အခန်း (၃၀)
ရှန်ချင်းထျန်သည် ရုတ်တရက် အထဲသို့ မဝင်ချင်တော့ပေ။ သို့သော် သူမနောက်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော နာနီက သူမကို အသာ တွန်းပို့လိုက်သည်။
“သွားလေ သခင်မလေး၊ ဘာတွေ တွေဝေနေတာလဲ။ မြန်မြန် အထဲဝင်စမ်းပါ"
ကျီနျန်တစ်ယောက် ကျီတင်းကျို၏ဘေးတွင် မှောက်လျက်ရှိနေသည်ကို မြင်လိုက်ရသောအခါ နာနီ၏ မျက်ဝန်းများတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အမြွက်များ ထင်ဟပ်သွားသည်။ ကျီနျန်သည် ဇာတ်လိုက်မင်းသမီးကို မြင်လိုက်သည်နှင့် ကုတင်ပေါ်မှ ထိုင်လိုက်သည်။ သူမ ဖတ်နေသည့် ရုပ်ပြစာအုပ်ကို ဆွဲယူကာ အပြင်သို့ ထွက်သွားရန် ပြင်လိုက်သော်လည်း ကျီတင်းကျိုက လှမ်းတားလိုက်သည်။
“ဘယ်ကို ထွက်ပြေးမလို့လဲ"
ရှန်ချင်းထျန် မရောက်လာမီက ကျီနျန်က သူမကို “သခင်မလေး” ဟု ခေါ်ဝေါ်ခဲ့ခြင်းကို ကျီတင်းကျို မမေ့သေးပေ။ ကြောင်ကိုမြင်သည့် ကြွက်တစ်ကောင်လို ပြုမူနေခြင်းကို ကြည့်ရသည်မှာ ရယ်စရာကောင်းလှသည်။ ကျီနျန် ခေတ္တ တွေဝေနေစဉ် ရှန်ချင်းထျန်နှင့် နာနီတို့ အခန်းထဲသို့ ရောက်လာသဖြင့် သူမလည်း ပြန်ထိုင်လိုက်ရသည်။
“ဦးဦးကျီ၊ နေကောင်းသွားပြီလားဟင်"
ရှန်ချင်းထျန်သည် လက်ဆောင်တစ်ခုကို ယူဆောင်လာခဲ့သည်။ ၎င်းသည် အသေအချာ ပြင်ဆင်ထားသည့် ပန်းစည်းလေးတစ်ခုပင်။
“ဒါလေးကို သမီးကိုယ်တိုင် ရွေးထားတာပါ။ ဦးဦးကျီ စိတ်ရွှင်လန်းသွားအောင်လို့ပါ"
ကျီတင်းကျိုသည် ကလေးတစ်ယောက်အပေါ် ကြမ်းတမ်းစွာ ပြုမူရန် အကြောင်းပြချက် မရှိသော်လည်း စကားပြောရန်လည်း စိတ်မပါသဖြင့် ခေါင်းတစ်ချက် ညိတ်ပြကာ ကျစ်လျောင်ကို ပန်းစည်းယူရန် အချက်ပြလိုက်သည်။ ထို့နောက် သူ၏ မြစိမ်းရောင်သန်းနေသော မျက်ဝန်းများသည် ရှန်ချင်းထျန်အနောက်တွင် ရပ်နေသော နာနီထံသို့ ရောက်ရှိသွားသည်။ ကျီနျန်၏လက်ပေါ်မှ ဒဏ်ရာသည် မည်သို့ရခဲ့သည်ကို သူ ကျစ်လျောင်ထံမှ သိရှိပြီးဖြစ်သည်။ ကျီတင်းကျို၏ အကြည့်သည် ထူးထူးခြားခြား မပြင်းထန်လှသော်လည်း ထိုအကြည့်များ သူမအပေါ်သို့ ကျရောက်လာသည့် အခိုက်တွင် နာနီသည် ချွေးစေးများ ထွက်လာသည်။
ကျီတင်းကျိုက သူမ၏လက်ဆောင်ကို စိတ်မဝင်စားသဖြင့် ရှန်ချင်းထျန် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ ထိုစဉ် သူမ၏အကြည့်များ ကျီနျန်ကိုင်ထားသည့် စာအုပ်ပေါ်သို့ ရောက်သွားကာ စကားစလိုက်သည်။
