အခန်း (၃၂)
အေမြို့တော်၏ ညချမ်းအချိန်အခါတွင်…
"ဖေဖေ... ကျီမိသားစုရဲ့ မိသားစုခေါင်းဆောင်က တကယ်ပဲ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်းနဲ့ မိစ္ဆာကြီးလို ရုပ်ဆိုးတာလားဟင်။ သူက အဆိပ်စွယ်တွေရှိပြီး ကလေးတွေကိုတောင် စားတတ်တယ်ဆိုတာ တကယ်လား"
ဇိမ်ခံကားကြီးအတွင်း၌ ဝတ်စုံပြည့် ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် မတ်မတ်ထိုင်နေသည်။ သူ၏မျက်ဝန်းများ ကြယ်ပွင့်လေးများကဲ့သို့ တောက်ပနေပြီး ငယ်ရွယ်သေးသော်လည်း ကြီးပြင်းလာလျှင် အလွန်တရာ ချောမောမည့်သူဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ပါးဖောင်းဖောင်းလေးများ ရှိနေသေးသော်လည်း သူ၏ အမူအရာကမူ လူကြီးတစ်ယောက်ကဲ့သို့ တည်ငြိမ်ရင့်ကျက်နေသည်။
ဘေးတွင်ထိုင်နေသော အမျိုးသားက နက်မှောင်စူးရှသော မျက်ဝန်းများဖြင့် ကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။
"ဒီလို ကောလာဟလတွေကို မင်း ဘယ်ကကြားလာတာလဲ"
ထို့နောက် သူသည် ဘေးက လူကို လှည့်ကြည့်၍ အမိန့်ပေးလိုက်သည်။
"ကူရှု့ယွမ် ကျောင်းမှာ ဘယ်သူတွေနဲ့ ပေါင်းသင်းနေလဲဆိုတာ စုံစမ်းလိုက်။ သူ ဒီလိုအသိဉာဏ်မရှိတဲ့ ကလေးတွေနဲ့ မပတ်သက်သင့်ဘူး"
အမိန့်ပေးပြီးနောက် ထိုအမျိုးသားက ကောင်လေးနှင့် တစ်ပုံစံတည်း ဆင်တူလှသော မျက်ဝန်းများဖြင့် သားဖြစ်သူကို တင်းမာစွာ ကြည့်လိုက်သည်။
"မင်းက ကူမိသားစုကို အမွေဆက်ခံမယ့်သူပဲ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဘယ်လိုလုပ် ယုံကြည်နေရတာလဲ။ ဒီလောက်အယုံလွယ်နေရင် နောင်တစ်ချိန် ကူမိသားစုကို မင်းလက်ထဲ ငါဘယ်လို စိတ်ချလက်ချ အပ်နှံနိုင်မှာလဲ"
ဖခင်ဖြစ်သူ၏ အမြဲတစေ ဆူပူကြိမ်းမောင်းမှုများကို ကျင့်သားရနေပြီဖြစ်သော ကောင်လေးက လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"တောင်းပန်ပါတယ် ဖေဖေ၊ သား မှားသွားပါတယ်"
တစ်ချိန်တည်းမှာပင် သူ စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်သွားသည်။
ဪ... ဒါဆို သူက ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်းနဲ့ မဟုတ်ဘူးပေါ့...။
သားဖြစ်သူက ချက်ချင်း အမှားဝန်ခံလိုက်သဖြင့် ထိုအမျိုးသား၏ ဒေါသများ အနည်းငယ် ပြေလျော့သွားသည်။
