အခန်း(၂၈)
"......"
ထိုခဏ၌ ရှန်ချင်းထျန်၏ မျက်ဝန်းလေးများ အံ့အားသင့်လွန်းသဖြင့် ဝိုင်းစက်သွားသည်။ မျက်မှောင်ကြုတ်လျက် မျက်နှာလေးရှုံ့မဲ့ကာ အခန်းထဲသို့ လျှောက်ဝင်သွားသော ကလေးမလေးကို သူမ ငေးကြည့်နေမိသည်။
ဘေးတွင်ရပ်နေသော နာနီကမူ ကျေနပ်အားရနေသော လေသံဖြင့် ပြောလိုက်သည်။
"သူ မိသားစုခေါင်းဆောင်ကို စိတ်ဆိုးအောင် လုပ်လိုက်ပြီထင်တယ်။ ဒီတစ်ခါတော့ တကယ်ကြီး အဝေးကို အပို့ခံရတော့မှာပဲ"
ရှန်ချင်းထျန်သည် တစ်ခုခုမှားနေသည်ဟု အလိုလိုခံစားနေမိသည်။ သူမသည် ငယ်ရွယ်သော်လည်း လူအကဲခတ်ရာတွင် အလွန်ထက်မြက်သူဖြစ်သည်။ ကျီတင်းကျို၏အသံသည် အပြင်ပန်းတွင် ဒေါသထွက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် စိတ်ဆိုးနေခြင်းမဟုတ်ဘဲ တစ်စုံတစ်ရာကို မျှော်လင့်နေသကဲ့သို့ ခံစားနေရသည်။
"ထျန်ထျန်... ဗိုက်ဆာနေပြီလား"
နာနီသည် ကလေးမလေး မနက်စာမစားရသေးကြောင်း ယခုအခါမှ သတိရသွားကာ ခပ်တိုးတိုးမေးလာသည်။ ရှန်ချင်းထျန်က ခေါင်းညိတ်ပြလိုက်သည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် လမ်းတွင် မနက်စာစားရန် အခွင့်အရေးများစွာရှိခဲ့သော်လည်း နာနီက ခွင့်မပြုခဲ့ခြင်းဖြစ်သည်။ ငြင်းဆန်လိုက်လျှင် တစ်ဖက်လူ ဒေါသထွက်သွားမည်ကို သိထားသဖြင့် သူမ မငြင်းဆန်ခဲ့ပေ။ ဤနာနီသည် သူမ ငယ်စဉ်က ဖျားနာစဉ် တစ်ညလုံးမအိပ်ဘဲ ပြုစုပေးခဲ့ဖူးသဖြင့် ရှန်ချင်းထျန်က သူမကို မိသားစုဝင်တစ်ဦးကဲ့သို့ သတ်မှတ်ထားခြင်းဖြစ်သည်။ သူမသည် မိသားစုဝင်များကို ဝမ်းမနည်းစေချင်ပေ။
...
ကျီတင်းကျို သတိရလာပြီဖြစ်ကြောင်း ကျီနျန် သိရှိပြီးဖြစ်သည်။ သူအဆင်ပြေကြောင်း ကျစ်လျောင်ထံမှ ကြားရပြီးမှသာ သူမ လုံးဝစိတ်အေးသွားခဲ့သည်။ ဖခင်ဖြစ်သူ နိုးလာလျှင် သူ့ဘေး၌စောင့်နေသော ရှန်ချင်းထျန်ကိုကြည့်ကာ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု သူမ တွေးထားသည်။ ထို့ကြောင့် သားအဖနှစ်ဦးတို့ သံယောဇဉ်တိုးစေရန် သူမ တမင်အချိန်ဆွဲပြီးမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူမရောက်ရောက်ချင်း ကျီတင်းကျိုက သူမနာမည်ကို အော်ခေါ်လာသည်။
"နောက်ဆုံးတော့ ငါ့ကို လာကြည့်သေးတယ်ပေါ့လေ"
အကယ်၍ သူသာ ထိုနေ့က နိုးမနေခဲ့လျှင် ရှန်ချင်းထျန်ကသာ သူ့ဘေး၌ အမြဲရှိနေခဲ့သည်ဆိုသော သတင်းများကို ယုံကြည်သွားပေလိမ့်မည်။ ကျီတင်းကျိုသည် မျက်လုံးမှိတ်ထားလျှင် ငြိမ်းချမ်းနေသကဲ့သို့ ထင်ရသော်လည်း မျက်လုံးဖွင့်လာလျှင် ပုံမှန်အတိုင်း ခနဲ့တဲ့တဲ့နှင့် တစ်ဖက်လူကို ကသိကအောက်ဖြစ်အောင် ပြောတတ်သော သူ့စရိုက်များ ပြန်ပေါ်လာစမြဲပင်။ ကျီနျန်က ကြမ်းပြင်ပေါ်ရှိ ခေါင်းအုံးကို ကောက်ယူလိုက်ပြီး ကုတင်ဘေးရှိ ကုလားထိုင်ပေါ်သို့ ခပ်သွက်သွက် တက်ထိုင်လိုက်သည်။
"မိသားစုခေါင်းဆောင်... ဘယ်နား နာနေသေးလဲ"
ဖခင်ဖြစ်သူ၏ ခနဲ့တဲ့တဲ့စကားများကို ဂရုမစိုက်ဘဲ ကျီနျန်က ရွှင်ရွှင်ပျပျပင် နှုတ်ဆက်လိုက်သည်။
"နေရာတိုင်းက နာနေတာပဲ"
ကျီတင်းကျိုက သူ့အနောက်က ခေါင်းအုံးကို ပျင်းရိပျင်းတွဲမှီရင်း ကလေးမလေးကို အကဲခတ်ကြည့်နေသည်။ သူမ၏နဖူးပေါ်မှ ဒဏ်ရာများနှင့် သူမ၏လက်ကလေးများရှိ ပတ်တီးများကို ကြည့်လိုက်သည်။
"မင်းလက်က ဘာဖြစ်တာလဲ"
ဤမေးခွန်းကို ရင်ထဲ၌ အောင့်အည်းထားခဲ့ပြီးမှ ယခုလိုမေးလိုက်ရသဖြင့် ကျီတင်းကျို စိတ်ထဲတွင် ထူးဆန်းသော စိတ်သက်သာမှုများ ခံစားလိုက်ရသည်။ ကျီနျန်က သူမ၏လက်ကို တစ်ချက်ကြည့်ကာ ရှင်းပြသည်။
"ချော်လဲပြီး ပွန်းသွားတာ"
နာနီကြောင်းဟု သူမ မပြောခဲ့ပေ။ ကျီနျန်၏စိတ်ထဲတွင် ကျီတင်းကျိုသည် ရှန်ချင်းထျန်ကို အလွန်အလိုလိုက်သူဟု ထင်မှတ်ထားသဖြင့် သူမဘာပြောပြော ထူးခြားမည်မဟုတ်ဟု ယူဆထားသောကြောင့်ဖြစ်သည်။ ကလေးမလေးသည် အမှန်တိုင်း ပြောနေချင်း မဟုတ်ကြောင်း သတိထားမသောအခါ ကျီတင်းကျို အေးစက်စွာ ရယ်လိုက်သည်။
'ကိစ္စမရှိပါဘူး၊ ပြီးမှ ကျစ်လျောင်ကို မေးတာပေါ့'
အတူတူ အသက်အန္တရာယ် ဖြတ်ကျော်ခဲ့ပြီးနောက် ၎င်းတို့၏ စကားအပြောအဆိုများ ယခင်ကထက် သက်သောင့်သက်သာရှိလာသည်။
"မင်း ငါ့ကို ကူညီခဲ့တာပဲ။ မင်း ဘာလိုချင်လဲ"
ကျီတင်းကျို၏အသံသည် ပေါ့ပါးနေသော်လည်း မျက်လုံးများကမူ ကျီနျန်ကို အသေအချာစိုက်ကြည့်နေသည်။ ကလေးမလေးကို အခွင့်အရေးပေးလိုက်လျှင် သူမ ဘာတောင်းဆိုလာမည်ကို သူ သိချင်နေခြင်းပင်။ ခွေးစောင့်ရှောက်သည့် ထိုစိတ်ပျက်စရာကောင်းသော ကောင်လေးနှင့် အတူနေခွင့်တောင်းမည်ဖြစ်သလော။ အကယ်၍ သူမသာ ထိုသို့ပြောလာလျှင် နှစ်ယောက်လုံးကို လမ်းပေါ်သို့ ကန်ထုတ်ပစ်ရန် သူ ဝန်လေးနေမည်မဟုတ်ပေ။
"သမီး လိုချင်တာမှန်သမျှ တောင်းလို့ရတာလား"
ကျီနျန်က စိတ်လှုပ်ရှားသွားပြီး သူမ၏ မြစိမ်းရောင်သန်းနေသော မျက်ဝန်းလေးများ တောက်ပလာသည်။ ကျီနျန်သည် သူ့ကို တိုက်ခိုက်ခံရချိန် ကူညီခဲ့ကြောင်း ကျစ်လျောင်ကို ပြောခဲ့သောအခါ သူမ အလွန်အံ့ဩသွားခဲ့သည်။ သို့သော် သားအဖနှစ်ဦး ပြန်လည်သင့်မြတ်မှုမှလွဲလျှင် မည်သည်ကမျှ သူမအတွက် အရေးမပါခဲ့ပေ။ ကျီတင်းကျို၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး သူ၏ ခန့်ညားသော မျက်နှာသည် ရုတ်တရက် ဝင်းပသွားသည်။ ထိုအလှအပသည် ကျီနျန်ကို ခေတ္တငေးငိုင်သွားစေသည်။
