အခန်း (၂၆)
အလှည့်စားခံလိုက်ရမှန်း သိသွားသော နိုင်ငံခြားသားသည် ဒေါသအလိပ်လိပ်ဖြင့် အနီးနားရှိ ခုံတန်းရှည်ကို ကန်ကျောက်လိုက်သည်။ ကျီနျန်က အပြစ်ကင်းစင်သော လေသံလေးဖြင့် ဆိုလိုက်သည်။
"ခုံကိုပဲ ရိုက်နော်၊ သမီးကိုတော့ မရိုက်ပါနဲ့”
ထိုနိုင်ငံခြားသားက ဒေါသထွက်လွန်းသဖြင့် သူ၏အလုပ်ရှင် သတ်မှတ်ထားသော ‘အပြစ်မဲ့သူတွေကို မသတ်မိစေနဲ့’ ဆိုသည့် အမိန့်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သို့သော် သူ မလှုပ်ရှားခင် တစ်ဖက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ အရေးကြီးသော ထိုအချိန်၌ ကျီတင်းကျိုသည် သူ၏ နောက်ဆုံးလက်ကျန်အင်အားကို စုစည်းကာ ကြမ်းပြင်ကို ကန်လိုက်သဖြင့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်သွားခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း နိုင်ငံခြားသားသည် ကျီနျန်ကို ချက်ချင်း လွှတ်ချလိုက်ပြီး အသံလာရာဘက်သို့ ဦးတည်သွားတော့သည်။
ကျီနျန် ထိတ်လန့်သွားသည်။
[မင်းသမီးလေးက ဘာတွေလုပ်နေတာလဲ]
သူမသည် သူမ၏ရင်ခွင်ထဲရှိ သေနတ်ကို လက်ဖြင့် စမ်းလိုက်သည်။ မှန်သည်၊ ၎င်းသည် သေနတ်တစ်လက်ပင်။ သူမသည် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ၎င်းကို အလောင်းတစ်ခုထံမှ လုယူနိုင်ခဲ့သည်။ သူမသည် ယခင်ဘဝတွင် အကြိမ်ရေ အနည်းငယ်မျှ သေနတ်ပစ်သင်တန်း တက်ဖူးသဖြင့် အသုံးပြုပုံကို သိထားသည်။ မဟုတ်လျှင် သူမသည် ထိုငကြောင်ကို ဘာကြောင့် ရန်စခဲ့ခြင်းဖြစ်သနည်း။ ပျော်ချင်ရုံသက်သက်မဟုတ်ဘဲ သူ့ကို ဒေါသထွက်လာအောင်လုပ်ပြီးနောက် သူမ၏ အပြစ်ကင်းစင်သော အသွင်အပြင်ကို အသုံးချကာ တစ်ချက်တည်း ရှင်းလင်းရန် ကြံစည်ထားခြင်းဖြစ်သည်။
[ဒါပေမယ့် အခုထိတော့ မနောက်ကျသေးပါဘူး]
သူမသည် ကျီတင်းကျိုဆီသို့ လျှောက်သွားနေသော နိုင်ငံခြားသား၏ အကာအကွယ်မဲ့နေသည့် ကျောပြင်ကို သေနတ်ဖြင့် အနီးကပ် ချိန်ရွယ်လိုက်သည်။ ဇာတ်လမ်းဆန်လှသော မြင်ကွင်းတစ်ခုပင်။ ခုံတန်းထက် ပုသော ကလေးငယ်လေးတစ်ဦးသည် သေနတ်ကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ညစ်ပေနေသော အနက်ရောင် ဇာဂါဝန်လေး၊ တွန့်ကြေနေပြီး လှိုင်းကဲ့သို့ ဆံနွယ်များသည်လည်း ဖရိုဖရဲဖြစ်နေသည်။ တည်ငြိမ်လွန်းလှသော သူမ၏ မြစိမ်းရောင် မျက်ဝန်းအစုံသည် အားနွဲ့လှသော အသွင်အပြင်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ သူမသည် တုံ့ဆိုင်းမှုမရှိဘဲ ခလုတ်ကို အားစိုက်ကာ ဆွဲညှစ်လိုက်သော်လည်း— ဘာမှ ဖြစ်မလာခဲ့ပေ။ ကျည်ဆန်ကုန်နေခြင်း ဖြစ်သည်။
ကျီနျန်: "..."
