အခန်း (၂၇)
ကျီနျန်၏ စကားများသည် နတ်ဆေးတစ်ခွက်ကဲ့သို့ ချက်ချင်း အစွမ်းမပြနိုင်ခဲ့သော်လည်း သတိလစ်မေ့မြောနေသော ကျီတင်းကျိုသည် အသိစိတ် အနည်းငယ် ပြန်ဝင်လာခဲ့သည်။ ကျီနျန်သည် တစ်ကိုယ်လုံး ပတ်တီးအဖွေးသားဖြင့် မမ်မီရုပ်ကဲ့သို့သော ကျီတင်းကျို၏ ဘေးမှမခွာဘဲ ဇွတ်ပေကပ်၍ ထိုင်နေသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး စနစ်က မှတ်ချက်ပေးလာသည်။
“မူရင်းဇာတ်လမ်းထဲမှာလည်း ဒီလိုဇာတ်ကွက်မျိုး ရှိဖူးတယ်။ ကျီတင်းကျို ကိုမာဝင်နေတုန်း ဇာတ်လိုက်မင်းသမီးက သူ့ကို နေ့တိုင်း သီချင်းဆိုပြခဲ့တာလေ"
ကျီနျန်က မျက်မှောင်ကြုတ်လျက် ပြန်မေးသည်။
“ကျီတင်းကျိုက ကိုမာဝင်သွားတာလား”
စနစ်က “...အဟမ်း၊ ငါဆိုလိုတာက နင်လည်း သူ့ကို သီချင်းတစ်ပုဒ်လောက် ဆိုမပြချင်ဘူးလားလို့” စနစ်က စကားလွှဲသွားပြီးနောက် ဆက်လက်ရှင်းပြခြင်း မရှိတော့ပေ။ ကျီနျန်ကမူ ဤကိစ္စကို နောက်မှ အသေသေချာချာ ပြန်မေးမည်ဟု တေးထားလိုက်သည်။
"ကောင်းပြီလေ၊ ဆိုပြရတာပေါ့"
ဤဆေးရုံတစ်ထပ်လုံး ကျီတင်းကျို တစ်ယောက်တည်းအတွက် သီးသန့်ဖြစ်ပြီး အခန်းသည်လည်း အသံလုံသဖြင့် မည်သူ့ကိုမျှ အနှောင့်အယှက်ဖြစ်မည် မဟုတ်ပေ။ ကျီနျန်က သီချင်းအများကြီး မသိသဖြင့် မိဘများအဆင်ပြေစဉ်က သူမ နေမကောင်းဖြစ်တိုင်း မိခင်ဖြစ်သူ ဆိုပြလေ့ရှိသော သားချော့သီချင်းလေးကိုသာ ဆိုပြရန် ဆုံးဖြတ်လိုက်သည်။ အတိတ်ကို လွမ်းဆွတ်သွားသော သူမ၏ မျက်ဝန်းကလေးများ နူးညံ့သွားပြီးနောက် ကလေးသံလေးဖြင့် သီချင်း စဆိုလေသည်။
“ကြက်ကလေး ကြက်ကလေး တို့ကြက်ကလေး~"
"ကြက်ကလေး ကြက်ကလေး ... ချစ်စရာ ကြက်ပေါက်လေး~"
"နူးညံ့တဲ့ မင်းရဲ့ကိုယ်လုံးလေးဟာ... မကြာခင်မှာ ကြက်မကြီး ဖြစ်လာလိမ့်မယ်~"
ကျီတင်းကျိုသည် မသဲမကွဲ အသိစိတ်ဝင်လာစဉ် အဓိပ္ပာယ်မရှိဘဲ ခေါင်းထဲစွဲမြဲသွားစေသည့် “ကြက်ကလေး ကြက်ကလေး” သီချင်းသံကြောင့် သူ၏အာရုံများ လွင့်စဉ်သွားလေသည်။ ကျီနျန်က သီချင်းကို နှစ်ခေါက်ခန့် ဆိုပြပြီးနောက် အိပ်ငိုက်လာသဖြင့် ကျီတင်းကျို၏ အင်္ကျီလက်ကို ဆုပ်ကိုင်ရင်း အိပ်ပျော်သွားသည်။ ထိုအခါ ကျစ်လျောင် ရောက်လာပြီး သူမကို ကုတင်ပေါ်သို့ ပွေ့ချီသွားလေသည်။ ဒဏ်ရာပြင်းထန်သော်လည်း ကျွဲတစ်ကောင်ကဲ့သို့ သန်မာလှသော ဝေ့ယန်သည် ယခုဆိုလျှင် ကုတင်ပေါ်မှ ဆင်းနိုင်နေပြီဖြစ်သည်။ ကျစ်လျောင် ပွေ့ချီသွားသော ကျီနျန်ကို ကြည့်ရင်း ပါးစပ်မှ တိုးတိုးလေး လိုက်ဆိုနေမိသည်။
"ကြက်ကလေး ကြက်ကလေး တို့ကြက်ကလေး~ ကြက်ကလေး ကြက်ကလေး ... ချစ်စရာ ကြက်ပေါက်လေး~"
ကျစ်လျောင် : “....”