"မှတ်ထား... သူက မိစ္ဆာကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ မင်းသိထားရမှာက သူက ကျီမိသားစုရဲ့ အကြီးအကဲဖြစ်ပြီး ငါတို့ ကူမိသားစုအတွက် အကျိုးအမြတ်ရှိမယ့်လူ ဆိုတာပဲ"
"နားလည်ပါပြီ ဖေဖေ"
…
ဤဇာတ်လမ်း၏ ဇာတ်လိုက်မင်းသား ရောက်ရှိနေပြီဖြစ်ကြောင်း လုံးဝမသိရှိသေးသော ကျီနျန်သည် ဘဝ၏ အကြီးမားဆုံး ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။
"တစ်ယောက်ယောက်လောက် ပြောပြပေးကြပါဦး... ကိုယ့်အိမ်ထဲမှာတင် ငါ ဘယ်လိုလုပ်ပြီး လမ်းပျောက်နိုင်ရတာလဲ"
ကျီနျန်သည် သူမ၏ စမ်းသပ်ချက်များ ပြုလုပ်ရန် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးနေရာကို တွေ့ရှိခဲ့သော်လည်း ပြန်ရမည့်လမ်းကို သူမ လုံးဝမမှတ်မိတော့ပေ။ ပိုဆိုးသည်မှာ သူမသည် အိမ်အကူကို အိမ်သာသွားမည်ဟု ပြောခဲ့ခြင်းကြောင့် သူမ လမ်းပျောက်နေသည်ကို မည်သူမျှ မသိရှိကြခြင်းပင်။
[စနစ်ရေ... ]
ကျီနျန်သည် မတတ်သာသည့်အဆုံး မာနကို ဘေးချိတ်ကာ စနစ်ကို အကူအညီတောင်းလိုက်သည်။ သို့သော် စနစ်ကမူ မကြားချင်ယောင်ဆောင်နေသည်။ ၎င်းသည် ဂုဏ်သိက္ခာရှိသော အသိဉာဏ်တု (AI) တစ်ခုဖြစ်ပြီး လမ်းပြကိရိယာ မဟုတ်ပေ။ ထို့အပြင် စနစ်သည် ယခုအချိန်တွင် ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျချင်နေသည်။ ဇာတ်လိုက်မင်းသားနှင့် ဇာတ်လိုက်မင်းသမီးတို့ ဆုံတွေ့သည့်အခန်းသည် မူရင်းဇာတ်လမ်းအတိုင်း လုံးဝမလွဲချော်ဘဲ ဖြစ်ပေါ်နေသောကြောင့်ပင်။
အချစ်ဇာတ်လမ်းရဲ့ ကျောရိုးကတော့ မြဲနေသေးတာပဲ။
ကူရှု့ယွမ်သည် ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်းနှင့် ကျီမိသားစုအကြီးအကဲကို မတွေ့ရဘဲ ဖခင်ဖြစ်သူနှင့် လူစုကွဲသွားခဲ့ခြင်းပင်။ ကူရှု့ယွမ်သည် ထက်မြက်သူဖြစ်သဖြင့် လမ်းပြပေးမည့် ဝန်ထမ်းတစ်ဦးကို ရှာတွေ့ခဲ့သည်။ သို့သော် သူ၏အခြေအနေကို မရှင်းပြရသေးမီ အရာဝတ္ထုတစ်ခုက သူ့ခြေရင်းသို့ လိမ့်လာသည်။
ရပ်ပြီး ငုံ့ကြည့်လိုက်ရာ ၎င်းသည် နီရဲနေသော ပန်းသီးလုံးလေးတစ်လုံး ဖြစ်နေသည်။ ကူရှု့ယွမ်က ကောက်ယူပေးလိုက်သည်။
"ပန်းသီး ကောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူ မတ်တပ်ရပ်လိုက်ချိန်တွင် မောဟိုက်နေသော ကောင်မလေးတစ်ယောက်ကို ရင်ဆိုင်တွေ့လိုက်ရသည်။ သူမသည် အပြာနှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ နက်မှောင်သော ဆံနွယ်များ လေတိုက်ခတ်မှုကြောင့် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။ သူမသည် အေးချမ်းသော ရေကန်လေးများကဲ့သို့ ဝိုင်းစက်သော မျက်ဝန်းလေးများဖြင့် သူ့ကို ကြည့်နေသည်။
‘သူက ငါနဲ့ အသက်တူလောက်ပဲ... ဘယ်သူ့သမီးများလဲ…’ ကူရှု့ယွမ်က တွေးတောရင်း ပန်းသီးကို ပြန်ပေးလိုက်သည်။
"ရပါတယ်"
ရှန်ချင်းထျန်က ကူရှု့ယွမ်ကို စူးစမ်းစွာ ကြည့်နေသည်။ သူမသည် အသက်တူ ကလေးများနှင့် ဆုံတွေ့ရခဲပြီး ရှေ့ကကောင်လေးသည် တည်ငြိမ်သော မျက်နှာပေးနှင့် အလွန်ချောမောနေသဖြင့် ခေတ္တ ငေးကြည့်နေမိသည်။
"... ပန်းသီး စားမလား" သူမက ခင်မင်ရင်းနှီးသော လေသံဖြင့် မေးလိုက်သည်။
ကူရှု့ယွမ်က ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း၊ ကျေးဇူးပါ။ သူစိမ်းတွေပေးတဲ့ အစားအသောက်ကို မစားဖို့ ဖေဖေက တားထားလို့ပါ"
ရှန်ချင်းထျန်က အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း ပန်းသီးကို ပြန်ယူလိုက်သည်။
"နင့်အဖေက နင့်ကို တကယ် ဂရုစိုက်တာပဲနော်၊ သိပ်ကောင်းတာပဲ"
ကူရှု့ယွမ် အံ့ဩသွားသည်။ သူ ဤသို့ပြောလျှင် သူ၏ဖခင်သည် အလွန်တင်းကျပ်လွန်းသည်ဟုသာ အခြားကလေးများက တုံ့ပြန်လေ့ရှိကြသည်။ ဂရုစိုက်ခြင်းဖြစ်သည်ဟု ပထမဆုံးအကြိမ် သတ်မှတ်ခဲ့သူသည် ဤကောင်မလေးပင်။
"အဲဒီလိုလား"
ရှန်ချင်းထျန်က တက်ကြွစွာ ခေါင်းညိတ်ပြလိုက်သည်။
"အင်းပေါ့"
ရုတ်တရက်ဆိုသလိုပင် သူမ၏ မှတ်ဉာဏ်ထဲမှ ဝေဝါးနေသော ပုံရိပ်တစ်ခုနှင့် ကျီတင်းကျိုကို သတိရသွားမိသည်။
"ငါ တကယ် နင့်ကို အားကျတာပဲ..."
ကူရှု့ယွမ်က သူမ ဘာကို အားကျနေမှန်း နားမလည်သော်လည်း ရှေ့ကကောင်မလေး ဝမ်းနည်းနေပုံရသည်ဟု ခံစားလိုက်ရသည်။
သူ စိတ်မကောင်းဖြစ်နေတာလား...။ တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်လို့လား...။
"ငါ့နာမည် ကူရှု့ယွမ်ပါ၊ နင့်နာမည်ကရော" မည်သို့နှစ်သိမ့်ရမည်မှန်း မသိသဖြင့် ကူရှု့ယွမ်က စကားလမ်းကြောင်း လွှဲလိုက်သည်။
ရှန်ချင်းထျန်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ငါက ရှန်ချင်းထျန်ပါ၊ ငါးနှစ်ရှိပြီ။ နင်ကရော"
ကူရှု့ယွမ်ကလည်း သူ ငါးနှစ်ရှိပြီဖြစ်ကြောင်း ပြောလိုက်သည်။ အမည်များ ဖလှယ်ပြီးနောက် ကလေးနှစ်ဦး ရင်းနှီးသွားကြသည်။ ကူရှု့ယွမ်က သူမ မည်သည့်မိသားစုကဖြစ်ကြောင်း မမေးရသေးမီ ရှန်ချင်းထျန်ကို လာခေါ်မည့်သူ ရောက်ရှိလာသည်။
ထွက်ခွာသွားသော ရှန်ချင်းထျန်ကို ကြည့်ရင်း ကူရှု့ယွမ်သည် အကြောင်းရင်းမရှိဘဲ ဖခင်ဖြစ်သူထံသို့ မပြန်သေးဘဲ သူမနောက်သို့ လိုက်သွားမိသည်။ ထို့နောက်... သူ လမ်းပျောက်သွားတော့သည်။
ကူရှု့ယွမ် — “……”
ကူမိသားစု၏ အရွယ်မရောက်သေးသော သခင်လေးသည် ကလေးမျက်နှာနှင့် မလိုက်ဖက်အောင်ပင် လူကြီးတစ်ယောက်လို သက်ပြင်းချလိုက်သည်။ သူသည် ဖုန်းကို ထုတ်ယူပြီး တစ်ယောက်ယောက်ကို လာခေါ်ခိုင်းရန် ပြင်ဆင်လိုက်သည်။ ဖခင်ဖြစ်သူက သူ့ကို လျှောက်သွားနေသည့်အတွက် ဆူပူမည်ကို သိနေသော်လည်း မတတ်နိုင်တော့ပေ။ သို့သော် သူ့ဖုန်းကို မဖွင့်ရသေးမီ အနီးနားမှ အလင်းရောင်ဖျော့ဖျော့တစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ပုလင်းလေးတစ်လုံး ကိုင်ကာ ထိုင်နေသော ပုံရိပ်တစ်ခု ဖြစ်သည်။ ပုလင်းထဲတွင် ပိုးစုန်းကြူးလေးများ ပျံသန်းနေပြီး ထိုအလင်းရောင်သည် ကြယ်မှုန်လေးများကဲ့သို့ တောက်ပနေသည်။
"အဲဒါ ပိုးစုန်းကြူးတွေလား"
စာအုပ်နှင့် ဗီဒီယိုများတွင်သာ မြင်တွေ့ဖူးသဖြင့် ကူရှု့ယွမ်တစ်ယောက် စိတ်ဝင်တစားနှင့် အနားသို့ တိုးသွားသည်။ သို့သော် သူ၏မေးခွန်းသည် မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ ထိုအခါမှ သူသည် ပုလင်းကိုကြည့်နေရာမှ ပုလင်း ကိုင်ထားသူ၏ မျက်နှာကို ကြည့်လိုက်မိသည်။ ၎င်းသည် ကွေးကောက်သော ဆံနွယ်လေးများနှင့် အရုပ်ကလေးတစ်ရုပ်ကဲ့သို့ လှပသော ကောင်မလေးတစ်ယောက် ဖြစ်သည်။ ကူရှု့ယွမ်ကို အဖမ်းစားနိုင်ဆုံးအရာသည် သူမ၏ မြစိမ်းရောင်သန်းနေသော မျက်ဝန်းများပင်။
ထိုမျက်ဝန်းများသည် သူ့မိခင်၏ ရတနာသေတ္တာထဲက တန်ဖိုးကြီးလှသော ကျောက်စိမ်းများထက်ပင် ပို၍ လှပနေသည်။ သူမ၏ ဘာမှမသိနားမလည်သလို ငေးငိုင်နေသော အမူအရာနှင့် နိုင်ငံခြားဆန်သော မျက်နှာကို မြင်သောအခါ ကူရှု့ယွမ် သူမကို သနားမိသွားသည်။
သူက စကားမပြောတတ်တဲ့ နိုင်ငံခြားသူ ကလေးတစ်ယောက်ပဲဖြစ်ရမယ်...။
သူမက မည်သည့်နိုင်ငံသားဖြစ်ကြောင်း မသိသဖြင့် ကူရှု့ယွမ်က အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ အမြဲဆောင်ထားသော မှတ်စုစာအုပ်ငယ်လေးကို ထုတ်ယူ၍ စာတစ်ကြောင်း ရေးသားပြီး သူမကို ပြလိုက်သည်။
'နင့်လက်ထဲက ပိုးစုန်းကြူးတွေလား။ ငါ့ကို ဘယ်လောက်နဲ့ ရောင်းမလဲ'
ထိုလှုပ်ရှားမှုကြောင့် စနစ်ကို အကူအညီတောင်းနေသော ကျီနျန် ထိတ်လန့်သွားပြီးနောက် အရှေ့တွင် လူတစ်ယောက် ရှိနေကြောင်း သတိထားမိသွားသည်။ သူမ သတိပြန်ဝင်လာသည်နှင့် သေသေချာချာ ကြည့်လိုက်သောအခါ ဝတ်စုံပြည့်ဖြင့် လူကြီးပေါက်စလေးကဲ့သို့ ခန့်ညားသော ကောင်လေးတစ်ယောက် ဖြစ်ကြောင်း တွေ့လိုက်ရသည်။
စနစ်က မကောင်းသော အရိပ်အမြွက်ကို ခံစားမိသဖြင့် ချက်ချင်း သတိပေးလိုက်သည်။
[အဲဒါ ဇာတ်လိုက်မင်းသား ကူရှု့ယွမ်ပဲ ]
ဇာတ်လိုက်မင်းသားဟူသော အသံကို ကြားလိုက်ရသည်နှင့် ကျီနျန်၏ ပေါ့ပါးသော အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမ၏ မြစိမ်းရောင်သန်းနေသော မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သားကောင်ကို စိုက်ကြည့်နေသော မုဆိုးတစ်ယောက်ကဲ့သို့ စူးရှသွားတော့သည်။
[ဪ... ဇာတ်လိုက်မင်းသားပေါ့... မူရင်းဇာတ်လမ်းထဲမှာ မူရင်းပိုင်ရှင်လေး အပြစ်ပေးခံရပြီးတာတောင် သေတဲ့အထိ ဒုက္ခပေးခဲ့တဲ့ ကောင်ပေါ့... အဲဒီလူယုတ်မာ မဟုတ်လား]
ကျီနျန်က ဘာမှပြန်မပြောသဖြင့် ကူရှု့ယွမ်က သူမသည် ပိုက်ဆံကို စိတ်မဝင်စားဘူူဟု ထင်မှတ်ကာ နောက်ထပ်စာတစ်ကြောင်း ရေးပြလိုက်ပြန်သည်။
'ဒါမှမဟုတ် နင် လိုချင်တာ တစ်ခုခုရှိရင်လည်း အဲဒါနဲ့ လဲလို့ရတယ်'
ကျီနျန်သည် စောစောက သတိမထားမိသော်လည်း ကူရှု့ယွမ်က မှတ်စုစာအုပ်ကို ထပ်ပေးလာသောအခါမှ အင်္ဂလိပ်စာတန်းကို မြင်လိုက်ရသည်။
ဒါ ဘာလဲ... ငါ့ကို အင်္ဂလိပ်စာ တတ်တယ်ဆိုပြီး လာကြွားနေတာလား။ ငါလည်း တတ်တာပေါ့ ဟ။
ကျီနျန်သည် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး ကူရှု့ယွမ်၏ မှတ်စုစာအုပ်နှင့် ဘောပင်ကို ဆွဲယူကာ အားပါးတရ ပြန်ရေးပေးလိုက်သည်။ ကူရှု့ယွမ်က မှတ်စုစာအုပ်ကို ပြန်ယူ၍ ဖတ်ကြည့်လိုက်သောအခါ ကျီနျန်၏ အဖြေသည် —
‘နင့်ရဲ့ ငှက်ကလေး’
[T/N - ကျီနျန်က အီးဂလိတ်လို ရေးလိုက်တာပါ။]