အခန်း (၂၃)
ကျီတင်းကျိုသည် ကလေးမလေး၏ လက်ဒဏ်ရာနှင့်ပတ်သက်၍ ဘာမှမမေးခဲ့ဘဲ ကျစ်လျောင်ကိုသာ လှမ်းခေါ်လိုက်သည်။ သို့သော် ရှန်ချင်းထျန် ရောက်ရှိလာခြင်းကြောင့် ကျီမိသားစုအတွင်း အပြောင်းအလဲအချို့ ရှိနေပြီး ကျစ်လျောင် ကိုယ်တိုင်လည်း တာဝန်ဝတ္တရားများပြားနေသဖြင့် ကျီတင်းကျိုနှင့် ဤခရီးစဉ်တွင် လိုက်ပါနိုင်မည်မဟုတ်ပေ။
ကျီတင်းကျိုသည် သိလိုစိတ်ကို လောလောဆယ် ဖိနှိပ်ထားလိုက်ရပြီး တင်းမာသော မျက်နှာထားဖြင့် ကားပေါ်တက်ခဲ့သည်။ သူသည် ကျီနျန်၏ ဘေးတန်းထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် သူ၏အကြည့်များ လက်ထဲက ဖုန်းအသစ်စက်စက်တွင်သာ ရှိနေသယောင် ထင်ရသော်လည်း မျက်လုံးထောင့်ကနေ ကျီနျန်ကို အမြဲတစေ အကဲခတ်နေခဲ့သည်။
ဈာပနသို့ သွားမည်ဖြစ်သောကြောင့် ကလေးမလေးသည် အနက်ရောင် ဇာနားများပါသော ဂါဝန်ကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် စိန်မှုန်လေးများပါသည့် ဖဲပြားလေး တပ်ဆင်ထားသည်။ သူမနှင့် လိုက်ဖက်သော သားမွေးကော်လာပါသည့် အနွေးထည်ကို အိမ်အကူတစ်ဦးက အဝတ်ချိတ်တွင် ချိတ်ပေးထားသည်။ သူမ၏ ရှည်လျားသော ဆံပင်ကောက်ကောက်လေးများကို တစ်ဝက်စည်းထားပြီး နောက်ကျောတွင် ဖဲကြိုးလေးတစ်ချောင်းဖြင့် ချည်နှောင်ထားသည်။
ကျီနျန်သည် ချိုချဉ်ငုံရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေသည်။ ရှန်ချင်းထျန် ရောက်လာခြင်းက သူမအပေါ် ဘာသက်ရောက်မှုမှ ရှိပုံမရပေ။
ဤသည်မှာ သဘာဝကျပေသည်၊ နောက်ဆုံးတွင် သူမ၏ စိတ်နှလုံးသည် သူမ၏ အဖေအသစ်ဆီတွင် ရှိနေသောကြောင့် ပတ်ဝန်းကျင်က အခြေအနေများကို မည်သို့ဂရုစိုက်နေမည်နည်း။
ကျီတင်းကျိုက မနာလိုစိတ်ဖြင့်ပင် တွေးမိသေးသည် ‘ခွေးမွေးတာကလွဲလို့ ဘာမှမသိတဲ့ အဲ့ဒီအူကြောင်ကြောင်က မင်းကို ဒီလိုမျိုး ခမ်းနားတဲ့အိမ်၊ လှပတဲ့အဝတ်အစားနဲ့ အဖိုးတန်ကားတွေ ပေးနိုင်မယ်တဲ့လား။
မင်း စားနေတဲ့ ချိုချဉ်တောင် သူ့ရဲ့ လဝက်စာ လစာလောက် ရှိတာ’
ကျီတင်းကျို၏ အကြည့် သိသာလွန်းလှသဖြင့် ကျီနျန် သတိမထားမိဘဲ မနေနိုင်တော့ပေ။
[မင်းသမီးလေးက အခု ဘာဖြစ်ပြန်တာလဲ။ ငါလည်း ဘာမှမပြောပါဘဲနဲ့၊ သူ ငါ့ကိုမျက်စောင်းထိုးနေတာလား]