ထိုမှတစ်ဆင့် ကူးစက်မှုက စတင်လေသည်။
နောက်တစ်နေ့နံနက်တွင် ရှန်ချင်းထျန်သည် ကျီတင်းကျို ဒဏ်ရာရသွားကြောင်း သိသွားသဖြင့် စောစောစီးစီး ရောက်ရှိလာသည်ဟု ကျစ်လျောင်က ကျီနျန်ကို ပြောပြလာသည်။ သတိမေ့နေသော ကျီတင်းကျိုကို ကြည့်ပြီး ရှန်ချင်းထျန်က စိုးရိမ်လွန်းသဖြင့် ငိုမစဲဖြစ်နေကာ မည်သူကမျှ ဖျောင်းဖျပါစေ ဘေးမှမခွာဘဲ ထိုင်နေလေသည်။ အကယ်၍ ကျီတင်းကျိုသာ သိခဲ့လျှင် သူ၏မွေးစားသမီးလေးက သူ့အပေါ် မည်မျှသံယောဇဉ်ကြီးကြောင်း သိရှိပြီး စိတ်လှုပ်ရှားသွားပေလိမ့်မည်။
“ဪ... ဒါကြောင့်မို့လည်း အဲဒီနေ့က ရှန်ချင်းထျန် ရောက်လာတော့ သူ ငါ့အပေါ် ပြောင်းလဲသွားတာကိုး။ ရှန်ချင်းထျန်ကို စိတ်မကောင်း မဖြစ်စေချင်လို့ ဖြစ်မယ်” ကျီနျန်က တွေးမိသွားသည်။
သူမသည် ကလေးတစ်ယောက်၏ ပိုင်စိုးပိုင်နင်းနိုင်မှုကို နားလည်သည်။ မိမိ ချစ်ခင်နှစ်သက်သူက မိမိကိုသာ ဂရုစိုက်ခြင်းကို မည်သူမဆို လိုလားကြသည်မဟုတ်လေသလော။
“အမျိုးသမီးဇာတ်လိုက်ဆိုတော့လည်း ထုံးစံအတိုင်းပဲပေါ့။ ဒီလို ဖခင်မျိုးကတောင် သူ့ခံစားချက်ကို ဒီလောက်အထိ ထည့်တွက်ပေးတယ်ဆိုတော့" ကျီတင်းကျိုက သူမကို ကာကွယ်ပေးခဲ့သည့် ဖြစ်ရပ်ကို ပြန်တွေးမိရင်း ကျီနျန် သက်ပြင်းချလိုက်မိသည်။
“သူ မကြိုက်တဲ့ ဒီသမီးအရင်းကိုတောင် ဒီလောက်ကာကွယ်ပေးတယ်ဆိုရင်၊ သူတကယ်ချစ်တဲ့ သမီးလေးကိုဆိုရင် ဘယ်လောက်တောင် တန်ဖိုးထားလိုက်မလဲ"
ကံကောင်းသည်မှာ သူမသည် အမှန်တကယ် ငါးနှစ်သမီး မဟုတ်သဖြင့် မနာလိုစိတ် မဝင်မိပေ။
သားအဖကြားက နွေးထွေးသည့်အချိန်လေးကို မနှောင့်ယှက်လိုသဖြင့် ကျီနျန်က ဝေ့ယန်ထံသို့သာ သွားတွေ့လိုက်သည်။
မေးခွန်း တချို့မေးသောအခါ ကျစ်လျောင်က သူမ၏မေးခွန်းများကို "ကလေးတွေက ပျော်ပျော်ရွှင်ရွှင်ပဲ နေရမယ်၊ ဒါတွေကို စိတ်မပူနဲ့" ဟုသာ ပြန်ဖြေခဲ့သည်။
ရှောင်လွှဲခဲ့သော်လည်း ၎င်းတို့ကို တိုက်ခိုက်ခဲ့သူများ၏ အခြေအနေ မကောင်းမွန်လှကြောင်း ကျီနျန် ခန့်မှန်းနိုင်သည်။
ထိုလူများသည် ကျီတင်းကျိုကို အသေသတ်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ သနားစရာကောင်းသော ဝေ့ယန်ဆိုလျှင် ခေါင်းတလားထဲ ထည့်ပိတ်ခံရပြီး အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရသော်လည်း သူသည် လက်ဗလာဖြင့် ခေါင်းတလားကို တွန်းဖွင့်ကာ မြေပေါ်သို့ ပြန်တက်လာနိုင်ခဲ့သည်။ သူ စိတ်ရူးပေါက်ပြီး တိုက်ခိုက်ပုံသည် အသားကြိတ်စက်ကြီးကဲ့သို့ပင် လူတိုင်းကို တုန်လှုပ်စေသည်။
"ကျီနျန်... သကြားလုံး စားမလား?"
