no

Font
Theme

အခန်း (၃၁)

ကျီမိသားစုတစ်ခုလုံး ကျင်းပမည့် ညစာစားပွဲအတွက် အလုပ်ရှုပ်နေစဉ်အတွင်း သီးသန့်ဖယ်ထားသော အခန်းတစ်ခန်းထဲမှ ကြောက်လန့်တကြား ငိုညည်းသံသဲ့သဲ့ကို ကြားနေရသည်။ ရှန်ချင်းထျန်သည် ထိုအသံကြောင့် လန့်သွားသော်လည်း အထဲရှိ အမျိုးသမီးသည် သူမကို အမြဲဂရုစိုက်ပေးခဲ့သော နာနီဖြစ်သည့်အတွက် သတ္တိမွေး၍ အထဲသို့ လှမ်းလာသည်။ အခန်းထဲရှိ လိုက်ကာအားလုံးကို ပိတ်ထားသော်လည်း ခပ်ညံ့ညံ့ အပြာရောင်ပိတ်သားသည် အလင်းကို ကောင်းစွာမကာကွယ်နိုင်ပေ။ အထဲသို့ တိုးဝင်လာသော အလင်းရောင်သဲ့သဲ့အောက်တွင် ကုတင်ပေါ်၌ လဲလျောင်းနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ရှန်ချင်းထျန်သည် တစ်ဖက်က ချိုင့်ဝင်နေသော စောင်ပုံကြီးကို သေချာမကြည့်ရဲဘဲ သူမယူလာသော ပန်းများကို ပန်းအိုးထဲသို့ ထိုးထည့်လိုက်သည်။

“အန်တီ... နာနေသေးလားဟင်"

“ထျန်ထျန် သီချင်းအသစ်တစ်ပုဒ် သင်ထားတယ်။ အန်တီ နားထောင်ချင်လား"

သူမတို့ စရှိရောက်ခါစက တက်ကြွလှုပ်ရှားနေသော အမူအရာနှင့် နှိုင်းယှဥ်လျှင် နာနီသည် ယခုအခါ သူမ၏ခြေထောက်နှင့်အတူ ဘဝ၏ရှင်သန်မှု စွမ်းအင်ပင် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူမ၏မျက်လုံးများ အသက်မဲ့နေပြီး ရံဖန်ရံခါတွင်လည်း မည်သူမျှ နားမလည်နိုင်သော ကြောက်ရွံ့မှုများဖြင့် ရှိုက်ကြီးတငင် ငိုယိုနေတတ်သည်။ ရှန်ချင်းထျန်၏အသံကို ကြားလိုက်ရချိန်တွင် ကုတင်ပေါ်မှ ပုံရိပ်သည် အနည်းငယ် လှုပ်ရှားလာသည်။ ထိုအမျိုးသမီးက သူမကို သတိထားမိသွားပြီဟု ထင်မှတ်ကာ ရှန်ချင်းထျန်က အရှေ့သို့တိုးပြီး သူမ၏လက်ကို ဆုပ်ကိုင်ရန် ပြင်လိုက်သည်။ ရှန်ချင်းထျန်သည် လူအများအပြားကို မေးမြန်းကြည့်ခဲ့ရာ ယခုခေတ် နည်းပညာအရ ခြေတုလက်တုများဖြင့် ပြန်လည်လမ်းလျှောက်နိုင်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် သူမက ထိုခြေတု ဝယ်ပေးပြီး အန်တီ ပြန်မတ်တပ်ရပ်နိုင်အောင် ကူညီပေးမည်ဟု ပြောချင်နေသည်။

သို့သော် သူမ စကားမပြောရသေးမီပင် နာနီ၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းစွာ ပုံပျက်ပန်းပျက်ဖြစ်သွားပြီး သူမကို အပြင်ထွက်သွားရန် အော်ဟစ်တော့သည်။ အော်ရုံတင်မကဘဲ ကုတင်ဘေးရှိ ပန်းအိုးကိုပင် လှမ်းယူကာ ရှန်ချင်းထျန်ကို ပစ်ပေါက်လိုက်သည်။

ကြွေပန်းအိုးကွဲသံသည် အခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး နှင်းစက်လေးများ စိုစွတ်နေဆဲဖြစ်သော ပန်းလေးများသည်လည်း မြေပြင်ပေါ်သို့ အဖတ်ဆယ်မရအောင် ပြန့်ကြဲသွားတော့သည်။

“ဒီမိန်းမကို ထိန်းထားကြစမ်း"

ကျီမိသားစုယူနီဖောင်း ဝတ်ဆင်ထားသော အိမ်အကူတစ်ဦး ဝင်ရောက်လာပြီး ကျန်သည့်အိမ်အကူများကို နာနီအား ချုပ်ထားရန် အမိန့်ပေးလိုက်သည်။

“မသခင်မလေးရှန်၊ ဒီဘက်ကို လာပါ။ ဒဏ်ရာရသွားသေးလား"

နာနီသည် လှုပ်ရှားနိုင်စွမ်း မရှိတော့သဖြင့် ကျီတင်းကျိုက ရှန်ချင်းထျန်ကို ပြုစုရန် အိမ်အကူအသစ်တစ်ဦး ခန့်အပ်ပေးထားခြင်း ဖြစ်သည်။ အိမ်အကူမလေးက သူမကို ဖက်ထားလိုက်မှသာ ရှန်ချင်းထျန် တစ်ကိုယ်လုံး တုန်ယင်နေကြောင်း သတိထားမိတော့သည်။ အပြင်သို့ရောက်သောအခါ ရှန်ချင်းထျန်သည် အဆက်မပြတ် ပျို့အန်တော့သည်။ သူမသည် သွေးထွက်သံယို မြင်ကွင်းကို အလွန်မုန်းတီးသူ ဖြစ်သည်။ အိမ်အကူမလေးက သူမကို တာဝန်ကျေစွာ ပြုစုပေးသော်လည်း ၎င်းတို့ဆက်ဆံရေးကို အကွာအဝေးတစ်ခုခန့် ထိန်းထားဆဲဖြစ်သည်။ သူမကို နှစ်သိမ့်ခြင်းလည်း မရှိသလို ထိုအခန်းထဲသို့ သွားမိသည့်အတွက်လည်း ဆူပူခြင်း မရှိပေ။ သူမသည် ခံစားချက်မရှိသော ကလေးထိန်းစက်ရုပ်တစ်ရုပ်နှင့် ဆင်တူနေသဖြင့် ရှန်ချင်းထျန် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် ‘ဒီအိမ်အကူက ငါ့ကို မုန်းနေတာလား၊ သူ ငါ့ကို သဘောကျလာအောင် ဘယ်လိုလုပ်ရမလဲ’ ဟုလည်း သူမ တွေးနေမိသည်။

နာနီ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသည့်သတင်းသည် ကျီနျန်ဆီသို့လည်း ရောက်ရှိလာသည်။ ကျီနျန်သည် ဒဏ်ရာများ အတော် သက်သာနေပြီဖြစ်ကာ နဖူးပေါ်မှ ပတ်တီးကိုလည်း ဖြုတ်ထားလိုက်ပြီဖြစ်သည်။ အမာရွတ် တချို့သာ ကျန်ရှိတော့သဖြင့် ဆရာဝန်က အမာရွတ်ပျောက်ဆေး ဆက်လိမ်းပေးရန် မှာကြားထားသည်။

[ဒီအဖြစ်အပျက်တွေက တစ်ခုခုတော့ မှားနေသလိုပဲ...]

ကျီနျန်သည် ငတုံးမဟုတ်ပေ။ သူမနှင့် ရှန်ချင်းထျန်တို့အပေါ် ကျီတင်းကျို၏ ဆက်ဆံပုံသည် သိသိသာသာ ကွာခြားနေကြောင်း သူမ မြင်တွေ့နေရသည်။ ကျီတင်းကျိုသည် ရှန်ချင်းထျန် စကားစပြောသည့် အချိန်မှလွဲ၍ သူမကို ဘယ်သောအခါမှ စကားစမပြောခဲ့ပေ။ သို့သော် သူသည် ရှန်ချင်းထျန်ကို လိုလေသေးမရှိအောင် အကောင်းဆုံး အသုံးအဆောင်များ ပေးအပ်ထားသည်။

[ဒါက ဇာတ်လမ်းထဲကလိုမျိုး အဏုမြူဗုံး ၈၈ လုံး လက်ဆောင်ပေးသလို အလိုလိုက်တာမျိုးနဲ့ မတူဘူးလေ]

မှန်ကန်စွာ ပြောရမည်ဆိုလျှင် သူသည် ရှန်ချင်းထျန်ထက် ကျီနျန်ကို ပိုပြီး အလေးထားနေသလိုပင်။ မင်းသမီးလေးဟု အမည်တပ်ခံထားရသော ကျီတင်းကျိုသည် ရံဖန်ရံခါတွင် စိတ်အပြောင်းအလဲ မြန်တတ်သော်လည်း ကျီနျန်အပေါ်တွင် အမှန်တကယ် အလိုလိုက်ထားကြောင်း သူမ သိလိုက်ရသည်။

ဥပမာအားဖြင့် ယခုကဲ့သို့မျိုးပေါ့ —

“ကျစ်လျောင်... ဒါတွေက ကျောက်ခဲတွေလား"

ကတ္တီပါစပေါ်တွင် တင်ထားသော ‘ကျောက်ခဲ’ များကိုကြည့်ကာ ကျီနျန် ကြောင်အမ်းအမ်း ဖြစ်နေသည်။

ကျစ်လျောင်က ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။

“မိသားစုခေါင်းဆောင်က သခင်မလေး ရေပေါ် ကျောက်ခဲပစ်ကစားချင်တယ်ဆိုလို့ အလှဆုံး ကျောက်ခဲလေးတွေ ရှာခိုင်းလိုက်တာပါ”

ထိုအလှဆုံး ကျောက်ခဲဆိုသည်... တောက်ပနေသော ရတနာများနှင့် ကျောက်စိမ်းတုံးများကို ဆိုလိုခြင်းဖြစ်သည်။ အလင်းအောက်တွင် တလက်လက်တောက်ပနေသော ထိုကျောက်မျက်ရတနာများကို ကြည့်ပြီး ကျီနျန် ခေါင်းပင် မူးဝေသွားရသည်။

ငါ လိုချင်တာက ရေပေါ် ပစ်ကစားဖို့ သာမန်ကျောက်ခဲလေးတွေပါဆိုတာကို…။

တရားခံဖြစ်သူ ကျီတင်းကျိုကမူ ပြဿနာကို သတိမထားမိသည့်အပြင် ကျစ်လျောင် ယူလာသော ကျောက်ခဲများ ရုပ်ဆိုးသည်ဟုပင် ပြစ်တင်ဝေဖန်နေသေးသည်။

ကျီနျန် — “……”

နောက်ဆုံးတွင် ကျီနျန်သည် ကျောက်ခဲပစ်ကစားခြင်းကို လက်လျှော့လိုက်ပြီး သာ့တန်းကို တက်စီးကာ လျှောက်သွားတော့သည်။ သာ့တန်းသည်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် လျှာကြီးထုတ်ကာ ကျီနျန်ကို တင်ပြီး ပြေးလွှားနေသည်။ ထိုစဉ် ကျီတင်းကျိုနှင့် ထိပ်တိုက်တိုးကာ နှစ်ယောက်စလုံး နဖူး အတောက်ခံလိုက်ရသည်။

“သူက စီးရဲတယ်၊ မင်းကလည်း ပြေးရဲတယ်ပေါ့လေ။ ဝက်ထက်တောင် တုံးအသေးတယ်။ ဒီတစ်ပတ်လုံး မင်းကို ထမင်းမကျွေးဘူး၊ ခွေးစာပဲ စားတော့"

“ပြီးတော့ မင်းလည်း ဒဏ်ရာပျောက်တာနဲ့ တော်တော် မြူးနေတာလား။ ခေါင်းကွဲတာကို မေ့သွားပြီလား။ အခုတောင် တော်တော် နုံနေတာကို နောက်တစ်ခါ ပြုတ်ကျရင်တော့ ဝက်ခြံထဲမှာပဲ သွားနေလိုက်တော့"

ကျီနျန်နှင့် သာ့တန်းသည် ဘေးချင်းယှဉ်ရပ်ကာ ခေါင်းလေးငိုက်စိုက်ချပြီး အဆူခံနေကြသည်။ ၎င်းတို့သည် ကျီတင်းကျို ထွက်သွားသည်နှင့် အကြည့်ချင်းဖလှယ်ကာ ‘နောက်တစ်ခါ ထပ်လုပ်ဦးမယ်’ ဟု တိတ်တဆိတ် တိုင်ပင်လိုက်ကြသည်။

ကျစ်လျောင်က ရေနွေးစိမ်ထားသော ပဝါလေးဖြင့် ကျီနျန်၏လက်များကို သုတ်ပေးနေစဉ် သူမကိုယ်တိုင်ပင် သတိမထားမိဘဲ ပြုံးနေမိသည်။

“ခဏနေရင် ဝတ်စုံတွေ စမ်းဝတ်ကြည့်ရမယ်နော်။ ဗိုက်ဆာနေပြီလား။ စားဖိုမှူးအသစ်က သစ်အယ်သီး ခရင်မ်ကိတ် လုပ်ထားတယ်"

အစားအသောက်အကြောင်း ကြားသည်နှင့် ကျီနျန် ချက်ချင်း စိတ်ဝင်စားသွားသည်။

“ဟုတ်။ စားမယ်လေ၊ မမကျစ်လျောင်လည်း သမီးနဲ့အတူတူ စားနော်"

ဘေးတွင် သာ့တန်းက အော်ဟစ်နေသဖြင့် ကျီနျန်က သူ့ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။

“သာ့တန်းလည်း ခွေးသရေစာမုန့် စားရမယ်နော်”

ထိုအခါ သာ့တန်းက ပျော်ရွှင်စွာဖြင့် သူမကို အတင်းပွတ်သီးပွတ်သပ် ပြုလုပ်တော့သည်။ ဒီဇိုင်နာ ရောက်လာချိန်တွင် ကျီနျန်က မေးနေဆဲဖြစ်သည်။

“သမီး ဒီပွဲကို တကယ် တက်မှာရမှာလား"

ကျစ်လျောင်က စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။

“ဒါက မိသားစုခေါင်းဆောင် ပထမဆုံး ကျင်းပတဲ့ပွဲလေ။ အဓိကက သခင်မလေးကို မိတ်ဆက်ပေးဖို့၊ သခင်မလေးက ပွဲရဲ့ အဓိကဇာတ်ဆောင်ဆိုတော့ မတက်လို့ ဘယ်ရမလဲ"

ဤကဲ့သို့သော ပွဲလမ်းသဘင်များသည် အထက်တန်းလွှာလောကတွင် အရေးကြီးလှသည်။ ၎င်းသည် ကျီနျန်၏ အဆင့်အတန်းကို အသိအမှတ်ပြုခြင်းဖြစ်၍ လူတိုင်းနှင့် မိတ်ဆက်ပေးရန်ဖြစ်သည်။ ကျီတင်းကျိုက ဤရိုးရာများကို ဂရုမစိုက်သော်လည်း ကျီနျန်သည် ဤမြို့တွင် ဆက်လက်နေထိုင်ကာ ပညာသင်ကြားရမည်ဖြစ်သည်။ တကယ်တမ်းတွင် ကျီတင်းကျိုသည် သူ့နှင့် တစ်ပုံစံတည်းတူသော သမီးလေးကို လူအများရှေ့တွင် ကြွားဝါချင်နေခြင်းဖြစ်ကြောင်း ကျစ်လျောင် သံသယဝင်နေမိသည်။ ကျီနျန်ကမူ ဤအကြောင်းအရာများကို နားမလည်ပေ။ မူရင်းစာအုပ်ထဲတွင် ဤဇာတ်ဝင်ခန်းမျိုး ပါဝင်ခဲ့ကြောင်း စနစ်ထံမှ သူမ ကြားသိထားသည်။