စနစ်က ပြင်းထန်သော မုန်းတီးမှုများ ပြည့်နှက်နေသည့် မြစိမ်းရောင် မျက်ဝန်းတစ်စုံကို လှမ်းကြည့်လိုက်ပြီးနောက် ကိုးရိုးကားရား ပြန်ဖြေလိုက်သည်။
[ဟုတ်မယ် ထင်တယ်]
နင့်ကို ခပ်နာနာလေး ရိုက်ချင်နေတဲ့ ပုံစံနဲ့ ပိုတူပေမယ့်ပေါ့။
ဝေ့ယန်၏ မိခင် ကွယ်လွန်သွားသည့်သတင်းကို မည်သူမျှ မသိကြပေ။ ပုံမှန်အားဖြင့် လူမြင်ကွင်းသို့ ထွက်လေ့မရှိသော ကျီအိမ်တော်၏သခင်ပင် ရုတ်တရက် အပြင်ထွက်လာသည့်အတွက် လူတိုင်း အတော်လေး အံ့အားသင့်သွားသည်။
ကျီမိသားစုသည် အလွန်ကြီးမားလှပြီး လူတိုင်းက ကျီနျန်ကို မသိကြပေ။ ရှန်ချင်းထျန်သည် လိမ္မာသောကလေးတစ်ဦးဖြစ်သည့်အပြင် နို့ထိန်း၏ တမင်တကာ ညွှန်ကြားမှုများကြောင့် ငိုနေသူများကို ချော့မော့ခြင်း၊ ဒဏ်ရာရသူများကို ချစ်စရာ တိရစ္ဆာန်ရုပ်လေးများပါသည့် ပတ်တီးလေးများ ပေးခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်။
သူမ၏ မွေးရာပါ ဆွဲဆောင်မှုနှင့် ချစ်စရာကောင်းသော ရုပ်ရည်ကြောင့် သူမသည် လူအများ၏ ချစ်ခင်မှုကို လျင်မြန်စွာ ရရှိခဲ့သည်။
ထို့အပြင် သူမသည် ကျီတင်းကျို၏ သူငယ်ချင်းဖြစ်သည့် ရှန်ရူရှန်း၏ သမီးဖြစ်ပြီး ရှန်ရူရှန်း ဆုံးပါးသွားကတည်းက ကျီတင်းကျို ကိုယ်တိုင် စောင့်ရှောက်လာခဲ့သူဖြစ်ကြောင်း လူတိုင်း သိကြသည်။ ထိုအတောအတွင်း ကျီမိသားစုအတွင်း ကောလာဟလတစ်ခု တိုးတိုးတိတ်တိတ် ပျံ့နှံ့လာခဲ့သည်။
"ကြားပြီးပြီလား၊ မိသားစုခေါင်းဆောင် ရုတ်တရက်ကြီး အပြင်ထွက်သွားတာက သခင်မလေးကျီနျန်ကို မိဘမဲ့ဂေဟာ ပို့ဖို့တဲ့"
"ဟင်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သခင်မလေးကျီနျန်ကမိသားစုခေါင်းဆောင်ရဲ့ သမီးအရင်းလေ"
"နင် ဘာမှမသိသေးဘူးပဲ။ စောစောက အတွင်းရေးမှူးကျော့က မိဘမဲ့ဂေဟာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အများကြီး မိသားစုခေါင်းဆောင်ဆီ ယူလာတာ၊ အဲ့ဒါတွေက သခင်မလေးကျီနျန်အတွက် ပြင်ဆင်ထားတာတဲ့"
"ဒါ့အပြင် သမီးအရင်း ဖြစ်နေတာက ဘာမှအဓိပ္ပာယ်မရှိပါဘူး။ မိသားစုခေါင်းဆောင်က ကျီမျိုးရိုးရဲ့ သွေးပါတဲ့သူတွေကို ဘယ်လောက် မုန်းလဲဆိုတာ မမှတ်မိတော့ဘူးလား။ သူ့ကလေးဆိုရင်တောင်မှ... ပြီးတော့ သူက... တရားတဲ့ မျိုးမစစ် ကလေးလေ" နောက်ဆုံးစကားလုံးကို တိုးတိုးလေး ကပ်ပြောလိုက်ခြင်းဖြစ်သည်။
ကျီမိသားစု၏ စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် ကျစ်လျောင်သည် ဤကောလာဟလများကို လျင်မြန်စွာ သတိပြုမိသွားသည်။ သူမသည် ကောလာဟလ ဖြန့်သူများကို ကျီမိသားစုအတွင်းမှ ချက်ချင်း နှင်ထုတ်လိုက်ပြီး ကျန်သူများကိုလည်း ပြင်းထန်စွာ အပြစ်ပေးလိုက်သဖြင့် မကြာမီ ထိုစကားသံများ ငြိမ်သက်သွားတော့သည်။
သို့သော် သူမသည် အပေါ်ယံ အခြေအနေကိုသာ ထိန်းချုပ်နိုင်ပြီး လူတို့၏ စိတ်ထဲက အတွေးများကိုမူ မတားဆီးနိုင်ပေ။
အိမ်အကူအချို့သည် ရှန်ချင်းထျန်၏ ငယ်ရွယ်မှုကို အခွင့်ကောင်းယူကာ သူမအား မျက်နှာလိုမျက်နှာရ ဆက်ဆံ၍ အနာဂတ်တွင် အကျိုးအမြတ် ရရှိရန် မျှော်လင့်နေကြသည်။ ကျစ်လျောင်က ဤဖြစ်စဉ်ကို ကြည့်ပြီး စိတ်ထဲကနေ လှောင်ရယ်မိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူမ၏ အာရုံစိုက်မှုများ ကျီတင်းကျိုအပေါ်၌သာ ရှိခဲ့သောကြောင့် ဤလူများ၏ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ လစ်ဟင်းခဲ့သည်။
မိသားစုခေါင်းဆောင် ပြန်လာသည့်အခါ ဤလူများကို မဟာရှင်းလင်းရေး လုပ်ဆောင်ရန် အခွင့်ကောင်းပင်။
မိဘမဲ့ဂေဟာ ကောလာဟလနှင့် ပတ်သက်၍မူ ကျီနျန် ပြန်ရောက်လာသည်နှင့် အလိုလို ပျောက်ကွယ်သွားပေလိမ့်မည်။ ကျီမိသားစုအတွင်း တိတ်တဆိတ် လှိုင်းထန်နေသော်လည်း ကျီနျန်တစ်ယောက် ဘာမှမသိရှာပေ။ သူမသည် ကျီတင်းကျိုနောက်သို့ လိုက်ကာ ဝေ့ယန်၏ ဇာတိမြေသို့ ရောက်လာခဲ့သည်။
"အစ်ကိုကြီး... ကျွန်တော် အထဲဝင်လိုက်ဦးမယ်"
ဝေ့ယန်သည် မငိုတော့သော်လည်း သူ့မျက်လုံးများက နီမြန်းနေဆဲပင်။
ကျီတင်းကျိုက သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။
"အင်း"
ကျီနျန်သည် ကျီတင်းကျိုဘေးတွင် လိမ္မာပါးနပ်စွာ ရပ်နေခဲ့သည်။ သူမသည် မိဘရှိနေလျှင်ပင် လျှောက်ပြေးတတ်သော အခြားကလေးများကဲ့သို့ မဟုတ်ဘဲ အလွန်တည်ငြိမ်လှသည်။ ၎င်းတို့ ဤနေရာသို့ ရောက်လာရသည့်အကြောင်းအရင်းကို သူမ နားလည်ပုံရသည်။ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး ဘယ်ကမှန်းမသိ ကောက်ရခဲ့သော ပန်းပွင့်ဖြူလေး တစ်ပွင့်ကို ကိုင်ထားသည်။ သူမသည် ထိုနေရာတွင် ရှိနေသည့် တစ်ဦးတည်းသော ကလေးငယ်ဖြစ်သည်။
လာရောက်သူ အများစုသည် ဝေ့ယန်၏ မိခင်ဘက်မှ ဆွေမျိုးများဖြစ်ကြပြီး လူနည်းစုသာ ရှိပေသည်။ ကျန်သူများသည် ဝေ့ယန် မိဘများ၏ စက်ရုံဟောင်းက လုပ်ဖော်ကိုင်ဖက်များနှင့် အိမ်နီးနားချင်းများ ဖြစ်ကြသည်။
၎င်းတို့သည် ထူးခြားသော အလှတရားရှိသည့် သားအဖနှစ်ဦးကို ရံဖန်ရံခါ လှမ်းကြည့်တတ်ကြသည်။ ကျီတင်းကျိုသည် ဝေ့ယန်၏ အထက်လူကြီးဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ ငယ်ရွယ်မှုကြောင့် လူတိုင်း အံ့ဩနေကြသည်။ ဈာပနခန်းမအတွင်း လူအများက ကွယ်လွန်သူကို တစ်ဦးချင်း ဂါရဝပြုနေကြသည်။ မျက်ဝန်းများ နီမြန်းနေသော ဝေ့ယန်က သူ့မိခင်ကို လာရောက်နှုတ်ဆက်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်စကားပြောနေခဲ့သည်။ နောက်ဆုံးတွင် ကျီတင်းကျို၏ အလှည့် ရောက်လာသည်။ ဝေ့ယန်သည်
ထင်ထားသည်ထက် ပို၍ ကြံ့ကြံ့ခံနိုင်ကြောင်း အတည်ပြုပြီးနောက်၊ ကျီတင်းကျိုသည် နှစ်ပေါင်းများစွာကြာ မတွေ့ဆုံခဲ့ရသော ဝေ့ယန်၏ မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို ကြည့်လိုက်သည်။
သူမသည် အဖြူရောင်ပိတ်စအောက်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ ဖြူဖျော့နေသော အသားအရည်ကို ဖယ်လိုက်လျှင် အိပ်ပျော်နေသကဲ့သို့ပင်။
"အန်တီ... နောက်ပိုင်း ဝေ့ယန်ကို ကျွန်တော် စောင့်ရှောက်လိုက်ပါ့မယ်"
ကျီတင်းကျို၏ စကားသည် အမှန်တကယ် ကတိကဝတ်တစ်ခုပင်။ ထိုသို့ကြားလိုက်ရသောအခါ ကျီနျန်က မော့ကြည့်လိုက်သည်။
[နည်းနည်းတော့ အံ့ဩစရာပဲ]
စနစ်၏ပြောပြချက်အရ ကိုယ့်သွေးသားကို သတ်ခဲ့ပြီးနောက် မှောင်မိုက်သော လမ်းစဉ်ကို လျှောက်လှမ်းမည့် လူမိုက်တစ်ဦးနှင့် မတူဘဲ၊
သူ့လက်အောက်ငယ်သား၏ ဈာပနကို တက်ရောက်ပြီး ကွယ်လွန်သူ မိခင်ကို ကတိပေးနေသည့် ကျီတင်းကျိုဟာ ကျီနျန်၏ မျက်လုံးထဲတွင် ပို၍အသက်ဝင်လာသလို ခံစားလိုက်ရသည်။
သူမသည် ကျီတင်းကျို၏ ဘောင်းဘီစကို ဆွဲလိုက်သည်။ ကျီတင်းကျိုသည် အောက်သို့ ငုံ့ကြည့်လာပြီး၊ သူ့အနောက်တွင် တိတ်တဆိတ် ရပ်နေသည့် ကျီနျန်ကို လှည့်ကြည့်လိုက်သည်။
'မင်း အဖေက အိမ်မှာ ခွေးစာကျွေးနေတာ် မဟုတ်ဘူးလား။ ဘယ်သူ့ကို လာဆွဲနေတာလဲ'
ကျီနျန်ကတော့ ထိုအကြည့်ကို နားမလည်ပေ၊ သူမသည် ကျီတင်းကျို ဗိုက်ထဲရှိ သန်ကောင် မဟုတ်ပေ။ သူမသည် ခြေဖျားထောက်ကာ လက်ထဲက ပန်းပွင့်လေးကို မြှောက်ပြလိုက်သည်။
"ဒါအန်တီ့အတွက်"
သူမသည် လဲလျောင်းနေသော ဝေ့ယန်၏ မိခင်ကို ကြည့်ကာ ပြောလိုက်သည်။ ဘေးနားရှိ ဝေ့ယန်သည် ကျီတင်းကျို၏ စကားကြောင့် မျက်ရည်ဝဲနေခဲ့ရာမှ ကျီနျန်က သူ့မိခင်ကို ပန်းပေးလာကြောင်း မြင်လိုက်ရသောအခါ ပို၍ပင် စိတ်မကောင်း ဖြစ်သွားရသည်။ အကယ်၍ သူသာ မိသားစုတစ်ခု ရှိခဲ့လျှင် ကျီနျန်ကဲ့သို့ လိမ္မာပြီး သိတတ်သည့် သမီးမျိုးလေး ရချင်မိသည်။ ကျီတင်းကျို၏ အကြည့်သည် ဘေးတွင် တွဲလောင်းကျနေသော ပတ်တီးစည်းထားသည့် အခြားလက်တစ်ဖက်ဆီ ရောက်သွားသည်။ သူ၏ နှုတ်ခမ်းများ မသိမသာ တင်းသွားသည်။
သို့သော် ယခုအချိန် ဤကိစ္စကို မေးမြန်းရန် အချိန်မဟုတ်မှန်း သူသိသည်။ သူသည် သူမလက်ထဲက ပန်းလေးကို ယူကာ ဝေ့ယန် မိခင်၏ ဘေးတွင် တင်ပေးလိုက်သည်။ ဈာပနပြီးဆုံးသွားသောအခါ ကျီတင်းကျိုက သန့်စင်ခန်းသို့ ဝင်သွားသဖြင့် ကျီနျန်က တံခါးဝတွင် စောင့်နေခဲ့သည်။
[ပြောရရင် ဒါက ငါ ဒီကမ္ဘာကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ် အပြင်ထွက်ဖူးတာပဲ]
ဤကမ္ဘာသည် သူမ ယခင်နေထိုင်ခဲ့သည့် ကမ္ဘာနှင့် အလွန်ဆင်တူပြီး နည်းပညာ အဆင့်အတန်းလည်း တူညီသော်လည်း နိုင်ငံနှင့် နေရာအမည်များ ကွဲပြားပေသည်။ နောင်တစ်ချိန်တွင် ကျီမိသားစုကနေ ထွက်သွားဖို့ စီစဉ်ထားသော ကျီနျန်သည့် ဤအချက်ကြောင့် စိတ်သက်သာရာရသွားသည်။
သူမ စိတ်ကူးယဉ်နေစဉ် ရုတ်တရက် မကောင်းသော အကြည့်တစ်ခုကို ခံစားလိုက်ရသည်။ ကျီနျန် မော့ကြည့်လိုက်သောအခါ မနီးမဝေးတွင် အမျိုးသားအချို့ ရပ်နေပြီး သူမကို စိုက်ကြည့်ရင်း ဆေးလိပ်သောက်နေကြသည်။ သို့သော် ကျီနျန်သည် မြက်ခင်းထဲတွင် သွေးများ စွန်းပေနေသော လက်တစ်ဖက်ကို ချက်ချင်း မြင်လိုက်လေသည်။