အပိုင်း ၄၇
အီဝူရှင်း သင်ကြားပေးနေသည်က တိုက်ခိုက်ရေးပညာရပ် နှစ်မျိုးပင်။ တစ်ခုက အစ္စရေးအထူးတပ်ဖွဲ့သုံး ကိုယ်ခံပညာဖြစ်သော ခရာ့ဗ် မာဂါဖြစ်ပြီး၊ နောက်တစ်ခုမှာ အမေရိကန် မရိန်းတပ်ဖွဲ့၏ ကိုယ်ခံပညာအစီအစဉ်မှ ထုတ်နုတ်ထားသော MCMAP ဖြစ်သည်။
ဂျူဂျစ်ဆု၊ မွေထိုင်း၊ လက်ဝှေ့နှင့် ဂျူဒိုကဲ့သို့ အမျိုးမျိုးသော တိုက်ခိုက်ရေးပညာရပ်များ၏ အားသာချက်များကိုသာ ရွေးချယ်ပေါင်းစပ်ထားခြင်းဖြစ်၍ အနီးကပ်တိုက်ပွဲများအတွက် အကောင်းဆုံးဖြစ်ပြီး အထူးသဖြင့် အသက်ရှင်ကျန်ရစ်နိုင်ရေးအတွက် များစွာအထောက်အကူပြု၏။
လက်ဗလာဖြင့် တိုက်ခိုက်ခြင်းနှင့်အတူ ဓားအသုံးချတိုက်ခိုက်နည်း၊ သေနတ်ကို အသုံးပြု၍ ထုနှက်တိုက်ခိုက်နည်းများအထိ ပါဝင်ပေါင်းစပ်ထားသဖြင့် သတ်ဖြတ်ရန်ရည်ရွယ်သော စစ်ဘက်ဆိုင်ရာ ကိုယ်ခံပညာရပ်များတွင် ထိပ်ဆုံး၌ရှိနေသည်။
ဤကဲ့သို့ အသက်ရှင်ကျန်ရစ်ရေး လေ့ကျင့်ခန်းများက တုံ့ပြန်မှုမြန်ဆန်သော ဆောယောင်းနှင့် အလွန်အံကိုက်ဖြစ်နေ၏။ လေ့ကျင့်ရေးဆင်းတိုင်း နည်းစနစ်များက ခန္ဓာကိုယ်တွင် လျင်မြန်စွာ စွဲမြဲသွားပြီး နဂိုကပင် ကောင်းမွန်လှသော သူ၏ အာရုံခံနိုင်စွမ်းကလည်း ပိုမိုထက်မြက်လာခဲ့သည်။
'အာ... တခြားဟာတွေထက် ဒီလို တိုက်ခိုက်ရေးပဲ လုပ်ရရင် ကောင်းမှာကို။'
ဆောယောင်း ယခုတလော လေ့ကျင့်ရေးကို အတော်လေး သဘောကျနေ၏။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် တကယ် ကောင်းလိမ့်မည်ဟု တွေးနေမိသည်။
ထိုကဲ့သို့ အရိုးခံအတွေးများဖြင့် ထုံးစံအတိုင်း ထမင်းကို အားရပါးရ စားနေသော်လည်း ယနေ့မှ ထမင်းစားဆောင်၏ အငွေ့အသက်က နာရေးအိမ်ပမာ ထိုင်းမှိုင်းနေ၏။ ခေါင်းကို အသာမော့ကြည့်လိုက်ရာ အဖွဲ့ဝင်များ၏ မျက်နှာတစ်ခုချင်းစီက ညှိုးမှိုင်နေကြသည်။
“ဟေ့... ငါတို့ ကြိုပြီးတော့ နှုတ်ဆက်စကားဖြစ်ဖြစ် ပြောထားရမှာမဟုတ်ဘူးလား။”
ထိုစဉ်၊ ထမင်းဗန်းကို လက်ပင်မတို့ဘဲ အဖွဲ့ဝင်တစ်ဦးက စိတ်ပျက်လက်ပျက် ပြောလာသည်။
“အခုကစပြီး တစ်ဝက်ကျော်လောက်က ထွက်သွားကြတော့မှာတဲ့။”
“ဟူး... ငါက အဲ့ဒီလို ဇယားတွေမရှုပ်ချင်လို့ အလုပ်ထွက်လာတာကို၊ အခု အဲ့ဒါပဲ ထပ်လုပ်ရဦးမှာလား။”
“ဒါပေမဲ့လည်း တစ်လကို ၁၇ သိန်း ရပြီး သစ္စာရှိနေရတာထက်၊ ကြေးစားစစ်သားလုပ်ပြီး ကမ္ဘာပတ်နေရတာကမှ ပိုအကျိုးရှိဦးမယ်။”
“အဲ့ဒါကတော့ ဟုတ်ပါရဲ့...”