‘လူအများရှေ့တွင် တစ်ခါမှ မပေါ်လာဖူးသော ကျီတင်းကျိုသည် သူ့အချစ်ဆုံးသမီးလေးကို မိတ်ဆက်ပေးရန် ကျီမိသားစု စံအိမ်တံခါးကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည်။’

သို့သော် ယခုအခါတွင်မူ ထိုအချစ်ဆုံးသမီးနေရာ၌ ကျီနျန် ဖြစ်နေခဲ့သည်။

[ဒါပေမယ့် ရှန်ချင်းထျန်အပေါ် ထားတဲ့ ကျီတင်းကျိုရဲ့ သဘောထားက ပြောင်းလဲသွားသလိုပဲ...] ကျီနျန်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

စနစ်ကတော့ ဘာမှပြန်မပြောဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ စနစ်ပင် ဘာမှမတတ်နိုင်လျှင် ကျီနျန်အနေဖြင့်လည်း ပြောင်းလဲရန် မကြိုးစားတော့ပေ။ သူမသည် ဘယ်သူ့ဆီကမှ ခိုးယူထားခြင်း မရှိပေ။ ကျီတင်းကျိုက တစ်ဦးတစ်ယောက်ကို ပိုပြီးမျက်နှာသာပေးခြင်းသည် သူ၏ အကြောင်းကိစ္စသာ ဖြစ်သည်။ အရွယ်ရောက်လာလျှင် ကျီမိသားစုမှ ထွက်ခွာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေးကိုသာ သူမ စိုးရိမ်နေသည်။

“ဘာဖြစ်လို့လဲ။ ဒီအရောင်ကို မကြိုက်လို့လား"

ကလေးမလေး စိတ်ညစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျစ်လျောင်က မေးလာသည်။ ကျီနျန်သည် အတွေးထဲမှ ရုန်းထွက်ကာ သူမဘေးတွင်ရှိနေသော ကျစ်လျောင်ကို မော့ကြည့်လိုက်သည်။

‘ငါ တစ်နေ့ကျရင် ထွက်သွားရမှာဆိုတော့... လူတိုင်းအပေါ် သံယောဇဉ် သိပ်မထားသင့်ဘူး ထင်တယ်...’ သူမသည် အခြေအနေကို သတိထားမိလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ အရမ်းလှပါတယ်"

ကျီနျန်က ရှေ့သို့တိုးကာ ကျစ်လျောင်၏ ပါးကို နမ်းလိုက်ပြီး ရှက်ပြုံးလေး ပြုံးလိုက်သည်။

ကျစ်လျောင်မူ ပါးပေါ်မှ နူးညံ့သောအထိအတွေ့ကြောင့် ခေတ္တ မှင်သက်သွားသည်။ ကျီနျန်သည် ကျစ်လျောင်၏ လှပသော မျက်ဝန်းများကို ကြည့်ရင်း စနစ် ပြောပြဖူးသော ကျစ်လျောင်၏ ကံကြမ္မာကို သတိရသွားသည်။ မူရင်းဇာတ်လမ်းအရ ကျစ်လျောင်သည် ရှန်ချင်းထျန်အတွက် အသက်ပေးခဲ့ရသည်။ ကျီနျန်သည် ငါးနှစ်အရွယ် ကလေးတစ်ယောက်နှင့် မလိုက်ဖက်သော ရှုပ်ထွေးသည့် ခံစားချက်များကို ဖုံးကွယ်၍ ဒီဇိုင်နာအပေါ်တွင် အာရုံစိုက်လိုက်သည်။

ကျီနျန်၏ ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့ပြီဆိုလျှင်... ကျစ်လျောင်၏ ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်လိမ့်မည်ဟု သူမ မျှော်လင့်နေမိတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment