အကယ်၍ အဖွဲ့ဝင် ဟန်ဆောယောင်းမှာ သေနတ်လည်းမရှိ၊ ဓားလည်းမရှိ၊ ဆေးလည်းမရှိတဲ့ အခြေအနေမျိုးမှာ တစ်စုံတစ်ယောက်ကို အသုံးချပြီး ထွက်ပြေးရမယ်ဆိုရင်။ လူတွေရဲ့ ဒီလိုမျိုး အစွဲတွေကို အသုံးချပြီး အရင်ဆုံး ချဉ်းကပ်။”

“…….”

“ရက်ရက်စက်စက် သေနတ်နဲ့ ချိန်ထားတာထက် တစ်ခါတလေ တစ်ဖက်လူရဲ့ စိတ်ထဲက မောင်းတံကို အရင်ဆုံး ဖြုတ်ချလိုက်တာက ပိုပြီး ထိရောက်တဲ့အခါမျိုး ရှိတတ်လို့။”

သူက အရေးပေါ်အခြေအနေကို ရည်ရွယ်ပြောနေခြင်းဖြစ်ပုံရသော်လည်း ဆောယောင်း စဉ်းစားနေသည်က ထွက်ပြေးရန်မဟုတ်ဘဲ ဓားစာခံအဖြစ် ဖမ်းဆီးရန်ပင်။ မည်သို့ပင်ဖြစ်စေ နည်းပြ၏ အကြံပေးချက်က ဆောယောင်းအတွက် အလွန်အသုံးဝင်သော စကားများဖြစ်ခဲ့သည်။

စောင့်ရှောက်ခံရသူက များသောအားဖြင့် သက်တော်စောင့်ကို သံသယမဝင်တတ်ကြပေ။ ထို့အပြင် မိမိက လှပပြီး ငယ်ရွယ်သော အမျိုးသမီးတစ်ဦးပင်။ သိမ်သိမ်မွေ့မွေ့ ပြုမူဆက်ဆံတတ်သည့် ပုံစံမျိုးကိုပါ အသုံးချနိုင်မည်ဆိုလျှင်….

တစ်ချိန်တည်းမှာပင် အတွေးတစ်ခုက လျှပ်စစ်စီးသလို လက်ခနဲ ဝင်လာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အီဝူရှင်းကလည်း ထိုအကြောင်းအရာနှင့် ဆက်စပ်၍ ထပ်လောင်းပြောဆိုနေ၏။

“ဒါကြောင့် လူသတ်တော့မယ်ဆိုရင် အားအင်ချိနဲ့တဲ့ လူအိုတစ်ယောက်ရဲ့ ပုံစံနဲ့၊ ငွေတွေယူပြီး ထွက်ပြေးတော့မယ်ဆိုရင် အိမ်နီးချင်းတစ်ယောက်ရဲ့ ပုံစံနဲ့၊ ပြီးတော့ တစ်စုံတစ်ယောက်ကို ဖျက်ဆီးတော့မယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာကို အကာအကွယ်ယူပြီး လုပ်ဆောင်တတ်ကြတယ်။”

ဆောယောင်းက ခေါင်းထဲတွင် အတွေးများကို အလျင်အမြန် စီစဉ်နေရသဖြင့် ရုတ်တရက် အေးစက်သွားသော သူ၏လေသံကိုပင် သတိမထားမိလိုက်ပေ။

ဒီကို ဝင်လာခဲ့တာ တကယ် မှန်သွားတာပဲ…

ဆောယောင်း စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ နယ်ပယ်ထဲတွင် အတွေ့အကြုံများစွာရှိသည်ဆိုသော ထိုနည်းပြ၏ အသိပညာများကို မည်သည့်နည်းဖြင့် အရိုးအထိ ခြစ်ထုတ်ယူရမလဲဟု တွေးတောနေစဉ် သူ၏ မျက်လုံးများက အရောင်တောက်လာ၏။

သို့သော် ဘေးတွင် ထိုင်နေသော ချီးထွက်ကောင်က ခါးကို လက်ချောင်းဖြင့် ခဏခဏ လာထိုးနေသည်။

ခြင်တစ်ကောင်လို လာနှောင့်ယှက်နေသည်က ရယ်ချင်စရာပင်ကောင်းသော်လည်း ပိုပိုတိုးလာသဖြင့် ခေါင်းကို ဝှစ်ခနဲ လှည့်လိုက်မိ၏။ ဘာမှမပြောဘဲ စိုက်ကြည့်လိုက်တော့ ရဲဘော်ရဲဘက်က ဆောယောင်း၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ အချက်ပြနေလေသည်။

ဘာဖြစ်နေတာပါလိမ့်။

နောက်ကျမှ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိတော့ အဖွဲ့ဝင်အားလုံး ပုခုံးများ တောင့်တင်းနေကြကာ မျက်လုံးများဖြင့်သာ ဟိုဟိုဒီဒီ အကဲခတ်နေကြလေ၏။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment