အခန်း (၂၄)
နှလုံးခုန်သံများ အရူးအမူး မြန်ဆန်လာသော်လည်း ကျီနျန်သည် တစ်ဖက်မှ အမျိုးသား၏ အကြည့်များနှင့် ဆုံသောအခါ တည်ငြိမ်စွာ အကြည့်လွှဲလိုက်သည်။ စောင့်ဆိုင်းရသည်မှာ ပျင်းရိလာသဖြင့် သမ်းဝေဟန် ပြုလုပ်ပြီးနောက် ခြေထောက်နားရှိ ကျောက်ခဲလေးတစ်လုံးကို ကန်ထုတ်လိုက်သည်။ ထို့နောက် သူမ၏ ကျစ်ဆံမြီးလေးကို ကိုင်ရင်း သန့်စင်ခန်းထဲသို့ လှမ်းခေါ်လိုက်သည်။
“ပြီးပြီလား... မေမေ”
သူမသည် အထဲသို့ ပြေးဝင်သွားသည်။ နံရံများက ဘေးလူများ၏ အမြင်ကို ပိတ်ဆို့ထားသောကြောင့် ကျီနျန်သည် အမျိုးသမီးသန့်စင်ခန်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အမျိုးသားသန့်စင်ခန်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။ အထဲသို့ ရောက်သောအခါ လက်ဆေးနေသည့် ကျီတင်းကျိုကို တွေ့လိုက်ရ၏။ ခြေသံကြားသဖြင့် ကျီတင်းကျိုက လှည့်ကြည့်ကာ မေးလိုက်သည်။
“ဒီထဲကို ဘာလာလုပ်တာလဲ။ မင်း အဖေက အိမ်မှာ ခွေးချေးကျုံးနေတယ်လေ၊ ဆီးအိုးတောင် မမီတဲ့ အရူးမလေး”
ကျီနျန်က တည်ကြည်သော မျက်နှာပေးဖြင့် လျှောက်သွားကာ သူ့ကို ငုံ့ခိုင်းလိုက်သည်။ စိတ်မကြည်သည့် ကျီတင်းကျိုသည် ယခင်ကကဲ့သို့ သူမအလိုကို လိုက်ချင်စိတ် မရှိပေ။ ကျီနျန်က သေနတ်ပုံစံ လက်ဟန်ခြေဟန် ပြလိုက်သည့်အခါမှသာ ကျီတင်းကျို၏မျက်နှာရိပ်မျက်နှာကဲ အနည်းငယ် ပြောင်းလဲသွားသည်။ ကျီတင်းကျိုသည် ဖုန်းကို အမြန်ထုတ်ကာ စာပို့လိုက်ပြီးနောက် ကျီနျန်ကို လက်တစ်ဖက်ဖြင့် မချီကာ သန့်စင်ခန်းအတွင်းပိုင်းသို့ ခေါ်သွားလေသည်။ အိမ်မှာဆိုလျှင် အဓိကစံအိမ်တော်ဘေးက ရေကန်နားအထိသာ လမ်းလျှောက်တတ်သည့် အမျိုးသားသည် ယခုအခါ အံ့ဩစရာကောင်းလောက်အောင် သွက်လက်စွာဖြင့် ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်။ ကျီနျန်က သူ၏ ကော်လာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း 'မင်းသမီးလေးက လုံးဝ အသုံးမကျတဲ့ အိမ်တွင်းအောင်းလေးတော့ မဟုတ်ဘူးပဲ' ဟု စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
၎င်းတို့နှစ်ဦး အပြင်သို့ ခြေချလိုက်သည်နှင့် ထောင့်ချိုးတစ်ခုမှ လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ နိုင်ငံခြားသား တစ်ယောက်ပင်။ ရွှေအိုရောင်ဆံပင်နှင့် အပြာရောင် မျက်ဝန်းများရှိသည့် ထိုသူက ကျီတင်းကျိုကို မြင်သည်နှင့် ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
“ဟယ်လို၊ ကျွန်တော့်နာမည် ဂျွန်ပါ။ ခုနက ဟိုဘက်မှာတည်းက ခင်ဗျားကို သတိထားမိနေတာ။ ခင်ဗျားနဲ့ ခင်မင်ခွင့် ရမလား၊ နာမည်က ဘယ်လိုခေါ်တာလဲ”
ကျီတင်းကျိုက ကျီနျန်၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ကာ၍ သူမမျက်နှာ မပေါ်အောင် သူ့ရင်ခွင်ထဲတွင် ဝှက်ထားလိုက်သည်။
“ဖယ်စမ်း” သူက စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။ သို့သော် ထိုနိုင်ငံခြားသားသည် ဇွဲမလျှော့ဘဲ လမ်းကို အရှက်မရှိ ပိတ်ထားဆဲပင်။ “ဟေး... နာမည်လေး ပြောပါဦး”
ကျီတင်းကျို၏ မြစိမ်းရောင် မျက်ဝန်းများသည် ရှေ့ကလူကို ဓားသွားကဲ့သို့ စူးရှစွာ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထောင့်များ ရုတ်တရက် ကွေးညွတ်သွားကာ အေးစက်စက် အပြုံးတစ်ခု ပေါ်လွင်လာသည်။
“ငါ့နာမည်လား… ငါ့နာမည်က ကျီပါ့တဲ့”
[T/N - ကျီပါ့က fuck လို့ အဓိပ္ပာယ်ရပါတယ်]
အရှေ့တိုင်းနှင့် အနောက်တိုင်း အလှတရားများ ပေါင်းစပ်ထားပြီး ရှေးဟောင်း မင်းမျိုးမင်းနွယ်များကဲ့သို့ ခန့်ညားသည့် ထိုအမျိုးသားသည် ပါးစပ်ဟလိုက်သည်နှင့် ထိုကဲ့သို့သော စကားလုံး ထွက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ တစ်ဖက်လူ တုံ့ပြန်လာသည့်အခါ ထိုစကားလုံးများ ဦးနှောက်ထဲတွင် စွဲထင်သွားတော့သည်။ တရုတ်စကား နားမလည်သည့် နိုင်ငံခြားသားများအတွက်မူ ထိုစကားသည် အရေးမကြီးသော်လည်း ရှေ့ကလူသည် နားလည်နေပုံရသည်။ သူက ကျီတင်းကျို၏ နာမည်ကို မှတ်ချက်မပေးနိုင်မီ ကျီတင်းကျိုက သူ၏ မေးစေ့ကို အရှိန်ပြင်းပြင်းဖြင့် ကန်ထည့်လိုက်သည်။ အရိုးကျိုးသံနှင့်အတူ ထိုနိုင်ငံခြားသား လွင့်ထွက်သွားပြီး နံရံနှင့် ဝင်တိုက်မိသွားသည်။ ကျီနျန်သည် ကျီတင်းကျို၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေပုံရသော်လည်း အမှန်တကယ်တွင်မူ သူမသည် ဝိညာဉ် လွင့်ထွက်လုမတတ် ရယ်ချင်နေမိသည်။ ရယ်ချင်စိတ်ကို အောင့်ထားရခြင်းသည် မည်သို့မျှ မလွယ်ကူပေ။
'ဘုရားရေ... ကျီပါ့တဲ့လား။ ဟားဟားဟား... ဘယ်လိုတောင် ပါရမီရှိတဲ့ လူလဲ။ ကျီတင်းကျိုကတော့ တကယ်ကို လူစွမ်းကောင်းပဲ၊ ဟားဟားဟား'
သူမတစ်ယောက်တည်း မဟုတ်ဘဲ စနစ်ပင် လျှပ်စစ်စီးကြောင်းများ တဖျပ်ဖျပ်မြည်အောင် တဟားဟား ရယ်မောနေတော့သည်။ များမကြာမီ ကျီတင်းကျို၏ နောက်ဘက်မှ ခြေသံများနှင့်အတူ သေနတ်သံများ ထွက်ပေါ်လာသည်။
“သူ ဟိုဘက်ကို ထွက်သွားပြီ” အော်ဟစ်သံများ ကြားလိုက်ရသည်။ သေချာပါသည်၊ ထိုနိုင်ငံခြားသားသည် ထိုလူများအတွက် အချိန်ဆွဲပေးနေခြင်းဖြစ်သည်။
ကျီတင်းကျိုသည် စျာပနကို လာခြင်းဖြစ်သဖြင့် လူအများအပြား မခေါ်လာခဲ့ပေ။ ပါလာသည့် လူနည်းစုလည်း ကားထဲတွင်သာ ကျန်ရစ်ခဲ့ကြသည်။ ကျီတင်းကျို၏ အမိန့်ကို ရသည်နှင့် ၎င်းတို့အားလုံး အမြန်ပြေးလာကြသည်။ ထိုအခါ သေနတ်သံများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်သည်။ ကျီတင်းကျိုက သူမကို ပွေ့ချီထားစဉ် သူ၏ နှလုံးခုန်သံနှင့် နားထဲတွင် ဝဲပျံနေသော သေနတ်သံများကို ကျီနျန် မှတ်မိနေသည်။ ဘာတွေ ဖြစ်ကုန်တာလဲ။
ဝေ့ယန်၏ မိခင်အတွက် နာရေးစီစဥ်ပေးသည့် အစီအစဉ်မှူးသည် လူအုပ်နှင့်အတူ ပြေးထွက်လာပြီး ကျီတင်းကျိုကို တွေ့သည်နှင့် ထိတ်လန့်တကြား ပြေးလာသည်။ ကျီတင်းကျိုက ဝေ့ယန်၏ တည်နေရာကို မေးရန် ပြင်ဆင်ချိန် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူ သံသယဝင်နေစဥ် တစ်ဖက်လူက အနားသို့ ရောက်လာပြီး အေးစက်စက် အလင်းတန်းတစ်ခုနှင့် ဓားတစ်လက် သူ့ထံသို့ တန်းတန်းမတ်မတ် ထိုးစိုက်လာသည်။ ကျီတင်းကျိုသာ တစ်ယောက်တည်းဆိုလျှင် ဤဓားကို လွယ်လွယ်ကူကူ ရှောင်နိုင်မည်ဖြစ်သော်လည်း ယခုမူ သူ့ရင်ခွင်ထဲတွင် လိမ္မာစွာ ငြိမ်နေသည့် ကလေးတစ်ယောက် ရှိနေသည်။ ရှောင်လိုက်လျှင် ကလေးကို ထိသွားမည်စိုးသဖြင့် ကျီတင်းကျိုက ဘေးသို့ စောင်းလိုက်ရာ ဓားသွားသည် သူ၏ လက်မောင်းကို ခုတ်မိပြီး သွေးများ လွင့်စဥ်လာသည်။
ထို့နောက် သူသည် ရှေ့ကလူ၏ ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။ သူ၏ သွေးများဖြင့် စွန်းထင်နေသော ဓားကို ကောက်ကိုင်ရင်း တံခါးဆီသို့ ဆက်လျှောက်သွားသည်။ ရာဇဝတ်သားများသည် အဖွဲ့တစ်ဖွဲ့တည်း ရောက်ရှိလာခြင်း မဟုတ်ပေ။ မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင်များစွာ ထပ်မံရောက်ရှိလာပြီး ၎င်းတို့၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပုံမှန်မဟုတ်သော စိတ်လှုပ်ရှားမှုများကို အဝေးမှပင် မြင်တွေ့နေရသည်။ ကျီတင်းကျိုသည် တွန့်ဆုတ်မနေဘဲ ကျီနျန်ကို ချီကာ အခြားတစ်ဖက်သို့ ပြေးသွားတော့သည်။ တစ်ဖက်လူသည် ကျီတင်းကျိုကိုသာ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ သူ၏ ရုပ်ရည်သည် ထင်ရှားလွန်းသဖြင့် လူအုပ်ထဲတွင် ရောနှောပြေးနေသော်လည်း လွတ်မြောက်ရန် မလွယ်ကူပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျီတင်းကျို၏ လက်မောင်းနှင့် ပေါင်တို့တွင် ဒဏ်ရာများ များပြားလာပြီး လမ်းတစ်လျှောက် သွေးစက်များ ကျန်ရစ်ခဲ့သည်။ ဤသွေးစက်များသည် သူ့ကို သတ်ချင်နေသော လူသတ်သမားများအတွက် လမ်းပြမြေပုံကဲ့သို့ ဖြစ်နေသည်။
“မိသားစုခေါင်းဆောင်...”
ကျီတင်းကျိုသည် သူမကို တစ်ခါမှ မလွှတ်ခဲ့ကြောင်း ကျီနျန် ရုတ်တရက် သတိပြုမိသွားသည်။ ကျီတင်းကျို၏ ကိုယ်ပေါ်က သွေးများနှင့် ရှုပ်ပွနေသော ဆံပင်များကို ကြည့်ရင်း သူမ မျက်ဝန်းများ နီမြန်းလာသည်။
“ဒီမှာ နေခဲ့၊ အားလုံးပြီးသွားရင် တစ်ယောက်ယောက် လာခေါ်လိမ့်မယ်။ ဘယ်သူလာလာ စကားမပြောနဲ့၊ မလှုပ်နဲ့နော်”
ရင်ခွဲရုံအတွင်း အပူချိန် အလွန်အေးစက်နေပြီး ကျီတင်းကျို စကားပြောလိုက်တိုင်း ပါးစပ်မှ အငွေ့များ ထွက်လာသည်။ သူ၏ မြစိမ်းရောင် မျက်ဝန်းများသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။ ဒဏ်ရာများရထားပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း သူ၏ မျက်နှာတွင် ထိတ်လန့်မှု အလျဉ်းမရှိဘဲ အားလုံးကို ထိန်းချုပ်ထားနိုင်ပုံရသည်။ သို့သော် ရယ်စရာကောင်းသည်မှာ သူသည် ကျီနျန်ကို ဝှက်ထားပေးပြီး လူသတ်သမားများ၏ အာရုံကို လွှဲရန် မိမိကိုယ်ကို အနစ်နာခံကာ ထွက်သွားခြင်းပင်။ ယခင်က ရှိခဲ့ဖူးသမျှ အငြိုးအတေးများ ပျောက်ကွယ်သွားပြီး ကျီနျန်သည် သူ၏ သွေးစွန်းသော ခြေရာများအတိုင်း ထွက်ခွာသွားသည့် ကျီတင်းကျို၏ ကျောပြင်ကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။
သူမသည် အဖြူရောင်ပိတ်စကို မကာ အတွင်း၌ လှဲလျောင်းလိုက်သည်။ သူမဘေးတွင် မည်သူမှန်းမသိသော လူတစ်ယောက်၏ ရုပ်အလောင်း ရှိနေသည်။
“ဟိုင်း သူငယ်ချင်း... ငါတို့နှစ်ယောက်လုံး ငါတို့မိဘတွေ လာခေါ်တာကို စောင့်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်” သူမ တိုးတိုးလေး ဆိုလိုက်သည်။
ရင်ခွဲရုံသည် အသံလုံသော်လည်း အပြင်ဘက်မှ ဆူညံသံများကို ရံဖန်ရံခါ ကြားနေရသည်။ အမှန်အတိုင်း ပြောရလျှင် မကြောက်ဘူးဟုဆိုလျှင် လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။ အေးချမ်းသော ခေတ်ကာလတွင် နေထိုင်ခဲ့သည့် သာမန်လူတစ်ယောက်ဖြစ်သော သူမအဖို့ ဤသည်မှာ သေနတ်သံများနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း မဟုတ်လေသလော။ ကျီတင်းကျို၏ စကားကြောင့် မဟုတ်လျှင် သူမ ဘာလုပ်ရမှန်း သိမည်မဟုတ်ပေ။
‘ကျီတင်းကျို ဘာဖြစ်သွားပြီလဲ။ ဒါက မကောင်းတဲ့အဖေရော ဟုတ်သေးရဲ့လား။ သူ ဝေ့ယန်နဲ့ တွေ့သွားပြီလား၊ ဒါမှမဟုတ် ဟိုလူတွေ ဖမ်းတာကို ခံလိုက်ရပြီလား။ သူတို့တွေ ဒီလောက် ဆက်တိုက် ပစ်နေကြတာ၊ ပြန်ပေးဆွဲဖို့ မဟုတ်ဘဲ အသေသက်ဖို့ ကြိုးစားနေကြတာပဲ။ ကျီတင်းကျိုသာ သေသွားရင် ကျစ်လျောင်တို့၊ ဝေ့ယန်တို့၊ ကျီမိသားစုက အိမ်အကူတွေရော ဘာဖြစ်ကုန်မှာလဲ။ ပြီးတော့ ငါရော ဘာဆက်လုပ်ရလဲ’ ပိုင်ဆိုင်မှုတွေ ခွဲဝေခံရပြီးနောက် လမ်းဘေးတွင် တောင်းရမ်းစားသောက်နေရမည့် ဘဝကို ကျီနျန် မြင်ယောင်ကြည့်လိုက်မိသည်။
သူမသည် ရုတ်တရက် ခေါင်းပေါ်က အဖြူရောင်ပိတ်စကို ဖယ်ကာ မိမိပါးကို ဖြန်းခနဲ မြည်အောင် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
“ချီးပဲ... ငါက တကယ့် ငါးနှစ်သမီးမှ မဟုတ်တာ”
သူမသည် ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ပြီးနောက် ဘေးက အစ်ကိုကြီးကို ကျေးဇူးတင်စကား ဆိုကာ ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ အလကားရရှိလာသော သူမ ဖခင် ဘယ်ရောက်နေသည်ကို သူမ မသိသော်လည်း သူမသည် ဤနေရာတွင် ငြိမ်နေမည် မဟုတ်ပေ။
"ကျီပါ့ကျီ... ငါလာကယ်တာကို စောင့်နေလိုက်"