ခေါင်းတုံးတုံးလျက် ပတ်တီးများ စည်းထားသော ဝေ့ယန်ကို ကြည့်ရင်း လူတစ်ယောက်ကို အပြင်ပန်းဖြင့် ဆုံးဖြတ်၍ မရကြောင်း ကျီနျန် တွေးမိသွားသည်။
“သကြားလုံး အများကြီးစားရင် သွားပိုးစားလိမ့်မယ်" သူမက ခေါင်းခါပြလိုက်သည်။
“မိသားစုခေါင်းဆောင်အတွက် စိတ်မပူနဲ့။ ငါတို့ကတော့ ဒါမျိုးတွေကို ကျင့်သားရနေပြီ... သူ မကြာခင် နိုးလာလိမ့်မယ်" ဝေ့ယန်ကမူ ကျီတင်းကျိုအတွက် စိုးရိမ်နေပုံမရဘဲ ထိုသို့အသေအချာ ပြောလာသည်။
ကျီတင်းကျို၌ အားသာချက်တစ်ခုရှိသည်၊ ဤသည်မှာ သူ၏ သန်မာသော ခွန်အားနှင့် မာကျောသော ခံနိုင်ရည်စွမ်းအင်ဖြစ်သည်။ သူ မရှင်သန်နိုင်တော့ဘူးဟု ထင်တိုင်း အမြဲပြန်ရှင်လာလေ့ရှိသဖြင့် ဆေးပညာအရ အံ့ဖွယ်ဖြစ်ရပ်များဟူသည် သူ၏ နေ့စဉ်ဘဝကဲ့သို့ပင် ဖြစ်နေသည်။ ထင်ထားသည့်အတိုင်း ကျီနျန် စောင့်နေစဉ်က ဘာလက္ခဏာမှ မပြခဲ့သော ကျီတင်းကျိုသည် ရှန်ချင်းထျန် ရောက်လာပြီး မကြာမီ မျက်လုံးများ ပွင့်လာခဲ့သည်။
ကျီတင်းကျို သတိပြန်ရလာချိန်တွင် သူ့လက်ပေါ် တင်ထားသည့် နူးညံ့ပြီး သေးငယ်သော လက်ကလေးတစ်ဖက်ကို ခံစားလိုက်ရသည်။
ငတုံးမလေး... ဘာလို့ ကြက်ပေါက်လေးတွေအကြောင်း ဆက်မဆိုတော့တာလဲ?
ကျီနျန်ကြောင့် ကျီတင်းကျို၏ အိမ်မက်ထဲတွင် ကျီမိသားစု၏ ကလဲ့စားချေမည့် ဝိညာဉ်များအစား ကျီနျန် မျက်နှာနှင့် အဝါရောင် ကြက်ပေါက်လေးများ ခေါင်းများ အမြီးများ လှုပ်ခတ်ကာ သီချင်းဆိုနေသည့် မြင်ကွင်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
"အင်း..." သူ၏အသံသည် အနည်းငယ် ကွဲအက်နေသည်။ သူ မျက်လုံးပွင့်လာသည်ကို မြင်သောအခါ ရှန်ချင်းထျန်က ပို၍ငိုရှိုက်လေသည်။ သူမ၏ မျက်ရည်များ ကျီတင်းကျို၏ လက်ပေါ်သို့ ကျလာသဖြင့် ကျီတင်းကျိုက မော့ကြည့်၍ မေးလိုက်ရာ သူ၏အသံ ပုံမှန်ထက် ပိုမိုနူးညံ့နေသည်။
"ဘာလို့ ငိုနေတာလဲ"
ရှန်ချင်းထျန်သည် ကျီတင်းကျိုထံမှ ဤမျှနူးညံ့သော အသံမျိုး တစ်ခါမျှ မကြားဖူးသဖြင့် စိတ်လှုပ်ရှားစွာ ပြောရှာသည်။
"ဦးဦးကျီ... သမီး ဦးဦးကို အရမ်း စိတ်ပူနေတာ"
သူမ၏ အသံကို ကြားလိုက်ရချိန်တွင် ကျီတင်းကျို၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ကုတင်ဘေးရှိ ကလေးမလေး၏ မျက်နှာကို မြင်တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများ ငိုထားလွန်းသဖြင့် ဖောင်းအစ်နေသည်။ ထိုအခါ ကျီတင်းကျို၏ မျက်ဝန်းထဲမှ နွေးထွေးမှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဆရာဝန် ရောက်လာသဖြင့် ရှန်ချင်းထျန်က ဘေးသို့ ဖယ်ပေးလိုက်သည်။ သူမသည် စိတ်ထဲတွင် ပျော်ရွှင်နေမိသည်။
ဦးဦးကျီက လူကောင်းတစ်ယောက်ဆိုတာ သိသားပဲ၊ မဟုတ်ရင် ငါ့ကို မွေးစားခဲ့မှာ မဟုတ်ဘူး။
ဆရာဝန်က ကျီတင်းကျို၏ အခြေအနေကို စစ်ဆေးပြီးနောက် စိတ်အေးသွားပြီး ရှန်ချင်းထျန်ကို မြင်သောအခါ ဘာကြောင့်မှန်းမသိ သူမကို အလွန်ခင်မင်နေမိသည်။ ထို့ကြောင့် ဆရာဝန်က ပြောလိုက်သည်။
“မိသားစုခေါင်းဆောင် သတိမေ့နေတုန်း သခင်မလေးရှန်က ကုတင်ဘေးကနေ တစ်ဖွားမှ မခွာခဲ့ဘူး။ သူ ငိုလွန်းလို့ မျက်လုံးတွေတောင် ဖောင်းအစ်နေပြီ"
ကျစ်လျောင်၏ လက်ဖဝါးစာ မိထားသော နာနီသည်လည်း အလိုက်သင့် ဝင်ပြောလာသည်။
"ဟုတ်ပါတယ် မိသားစုခေါင်းဆောင်။ သခင်မလေးရှန်က မနက်စာတောင် မစားရသေးဘဲ မိသားစုခေါင်းဆောင် ဒဏ်ရာရထားတယ် ကြားကြားချင်း ပြေးလာတာပါ"
ရှန်ချင်းထျန်ကမူ သူမ၏ အပြုအမူများကို ထူးခြားသည်ဟု မထင်မိသော်လည်း ဦးဦးကျီ၏ နူးညံ့သောအသံကို အမှတ်ရကာ ချီးကျူးခံရရန် မျှော်လင့်မိနေသည်။ သို့သော် ကျီတင်းကျိုက မျက်လုံးများကို မှိတ်လိုက်ပြီး အမိန့်သံပြတ်သားစွာ ပြောလိုက်သဖြင့် အခန်းထဲမှ နွေးထွေးသော အငွေ့အသက်များ ချက်ချင်း ပျောက်ကွယ်သွားသည်။
"အားလုံး အပြင်ထွက်ကြ"
ဆရာဝန်လည်း အံ့ဩသွားပြီးနောက် အာရုံပြန်ကပ်လာသဖြင့် ချွေးစေးများ ထွက်လျက် အားလုံးကို အမြန်ခေါ်ထုတ်သွားသည်။ ရှန်ချင်းထျန်သည် ဇဝေဇဝါ ဖြစ်နေသည်။ သူမအပေါ် နူးညံ့ခဲ့သော ဦးဦးကျီက မည်သို့ကြောင့် ရုတ်တရက် သဘောထား ပြောင်းလဲသွားသည်ကို သူမ နားမလည်နိုင်ပေ။ အပြင်သို့ ထွက်လာချိန်တွင် ကျီနျန်နှင့် ဆုံလေသည်။ ကလေးမလေးသည် ဆေးရုံဝတ်စုံ ဝတ်ဆင်ထားပြီး နဖူးနှင့် လက်တစ်ဖက်တွင် ပတ်တီးများ စည်းထားသော်လည်း အလွန်တက်ကြွနေဟန်ရှိသည်။ သူမသည် ရှန်ချင်းထျန် အနောက်ရှိ နာနီကို တိတ်တဆိတ် ခိုးခိုးကြည့်နေသည်။ ထိုအခါ ရှန်ချင်းထျန်က ရုတ်တရက် သတိပေးလိုက်သည်။
"ဦးဦးကျီက အားလုံးကို အပြင်ထွက်ခိုင်းလိုက်တာ"
ကျီနျန် နားလည်သွားသည်။
‘ဪ... ဒါဆို ဟိုလူကြီး စိတ်တိုပြီး နိုးလာတာကိုး’
သူမကို လာသတိပေးသော ရှန်ချင်းထျန်၏ စိတ်ထားကို သူမ တိတ်တဆိတ် ချီးကျူးမိသွားသည်။
"အင်း... ဒါဆိုရင် ပြန်လိုက်တော့မယ်" ထိုသို့ ပြောကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဉ် အခန်းတံခါးကို တစ်ခုခုဖြင့် ထုလိုက်သံနှင့်အတူ ဩရှရှ အာဏာပါသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျီနျန်… အထဲဝင်လာခဲ့”