အခန်း (၂၉)
ကျီနျန် နိုးလာချိန်တွင် အိပ်ရေးဝနေသောကြောင့် တစ်ကိုယ်လုံး နေရထိုင်ရ အလွန်ပင် သက်သောင့်သက်သာရှိလှသည်။ ပထမတော့ သူမ၏ ယခင် ဘဝရှိ အဆောင်က ကုတင်ပေါ်တွင် ရောက်နေသည်ဟု ထင်မိသော်လည်း ခဏအကြာတွင် ထိုအဆောင်၏ကုတင်သည် ယခုကဲ့သို့ အိစက်ညက်ညောခြင်း မရှိကြောင်း သတိရသွားသည်။
[ဪ... ဟုတ်သားပဲ၊ ငါက အခု ကျီပါ့ရဲ့ သမီး ကျီနျန် ဖြစ်နေတာပဲ]
စနစ် [ ……… ] အဲ့ဒီ့ နာမည်ကြီးကို မေ့လိုက်လို့ မရဘူးလား။
ကျီနျန် လုံးဝသတိဝင်လာချိန်တွင် ပတ်ဝန်းကျင် ပြောင်းလဲနေသည်ကို သတိထားမိလိုက်သည်။ သူမ အိပ်နေသည့် အခန်းသည် ဆေးရုံအခန်း မဟုတ်တော့ဘဲ ကျီတင်းကျို၏ အိပ်ခန်းဖြစ်သည်။ ထိုနံ့သာနံ့သင်းသင်းသည် ကျီတင်းကျို၏ အိပ်ခန်းရှိ အနံ့ပင် ဖြစ်သည်။
စနစ်က ကြင်နာစွာ သတိပေးလိုက်သည်။
[နင် အိပ်ပျော်သွားပြီး သုံးနာရီအကြာမှာ ကျီတင်းကျိုက နင့်ကို ပြန်ခေါ်လာတာ၊ ဝန်ထမ်းတွေက ကုတင်လိုက်ကြီး သယ်လာလို့ နင် မသိလိုက်တာ]
သိပြီ၊ ဒါဆို အိပ်နေတုန်း ခေါ်လာတာပေါ့လေ။
ဘေးနားတွင်လည်း နွေးထွေးသော အထိအတွေ့နှင့်အတူ တည်ငြိမ်သော အသက်ရှူသံကို ကြားနေရသည်။ ကျီတင်းကျိုသည် အိပ်နေသည့်တိုင် အနေအထားမှန်မှန်ဖြင့် လဲလျောင်းနေသည်။ ကျီနျန်ကမူ ကုတင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်နေသဖြင့် သူ့ကို ကန်မိမည်စိုးသောကြောင့် အသာအယာ ထထိုင်လိုက်ပြီး ဘေးသို့ တိုးလိုက်သည်။
[အမှန်ဆို မင်းသမီးလေး ငါနဲ့ မအိပ်သင့်ဘူး၊ သူ့ဒဏ်ရာတွေကို ငါ ကန်မိသွားရင် ဘယ်လိုလုပ်မလဲ]
ထိုစဉ် ကျီတင်းကျို မျက်လုံးဖွင့်လာပြီး အိပ်ချင်မူးတူး အသံဖြင့် မေးလာသည်။
“ပန်းနီရောင်လိပ်ကလေး... ဘယ်နှစ်နာရီ ရှိပြီလဲ”
"နံနက် ကိုးနာရီခွဲ ရှိပါပြီ"
လိုက်ကာများကို ဖွင့်လိုက်သောအခါ ဝင်လာသည့် အလင်းရောင်ကြောင့် သားအဖနှစ်ဦးလုံး မျက်စိစူးသွားကြသည်။ ကျစ်လျောင် အခန်းထဲသို့ ဝင်လာချိန်တွင် ကျီတင်းကျိုသည် ကျီနျန်၏ ဆံပင်ကောက်လေးများကို ဆော့ကစားလျက် သူမ၏ စိတ်တိုနေသော မျက်နှာလေးကို ကြည့်ကာ သဘောကျနေသည်။ ကျီနျန်အတွက်မူ ကျစ်လျောင်သည် ကယ်တင်ရှင်တစ်ဦးကဲ့သို့ပင်၊ ထိုအခါ သူမ၏ နားရွက်များ ထောင်မတ်သွားပုံပေါ်သည်။
"မမကျစ်လျောင်"
ကျီတင်းကျိုက စုတ်သပ်လိုက်သည်။ သူသည် ဒဏ်ရာကြောင့် သိပ်မလှုပ်ရှားနိုင်သဖြင့် နံနက်စာကို ကုတင်ပေါ်တွင် စားလိုက်သည်။ ကျီနျန်ကမူ ကျီတင်းကျို၏ ကျေးဇူးကြောင့် အဝတ်အစားနှင့် အစားအသောက်များ အဆင်သင့် ရရှိထားသော သူဌေးကြီးတစ်ဦးကဲ့သို့ ဇိမ်ခံနေသည်။ စားသောက်ပြီးနောက် ကျီနျန်က အပြင်ထွက်ချင်သော်လည်း ဆရာဝန် ရောက်လာသဖြင့် ပြန်ထိုင်လိုက်သည်။ ဆရာဝန်သည် ကျီနျန်နှင့် ရင်းနှီးသော ဆရာဝန်မကြီးဖြစ်ရာ၊ သူမသည် ကျီနျန်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
ဆရာဝန်မကြီးသည် ကျီတင်းကျို၏စူးရှသော အကြည့်များကြောင့် ကလေးငယ်၏ နူးညံ့စိုပြည်သော ဆံပင်လေးများကို ပွတ်သပ်ပေးချင်သော်လည်း လက်သည် လမ်းခုလတ်၌ပင် တုံ့ဆိုင်းသွားသည်။ ကျီတင်းကျိုသည် ပိန်ပါးသူဖြစ်သော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်လှသည်။ ရက်အနည်းငယ်အတွင်းပင် ဒဏ်ရာများ အနာဖေးတက်စပြုနေပြီ ဖြစ်သော်လည်း ကြည့်ရသည်မှာ ကြောက်စရာကောင်းနေဆဲပင်။ ဤမြင်ကွင်းသည် ကလေးတစ်ယောက်အတွက် မသင့်တော်သဖြင့် ဆရာဝန်မကြီးက ကျီနျန်ကို နှစ်သိမ့်ရန် ပြင်ဆင်လိုက်သော်လည်း၊ ကလေးမလေးသည် ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်ဝင်တစားပင် စောင့်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ကျီတင်းကျိုနှင့် ကျစ်လျောင်တို့သည်လည်း ဤအခြေအနေကို ထူးဆန်းသည်ဟု မယူဆကြပေ။ ကျီနျန်က ကျီတင်းကျိုကိုတောင်းဆိုဟန်ဖြင့် ကြည့်လိုက်သည်။ ကျီတင်းကျိုကမူ သူမကို လှည့်မကြည့်ဘဲ ငတုံးမလေး၏ အတွေးများကို ကောင်းကောင်းသိနေ၏။
"သူ့ကို ပေးလုပ်ခိုင်းလိုက်"
သူသည် အိပ်ရေးဝထားသဖြင့် စိတ်ကြည်လင်နေဟန်ရှိသည်။
ကျစ်လျောင် : 'အထင်လွဲမှုတွေ ရှင်းသွားကြပြီပေါ့လေ'
ဆရာဝန်မကြီးသည်လည်း အခြားရွေးချယ်စရာမရှိသဖြင့် ပတ်တီးလိပ်ကို ကျီနျန်အား ပေးလိုက်ရသည်။ ကလေးမလေး၏ အပြုအမူများ အမှားအယွင်းရှိပါက စကားဖြင့် လမ်းညွှန်ရန် ပြင်ထားသော်လည်း ကျီနျန်က ပတ်တီးကို ကိုင်လိုက်သည်နှင့် ခေတ္တစဉ်းစားပြီးနောက် စတင်ပတ်တော့သည်။ သူမ၏ လက်ရာသည် စံနမူနာကျလောက်အောင် တိကျသေသပ်လှပြီး ဆရာဝန်မကြီး ပြုလုပ်ပြခဲ့သည့်အတိုင်း တစ်ထပ်တည်း ပြန်လည်လုပ်ဆောင်နိုင်ခဲ့သည်။
"သမီးက အရမ်းတော်တာပဲ။ ချီးကျူးဖို့ ကောင်းလိုက်တာ"
ဆရာဝန်မကြီးက စိတ်ရင်းဖြင့် ချီးကျူးလိုက်ခြင်းဖြစ်သည်။ ကျီနျန်ကမူ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးကို ကုတ်နေမိသည်။ သူမသည် အမှန်တကယ် ငါးနှစ်သမီးလေး မဟုတ်ပေ။
"မဆိုးဘူး"
ကျီတင်းကျိုကလည်း ခပ်ရှားရှား ချီးကျူးစကားဆိုရင်း လက်မောင်းကို လှုပ်ရှားကာ ကျီနျန်၏ လက်ရာကို စစ်ဆေးလိုက်သည်။ မိမိသမီးဖြစ်သဖြင့် ထက်မြက်ခြင်းသည် သဘာဝကျသည်ဟု သူ ယူဆနေသည်။ အစောပိုင်းတွင် ကျီနျန်က ဟန်ဆောင်ပြီး ရှက်နေခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ဖခင်ဖြစ်သူ၏ ချီးကျူးစကားကြောင့် အမှန်တကယ် ရှက်သွေးဖြာသွားသည်။
"သူ့ကိုလည်း စစ်ဆေးပေးလိုက်ဦး"
ကျီနျန်က ထွက်သွားချင်နေသည့် အမူအရာပြနေသဖြင့် ကျီတင်းကျိုက ဆရာဝန်မကြီးကို အချက်ပြလိုက်သည်။ ဆရာဝန်မကြီးက ခေါင်းညိတ်ကာ ကျီနျန်ကို တစ်ဖက်ခန်းသို့ ခေါ်သွားပြီး တစ်ကိုယ်လုံး စစ်ဆေးမှုများ ပြုလုပ်ပေးပြီးနောက် ပြန်သတင်းပို့လာသည်။
"နဖူးနဲ့ လက်က ဒဏ်ရာတွေက မပြင်းထန်ပါဘူး၊ ရက်အနည်းငယ်အတွင်း သက်သာသွားမှာပါ။ ရေမထိအောင် ဂရုစိုက်ပါ၊ ဆီဘူးထောပတ်၊ အစပ်နဲ့ ပင်လယ်စာတွေကို ရှောင်ရမယ်။ ခန္ဓာကိုယ်ပေါ်က အမာရွတ်ဟောင်းတွေလည်း အရင်ကထက် အများကြီး သက်သာလာပြီ။ အမာရွတ်ပျောက်ဆေး ဆက်သုံးပေးမယ်ဆိုရင် နှစ်အနည်းငယ်အတွင်း မှေးမှိန်သွားမှာပါ"
ကျီတင်းကျိုက ခေါင်းညိတ်လိုက်သော်လည်း ဆရာဝန်မကြီးက တစ်စုံတစ်ရာ ပြောရန် တွန့်ဆုတ်နေသဖြင့် ဆက်ပြောရန် အချက်ပြလိုက်သည်။
"ကလေးအတွက် စိတ်ပညာရှင်တစ်ယောက် ရှာပေးဖို့ စဉ်းစားသင့်လား" ဆရာဝန်မကြီး မေးလိုက်သည်။
ထိုအခါ ကျီတင်းကျိုနှင့် ကျစ်လျောင်တို့ နှစ်ယောက်လုံး ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
ဆရာဝန်မကြီး : "........."
ကျီတင်းကျို ကြီးပြင်းခဲ့ရသည့် ပတ်ဝန်းကျင်ကို သတိရသွားပြီးနောက် ၎င်းတို့၏ အပြုအမူများ မဆန်းပါဘူးဟုသာ ဆရာဝန်မကြီး တွေးလိုက်သည်။ အသက်အရွယ်အရ ကြည့်မည်ဆိုလျှင် ကျီတင်းကျိုသည် ဆရာဝန်မကြီး၏ အမြင်တွင် ကလေးတစ်ယောက်သာ ရှိသေးသည်။ ကလေးမလေးသည် ယခင်က ကလေးထိန်း၏ နှိပ်စက်မှုကို ခံခဲ့ရသည့်အပြင်၊ ယခုလည်း တိုက်ခိုက်ခံရမှုနှင့် ကြုံတွေ့ထားရပြန်ရာ သွေးထွက်သံယိုမြင်ကွင်းများကို မြင်တွေ့ခဲ့ သဖြင့် စနစ်တကျ လမ်းညွှန်မှုမရှိပါက စိတ်ဒဏ်ရာရရှိသွားနိုင်ပြီး နောင်တစ်ချိန် သူမ၏ကြီးထွားမှုအပေါ် သက်ရောက်မှုရှိနိုင်ကာ ဆိုးရွားပါက စိတ်ကျရောဂါအထိပင် ဖြစ်ပွားနိုင်ပေသည်။
"အခုလောလောဆယ် သိသာထင်ရှားတဲ့ လက္ခဏာ မပြသေးပေမယ့် အတွင်းစိတ်မှာတော့ ပြဿနာတွေ ရှိနေနိုင်ပါတယ်။ ဒီအရွယ်က မိဘတွေအနေနဲ့ အထူးဂရုစိုက်ပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်"
ကျီတင်းကျိုက စဉ်းစားခန်းဝင်သွားပြီး၊ ကျီတင်းကျိုနှင့် ကျီနျန်တို့၏ အနီးအနားမှလွဲ၍ ပုံမှန်အားဖြင့် မည်သည့်ခံစားချက်မျှ ဖော်ပြလေ့မရှိသော ကျစ်လျောင်မူ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့် အမူအရာမျိုး ပြသလာသည်။
"နားလည်ပါပြီ၊ ကျွန်မ စီစဉ်လိုက်ပါ့မယ်"
၎င်းတို့နှစ်ဦးစလုံးသည် ဤအချက်ကို သတိမမူမိဘဲ လျစ်လျူရှုထားခဲ့မိသည်။ ကျီတင်းကျိုသည် ငယ်စဉ်ကတည်းက မိမိဘာသာ ရပ်တည်လာခဲ့ရသူဖြစ်ပြီး၊ ကျစ်လျောင်သည်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် မိခင်ကွယ်လွန်ပြီးနောက် နှိပ်စက်တတ်သော ဖခင်နှင့်သာ ကြီးပြင်းခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးစလုံးအတွက် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းဆိုသည် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာဖြစ်၍ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုကိုမူ ရိုးရှင်းစွာ နားမလည်ခဲ့ကြပေ။
ဆရာဝန်မကြီးကမူ ဤအခြေအနေကို နားလည်နိုင်ပုံရသည်။
"ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တာက နူးညံ့တဲ့ ပန်းကလေးတစ်ပွင့်ကို ပျိုးထောင်ရသလိုပဲ။ ရေလောင်း၊ မြေဩဇာကျွေးပြီး ဖျက်ဆီးမယ့် ရန်သူတွေဆီကနေ ကာကွယ်ပေးရုံတင်မကဘူး၊ သူတို့ကိုယ် သူတို့ ဘေးကင်းလုံခြုံတယ်လို့ ခံစားရအောင် ချစ်ခြင်းမေတ္တာတွေလည်း အပြည့်အဝပေးဖို့ လိုအပ်တယ်"
ကျီနျန်တစ်ယောက် သူမအသည်းစွဲ ပုစွန်အရသာ မုန့်ထုပ်လေးကို ကိုင်ပြီး ပြန်လာချိန်တွင်တော့ အလကားရလာသော ဖခင်နှင့် ကျစ်လျောင်တို့၏ စူးစိုက်နေသော အကြည့်များနှင့် တိုးလေတော့သည်။
ကျီနျန် : "……… စားမလို့လား"
"ဒါပေမယ့် နည်းနည်းပဲ ရမှာနော်"
ဤသည်မှာ သူမကိုယ်တိုင်ပင် အားရပါးရ မစားရက်သော မုန့်ကလေးဖြစ်သည်။ သူမ၏ မုန့်ကို နှမြောတသဖြစ်နေသော်လည်း သနားစရာကောင်းလှသော ပုံစံလေးကို ကြည့်ကာ ကျီတင်းကျိုက သူမကို အနားသို့ လှမ်းခေါ်လိုက်သည်။
"ခုနလေးတင်မှ ထမင်းစားပြီးတာကို အခု မုန့်ထပ်စားနေပြန်ပြီ၊ မင်းက ဝက်ကလေးလား"
ပါးစပ်ကသာ ဆူပူနေသော်လည်း ကျီတင်းကျိုသည် တကယ်တမ်း စိတ်ဆိုးနေခြင်းမဟုတ်ဘဲ ကျီနျန်ကို ပို၍ စားသောက်စေချင်နေသည်။ ဤဖြစ်ရပ်ဆိုးကြောင့် သူမ၏ အနည်းငယ် မြင့်တက်လာသော ကိုယ်အလေးချိန်များ ပြန်ကျသွားပြီး ယခင်ကကဲ့သို့ ပြန်ပိန်သွားသဖြင့် သူမ၏ မျက်လုံးဝိုင်းဝိုင်းများ ပို၍ပင် ထင်ရှားလာသည်။
သူမ၏ မုန့်ကို လုမစားမှန်း သိသွားသဖြင့် ကျီနျန်က ဂရုမစိုက်တော့ဘဲ သူပြောသမျှကို ငြိမ်ခံနေလိုက်သည်။ ရှန်ချင်းထျန် ရောက်လာချိန်တွင်တော့ ကျီတင်းကျို၏ ဘေးနားတွင် ကျီနျန်တစ်ယောက် ရုပ်ပြစာအုပ်ကို မှောက်လျက်သား ငုံ့ကြည့်နေကြောင်း လှမ်းမြင်လိုက်ရသည်။ ခြေသံကြားသဖြင့် သားအဖနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြရာ နက်မှောင်သော ဆံနွယ်များနှင့် စိမ်းမြမြမျက်ဝန်းများ၊ ချောမောလှပသော ရုပ်ရည်နှင့် ခဏတာ ငေးငိုင်နေသော အမူအရာများ ထပ်တူကျလောက်အောင် ဆင်တူလှသည်။ ၎င်းတို့နှစ်ဦးကြားတွင် ပြင်ပလူများ ဝင်ရောက်၍မရနိုင်သော လေထုတစ်ခု ရှိနေပြီး မမြင်နိုင်သော အတားအဆီးတစ်ခုက ၎င်းတို့ကို အခြားသူများထံမှ ခွဲထုတ်ထားသကဲ့သို့ပင်။ ရှန်ချင်းထျန်၏ ခြေလှမ်းများ မသိမသာ တုံ့ဆိုင်းသွားလေသည်။