တောက်... ကျည်အိမ်စစ်ဖို့ မေ့သွားတယ်။
"ဟားဟားဟား။ ငါတော့ ချမ်းသာပြီဟေ့!"
နိုင်ငံခြားသားသည် ကျီတင်းကျိုကို တွေ့ရှိသွားပြီးနောက် အလုပ်ရှင်၏ ညွှန်ကြားချက်အတိုင်း သွေးအလိမ်းလိမ်းနှင့် ဖုန်တောထဲ လဲနေသော အမျိုးသားကို ဗီဒီယိုရိုက်ရန် ဖုန်းကို ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တုန်ရင်နေသော လက်များဖြင့် သေနတ်ကို ဆွဲထုတ်လိုက်သည်။
"အား!!"
ကျီတင်းကျိုကို ပစ်သေခါနီးတွင် နိုင်ငံခြားသားသည် ခြေထောက်၌ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ ကလေးငယ်က သူ့အပေါ် ခုန်အုပ်ကာ ပေါင်ကို အားရပါးရ ကိုက်နေကြောင်း မြင်တွေ့လိုက်ရသည်။
"ချီးပဲ။ နင့်လို ကလေးမလေးကများ ငါ့ကို ကိုက်ရဲတယ်ပေါ့လေ!"
နိုင်ငံခြားသားသည် ကျီနျန်ကို ဆံပင်မှ ဆွဲပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။ သူဖန်တီးပေးခဲ့သော ထွက်ပြေးနိုင်သည့် အခွင့်အရေးကို လက်လွှတ်ကာ အန္တရာယ်ထဲသို့ ပြန်လည်တိုးဝင်လာသည့် ကျီနျန်ကို ကြည့်ရင်း ကျီတင်းကျို ကူကယ်ရာမဲ့နေသည်။ သူမ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကြောင်း သူ မြင်လိုက်ရသည်။ သူ ယခင်က နှစ်သက်ခဲ့သော သူမ၏ နူးညံ့သည့် ဆံနွယ်ကောက်ကောက်လေးအချို့ ကြမ်းပြင်ပေါ်သို့ လွင့်စင်ကျလာသည်။
ဒီငတုံးမလေးကတော့... လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကိုယ်ကျိုးစွန့်နိုင်ရတာလဲ...။
ကျီတင်းကျိုသည် ပထမဆုံးအကြိမ်အဖြစ် ဤကလေးသည် ကျီမိသားစု၏ အေးစက်ရက်စက်တတ်သော ဗီဇကို ဆက်ခံခဲ့ပါစေဟု ဆုတောင်းလိုက်မိသည်။ သူ၏ နဖူးမှ အကြောများ ဖောင်းတက်လာပြီး မြစိမ်းရောင် မျက်ဝန်းများသည်လည်း လူသတ်လိုစိတ်ကြောင့် သွေးစွန်းနေသလို နီမြန်းလာသည်။
...
ဒေါသများ လောင်မြိုက်လျက် သွေးအလိမ်းလိမ်းဖြင့် ဖုံးလွှမ်းနေသော ဝေ့ယန် ရောက်ရှိလာချိန်တွင် လက်ဝါးကပ်တိုင်တစ်ခုကို မှီလျက် ကလေးငယ်ကို ပိုက်ထွေးထားသော ကျီတင်းကျိုကို တွေ့လိုက်ရသည်။ ဝေ့ယန်သည် လမ်းတွင်တွေ့သော ကြောက်မက်ဖွယ်ကောင်းသည့် အလောင်းတစ်ခုကို ကျော်ဖြတ်ကာ ၎င်းတို့ဆီ အပြေးအလွှား ချဉ်းကပ်သွားသည်။ ထိုအလောင်းသည် တစ်ကိုယ်လုံး လိမ်တွန့်နေပြီး မေးရိုး ပြုတ်ထွက်နေကာ ပါးစပ်သည်လည်း သဘာဝမကျစွာ ဖွင့်ဟနေသည်။ ဖြတ်တောက်ခံထားရသော ၎င်း၏ လက်မောင်းများသည်လည်း ထိုပါးစပ်ထဲသို့ ထိုးထည့်ခံထားရသည်။
ထိုထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် ဝေ့ယန်သည် မျက်နှာကို ချက်ချင်း လွှဲလိုက်မိသည်။ သူ၏ သတ်ဖြတ်လိုသော မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်မှုများ ယှက်ပြေးသွားသည်။ သူ့အစ်ကိုသည် ဤကဲ့သို့ ရက်ရက်စက်စက် မသတ်ဖြတ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်လေသလော။
ဒီလူ ဘာများ လုပ်ခဲ့လို့ပါလိမ့်။
...
ကျီနျန် ပြန်လည်နိုးလာသောအခါ အခန်းထဲသို့ ဝင်လာသော ကျစ်လျောင်ကို သူမ ပထမဆုံး မြင်လိုက်ရသည်။ သူမ နိုးလာသည်ကို မြင်လျှင် မြင်ချင်း ကျစ်လျောင်က ဆရာဝန်ကို ချက်ချင်းခေါ်ကာ စစ်ဆေးမှုများ ပြုလုပ်ခိုင်းလိုက်သည်။
"အတွင်းဒဏ်ရာ မရှိပါဘူး၊ ဦးနှောက်ပိုင်း ထိခိုက်တာမျိုးလည်း မရှိပါဘူး"
ထိုစကားကို ကြားမှ ကျစ်လျောင် သက်ပြင်းချနိုင်တော့သည်။
"ကျီနျန်... သမီး ဘယ်လိုနေသေးလဲ။ နာနေတဲ့နေရာ ရှိလား"
ကျစ်လျောင်သည် ကံဆိုးမှုများနှင့် အမြဲကြုံတွေ့နေရသော ထိုကလေးငယ်ကို ကြည့်ကာ အလွန်စိုးရိမ်နေမိသည်။ ကျီနျန်က ခေါင်းခါပြပြီးနောက် ကျစ်လျောင်ကို လက်ကမ်းကာ ဖက်လိုက်ပြီး ဗိုက်ဆာကြောင်း ချွဲနွဲ့လိုက်သည်။ ကျစ်လျောင်သည်လည်း သူမအလိုကို လိုက်ကာ အစားအသောက်များ ချက်ချင်း ပြင်ဆင်ခိုင်းတော့သည်။ သနားစရာကောင်းလှသည်ဟု ထင်မှတ်ထားသော ကလေးမလေးသည် အတွေးထဲ၌ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေခြင်းကို ကျစ်လျောင် မသိရှာပေ။
[ကျစ်လျောင်ရဲ့ ကိုယ်နံ့က အရမ်းမွှေးတာပဲ~ အရမ်းလည်း နူးညံ့တာပဲ~ ဟဲဟဲဟဲ... ငါက ဒဏ်ရာရထားတာဆိုတော့ နေကောင်းသွားအောင် ကျစ်လျောင်ကို ဖက်ထားမှဖြစ်မယ်]
စနစ် : [နင် ...တစ်ခုခု မေ့နေပြီ မဟုတ်လား]
ကျစ်လျောင်၏ ရင်ခွင်ထဲတွင် နစ်မြုပ်နေသော ကျီနျန်က မေးလိုက်သည်။
[ဟင်၊ ငါ ဘာမေ့နေလို့လဲ]
ဒဏ်ရာကို အကြောင်းပြကာ ကျစ်လျောင်၏ ခွံကျွေးခိုင်းပြီးနောက် ကျီနျန် တစ်စုံတစ်ခုကို သတိရသွားသည်။
ဪ... ဟုတ်သားပဲ။
"မမကျစ်လျောင်… မိသားစုခေါင်းဆောင် ဘယ်လိုနေသေးလဲဟင်"
သူမ၏ လုံးဝန်းနေသော ဗိုက်လေးကို ပွတ်နေသည့် ကလေးမလေးသည် ရုတ်တရက် စိုးရိမ်တကြီး မေးလိုက်သည်။ ကျစ်လျောင်က ရယ်မောကာ သူမ၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။
"အခုမှ မေးဖို့ သတိရသွားတာလား"
ကျီနျန်က ရှက်ပြုံးလေးဖြင့် ပြန်ရယ်ပြလိုက်သည်။
“မိသားစုခေါင်းဆောင်ရဲ့အခြေအနေက... သိပ်မကောင်းဘူး။ သူ အခုထိ သတိမရသေးဘူး"
ထိုစကားကို ကြားသောအခါ ကျီနျန်၏ အပြုံးများ အေးခဲသွားသည်။ ကျီနျန် သတိမေ့မသွားခင်က ကြောက်မက်ဖွယ်ကောင်းသော အော်သံတစ်ခုကို ကြားလိုက်ရသော်လည်း ဘယ်သူ့အသံမှန်း မခွဲခြားနိုင်မီ သူမ အာရုံများ မှောင်အတိ ကျသွားခဲ့ခြင်းဖြစ်သည်။ ကျစ်လျောင်၏ တည်ကြည်သော မျက်နှာထားကို မြင်သောအခါ ကျီနျန် ထိတ်လန့်သွားပြီး ကုတင်ပေါ်မှ ခုန်ဆင်းကာ ဖိနပ်ပင်မပါဘဲ ပြေးထွက်သွားတော့သည်။
ကျစ်လျောင်က သူမကို အချိန်မီ ဖမ်းဆီးကာ ပွေ့ချီလိုက်သည်။
"မမ ခေါ်သွားပေးပါ့မယ်"
ဤတစ်ကြိမ်တွင် ကျီနျန်၏ စိုးရိမ်မှုသည် အစစ်အမှန်ဖြစ်သည်။ ကျစ်လျောင်သည် ကလေးငယ်လေး၏ တောင့်တင်းနေသော ခန္ဓာကိုယ်လေးကို ခံစားမိသွားသဖြင့် အတွင်းစိတ်ထဲမှ သက်ပြင်းလိုက်ချမိသည်။ တစ်ချိန်တည်းမှာပင် သူမ အလွန်ဒေါသ ထွက်နေမိသည်။
လူယုတ်မာကောင်တွေ...။
ကျီတင်းကျိုကို အဖွဲ့အစည်းတစ်ခုက ပစ်မှတ်ထားနေမှန်း သိထားသည်မှာ ကြာပြီဖြစ်သော်လည်း မည်သို့ပင် မျှားခေါ်ပါစေ၊ ထိုလူများသည် လုံးဝ ထွက်မလာကြပေ။ ထောင်ချောက်ဆင်သည်ဖြစ်စေ၊ အားနည်းဟန်ဆောင်သည်ဖြစ်စေ အန္တရာယ်အငွေ့အသက် အနည်းငယ်ရသည်နှင့် ထိုအဖွဲ့အစည်းသည် ပြန်ဆုတ်ခွာသွားတတ်သည်။ ဤတစ်ကြိမ်တွင်မူ ကျီတင်းကျိုသည် အန္တရာယ်ကြီးလှသော စွန့်စားမှုကို ပြုလုပ်ခဲ့သည်။ လူအနည်းငယ်သာ ခေါ်ဆောင်သွားပြီး ၎င်းတို့ကို မျှားခေါ်ခဲ့ခြင်းဖြစ်သည်။ အပြန်လမ်းတွင် တိုက်ခိုက်ခံရမည်ဟု မျှော်လင့်ထားသော်လည်း ထိုအဖွဲ့အစည်းသည် ထင်ထားသည်ထက် စောစီးစွာ လှုပ်ရှားခဲ့သည်။ ကံကောင်းသည်မှာ ဝေ့ယန်၏ မိခင်အား မီးသင်္ဂြိုဟ်ပြီးသည့်တိုင်အောင် စောင့်ဆိုင်းခဲ့ခြင်းပင်။
သို့သော် ကျီတင်းကျိုကို သတ်ဖြတ်လိုသော ရန်သူ၏ ပြင်းထန်သည့် စိတ်ဆန္ဒကို ၎င်းတို့ လျှော့တွက်ခဲ့မိသည်။ ရန်သူသည် ကြေးစားစစ်တပ်တစ်ခုလုံးကိုပင် ငှားရမ်းထားခဲ့သည်။ ဝေ့ယန်ဆိုလျှင် ခေါင်းတလားထဲတွင် သံဖြင့် ရိုက်ပိတ်ခံရသဖြင့် အင်အားသုံးကာ ရုန်းထွက်ခဲ့ရသည်။ သို့သော် သတင်းကောင်းတစ်ခုမှာ ကျီတင်းကျိုကို လေးနှစ်နီးပါး ပစ်မှတ်ထားနေသည့် ထိုထူးခြားဆန်းကြယ်သော လူ၏ သဲလွန်စကို နောက်ဆုံးတွင် ရရှိခဲ့ခြင်းပင်။
ကျစ်လျောင်သည် သူမ၏ အတွေးများကို ဖြတ်တောက်ကာ ကျီနျန်ကို ကျီတင်းကျို၏ ဆေးရုံခန်းထဲသို့ ပွေ့ချီသွားလိုက်သည်။ ကျီတင်းကျို ကုတင်ပေါ်တွင် ဖြူဖျော့ကာ သတိမေ့နေပြီး အသက်ရှူစက် တပ်ထားရသည်။ သူ၏ ကိုယ်အထက်ပိုင်းတွင် ပတ်တီးများ ပတ်ထားရပြီး လက်ချောင်းများပင် ညိုမည်းစွဲနေသည်။ ကျီနျန်သည် သူမ မြင်ဖူးသမျှအနက် အားအနည်းဆုံးဖြစ်နေသော ကျီတင်းကျိုကို ကုတင်ဘေးတွင် ထိုင်ကာ တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမသာ မလိုက်သွားခဲ့လျှင် ကျီတင်းကျို ဤမျှအထိ ဒဏ်ရာရခဲ့မည် မဟုတ်ပေ။
ကျီနျန်သည် ရုတ်တရက် နောင်တရလာသည်။ ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူမသည် အခြားသူများကို ဂိမ်းထဲမှ ဇာတ်ကောင်များကဲ့သို့ သဘောထားကာ မကောင်းသော ဖခင်ဟု သတ်မှတ်ထားသူကိုပင် အထင်သေးခဲ့သည်။ သို့သော် သူမ ကစားစရာသဖွယ် ပြုမူခဲ့သော ထိုအမျိုးသားသည် သူမ၏ ဘေးကင်းလုံခြုံရေးအတွက် သွေးအလိမ်းလိမ်းဖြင့် သေလုမျောပါးဖြစ်သွားရသည်ကို မြင်ရသောအခါ သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
ကျီနျန်သည် ကျီတင်းကျို၏ ကုတင်ဘေးတွင် တစ်နေကုန် ထိုင်နေခဲ့ပြီး မည်သူ ဖျောင်းဖျပါစေ မထွက်သွားခဲ့ပေ။ သူမသည် ကုတင်ပေါ်ရှိ အမျိုးသားကို တိတ်တဆိတ် စောင့်ရှောက်နေသော ဖြစ်တည်မှုတစ်ပါးသဖွယ် ထိုင်နေခဲ့သည်။ ထိုမြင်ကွင်းသည် ကြည့်ရသူအပေါင်းကို စိတ်မကောင်းဖြစ်စေသည်။ ကျီနျန် အကြိုက်ဆုံး ဟင်းလျာများကို ချက်ပြုတ်ထားသော စားဖိုမှူးသည် အပေါ်ထပ်သို့ အပြေးအလွှား ရောက်လာသည်။ ဖြူဖျော့ပြီး မောပန်းနွမ်းနယ်နေသော်လည်း သတိမရသေးသော မိသားစုခေါင်းဆောင်ကို ဇွဲရှိရှိ စိုက်ကြည့်နေသည့် ကလေးငယ်လေးကို မြင်သောအခါ သူမ၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာသည်။
ဒီကလေးမလေးက... ဘာလို့ ဒီလောက်တောင် ရင့်ကျက်နေရတာလဲ… ပြီးတော့ အရမ်းလည်း ချစ်စရာကောင်းလွန်းတယ်...။
သူမသည် ကျီနျန် မမြင်အောင် မျက်ရည်များကို အမြန်သုတ်လိုက်ပြီး ကလေးငယ် အကြိုက်ဆုံး မုန့်ပန်းကန်ကို သယ်ဆောင်ကာ ချဉ်းကပ်သွားသည်။
"သခင်မလေး… ဒီမှာ သခင်မလေး အကြိုက်ဆုံးတွေ မုန့်တွေ လုပ်လာတယ်လေ။ အုန်းနို့ကျောက်ကျော၊ သရက်သီး အုန်းနို့ပူတင်း၊ ငါးခြောက်ကြော်၊ စပျစ်သီးစိမ်း စံပယ် လက်ဖက်ရည်နဲ့ ကြက်သားကြော်လေးတွေ။ နည်းနည်းလောက် စားလိုက်ပါဦးလား"
ကျီနျန်က ခေါင်းခါပြသည်။
"အန်တီ... အခုက အောင်ပွဲခံရမယ့် အချိန်မဟုတ်သေးဘူးလေ”
စားဖိုမှူးအမျိုးသမီး: "..."
ထိုအချိန်တွင် ကုတင်ပေါ်ရှိ ကျီတင်းကျို၏ မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားလေသည်။