“အဲ့ဒါ ‘တင်ပါးစုံထောက်’ စာအုပ်လား"
၎င်းသည် ကျီနျန် ဖတ်နေသည့် ရုပ်ပြစာအုပ်၏ အမည်ဖြစ်သည်။ ကျစ်လျောင်က သူမအတွက် ရှာပေးထားခြင်းဖြစ်ပြီး စာမဖတ်တတ်သေးသည့် ကလေးများအတွက် ထိလိုက်ရုံနှင့် စာဖတ်ပြသည့် အီလက်ထရောနစ် ဘောပင်လေးကိုပင် ပြင်ဆင်ပေးထားသည်။ ကျီနျန်သည်လည်း ပါရမီရှင်ကလေးအဖြစ် ဟန်ဆောင်ရန် ဆန္ဒမရှိသဖြင့် ငါးနှစ်အရွယ် ကလေးတစ်ယောက်လိုသာ နေထိုင်နေခြင်း ဖြစ်သည်။
“အင်း... ဖတ်ချင်လို့လား"
ကျီနျန်သည် ဇာတ်လိုက်မင်းသမီးအပေါ် အကောင်းမြင်စိတ်ရှိသဖြင့် စာအုပ်ကို လက်ကမ်းပေးလိုက်သည်။ ရှန်ချင်းထျန်သည် ထိုစာအုပ်ကို ဖတ်ဖူးပြီးသားဖြစ်ကာ ၎င်းကို အလွန်လည်း နှစ်သက်ပေသည်။ သူမနှင့် ဝါသနာတူသူတစ်ဦးကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားပြီး ကျီနျန်ကို စကားစရန် ပြင်လိုက်စဉ် နာနီက ကြားဖြတ်ပြောလာသည်။
“မလိုပါဘူး၊ သခင်မလေးက ဒါကို ဖတ်ပြီးသားပါ။ သူက စာလုံးတိုင်းကိုလည်း သိပြီးသားမို့လို့ ဘယ်နည်းပညာ အကူအညီမှ မလိုဘူး"
သာမန်မိဘများဆိုလျှင် ရှန်ချင်းထျန်၏ ဉာဏ်ရည်ထက်မြက်မှုကို အားကျမိကြမည် ဖြစ်သော်လည်း ကျီတင်းကျိုအတွက်မူ... အရေးမပါပေ။ သူ၏သမီးသည် သူ၏ဒဏ်ရာကိုပင် ပတ်တီးစည်းပေးနိုင်သူ ဖြစ်သည်။ ကျီတင်းကျို ကိုယ်တိုင်သည်လည်း ငါးနှစ်အရွယ်တွင် စာတစ်လုံးမှ မဖတ်တတ်ခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသည်အထိ စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်လေသလော။
ကျီတင်းကျို၏ မျက်နှာထား ပြောင်းလဲသွားကြောင်း မြင်လိုက်သောအခါ နာနီက ဂုဏ်ယူစွာဖြင့် ဆက်ပြောလိုက်သည်။
“သခင်မလေးက တန်မင်းဆက်ခေတ်က ကဗျာတွေကိုတောင် ရွတ်ပြနိုင်တယ်။ သခင်မလေး... မိသားစုခေါင်းဆောင်အတွက် ကဗျာတစ်ပုဒ်လောက် ရွတ်ပြလိုက်ပါဦး"
နာနီသည် ရှန်ချင်းထျန်၏ အရည်အချင်းများကို ထုတ်ပြရန် အလွန်အားသန်နေပုံရသည်။ ကျီနျန်သည် ဤနာနီကို ယခင်ကတည်းက မကြိုက်ခဲ့ပေ။ ယခုလည်း ပွဲလမ်းသဘင်များတွင် ကလေးများကို အတင်းအကျပ် ဖျော်ဖြေခိုင်းတတ်သော ဆွေမျိုးများကဲ့သို့ ပြုမူနေသည်ကို မြင်လိုက်ရသောအခါ ကျီနျန် မနေနိုင်တော့ဘဲ ကြားဝင်ပြောလိုက်သည်။
“သမီးလည်း တစ်ခုခု ရွတ်ပြမယ်"
နာနီက ကျီနျန်သည် ပွဲလုနေသည်ဟု ထင်မှတ်ကာ ချက်ချင်းပင် ဒေါသထွက်သွားသော်လည်း ကျီတင်းကျို ရှိနေသဖြင့် အောင့်အည်းထားရသည်။ သူမသည် ရှန်ချင်းထျန်၏ မျက်နှာပေါ်မှ သက်ပြင်းချမှုကို မမြင်လိုက်မိပေ။
ကျီတင်းကျိုသည် ကျီနျန်က ရှန်ချင်းထျန်ကို ကူညီရန် ကြားဝင်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း “ဪ... ဟုတ်လား” ဟု ဆိုကာ စိတ်ဝင်တစား ပြုမူလိုက်သည်။
“မင်း ဘာတွေ ရွတ်ပြနိုင်လို့လဲ"
ကျီတင်းကျိုက မျက်ခုံးတစ်ချက် ပင့်ကာ ကျီနျန်ကို စိုက်ကြည့်လိုက်သည်။ သူ၏ အမူအရာသည် ရှန်ချင်းထျန်၏ ကဗျာရွတ်ဆိုနိုင်မှုအကြောင်း ကြားလိုက်ရချိန်ကနှင့် လုံးဝ ကွာခြားနေသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ကျီနျန်သည် ကောလာဟလများကဲ့သို့ အပယ်ခံသမီး မဟုတ်ကြောင်း နာနီ ရိပ်မိလိုက်သည်။
ကျီနျန်က သူမ၏ ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်ကာ ပြောလိုက်သည်။
“သမီး ကမ္ဘာကျော် စကားပုံတွေကို ရွတ်ပြနိုင်တယ်”
ထိုမျှ သေးငယ်သော ကလေးမလေးက ကမ္ဘာကျော် စကားပုံများအကြောင်း ပြောနေသဖြင့် ချစ်စရာကောင်းသလို ရယ်စရာလည်း ကောင်းလှသည်။ ကျီတင်းကျိုက ပြုံးချင်သော်လည်း အောင့်အည်းကာ ဆက်ပြောရန် အချက်ပြလိုက်သည်။
ကျီနျန်က လည်ချောင်းကို တစ်ချက်ရှင်းကာ ပြောလိုက်သည်။
“Mark Twain က တစ်ခါက ပြောခဲ့ဖူးတယ်—”
ကျီနျန်က Mark Twain အကြောင်း သိနေခြင်းကို ကျီတင်းကျို အမှန်တကယ် အံ့ဩသွားသည်။
“လူတစ်ယောက်ရဲ့ ဗိုက်ကို ထိလိုက်ရင်၊ မင်းဟာ သူတို့ရဲ့ မစင်နဲ့ သုံးစင်တီမီတာပဲ ဝေးတော့တယ်တဲ့"
အားလုံး — “……”
နာနီသည် သူမ၏ အထင်အမြင်သေးမှုကို ဖုံးကွယ်ထား၍ မရတော့ပေ။ ကလေးတစ်ယောက်၏ ပါးစပ်မှ ဤမျှ ရွံစရာကောင်းသော စကားမျိုး မည်သို့ထွက်လာသနည်း။ သူမသည် ရိုင်းစိုင်းလှပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးကိုလည်း မလေးမစား ဆက်ဆံနေသည်။ ရှန်ချင်းထျန်နှင့် ယှဉ်လျှင် သူမသည် ဘာမှမဟုတ်ပေ။
“Mark Twain က အဲ့ဒီလို တစ်ခါမှ မပြောခဲ့ဘူး။ ဒီကလေးက ငယ်ငယ်လေးနဲ့ လိမ်ညာတတ်နေတာပဲ” နာနီက ကဲ့ရဲ့လိုက်သည်။
ထိုစဉ် ကျီတင်းကျိုက ဝင်ပြောလာသည်။
“Mark Twain က အဲ့ဒီလို မပြောခဲ့တာတော့ အမှန်ပဲ"
နာနီ ကျေနပ်သွားသော်လည်း ကျီတင်းကျို၏ နောက်ဆက်တွဲ စကားကြောင့် သူမ၏ အပြုံးများ အေးခဲသွားသည်။
“ဒါပေမယ့် ‘အကယ်၍ ကမ္ဘာကျော် စကားပုံတစ်ခုကို ဘယ်သူပြောမှန်း မသိရင်၊ ငါ ပြောခဲ့တာလို့သာ ပြောလိုက်’ လို့တော့ Mark Twain က ပြောခဲ့ဖူးတယ်"
ကျီနျန်သည် ကျီတင်းကျိုက သူမ၏ ဟာသကို နားလည်သွားသဖြင့် ဝမ်းသာစွာ ကြည့်လိုက်သည်။ ကျီနျန်က သူ့ကို ကြည့်လာသည်နှင့် ကျီတင်းကျိုက လက်ယပ်ခေါ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ကျီနျန်သည် လိမ္မာပါးနပ်စွာဖြင့် ကျီတင်းကျိုအနားသို့ သွားကာ ခွေးကလေးတစ်ကောင်လို သူမ၏ ဆံပင်များကို ပွတ်သပ်ခွင့် ပေးလိုက်သည်။ ရှန်ချင်းထျန်သည် မျက်လွှာချလိုက်ပြီး နာနီ၏ အင်္ကျီလက်ကို ဆွဲကာ အပြင်သို့ ထွက်သွားရန် ပြင်လိုက်သည်။ သူမသည် အပြင်သို့ ထွက်ခါနီးတွင် ကျီနျန်ကို ကျေးဇူးတင်ချင်နေခဲ့သည်။ ကျီနျန်သည် သူမအတွက် ကြားဝင်ပေးခဲ့ခြင်းဖြစ်ကြောင်း သူမ ရိပ်မိသောကြောင့်ပင်။ သို့သော်လည်း ကျီနျန်သည် ကျီတင်းကျို၏ အလိုလိုက်မှုကို အာရုံစိုက်နေသဖြင့် သူမ၏ အကြည့်ကို သတိမထားမိပေ။
အိမ်ပြန်ရောက်သောအခါ နာနီက ဒေါသတကြီးဖြင့် အော်ဟစ်တော့သည်။
“ငါ ပြောနေတုန်းက ဘာလို့ ကဗျာတစ်ခုမှ မရွတ်ပြတာလဲ"
“ဒီလောက် ကျက်မှတ်ထားပြီး အရေးကြီးတဲ့ အချိန်ကျမှ ထုတ်မသုံးရင် ဘာထူးမှာလဲ"
နာနီသည် ကျီတင်းကျိုက တခြားကလေးကို သိသိသာသာ အလိုလိုက်နေကြောင်း မြင်လိုက်ရသဖြင့် အလွန်ဒေါသပုန်ထနေသည်။ သူမ၏အမြင်တွင် ကျီတင်းကျိုသည် အမွေများ ရရှိရန် သူ့မွေးချင်းများနှင့် ဖခင်အရင်းကိုပင် သတ်ဖြတ်ခဲ့သော လူယုတ်မာတစ်ဦးသာ ဖြစ်သည်။
ရှန်ချင်းထျန်သည် ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား ရပ်နေသည်။ နာနီသည် သူမ၏ ဒေါသကို ပြန်ထိန်းချုပ်ကာ ရှန်ချင်းထျန်ကို ပွေ့ဖက်လိုက်သည်။
“ထျန်ထျန်... အန်တီ ကြိုးစားသမျှ အားလုံးက သမီးအတွက်ပဲ"
“သမီးကို အန်တီ့လက်နဲ့ ပြုစုပျိုးထောင်လာတာ။ သမီးက အန်တီ့ကလေးနဲ့ မခြားနားဘူး။ သမီးက အန်တီ ဂုဏ်ယူရအောင် လုပ်ပေးရမယ်နော်"
ရှန်ချင်းထျန်က မျက်ရည်များကြားမှ ခေါင်းညိတ်ပြကာ တိုးတိုးလေး ပြောလိုက်သည်။
“အန်တီ... စိတ်မဆိုးပါနဲ့တော့။ သမီး ကြောက်လို့ပါ...”