နေရာအနှံ့မှ သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
“ကျေးဇူးပြုပြီး နည်းပြ အီဝူရှင်းနဲ့တော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။”
ဆောယောင်း ပါးစပ်ထဲသို့ ထမင်းများ ဖိထည့်နေရင်းမှ ရဲဘော်ရဲဘက်များ၏ စကားကို နားစွင့်နေခဲ့သည်။
“အဲ့ဒီပုဂ္ဂိုလ်နဲ့တော့ လုံးဝ တစ်ခန်းတည်း မရှိချင်ဘူး။”
“အင်း... ငါလည်း အဲ့ဒီပုဂ္ဂိုလ်ကြောင်း တော်တော်ကြားဖူးတယ်။”
အဖွဲ့ဝင်များက သေတမ်းစာ ရေးနေရသူများအလား စိတ်ဓာတ်ကျနေကြသည်။ ထိုစဉ်၊ ပုံမှန်အားဖြင့် စကားပြောကောင်း၍ နည်းပြများနှင့် ရင်းနှီးသော တစ်ယောက်က ရုတ်တရက် ဝင့်ကြွားသော မျက်နှာဖြင့် ကိုယ်ကို ရှေ့သို့ကိုင်းလာ၏။
“ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီတွေထဲမှာ အဆိုးယုတ်ဆုံးလို့ နာမည်ကြီးတဲ့ နေရာတစ်ခုရှိတယ်။ တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းတွေ စုပြီးတည်ထောင်ထားတဲ့ 'Terrible Ones' တဲ့။ ကိုရီးယားလိုဆိုရင်တော့ 'ကြောက်စရာကောင်းတဲ့သူများ' ပေါ့။”
“......”
“ဘာပဲဖြစ်ဖြစ်၊ ၇၀ ခုနှစ်တွေတုန်းက 'Blood Diamond' လို့ ခေါ်တဲ့ တအားရက်စက်တဲ့ ပြည်တွင်းစစ် ရှိခဲ့ဖူးတယ်လေ။ သူပုန်တွေက အရပ်သားတွေရဲ့ လက်တွေခြေတွေကို ပုဆိန်နဲ့ လိုက်ဖြတ်တဲ့စစ်ပွဲ။”
“အာ... ကြားဖူးသားပဲ။ ဆီရယ်ရာ လီယွန် ပြည်တွင်းစစ် မဟုတ်လား။”
“အေး၊ အဲ့ဒီတုန်းက တောင်အာဖရိက ကြေးစားစစ်သားတွေ ဝင်လာတာ။ သူပုန်တွေကို တန်ပြန်လက်စားချေမယ်ဆိုပြီးတော့ အဲ့ဒီကောင်တွေကို ဖမ်းပြီး လူသားစားခဲ့ကြတယ်ဆိုတဲ့ ထူးဆန်းတဲ့ သမိုင်းမှတ်တမ်းတွေတောင် ရှိတယ်။”
“......”