"ရတာပေါ့"
ထိုအပြုံးနောက်ကွယ်ရှိ အန္တရာယ်ကို သူမ သတိမထားမိဘဲ အလိုချင်ဆုံးအရာကို ချက်ချင်းလွှတ်ခနဲ ပြောလိုက်မိသည်။
"သမီး မီမီပုစွန်ချောင်းမုန့်တွေ စားချင်တယ်"
ကျီတင်းကျို: '.....' ဒါပဲလား။
ကျီနျန် : ဒီတော့ ဘာထပ်တောင်းရမှာလဲ။ ပိုင်ဆိုင်မှုတွေ တောင်းရင် ပေးမှာမို့လို့လား၊ မီမီပုစွန်ချောင်းမုန့်တောင်းတာကမှ ပိုလက်တွေ့ကျသေးတယ်။
"ပေးလို့တော့ ရတယ်၊ ဒါပေမယ့် စည်းကမ်းချက်တစ်ခုရှိတယ်"
"ဒါပေမယ့် ခုနကပြောတော့ သမီးအတွက် ဆုလာဘ်လို့ ပြောထားတာလေ" ကျီနျန်သည် လူလိမ်တစ်ယောက်၏ လှည့်စားမှုအောက် ရောက်ရှိသွားသော သားကောင်လေးကဲ့သို့ မျက်လုံးအဝိုင်းသားဖြင် မယုံကြည်နိုင်စွာ ကြည့်နေသည်။
"ဘာဆုလာဘ်လဲ၊ ငါ အဲဒီလိုပြောလိုက်လို့လား" ကျီတင်းကျိုက မျက်ခုံးတစ်ချက် ပင့်ပြလာသဖြင့် ကျီနျန် စိတ်ပျက်လက်ပျက်ဖြင့် သဘောတူလိုက်ရသည်။
"ပြီးရော"
ကပ်စေးနည်းလိုက်တာ။
"နောက်ဆို အဲဒီရှသာနဲ့ ဝေးဝေးနေ"
ကျီနျန်က ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
"ရှသာက ဘယ်သူလဲ"
ထိုအခါ ကျီတင်းကျိုက သူမ၏ပါးလေးကို အနီကွက်ထင်သွားသည့်တိုင် ဖြစ်ညှစ်လိုက်ပြီးနောက် စိတ်ကျေနပ်စွာ လွှတ်ပေးလိုက်သည်။
"ကျေးဇူးကန်းတဲ့ကောင်မလေး၊ မင်း ဖေဖေလို့ ခေါ်ချင်နေတဲ့လူကိုတောင် မမှတ်မိတော့ဘူးလား"
ကျီနျန် ကြောင်အမ်းအမ်းဖြစ်သွားပြီး ပြန်မေးလိုက်သည်။
"ဘာ... ဖေဖေလဲ" သူမ၏နားမလည်နိုင်ဖြစ်နေသော အမူအရာသည် အစစ်အမှန်ပင်။
ကျီတင်းကျိုက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"သာ့တန်းကို ပြုစုတဲ့သူလေ၊ အဲဒီနေ့က မင်းကို ချီသွားတဲ့လူ။ မင်းပဲ သူ့ကို ဖေဖေလို့ ခေါ်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"
အဖေဆိုသည့် စကားလုံးကို ပြောသည့်အခါ တစ်ဖက်လူ သေချာကြားရစေရန် တမင်သက်သက် ပီပီသသ အလေးပေး၍ ရွတ်ဆိုလိုက်သည်။ မျက်နှာတစ်ခုလုံး နီမြန်းနေသော ကျီနျန်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် ဆွံ့အမှင်သက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။ ဤသို့သောစကားမျိုးကို သူမ ဘယ်သောအခါမှ မပြောခဲ့ဖူးပေ။ ခဏအကြာတွင် စနစ်၏ သတိပေးမှုကြောင့် သူမ ပြောခဲ့သည့် စကားများကို သတိရသွားသည်။
"သမီးပြောတာက 'သမီး ဝမ်းသွားချင်တယ်၊ သမီးကို ဝမ်းသွားဖို့ ခေါ်သွားပေးပါ ပြောလိုက်တာ။ အဲဒါကြောင့် အီအီးလို့ ပြောလိုက်တာလေ"
[T/N - poop-poop က pa-pa နဲ့ တူသွားတာပါ]
ကျီတင်းကျို တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ကျီတင်းကျိုသည် ကျီနျန်၏ ပဟေဠိဖြစ်နေသော မျက်နှာကို မြင်သောအခါ နားကြားမှားခဲ့ခြင်းဖြစ်ကြောင်း သိရှိသွားသည်။ သို့သော်လည်း မင်းသမီးလေးသည် သူ့အမှားကို ဘယ်သောအခါမှ ဝန်ခံမည် မဟုတ်ပေ။
"ငတုံးမလေး၊ မင်းက စကားကို ပီသအောင်တောင် မပြောတတ်ဘူး"
ကျီတင်းကျိုသည် သူ၏လက်ကို ပြန်ရုပ်သိမ်းပြီးနောက် ကျီနျန်ကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
ငါးနှစ်အရွယ် ခန္ဓာကိုယ်နှင့် ကျီနျန် : ကောင်းပြီ၊ ငါ အရှုံးပေးလိုက်ပါပြီ။ မဟုတ်မှလွဲရော အဲဒီနေ့က သူ ရုတ်တရက် စိတ်တိုသွားတာ ဒါကြောင့်များလား။
ယုံကြည်ရ ခက်ခဲသော်လည်း သူမ၏ ယခင် အစီအစဉ်များ အောင်မြင်ခဲ့ပုံပေါ်သည်။ ဖခင်ဖြစ်သူက သူမအပေါ် အနည်းငယ် ဂရုစိုက်လာပုံရသည်ဟုလည်း တွေးမိသွားသည်။
"ဘာကို ကြည့်နေတာလဲ၊ ဒီကိုလာပြီး အိပ်တော့၊ ငါ ပင်ပန်းနေပြီ" ကျီတင်းကျိုသည် ကလေးကို ခေါ်လာရန် ကျစ်လျောင်ကို အချက်ပြလိုက်သည်။
ကျီနျန်သည် ဇဝေဇဝါဖြစ်သွားသော်လည်း ကျီတင်းကျို၏ဘေး၌ အလိုက်တသိ မှီအိပ်လိုက်သည်။ ကုတင်ပေါ်တွင် အကြာကြီးနေနေရသော်လည်း သူ့ထံမှ စိတ်အေးချမ်းစေသည့် နံ့သာနံ့သင်းသင်းလေး ရနေဆဲဖြစ်ရာ သူမသည် အနည်းငယ် အိပ်ချင်လာသည်။ ကလေးမလေးက သူနှင့် အလိုက်တသိ ပြုမူနေပေးကြောင်း မြင်သောအခါ ကျီတင်းကျိုက သူမ၏ဆံပင်ကောက်ကောက်လေးများကို ပွတ်သပ်ပေးရင်း ပြုံးလိုက်မိသည်။
'အရူးမလေး'
...
တစ်နေရာတွင်မူ...
"မိသားစုခေါင်းဆောင်... ကျွန်တော်တို့ လွှတ်လိုက်တဲ့လူတွေအားလုံး အသတ်ခံလိုက်ရပါပြီ"
သတင်းပို့သူသည် တံခါးကို အလောတကြီးခေါက်၍ ပြေးဝင်လာသည်။ မှန်ပြတင်းပေါက်ဘေးရှိ ဝှီးချဲပေါ်တွင် ထိုင်နေသော လူတစ်ယောက်သည် လက်ထဲရှိ ဓာတ်ပုံဘောင်ကို စိုက်ကြည့်နေသည်။ ဓာတ်ပုံထဲတွင် ပင်ကိုဆံပင်ကောက်ကောက်နှင့် လှပသော အမျိုးသမီးတစ်ဦးက ကောင်လေးတစ်ဦး၏လက်ကို ကိုင်ကာ ပြုံးနေသည်။
"မမ..." ထိုအမျိုးသားသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ့မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီးနောက် ခဏအကြာတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖုံးလွှမ်းလာကာ ကျိန်ဆိုလိုက်သည်။
"ကျွန်တော် မမအတွက် ကလဲ့စားချေပေးပါ့မယ်"
မင်းသမီးရဲ့ ဦးလေးများလား