နာနီသည် သူမ၏ အစီအစဉ်များ အကြိမ်ကြိမ် ပျက်ပြားနေသဖြင့် ကျီနျန်ကို ဖယ်ရှားပစ်ရန်ပင် တွေးတောလိုက်မိသည်။ သို့သော် သူမ မလှုပ်ရှားမီပင်— သူမ၏ ခြေထောက်တစ်ဖက် ကျိုးသွားခဲ့သည်။ သာမန် ချော်လဲခြင်းသာ ဖြစ်သော်လည်း သတိရလာချိန်တွင် သူမ၏ ခြေထောက်ကို ဖြတ်ပစ်လိုက်ရပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ ထူးဆန်းသည်မှာ ထိုခြေထောက်သည် အိမ်တော်သို့ ရောက်လာခါစက ကျီနျန်ကို ကန်ခဲ့သော ခြေထောက်ပင်။ ရှန်ချင်းထျန်သည် ထိုသတင်းကို ကြားသောအခါ အလွန်ဝမ်းနည်းသွားသည်။ သူမသည် စိတ်သက်သာရာ ရလိုသဖြင့် သူမအပေါ် အမြဲကြင်နာခဲ့သော အိမ်အကူများကို လိုက်ရှာသော်လည်း ရင်းနှီးကျွမ်းဝင်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။
“ထျန်ထျန်... ဘာဖြစ်လို့လဲ"
ဝေ့ယန်က ဖြတ်သွားရင်း ရှန်ချင်းထျန်ကို တွေ့သွားသဖြင့် မေးမြန်းလိုက်သည်။ ဝေ့ယန်သည် တစ်စုံတစ်ဦးနှင့် တွေ့ရန် ပစ္စည်းအချို့ သယ်ဆောင်လာပုံရသည်။ ရှန်ချင်းထျန်သည် သူမ၏ စကားများကို ပြန်မျိုသိပ်လိုက်သည်။ ဦးဦးဝေ့ယန်သည် သူမကို စိတ်ရှုပ်စရာကောင်းသော ကလေးဟု ထင်မှတ်သွားမည်ကို သူမ မလိုလားပေ။
“ဘာမှ မဟုတ်ပါဘူး ဦးဦးဝေ့ယန်။ ဦးဦး သွားစရာ ရှိတာ သွားပါ” သူမက ဟန်လုပ်ပြုံးကာ ပြောလိုက်သည်။
“ဦးဦးရဲ့ ဒဏ်ရာတွေကရော... နာနေသေးလားဟင်။ ဦးဦး နားနားနေနေ နေသင့်တယ်နော်"
လူအကဲခတ် ညံ့သော ဝေ့ယန်သည် ရှန်ချင်းထျန်၏ မျက်ဝန်းထဲမှ နာကျင်မှုများကို သတိမထားမိပေ။
“ဘာမှ မဖြစ်ပါဘူး၊ ဒီလောက် ဒဏ်ရာက အသေးအဖွဲပါ။ ဒါဆို ဦးဦး သွားလိုက်ဦးမယ်။ ကျီနျန်က ဦးဦးကို စောင့်နေလောက်တယ်။ လက်က ပတ်တီးကြီးက ရိုးလွန်းလို့ဆိုပြီး အဖော်ပြုပေးဖို့ ခွေးကလေးတစ်ကောင် ဆွဲပေးမယ် ပြောထားလို့"
ကျီနျန်၏ နာမည်ကို ကြားလိုက်ရသောအခါ ရှန်ချင်းထျန်၏ မျက်ဝန်းများတွင် အားကျမှုများဖြင့် ပြည့်နှက်သွားသည်။
ဘယ်လောက်ကောင်းလိုက်လဲ... အားလုံးက သူ့ကို အရမ်းချစ်ကြတာပဲ… သမီး ဘာတွေ မှားယွင်းခဲ့လို့ သူ့လောက် အချစ်မခံရတာလဲ...။
…
ဝေ့ယန် ကျီနျန်ဆီသို့ မရောက်မီ ကျီတင်းကျိုက သူ့ကို လှမ်းခေါ်ခဲ့သည်။
“ညစာ စားပွဲ ဟုတ်လား"
“ဘယ်သူ လုပ်မှာလဲ၊ မိသားစုခေါင်းဆောင် ကိုယ်တိုင်လား။ လူသတ် ညစာ စားပွဲလား... ဒါမှမဟုတ် ခေါင်းဖြတ် ညစာ စားပွဲလား"
ဝေ့ယန်၏ အံ့ဩမှုသည် မထူးဆန်းလှပေ။ ကျီတင်းကျိုသည် လူအများနှင့် ဝေးဝေးနေတတ်သူ ဖြစ်ပြီး အလုပ်ကိစ္စများကို အိမ်ကနေသာ ညွှန်ကြားတတ်သူ ဖြစ်သည်။ သူသည် ပွဲလမ်းသဘင်များသို့ မည်သည့်အခါမျှ မသွားသဖြင့် ကျီမိသားစု ခေါင်းဆောင်၏ မျက်နှာကို မြင်ဖူးသူပင် ရှားပါးလှသည်။ သို့သော် ယခုသတင်းကြောင့် တစ်မြို့လုံး လှုပ်ခတ်သွားလေသည်။ ကျီမိသားစု ခေါင်းဆောင် ကျီတင်းကျိုသည် သူ၏ အချစ်ရဆုံးသမီးလေးကို မိတ်ဆက်ပေးရန်အတွက် ပွဲတစ်ခု ကျင်းပတော့မည်ဖြစ်ကြောင်း အားလုံး သိသွားကြလေသည်။