“ငါတို့ နည်းပြ အီဝူရှင်းက အဲ့ဒီကလာတာမဟုတ်လား။”
'အဲ့ဒီလိုနေရာမှာ ဘာတွေများ သင်ခဲ့ရမလဲ...'
အားမပါသော ထိုစကားအဆုံးတွင် လူတိုင်း၏ လှုပ်ရှားမှုများ ရုတ်ခြည်း ရပ်တန့်သွားတော့သည်။ ထမင်းဗန်းကို ဇွန်းဖြင့် ခြစ်မိသော အသံလေးပင် ပျောက်ကွယ်သွား၏။
အားလုံး ထမင်းစားချင်စိတ် ပျောက်သွားသော မျက်နှာများဖြင့် ရေကိုသာ ရှာသောက်နေကြစဉ်၊ နောက်ဆုံးအချိန်အထိ ထမင်းဗန်းကို ပြောင်စင်အောင် ခြစ်စားနေသည့် ဆောယောင်းက အေးအေးဆေးဆေး မေးလိုက်သည်။
“နည်းပြနဲ့ တစ်ခန်းတည်း ဝင်သွားရရင် ဘာလုပ်လို့လဲ။”
ထိုအခါ အဖွဲ့ဝင်များက 'ဪ၊ သူရှိသေးတာပဲ…' ဟူသော အကြည့်များဖြင့် စိတ်ပျက်စွာ ကြည့်လာကြသည်။
“အရင်ဆုံး ဇောက်ထိုးတွဲလောင်းဆွဲထားတာပေါ့။”
“......”
“အဲ့ဒီနောက်မှာ... ရိုက်နှက်တာကတော့ အခြေခံပဲ။ လျှပ်စစ်နဲ့ တို့တာလည်း ရှိတယ်၊ အစားတွေကို အတင်းအကျပ် ထည့်ကျွေးတာလည်း ရှိတယ်တဲ့။ အာရုံကြော ပျက်စီးစေတဲ့ ဆေးတွေလည်း ထိုးတယ်ဆိုပဲ။”
“......”
“ခေါင်းကို မြေကြီးထဲ ထိုးထည့်တာတို့၊ မီးနဲ့ နှိပ်စက်တာ၊ ရေအကျဉ်းခန်း၊ ဝါးချွန်တွေနဲ့ ထိုးတာ... ပြီးတော့ ဂျိုဆွန်းခေတ်ကတည်းက ရှိလာတဲ့ 'ဒိုမိုဂျီ' လို နှိပ်စက်နည်းတွေလည်း ပါတာပေါ့။”
[TL/N : ဒိုမိုဂျီ - မျက်နှာပေါ် စက္ကူအထပ်ထပ်ကပ်ပြီးတော့ ရေဖျန်းပြီး အသက်ရှူရခက်အောင်လုပ်တဲ့ နှိပ်စက်နည်း။]
ဆက်တိုက်ထွက်ပေါ်လာသော စကားများကြောင့် အဖွဲ့ဝင်များ၏ မျက်နှာများ ပြာနှမ်းသွားတော့သည်။ ထမင်းစားဆောင်အတွင်း၌ လေးလံသော စစ်ရိပ်စစ်ယောင်များ ဖုံးလွှမ်းသွား၏။
ဆောယောင်းလည်း နောက်ဆုံးလက်ကျန်အထိ ခြစ်စားထားသော ဇွန်းကိုချကာ ရေဖြင့် ပလုပ်ကျင်းလိုက်သည်။ ဖန်ခွက်ကို ပြန်ချလိုက်သော သူက ထိုင်းမှိုင်းနေသော လေထုကို ဖြတ်ကျော်၍ ပုံမှန်အတိုင်း မေးခဲ့၏။
“ဘယ်လိုလုပ် အဲ့ဒါတွေကို ဒီလောက်တောင် ကောင်းကောင်း သိနေတာလဲ။”
“ငါက အဲ့ဒါတွေကို မခံနိုင်လို့ အမြဲတမ်း အထူးတပ်ဖွဲ့ကနေ ပြုတ်ပြုတ်ကျန်ခဲ့တာလေ။”
၁၀ ပတ်ကြာ လေ့ကျင့်ရေးကာလအတွင်း အဖွဲ့ဝင် အများဆုံး ပြုတ်သွားတတ်သည့် အစီအစဉ်။
၄၈ နာရီကြာ ပြုလုပ်မည့် ပြင်းထန်သော သုံ့ပန်းစစ်ဆေးမေးမြန်းခြင်း လေ့ကျင့်ရေး။ အရပ်စကားဖြင့် ပြောရလျှင် 'နှိပ်စက်ညှဉ်းပန်းခံခြင်း' လေ့ကျင့်ရေးပင်။
~~~~
အပြေးလေ့ကျင့်ခန်းမှ ပြန်လာသော အဖွဲ့ဝင်များကို စောင့်ကြိုနေသည်က နေကာမျက်မှန် တပ်ထားသော နည်းပြများဖြစ်သည်။ အမောတကော အသက်ရှူနေကြရင်း လေ့ကျင့်ရေးကွင်းထဲတွင် စုဝေးမိတော့ သူတို့က ရေကို အငမ်းမရ သောက်ကြလေ၏။
မနက်က ကြားခဲ့သော စကားများကြောင့်လားမသိ၊ နည်းပြများရှိရာစင်မြင့်ဘက်သို့ ခဏခဏ မျက်စိကစားမိကြသည်။ ထိုစဉ် နည်းပြများက အနားသို့ လာကာ စာရွက်လေးတစ်ရွက်စီ ဝေပေးလေ၏။
“ဖွင့်ကြည့်ပြီး ၁၀ စက္ကန့်အတွင်း အလွတ်မှတ်ပါ။”
အီဝူရှင်း၏ တိုတောင်းသော အမိန့်ကြောင့် ဆောယောင်းလည်း မျက်ခုံးနှစ်ခုကို စုကျုံ့ကာ အာရုံစိုက်လိုက်သည်။ ဖွင့်ကြည့်လိုက်သော စာရွက်ပေါ်တွင် အဓိပ္ပာယ်မသိရသော ကိုဩဒိနိတ် ကိန်းဂဏန်းများ ရေးထား၏။
59.9343°N, 30.3351°E.
အရင်ဆုံး ဆောယောင်းက ဘာမှမဆိုင်သော ထိုဂဏန်းများကို ခေါင်းထဲသို့ မှတ်သားလိုက်သည်။ အီဝူရှင်းက လက်ကောက်ဝတ်ရှိ စစ်သုံး အီလက်ထရောနစ်နာရီကို ကြည့်ရင်း ပြောလာ၏။
“အခုကစပြီး သတင်းအချက်အလက် ပေါက်ကြားမှု ကာကွယ်ရေး လေ့ကျင့်ခန်းကို စတင်ပါမယ်။”
အာ... တစ်စုံတစ်ယောက်ထံမှ ညည်းတွားသံ ထွက်လာသည်။
“ယဉ်ယဉ်ကျေးကျေး ပြောရရင်တော့ အဲ့ဒီလိုဆိုပေမဲ့ ငါကတော့ 'နှိပ်စက်ညှဉ်းပန်းမှု လေ့ကျင့်ရေး' လို့ပဲ ခေါ်တယ်။”
သူက ထုံးစံအတိုင်း နှုတ်ခမ်းထောင့်စွန်းကို အသာအယာ ပင့်လိုက်သည်။
“စာရွက်ပေါ်မှာ ရေးထားတဲ့ အချက်အလက်တွေက စစ်ဆင်ရေးအမည်၊ ပစ်မှတ်၊ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေ၊ ကျူးကျော်ဝင်ရောက်မဲ့ လမ်းကြောင်း၊ စုရပ်နဲ့ လေကြောင်းရိက္ခာ ထောက်ပံ့မှု စတဲ့ အရေးကြီးအချက်အလက်တွေပဲ။ စည်းကမ်းက ရိုးရှင်းတယ်။ အဖွဲ့ဝင်တွေက ခုနက အလွတ်မှတ်ထားတဲ့ အဲ့ဒီအချက်အလက်တွေကိုပဲ မပေါက်ကြားအောင် ထိန်းသိမ်းရမှာ။”
ပြင်းထန်စွာ လှုပ်ရှားနေသော အဖွဲ့ဝင်များ၏ အသက်ရှူသံများ တဖြည်းဖြည်း ငြိမ်ကျသွားသည်။
“အခုကစပြီး နည်းပြတွေက နည်းလမ်းမျိုးစုံ သုံးပြီးတော့ မင်းတို့ကို ပါးစပ်ဖွင့်အောင် လုပ်လိမ့်မယ်။”
အေးစက်ပြီး အညှာအတာမဲ့သော အသံကြောင့် လူတိုင်း သတိပြန်ဝင်လာကြသည်။ ဆောယောင်းက သူ မှတ်ထားသော ကိုဩဒိနိတ်များကို တစ်ခေါက် ထပ်မံ စဉ်းစားလိုက်၏။
59.9343°N, 30.3351°E.
ဘာကြောင့်မှန်းမသိ လျှာက ခြောက်ကပ်လာကာ နှလုံးခုန်သံများ မြန်လာသည်။
“ဒီလုပ်ငန်းစဉ်မှာ လူအများကြီး ပြုတ်သွားလိမ့်မယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဒီလေ့ကျင့်ရေးကို အောင်မြင်အောင် လုပ်နိုင်တဲ့သူတွေကတော့ အဆုံးအထိ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေး အများကြီး ရှိသွားမှာ။”
ရုတ်တရက် သူ၏အကြည့်က ဆောယောင်းထံသို့ ကျရောက်လာသလို ခံစားရသော်လည်း နေကာမျက်မှန်ကြောင့် သေချာမသိရပေ။
“မင်းတို့တွေက ဒီလေ့ကျင့်ရေးကနေတစ်ဆင့် နာကျင်မှုကို ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်နဲ့ စစ်ဆေးမေးမြန်းမှုတွေကို တုံ့ပြန်ရမဲ့ သဘောတရားကို သင်ယူရလိမ့်မယ်။”
နောက်ဆုံးအနေဖြင့် သူက နှုတ်ခမ်းထောင့်စွန်းကို ပင့်ကာ အဓိပ္ပာယ်ပါသော နှုတ်ဆက်စကားကို ပြောခဲ့သည်။
“ဒါဆို ခြေလက်အင်္ဂါ အစုံအလင်နဲ့ ပြန်ဆုံကြတာပေါ့။”
နည်းပြ၏ စကားဆုံးသည်နှင့် ရှေ့ဆုံးတန်းမှ အဖွဲ့ဝင်တစ်ဦး ခြေလှမ်းများ ယိုင်နဲ့ကာ ဘုန်းခနဲ လဲကျသွားတော့သည်။
“....”
ဘာ...ဘာလဲ။
တောင့်တင်းနေသော လူတိုင်း၏ အကြည့်က အောက်သို့ ရောက်သွား၏။ သို့သော် ပို၍ထူးဆန်းသည်က မည်သူမျှ ဆူညံပွက်လောမရိုက်ဘဲ တိတ်ဆိတ်နေခြင်းပင်။
ရုတ်တရက် လူတစ်ယောက် လဲကျသွားသော်လည်း နည်းပြများက ဘာမှမမြင်သလို လက်ကို အနောက်ပစ်ကာ ရပ်နေကြသည်။ ပျာပျာသလဲ ဖြစ်နေကြသည်က အဖွဲ့ဝင်များသာ။
မျက်နှာထား တင်းမာသွားသော ဆောယောင်းတစ်ယောက် ပတ်ဝန်းကျင် အခြေအနေကို လေ့လာနေစဉ်မှာပင် မြင်ကွင်းတစ်ခုလုံး ချာချာလည်သွား၏။
“အာ...”
ခန္ဓာကိုယ်မှ အားအင်များ အကုန် ကုန်ခန်းသွားသလို ခံစားလိုက်ရသည်။ ထူးဆန်းစွာပင် လက်ချောင်းလေးတစ်ချောင်းပင် မလှုပ်နိုင်တော့။ အစွမ်းကုန် တောင့်ခံရန် ကြိုးစားသော်လည်း ဒူးများက အရင်ညွှတ်ကျသွားကာ ကိုယ်အပေါ်ပိုင်းက မြေကြီးပေါ်သို့ မှောက်လျက်ကျသွားလေသည်။
မှေးစင်းလာသော မျက်လုံးများကို အတင်းဖွင့်ကြည့်လိုက်ရာ သူတစ်ယောက်တည်း လဲကျနေခြင်းမဟုတ်ကြောင်း သိလိုက်ရ၏။ မတ်တတ်ရပ်နေသော အဖွဲ့ဝင် အများစုသည်လည်း ရုတ်တရက် ယိမ်းထိုးကာ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။
ဆောယောင်း နောက်ဆုံး မြင်လိုက်ရသည်က အနက်ရောင် နေကာမျက်မှန်ကြီးပင်။
~~~~
အသက် ၂၄ နှစ်ဝန်းကျင်တွင် ခင်ပွန်းဖြစ်သူနှင့် စတင်တွေ့ဆုံခဲ့သည်။
တစ်နေ့တွင် ရုတ်တရက် ဖြစ်ပေါ်လာသော မျက်စိရောဂါကြောင့် သစ်ရွက်ခြောက်လေးလို ရှိခဲ့သည့် သူ၏ နေ့ရက်များက ရေစီးသန်သော မြစ်တစ်ခုထဲသို့ ရောက်သွားရသလိုပင်။ ရောဂါအခြေအနေက အလွန်မြန်ဆန်လှကာ တစ်နေ့ထက်တစ်နေ့ သူ မြင်ရသော ကမ္ဘာကြီးက ကျဉ်းမြောင်းလာသည်။
ဆောယောင်းတစ်ယောက် ပြောင်းလဲသွားသော ဘဝကို ပြင်ဆင်ရန် အချိန်ပင်မရလိုက်ဘဲ မျက်စိကွယ်သွားရ၏။ မည်မျှပင် မျက်တောင်ခတ်ပါစေ မြင်ကွင်းထဲတွင် ဖုံးလွှမ်းနေသော မြူများ ပျောက်ကွယ်မသွားသည့်အခါ သူ့တွင် အသုံးပြုရန် လက်ကိုင်တုတ်ပင် အသင့်မရှိသေးကြောင်း သိလိုက်ရသည်။
အခန်းအပြင်သို့ ခြေတစ်လှမ်းပင် မထွက်နိုင်ခဲ့သော နေ့ရက်များ။ ထိုစဉ်က သူ့အသက်မှာ ၂၄ နှစ်သာ ရှိသေး၏။
တက္ကသိုလ်မှ ဘွဲ့ရစအရွယ်နှင့် အတူတူပင်။ ဤအတိုင်း အခန်းထောင့်တွင် အသေမခံနိုင်ဟူသော အတွေးဖြင့် ဆောယောင်း အလောတကြီး ထီးရှည်ကြီးတစ်ချောင်းကို အားကိုးကာ အပြင်ထွက်ခဲ့သည်။
တစ်သက်လုံး အမြင်အာရုံကိုသာ အားကိုးပြီး နေထိုင်လာခဲ့ရာ၊ အနံ့နှင့် အကြားအာရုံမှတစ်ဆင့် ဝင်ရောက်လာသော အရာအားလုံးက ဆူညံလှပြီး ပျို့အန်ချင်စရာပင်။
လူ၏ အာရုံခံစားမှုဆိုသည်မှာ နဂိုကတည်းက ဤမျှအထိ ထိလွယ်ရှလွယ် ရှိလေသလား။ ဆောယောင်း အဆက်မပြတ် မူးဝေမှုကို ခံစားရင်း ဆိုင်တစ်ဆိုင်သို့ ခက်ခက်ခဲခဲ ဝင်သွားခဲ့သည်။
မျက်မမြင်သုံး လက်ကိုင်တုတ်ဝယ်ရန် ဝင်သွားခဲ့သော ထိုနေရာတွင် ဂင်ဟျွန်းနှင့် တွေ့ခဲ့ခြင်းပင်။
သူက ဆေးဘက်ဆိုင်ရာပစ္စည်းများ လာရောက်ပို့ဆောင်ပေးသည့် အခြားကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သော်လည်း ဆောယောင်းက ဆိုင်ရှင်ဟု မှားယွင်းထင်မှတ်ခဲ့၏။
သူ့ထံတွင် ပစ္စည်းအကြောင်း မေးမြန်းခဲ့၊ ငွေပေးချေခဲ့ပြီး၊ တစ်ဖန် လမ်းလျှောက်တုတ် အသုံးပြုနည်းကိုပါ သင်ယူခဲ့သည်။
သာမန်ဆန်လှသော ပထမဆုံး တွေ့ဆုံမှုပင်။
သို့သော် ထိုနေ့ကို ယနေ့အထိ မေ့မရနိုင်ခြင်းမှာ ရုတ်တရက် ရွာချလာသောမိုးကြောင့် ဖြစ်ပေသည်။
တုတ်ကို အားပြုပြီး ထီးပါဆောင်းကာ အိမ်သို့ ပြန်နိုင်မည့် ယုံကြည်ချက် သူ့တွင် လုံးဝမရှိခဲ့ပေ။ မတတ်သာဘဲ ဆိုင်ထဲတွင် ခဏထိုင်ရင်း မိုးခိုနေစဉ်၊ တွေးမိလေလေ ဒေါသထွက်လေ ဖြစ်လာရသည်။
'ငါက ဘာလို့ တုတ်ကို အားကိုးပြီး နေရမှာလဲ။ လူရိုးလေးလို နေပါဆိုလို့ အေးအေးဆေးဆေး နေခဲ့တာကို ဘာလို့ ဒီလိုမျိုး ဖြစ်ရတာလဲ...'
ဘာကိုမျှ လက်မခံနိုင်သေးပေ။ လက်ခံနိုင်စရာ ကိစ္စလည်း မဟုတ်ခဲ့။
မျက်စိကွယ်သွား၍ ကူညီပေးကြပါဦးဟု စိတ်ရှိလက်ရှိ အားငယ်ကာ၊ ငိုယိုပြီး ဂျီကျချင်သော်လည်း သူ့တွင် ပြန်လည်အားဖြည့်ပေးမည့် မိသားစုဟူ၍ မရှိပေ။ မွေးကတည်းက တစ်ယောက်တည်း ဖြစ်ခဲ့ရသည်ကို ဘာကြောင့် ဒီထက်ပို၍ အထီးကျန်အောင် လုပ်ရသနည်း။
သို့တိုင်အောက် အသက်ဆက်ရှင်ရန်အတွက် ဤနေရာအထိ ရောက်လာခဲ့သော မိမိကိုယ်ကိုယ် အသုံးမကျဟု ထင်မိသလို၊ သနားစရာကောင်းလှပြီး အချည်းနှီး ဖြစ်နေသလို ခံစားရသောကြောင့်။ ထိလိုက်သည်နှင့် ပေါက်ကွဲထွက်တော့မည့် ရင်ဘတ်သာ တဒုတ်ဒုတ် လှုပ်ရှားနေချိန်တွင်။
~~~~
Miel’s Translations