no

Font
Theme

အခန်း ၂၅

[ထူးဆန်းလိုက်တာ]

ကျီနျန်သည် ပန်းခွေကြီးတစ်ခု အနောက်တွင် ဝပ်ကာ ချောင်းကြည့်နေသည်။ ဤနေရာတွင် သူကို တုံ့ပြန်နိုင်သည့် တစ်ဦးတည်းသော အရာသည် စနစ်သာ ဖြစ်သည်။

[ဘာဖြစ်လို့လဲ?]

မနီးမဝေးတွင် လွတ်အောင်မပြေးနိုင်ဘဲ အဖမ်းခံလိုက်ရသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရသောအခါ သူမ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားမိသည်။

[ဒီလူတွေက သာမန်လူတွေကို သတ်ဖို့ ရည်ရွယ်ထားပုံမရဘူး၊ ဒဏ်ရာရအောင် လုပ်ပြီး ဖမ်းဆီးနေကြတာပဲ]

ကနဦး ကျီတင်းကျို၏ ရင်ခွင်ထဲတွင် ကွယ်နေခဲ့သဖြင့် သူမ ဘာကိုမျှ မမြင်ခဲ့ရပေ။ ယခု အခြေအနေအရ တစ်စုံတစ်ခု မှားယွင်းနေသည်။

[လူတစ်ယောက် လာနေပြီ]

စနစ်၏ သတိပေးသံကို ကြားသည်နှင့် ကျီနျန်သည် ချက်ချင်း အသက်အောင့်ထားလိုက်သည်။

“ချီးပဲ၊ သူ ဘယ်မှာ သွားပုန်းနေတာလဲကွာ!”

“သူဒဏ်ရာ အပြင်းအထန်ရထားတာ၊ သူ ခေါ်လာတဲ့လူတွေကိုလည်း အကုန်ရှင်းပြီးပြီဆိုတော့ လွတ်သွားစရာ အကြောင်းမရှိပါဘူး”

“ကျီတင်းကျိုရဲ့ လက်တစ်ဖက်ကတင် သန်းတစ်ထောင် တန်တယ်လို့ ဘော့စ်က ပြောထားတာ။ ဒီတစ်ခါတော့ အမှားအယွင်းဖြစ်လို့ မရဘူး!”

ထိုလူနှစ်ဦး စကားပြောနေစဉ်တွင် ပြိုကျနေသော ပန်းခွေတန်းများနောက်၌ ကလေးငယ်တစ်ဦး ပုန်းနေကြောင်း ၎င်းတို့ လုံးဝ သတိမထားမိကြပေ။ ကျီတင်းကျို အဖမ်းမခံရသေးကြောင်း ကြားလိုက်ရသဖြင့် ကျီနျန် သက်ပြင်းချနိုင်သွားကာ ပန်းခွေများကို ဆွဲကိုင်ရင်း ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

[ညာဘက်က လမ်းကို သွား။ ကျီတင်းကျို အဲ့ဒီမှာ ရှိတယ်]

ကျီနျန် အံ့အားသင့်သွားသည်။

[နင် ငါ့ကို ကူညီနေတာလား?]

ကနဦး ကျီတင်းကျို၏ တည်နေရာကို မေးစဉ်က စနစ်သည် ‘တရားမျှတ’ လွန်းလှသဖြင့် မိမိဘာသာ ရှာဖွေရန်သာ ပြောခဲ့သည်။ စနစ်က နှာခေါင်းတစ်ချက်ရှုံ့ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

[အရေးကြီးတဲ့ ဇာတ်ကောင်ရဲ့ အသက်အရင်းအမြစ်က အရမ်းနည်းနေပြီ။ ဒါက အရေးပေါ် အခြေအနေမို့လို့ ပိုင်ရှင့်ကိုပဲ အားကိုးရတော့မယ်]

အသက်အရင်းအမြစ် အလွန်နည်းနေသည်၊ ဆိုလိုရင်းမှာ ကျီတင်းကျိုသည် သေလုနီးပါး ဖြစ်ဟန်ရှိသည်။ စနစ်က ထိုသို့ပြောလိုက်သောအခါ ကျီနျန်တွင် စနစ်ကို နောက်ပြောင်နေရန်ပင် အချိန်မရှိတော့ဘဲ စနစ်၏ လမ်းညွှန်မှုအတိုင်း လိုက်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် လမ်းတွင် လူအများအပြားနှင့် မတွေ့ခဲ့ရပေ။ တွေ့ခဲ့သည့် လူအချို့သည်လည်း စုတ်ပြဲနေသော ပန်းခွေများကို သတိမထားမိသလို၊ ပန်းခွေများနှင့် တစ်သားတည်းဖြစ်နေသည့် ကျီနျန်ကိုလည်း မမြင်ကြချေ။

သူမသည် အတွင်းထဲသို့ တဖြည်းဖြည်း တိုးဝင်သွားရာ စွန့်ပစ်ထားသော ဘုရားကျောင်းငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ နွယ်ပင်များ ရစ်ပတ်နေသော လက်ဝါးကပ်တိုင်အောက်ရှိ စင်တစ်ခု၏ နောက်ကွယ်တွင် ကျီတင်းကျိုကို ကျီနျန် တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေကာ သူ၏ ဈေးကြီးလှသော အနက်ရောင် ကုတ်အင်္ကျီသည်လည်း ရွှံ့များ သွေးများနှင့် ပေကျံနေပြီး မြင်နေရသည့် အရေပြားများတွင်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ကျီတင်းကျိုသည် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာ ထိုင်နေသည်။ နဖူးမှ သွေးများသည် နှာတံပေါ်သို့ စီးကျနေကာ ရင်ဘတ်သည်လည်း လှုပ်ရှားမှု မရှိပေ။

ကျီနျန်သည် ပန်းခွေကို လွှင့်ပစ်ကာ ခြေဖျားထောက်၍ လျှောက်သွားပြီး ကျီတင်းကျို အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ မျက်နှာပေါ်ရှိ ချွေးပေါက်ကလေးများ မြင်ရသည်အထိ ကပ်ကြည့်လိုက်သည်။ ပြီးနောက် သူမက ခပ်တိုးတိုး ကပ်ပြောလိုက်သည်။

"မျက်နှာပေါ်ကို နှပ်ချေး ညှစ်ချလိုက်မယ်နော်၊ ရမလား"

ကျီတင်းကျို : "......."

အသက်မရှိသကဲ့သို့ ဖြစ်နေသော အလောင်းသည် ရုတ်တရက် မျက်တောင်များ လှုပ်ရှားလာပြီး သူ၏ နက်ရှိုင်းသော အစိမ်းရောင် မျက်လုံးများသည် ကလေးမလေး၏ ကြည်လင်သော မျက်လုံးများနှင့် ဆုံသွားသည်။ ကျီနျန်က သူ့ကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေသည်။ ကလေးမလေး၏ ငတုံးလေးလို အပြုံးကို မြင်လိုက်ရသဖြင့် ကျီတင်းကျိုတစ်ယောက် မျက်စောင်းထိုးလိုက်မိသည်။

“အဲ့ဒီပဲမှာ နေပါလို့ ငါ မပြောထားဘူးလား?”

လူဆိုးများစွာရှိနေသည့်အချိန် ဤအရွယ်ကလေးငယ်သည် ငြိမ်ငြိမ်လေး ပုန်းနေရုံတင် တော်လှပြီဖြစ်သော်လည်း ဤလူမိုက်မလေးက သူ့ကို လိုက်ရှာရန် သတ္တိရှိဆဲပင်။ ကလေးမလေး၏ အပြုံးကို ကြည့်ရင်း ကျီတင်းကျို၏ စိတ်အခြေအနေ ရှုပ်ထွေးသွားသည်။ သူသည် ပြင်းပြင်းထန်ထန် ဆူပူရန် စဉ်းစားခဲ့သော်လည်း ထွက်လာသော အသံကမူ အလွန်တိုးဖျော့နေ၍ ခဏအကြာတွင် ဆက်ပြောရန် အင်အား မရှိတော့ပေ။ သူသည် သွေးအလွန်အကျွံ ထွက်ထားသဖြင့် အမြင်အာရုံများ ဝေဝါးကာ မူးဝေပြီး သတိလစ်တော့မည့် အခြေအနေသို့ ရောက်နေသည်။

အခြေအနေ မကောင်းတော့ဘူး။ ကူညီမယ့်လူတွေ မလာခင် ကျီတင်းကျို သွေးလွန်ပြီး သေသွားနိုင်တယ်။ သွေးတိတ်အောင် တစ်ခုခု လုပ်ဖို့ လိုတယ်။

ကျီနျန်သည် အောက်ငုံ့၍ သူမ၏ စကတ်စကို ဆွဲဖြဲရန် ကြိုးစားသော်လည်း စကတ်သည် ပြတ်မထွက်သွားဘဲ တွန့်သွားရုံသာ တွန့်သွားသည်။

ကျီနျန် : "........."

ထို့နောက် သူမသည် ကျီတင်းကျို၏ အဝတ်အစားကို ဆွဲဖြဲရန် ထပ်မံ ကြိုးစားသော်လည်း ၎င်းသည် ပို၍ပင် ခိုင်ခံ့နေသေးသည်။

ကျီနျန် : [... တောက်။ ဇာတ်လမ်းတွဲတွေနဲ့ ဝတ္ထုတွေက ငါ့ကို ညာခဲ့တာပဲ။ ဒဏ်ရာကို ပတ်တီးစည်းဖို့ အင်္ကျီစတွေကို ဆွဲဖြဲကြတယ်ဆိုပြီး ရေးတဲ့လူတွေ ကိုယ်တိုင်ရော ဆွဲဖြဲဖူးရဲ့လား]

စနစ် : [ဒါက နင် အားမရှိလို့ ဖြစ်မှာပါ... ဘုရားကျောင်းဘေးမှာ နားနေခန်းရှိတယ်၊ အဲ့ဒီထဲမှာ ဆေးသေတ္တာ ရှိတယ်။ သွေးတိတ်ဆေးဗူးနဲ့ သူ့သွေးတွေကို မြန်မြန်တိတ်အောင် လုပ်ပေးလိုက်]

ကျီနျန် အသက်ကို ပြင်းပြင်းရှူလိုက်သော်လည်း ချက်ချင်း ထမသွားသေးပေ။ သူမသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး လက်ဝါးကပ်တိုင်အောက်ရှိ နွယ်ပင်များနှင့် ပေါင်းပင်များ ဖုံးအုပ်နေသည့် ကျဉ်းမြောင်းသော နေရာလေးတစ်ခုကို ရှာတွေ့သွားသည်။ သူမသည် ရှိသမျှအားအင်ကို အသုံးပြုကာ ကျီတင်းကျိုကို ထိုနေရာသို့ ဆွဲခေါ်သွားပြီး သေချာဖုံးအုပ်ပေးလိုက်သည်။ ထိုသို့ လုပ်နေစဉ်အတွင်း ကျီတင်းကျိုသည် မျက်လုံးများကို အားစိုက်ဖွင့်ကာ သူမကို ကြည့်နေမိသည်။

ကျီနျန်သည် သူ့ကို သေချာဝှက်ထားပြီးနောက် လက်တွင် ပေနေသော သွေးများကို စကတ်နှင့် သုတ်လိုက်ကာ ပန်းခွေကို ပြန်ကောက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ သို့သော် အခြေအနေ အရေးကြီးလေ မတော်တဆမှုများ ပို၍ဖြစ်တတ်ပေသည်။ ကျီနျန်သည် အဆောက်အဦး၏ တံခါးဝသို့ ရောက်သွားသည်နှင့် အဖမ်းခံလိုက်ရသည်။ ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးသည် လက်တစ်ဖက်က သေနတ်ကို ကိုင်ထားပြီး ကျီနျန်ကို အခြားလက်တစ်ဖက်ဖြင့် မချီလိုက်သည်။ သူ၏ အပြာရောင် မျက်လုံးများတွင် ဝမ်းသာအားရ ဖြစ်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။

"ချီးပဲ၊ နောက်ဆုံးတော့ မိပြီပေါ့" အမျိုးသားက တရုတ်စကားကို ကျွမ်းကျင်စွာ ပြောလိုက်သည်။

သူသည် စောစောက ကျီတင်းကျို၏ လမ်းကို ပိတ်ခဲ့သော နိုင်ငံခြားသားပင်။ သူ၏ ညာဘက်ပါးတစ်ခုလုံး ဖူးရောင်နေပြီး ကျီနျန်၏ မျက်နှာကို မြင်ရအောင် သူမ၏ ဆံပင်များကို ဖယ်လိုက်သည်။

“ဟားဟားဟား။ ကျီတင်းကျိုက မင်းကို ဘာလို့ ဒီလောက် ကာကွယ်နေတာလဲလို့ တွေးနေတာ၊ လတ်စသတ်တော့ မင်းက သူ့ကလေးကိုး။ ပြောစမ်း၊ ကျီတင်းကျို ဘယ်မှာ ပုန်းနေတာလဲ။ မပြောရင် ငါ မင်းကို သတ်ပစ်မယ်!”

သူသည် ကျီနျန်၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားသဖြင့် သူမသည် နာကျင်မှုကြောင့် ငိုမိသွားသည်။ ချွန်ထက်သော ဓားတစ်ချောင်းသည်လည်း ကလေးငယ်၏ နူးညံ့သော ဝမ်းဗိုက်သို့ ထောက်ထားလျက် ရှိသည်။

ကျီနျန်၏ မျက်ရည်များ မိုးရေလို စီးကျလာသည်။

"သမီး... သမီးမသိဘူး... ဝူးဝူးဝူး မေမေ... မေမေ့ဆီ သွားချင်တယ်"

ကျီနျန်၏ ငိုသံကြောင့် သွေးထွက်လွန်ပြီး သတိလစ်နေသော ကျီတင်းကျို နိုးလာခဲ့သည်။ သူ သတိပြန်ဝင်လာသည်နှင့် ကြမ်းတမ်းသော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

"မငိုနဲ့၊ ကျီတင်းကျို ဘယ်မှာလဲ ပြောစမ်း။ မပြောရင် မင်းရဲ့ အူတွေကို ဖောက်ထုတ်ပစ်မယ်"

ထို့နောက် ထိုလူက အသံကို ပြန်လျှော့ပြီး ချော့ပြောလိုက်သည်။

"ကလေးလေး၊ ဦးဦး မင်းကို နာကျင်အောင် မလုပ်ပါဘူး။ မင်းအဖေ ဘယ်မှာလဲဆိုတာ ပြောပြရင် ဦးဦးက သကြားလုံး ကျွေးမယ်လေ၊ ဟုတ်ပြီလား?"

ထိုသို့ကြားလိုက်သောအခါ ကျီတင်းကျို၏ ပထမဆုံး အတွေးသည် … ‘သူ့အဖေက အိမ်မှာ ခွေးကျောင်းထွက်နေတယ်’

တစ်ချိန်တည်းမှာပင် သူသည် အဖမ်းခံရရန် ပြင်ဆင်ထားလိုက်သည်။ ကလေးမလေးက ရင်ကွဲမတတ် ငိုနေသဖြင့် ကျီတင်းကျိုသည် မျက်လုံးများကို မှိတ်ကာ ကျီနျန်က သူ့နေရာကို ပြောပြလိုက်မည့် အချိန်ကို စောင့်နေလိုက်သည်။

ပြောပြလိုက်ပါ၊ ဒါမှ မင်းဘေးကင်းမှာ။ ပြီးခဲ့တဲ့ ငါးနှစ်လုံး မင်းကို ဂရုမစိုက်ခဲ့တဲ့ လူတစ်ယောက်အတွက်နဲ့ အန္တရာယ် အဖြစ်မခံနဲ့။

ထိုသို့သော အခြေအနေတွင် ကျီနျန်သည် ရှိုက်သံများကြားမှ စကားပြောလိုက်သည်။

“ဦးဦး... တကယ် သိချင်တာလား”

ထိုနိုင်ငံခြားသား အလွန်စိတ်လှုပ်ရှားသွားပြီး နှာခေါင်းမှ လေပူများပင် ထွက်လာသည်။

“မင်းသိတာသာ အကုန်ပြောစမ်းပါ!”

စိုစွတ်နေသော မျက်တောင်လေးများ လှုပ်ခတ်သွားပြီး ကျီနျန်က နှုတ်ခမ်းလေးဆူကာ တိုးတိုး ပြောလိုက်သည်။

“သမီး ပြောပြရင် ဦးဦး သမီးကို မရိုက်ပါဘူးနော်”

နိုင်ငံခြားသားက စိတ်မရှည်မှုကို ထိန်းချုပ်ပြီး အတင်းပြုံးပြလိုက်သည်။

“အေးပါ၊ မရိုက်ဘူး”

ကျီနျန်က ခေတ္တမျှ တွေဝေနေပြီးနောက် ပြောလိုက်သည်။

“ပြီးရော။ ဒါဆို... ဒါဆို... သမီး ပြောပြမယ်...”

နိုင်ငံခြားသားက သန်းပေါင်းများစွာသော ငွေများကို မည်သို့ အသုံးပြုမည်ကို စိတ်ကူးယဉ်ရင်း ရင်တထိတ်ထိတ်ဖြင့် စောင့်နေသည်။

“တကယ်တော့လေ...”

“ဦးဦး အိမ်သာတက်တဲ့အခါ လက်နှစ်ဖက်နဲ့ ခံပြီး ဖြည်းဖြည်းချင်း အောက်ကို ပစ်ချလိုက်ရင် ဖင်ကို ရေမစင်တော့ဘူးတဲ့”

နိုင်ငံခြားသား : "........."

ကျီတင်းကျို : "........."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment