အပိုင်း ၁၁ - ဖြတ်သန်းနေသောရထား (အပိုင်း ၃)
ဝင်ရောက်လာသူ၏ အရောင်အဝါက အင်မတန်ပြင်းထန်ကာ တစတစပိုနီးကပ်လာသည်။
ထိုသူက ရထားတွဲ၏အလယ်သို့ပင်ရောက်နေလေပြီ။
ဖိနှိပ်မှုအားက ပြင်းထန်လွန်းသဖြင့် ပိုင်လော့ဖုန်း၏ ဦးရေပြားပင်တုန်ရီနေပြီး ရင်းနှီးသောခံစားချက်က ပိုပြင်းထန်လာသည်။
နီးကပ်လာသောအခါ သူ့မျက်နှာအား တစွန်းတစမြင်လိုက်ရသည်။
ပိုင်လော့ဖုန်း၏ သူငယ်အိမ်များ ပြူးကျယ်သွားရတော့သည်။
ထိုသူ၏မျက်နှာက မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းထဲမှ သူ့အတွက် အလွန်အရေးကြီးသော တစ်စုံတစ်ယောက်နှင့် ထပ်တူကျနေသည်။
ထိုအခိုက် သူစိတ်လွတ်သွားပြီး ပြင်းထန်သည့်အားတစ်ခုက သူ့အားနောက်သို့ဖိတွန်းနေသည်။
တံခါးကိုပိတ်ကာ ခြေထောက်အား အားနှင့်ပြန်ချလိုက်ပြီး လက်ထဲမှအရုပ်ကို သူ လွှတ်ချလိုက်မိသည်။
"ဘာတွေလုပ်နေတာလဲ..." ပိုင်လော့ဖုန်း သူ့ကိုယ်သူပြန်မေးမိသည်။
ကျန်းမုန့်ရီ၏ မျက်နှာကနီရဲလာပြီး သူ့အားသတိပေးလာ၏။ "ယူနီဖောင်းကို မမြင်ဘူးလား...အဲဒါ စပယ်ယာကွ။ မင်းရူးနေပြီလား..."
"ဟင်..." ပိုင်လော့ဖုန်းကြောင်အနေရာမှ ထိုအသံကသူ့အား ယခု လက်ရှိသို့ပြန်ဆွဲခေါ်လာသည်။
ဒါစပယ်ယာလား...
ဟုတ်သားပဲ ဒီလိုဝတ်စားထားမှတော့ စပယ်ယာပဲပေါ့...
ဒါပေမယ့်...
ကျန်းမုန့်ရီက ရုတ်တရက်ကြောင်နေပြီး သူ့အားမေးလာသည်။ "မင်းငိုနေတာလား..."
ပိုင်လော့ဖုန်း အလန့်တကြား မျက်နှာကို ထိကြည့်သောအခါ တစ်ဝက်ခန့်က စိုစွတ်နေပြီး သူငိုနေသည်ကို တွေ့လိုက်ရသည်။
သူဘာမှတွေးမနေဘဲ ကျန်းမုန့်ရီအားပြန်ဖြေရန်ပြင်လိုက်သည်။ "ငါ..."
သူစကားမဆုံးခင် ရှစ်ယွမ်ကသူ့အားဆွဲခေါ်လိုက်သည်။
"စပယ်ယာအနား ကပ်လို့မရဘူး။" ရှစ်ယွမ်ကသူအပါအဝင် အားလုံးကိုသတိပေး၏။ "တံခါးနဲ့ဖြစ်ဖြစ်နံရံနဲ့ဖြစ်ဖြစ်ကပ်ထား။ သူ့ကိုမကြည့်နဲ့။ ကင်းလှည့်နေတာဖြစ်မယ်။ မကြောက်ကြနဲ့။ တစ်ချို့က အတွဲ ၅ မှာသွားပုန်းကြ။ ငါတို့အားလုံး ဒီမှာစုပြီးရပ်နေရင် သံသယဝင်စရာကောင်းနေမယ်။ စပယ်ယာသတိထားမိမှာပဲ။"
"ပြီးတော့စည်းမျဥ်းထဲမှာ စပယ်ယာနဲ့ အကြည့်ချင်းမဆုံဖို့၊ မထိတွေ့ဖို့ပြောထားတယ်။ ဒီလိုစုရပ်နေရင် တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိနေဦးမယ်။"
တီရှပ်ပြောင်နှင့်မိန်းကလေးက တုန်ရီနေ၏။ "ဒါပေမယ့်ငါက..."
လီချန်စစ်လည်း ကြောက်လွန်း၍ကြမ်းပေါ်ထိုင်ချလိုက်သည်။
လူပျော့လေးက ထပင်အော်သည်။ "ငါမလုပ်နိုင်တော့ဘူး။ ဘယ်သူပဲသွားသွား ငါဒီမှာပဲနေမယ်။ သရဲတွေပြည့်နေတဲ့ ရထားတွဲထဲမသွားနိုင်ဘူး။ သေချင်ရင်မင်းတို့သွားကြ။"
ရှစ်ယွမ်မှာအတော်ဒေါသထွက်ကာ ထိုလူငယ်၏မိဘများအား အသံတိတ်ကျိန်ဆဲမိသည်။ ပြီးနောက် စုချာအားအော်ခေါ်သည်။
စုချာကအတော်လေးကြောက်နေသော်လည်း အကြောက်တရားကသူမ၏ လုပ်နိုင်စွမ်းအားမလွှမ်းမိုးသွားပေ။
"အင်း၊ရတယ်။ ငါ့ကိုသွားစေချင်ရင်ငါ..."
"မြန်မြန်သွား။"
စပယ်ယာက ရှေ့သို့ပင်ရောက်နေလေပြီ။ ကျန်းမုန့်ရီက စုချာအားဆွဲကာ ပိုင်လော့ဖုန်းပစ်ချလိုက်သည့် အရုပ်အားကောက်၍ အရုပ်နှင့်သေတ္တာအား စုချာဆီကမ်းပေးသည်။ ထိုနောက် လူကြောက်လေးနှင့် တစ်ခြားကောင်လေးတစ်ဦးအားဆွဲကာ အတွဲ ၅ ဆီပြေးတော့သည်။
"မြန်မြန်၊နောက်ကလိုက်ခဲ့ကြ။"
"တံခါးမြန်မြန်ဖွင့်။"
လူကြောက်လေးက ဝင်ရန်ငြင်းသည်။ "လီးပဲ၊ငါ့ကိုလွှတ်။"
ကျန်းမုန့်ရီခေါင်းငုံ့လာပြီး လေသံကချက်ချင်းအေးစက်သွားတော့သည်။ "နောက်တစ်ခွန်းထပ်ပြောတာနဲ့ မင်းကို လည်ပင်းညှစ်သတ်ပစ်လိုက်မယ်။"
"ဟုတ်ကဲ့ပါဆရာ။"
စုချာကအမြန်ပြေးကာ တံခါးဖွင့်ရန်ပြင်စဥ် ကျန်းမုန့်ရီကအော်ကာသတိပေးသည်။ "စကားမပြောဘဲအထဲတန်းဝင်။ လက်မှတ်ကို သေချာကိုင်ထား။"
အနားရှိကောင်လေးကခေါင်းငြိမ့်ပြကာ စုချာက တံခါးဖွင့်လိုက်သည်။ အတွဲ ၅ ထဲ သူတို့ ဝင်သွားပြီး ခရီးသည်များကြား ပျောက်ကွယ်သွားတော့သည်။
ရှစ်ယွမ်က ပိုင်လော့ဖုန်းအား နံရံဖက်ဆွဲလှည့်သည်။ ထို့နောက် အတွဲ ၅ ဆီသွားသည့်တံခါးအား ဆွဲပိတ်လိုက်သည်။
"အားလုံးနံရံကိုပဲမျက်နှာမူထား။"
အတွဲ ၆ တံခါးပွင့်လာသည်။ တံခါးဘက်ကိုသာ အားလုံးကမျက်နှာမူထားကြပြီး ရထားလုံးဆီ ဘယ်သူမှမကြည့်ရဲကြ။
လေထုကတိတ်ဆိတ်လွန်းနေသည်။ စုချာတို့အုပ်စု ထွက်သွားစဥ်ကလို တံခါးဖွင့်သံက ဆူညံမနေဘဲ စပယ်ယာကတံခါးအား နှေးတိနှေးကန်သာဖွင့်လာသည်။
တံခါးပွင့်လာသည်နှင့် လူတိုင်းအားဒူးထောက်ကျစေသည်အထိ ပြင်းထန်သော ဖိနှိပ်မှုအငွေ့အသက်များ ထွက်ပေါ်လာသည်။
စပယ်ယာက စကားတစ်ခွန်းမှ မပြောသော်လည်း သူ၏ဖြစ်တည်မှုက နှင်းမုန်တိုင်းထက်ပင်ပိုပြင်းထန်သည်။
လူတိုင်း အသက်မရှူရဲသလို နောက်လှည့်မကြည့်ရဲကြပေ။
စပယ်ယာ အထဲရောက်နေလေပြီ။
သံချေးတက်ကာ ဆွေးနေသည့်ကြမ်းပြင်၌ သူ့ဖိနပ်သံက စည်းချက်ကျကျ ထွက်ပေါ်နေသည်။
မျက်နှာကြက်မှ သွေးစာလုံးများကို ရှင်းလင်းစွာတွေ့နေရသည်။
(စပယ်ယာနှင့်ကင်းကင်းနေရန်)
(မတော်တဆ တွေ့ကြုံရပါက မျက်လုံးအကြည့်ချင်းမဆုံရ၊ ထိတွေ့ခြင်းမပြုရ) ထိုစည်းမျဥ်းတစ်ခုနှင့်ပင် စပယ်ယာသည် အန္တရာယ်အများဆုံး အဆင့်၌ရှိပြီး သူ့ဆီမှလာသည့် အငွေ့အသက်များက ထိုအချက်အားထောက်ခံပေးနေပုံပင် ။
ထိုစပယ်ယာက သူတို့အားလုံးကို ချေမွသွားနိုင်သည့် အနေအထား၌ရှိသည်။
ပိုင်လော့ဖုန်းလည်း သဘောပေါက်သည်။
စပယ်ယာက သူတို့ဆီလျှောက်လာသည်။
ပိုင်လော့ဖုန်းစိတ်ထဲတွင် သူမြင်လိုက်ရသည့် စပယ်ယာ၏ မျက်နှာတစ်ဝက်ခန့်နှင့် ထိုနှုတ်ခမ်းပုံသဏ္ဍာန်က ဖျတ်ခနဲပေါ်လာသည်။
ထို့နောက် အမှတ်တရများ ပြန်ပေါ်လာသည်။
အတွေးများက ရောထွေးကာ ရှုပ်ယှက်ခတ်နေလျက်။
သူရူးတော့မည်။ စပယ်ယာ၏ ဦးထုပ်အားဆွဲချွတ်ကာ ထိုမျက်နှာအားကြည့်ချင်သည်။
စုယွီရဲ့ မျက်နှာဖြစ်နေမလား...
တကယ်ပဲ စုယွီလား...
အဲ့လူက စုယွီဆိုရင်...
ပိုင်လော့ဖုန်း လျှောက်လမ်းအားငေးလိုက်မိသည်။
ရှစ်ယွမ်က အခြေအနေအား တည်ငြိမ်အောင်ကိုင်တွယ်နေသော်လည်း သူ့မျက်နှာပေါ်၌ ချွေးစက်များက မိုးရေစက်များလိုစီးကျနေသည်။
လှည့်ကြည့်စရာမလိုဘဲ လီချန်စစ်နှင့် မိန်းကလေးနှစ်ဦး အနောက်၌ရှိနေမှန်း ပိုင်လော့ဖုန်းသိသည်။
ထိုရထားတွဲ၏လမ်းဆုံ၌ လူငါးဦးရှိနေသည်။
သူလှည့်ကြည့်လိုက်သည်နှင့် ထိုငါးဦးလုံးသေလိမ့်မည်။
သို့သော် စုယွီ၏မျက်နှာက သူ့စိတ်ထဲ စွဲထင်နေသည်။
သူမျက်လုံးအားမှေးကာ တံတွေးမျိုချလိုက်ပြီး ထိုမျှနှင့်ရပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ့အသက်အား သူကြိုက်သလို စီရင်ခွင့် ရှိသော်လည်း တစ်ခြားသူများ၏ အသက်ကို သူထည့်တွက်ရမည်။
ထိုလူများက စုယွီနှင့်ဘာမှမပတ်သက်ကြ၍ သူတို့အားဆွဲခေါ်သွား၍မဖြစ်။ ထိုပြဿနာအား ဘေးခဏချကာ သူရှေ့သို့သာကြည့်နေမိသည်။
ရထားအပြင်ဘက်၌ အမှောင်ထုကလွဲ ဘာမှမရှိပေ။ ထိုကြောင့်အနောက်မှမြင်ကွင်းသည် မှန်၌အပြည့်အဝ ပုံရိပ်ထင်နေ၏။
အနောက်မှ အသံကျယ်ကျယ်နှင့်အတူ ခပ်ရှည်ရှည်လူရိပ်က မှန်တံခါး၌ပေါ်နေသည်။
ပိုင်လော့ဖုန်း မျက်လုံးသူငယ်အိမ်များအား ဆွဲကျုံ့ထားမိသည်။
စပယ်ယာ၏ ဦးထုပ်ရိပ်အောက်မှ ကျဉ်းမြောင်းသော ဖီးနစ်ငှက်၏ မျက်လုံးများနှင့် ဓားသွားကဲ့သို့ မျက်ခုံးမွှေးများက ရှင်းလင်းစွာပေါ်လာသည်။
ချက်ချင်းဆိုသလို ပိုင်လော့ဖုန်း ခေါင်းလှည့်ကြည့်လိုက်မိသည်။
စပယ်ယာက တံခါးကိုဖွင့်နေပြီး ပိုင်လော့ဖုန်းက ထိုတံခါးနှင့်ကာနေ၍ သူ့ကိုမတွေ့ရပေ။
ထိုသို့လှည့်ကြည့်ရာမှ စပယ်ယာ၏ ဘေးတိုက်မျက်နှာအား သူတွေ့လိုက်ရသည်။
ဖီးနစ်လိုမျက်လုံး၊ဓားလိုမျက်ခုံး၊ ဖြူဖွေးသောအသားအရည်၊ စုကြုံ့ထားသောမျက်ခုံးများနှင့် မျက်လုံးထောင့်စွန်းနားမှ အမာရွတ်သေးသေးလေး...
စုယွီ
စုယွီပင်
ပိုင်လော့ဖုန်း မှားစရာအကြောင်းမရှိပေ။
သူ့ခေါင်းထဲရှိ သွေးများအားလုံး ပေါက်ထွက်သွားသည့်နှယ်။
ပါးစပ်ကိုဟကာ သူ့အားအော်ခေါ်ချင်ပါသော်လည်း စပယ်ယာ၏ပြင်းထန်သောဖိအားက သူ့အားလွှမ်းမိုးထားဆဲပင်။
အကြောက်တရားကြောင့် သူ့လည်ချောင်းမှ အသံထွက်မလာပေ။
စပယ်ယာက အတွဲ ၅ တံခါးကိုဖွင့်ကာ ထွက်သွားလေပြီ။
စုယွီအသံမထွက်လာသေးပေ။
စပယ်ယာထွက်သွားသည်နှင့် ပိုင်လော့ဖုန်း၏ ခြေထောက်များက အားနည်းသွားကာ ဒူးနှင့်ကြမ်းပြင်ထိ၍ ခွပ်ခနဲအသံပင်ထွက်သည်အထိ သူလဲကျသွားတော့သည်။
စပယ်ယာထွက်သွားပြီဖြစ်သည်။
ရှစ်ယွမ်အတွက် တစ်နှစ်ဟု ခံစားရသည့်အချိန်က အမှန်တွင် တစ်မိနစ်ပင်မကြာချေ။
မျက်နှာမှချွေးများအား သုတ်နေစဥ် အနောက်မှခွပ်ခနဲအသံအား ကြားလိုက်ရသည်။
လှည့်ကြည့်သောအခါ ဒူးထောက်နေသည့် ပိုင်လော့ဖုန်းအားတွေ့လိုက်ရသည်။
ရှစ်ယွမ်ကြောင်သွားသည်။ "ဘာလုပ်နေတာလဲ..."
ရှစ်ယွမ် သူ့အားထူရန် ကိုယ်ကိုကိုင်းလိုက်သည်။
ပိုင်လော့ဖုန်း၏ လက်မောင်းတစ်ဖက်အားမကာ သူ့ကိုဆွဲထူလိုက်သည်။
သို့သော် ပိုင်လော့ဖုန်းက ယခင်ထက်သိသိသာသာ ပိုလေးလံနေသည်။ ခေါင်းငိုက်စိုက်နှင့် ခြေထောက်များကပျော့ခွေနေပြီး မလှုပ်မယှက်ကြမ်းပေါ်၌သာထိုင်နေသည်။
"သွားမထိနဲ့၊ စပယ်ယာက ကြောက်စရာကောင်းလွန်းတာကိုး" လီချန်စစ်လည်း ကြမ်းပြင်ပေါ်လဲနေပြီဖြစ်သည်။ ခြေထောက်များက ထိန်းချုပ်၍မရသလို တဆတ်ဆတ်တုန်နေ၏။ အသံကလည်းတုန်နေပြီး မျက်ရည်များအားသုတ်ပစ်ကာ အတင်းအားယူပြုံး၍ပြောလာသည်။ "ဒီစပယ်ယာက ဘာလို့ဒီလောက်အထိ ကြောက်စရာကောင်းနေတာလဲ..."
မိန်းကလေးနှစ်ဦးကလည်း အတော်လေးကြောက်နေကြသည်။ "တကယ် ကြောက်စရာကြီး..."
"ကြောက်လို့သေတော့မယ်။ နှလုံးပါရပ်တော့မလို့ အပိုပြောတာ မဟုတ်ဘူး။"
"အဲ့လောက်တောင်လား..." ရှစ်ယွမ်ကပြန်ပြောသည်။ "အင်း၊ တကယ်လည်းကြောက်စရာကောင်းပါတယ်။"
"မဟုတ်ဘူး။" ပိုင်လော့ဖုန်းက ရုတ်တရက်ပြောလာသည်။
"ဟင်။" ရှစ်ယွမ်က ခေါင်းငုံ့ကာမေးလာသည်။ "ဘာကမဟုတ်တာလဲ။"
"ကြောက်စရာမကောင်းဘူး။" ပိုင်လော့ဖုန်း၏အသံက အက်ရှနေ၏။ သူခေါင်းမော့လာသောအခါ သူ့မျက်နှာပေါ်၌ ဖော်ပြရန်ခက်ခဲသည့် လေးလံသောစိတ်ခံစားချက်များရှိနေသည်။
"သူ့မျက်နှာက ကြောက်စရာမကောင်းဘူး။ သူဘာလို့ဒီရောက်နေတာလဲ။"
အစီအစဥ်မကျသည့် စကားများက ရှစ်ယွမ်အားစိတ်ရှုပ်ထွေးစေသည်။
"ဘယ်သူလဲ။"
"စပယ်ယာလား။" မိန်းကလေးတစ်ဦးက မေးလာသည်။ "သူက ကင်းလှည့်နေတာမလား။ လက်မှတ်လည်းစစ်မသွားဘူး။"
"ငါပြောတာဒီအဓိပ္ပါယ်မဟုတ်ဘူး။" ပိုင်လော့ဖုန်းက သက်ပြင်းချသည်။ "သူတို့ပြန်လာမှပြောကြတာပေါ့"
ကျန်သည့်လူများက စိတ်မသက်မသာနှင့် အချင်းချင်းပြန်ကြည့်နေကြသည်။
လေးမိနစ်အကြာ၌ ကျန်းမုန့်ရီက ကျန်သည့်လူများကို ဦးဆောင်ကာပြန်ရောက်လာသည်။
ရထားတွဲထဲ၌ လေထုကအတော်လေး ထူးဆန်းနေသည်။ ကျန်းမုန့်ရီ စီးကရက်သောက်ရင်း ဘေးဘီကြည့်သောအခါ ကြမ်းပြင်ပေါ်ဝပ်၍ အသိစိတ်လွတ်နေပုံနှင့် မုန့်ကြွပ်တစ်ချောင်းအား ကိုက်ဝါးနေသည့် ပိုင်လော့ဖုန်းကို သတိထားလိုက်မိ၏။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေပုံပေါ်သည် ။
ကျန်းမုန့်ရီတွေးနေစဥ် ပိုင်လော့ဖုန်းက ခေါင်းလှည့်လာသည်။
ပိုင်လော့ဖုန်း တည့်တိုးသာမေးလိုက်သည်။ "မျက်နှာကိုတွေ့လိုက်လား။"
"ဘယ်သူလဲ။" ကျန်းမုန့်ရီကပြန်မေး၏။"စပယ်ယာလား။ မတွေ့ဘူး။ ဘယ်သူကကြည့်ရဲမှာလဲ... ကြောက်စရာကြီး..." ကျန်းမုန့်ရီက ဘေးသို့လှည့်သွားပြီးမေးသည်။ "တစ်ယောက်ယောက်တွေ့လိုက်သေးလား..."
အားလုံးကခေါင်းခါကြသည်။ စုချာကလက်ထောင်ပြလာသည်။ "ငါတစ်ချက်တော့တွေ့လိုက်တယ်။ မှန်ကနေတဆင့်တွေ့တာ။ အပြင်မှာမှောင်နေတော့ တံခါးကမှန်လိုဖြစ်နေပြီး ငါဖျတ်ခနဲတွေ့လိုက်တာ။"
စုချာကခေါင်းကုတ်လိုက်သည်။ "တော်တော်ချောတယ်။ ဟဲဟဲ....."
ကျန်းမုန့်ရီ၏မျက်နှာက မဲညစ်လာပြီး နှုတ်ခမ်းထောင့်များပင်တုန်ရီလာသည်။
ပိုင်လော့ဖုန်းကစိတ်မဆိုးပေ။ ဖုန်းအားဆွဲဖြုတ်ပြီး ထုတ်လွှင့်ခန်းအားချုံ့ကာ ဟုမ်းပေ့ချ်မှ ထွက်လိုက်ပြီး ဖုန်းကို စုချာဖက်လှည့်ပြလာသည်။ "ဒီမျက်နှာလား..."
စုချာကအနီးသို့ကပ်လာပြီး အားလုံးကလည်း စိတ်ဝင်တစားစုလာကြသည်။
ပိုင်လော့ဖုန်း၏ ဖုန်းမျက်နှာပြင်၌ ဓာတ်ပုံတစ်ပုံရှိနေ၏။ နောက်ခံကဆေးရုံ ဖြစ်ပုံပေါ်သည်။ ၁၆-၁၇ အရွယ်လူငယ်တစ်ဦးက အဖြူအပြာ ကျောင်းဝတ်စုံဝတ်ထားသည်။ သူ့လက်မောင်းအောက်တွင် ဓာတ်ဆားရေတစ်ဘူးညှပ်ကာ လက်ထဲ၌စာရွက်တစ်ရွက်ကိုင်ထား၏။ မျက်ခုံးများကစုကြုံ့နေပြီး ရှည်လျား သွယ်လျသည့်ဖီးနစ် မျက်လုံးများကိုမှေးစင်းကာ စာရွက်အားစိတ်မချမ်းမြေ့စွာ စိုက်ကြည့်နေသည်။
ကင်မရာအားကြည့်မနေသော်လည်း မျက်နှာကကြည်လင်နေ၏။
"သူပဲ။ တစ်ပုံစံတည်းပဲ။"
စုချာကဖုန်းကိုယူကာ စိတ်လှုပ်ရှားစွာနှင့် အတည်ပြုပြီးမှ မချင့်မရဲနှင့်ဆိုလာသည်။ "ဒီပုံထဲကထက်တော့ ပိုရင့်ကျက်တယ်။ မှန်တံခါးကနေတဆင့်တွေ့ပြီး မှောင်မဲနေတော့ အတိအကျတော့မပြောနိုင်ဘူး။"
ကျန်းမုန့်ရီ၏ မျက်နှာအမူအရာက အတော်လေး ခက်ထန်လာ၏။
"သေချာစဥ်းစား။" ကျန်းမုန့်ရီက ဆေးလိပ်ငွေ့များကြောင့် အက်ရှနေသည့်အသံနှင့်ပြောကာ ဖုန်းအနားစွန်းအား လက်နှင့်တောက်သည်။ "ဒီပုံကလွန်ခဲ့တဲ့ ခြောက်နှစ်ကပုံဆိုရင် ခုနကစပယ်ယာနဲ့ ဘယ်လောက်အထိဆင်တူနေလဲ..."
စုချာလန့်သွားသည်။ "ဟင်၊ ခြောက်နှစ်အကြာကပုံလား။"
"နှစ်နှစ်ပဲ။" ပိုင်လောဖုန်းကလေးတွဲ့စွာနှင့် အမှန်ပြင်ပေးလာသည်။ "သူအသက်ထပ်မကြီးလောက်တော့ဘူး။ နှစ်နှစ်လောက်အကြာက ပုံဆိုရင်ရော ဆင်တူနေသေးလား။"
"တော်တော်လေးတူတယ်။" စုချာက ကြောင်အအနှင့်ဖြေလာသည်။ "နေဦး၊ ဒါကဘာအဓိပ္ပါယ်လဲ။ သူကဘယ်သူလဲ။"
"ဆုံးသွားတဲ့ငါ့ကောင်လေး"
သုံးစက္ကန့်ခန့်မျှ အသံများတိတ်သွားရသည်။
ထိုနောက်အားလုံး၏ အလန့်တကြားရေရွတ်သံများ အဆက်မပြတ်ထွက်လာတော့သည်။
"မဖြစ်နိုင်ဘူး။"
"စပယ်ယာက နင့်ကောင်လေးလား။"
"မဖြစ်နိုင်တာ၊ သူကသေပြီမလား။"
"သေပြီးတဲ့လူက ဘယ်လိုဖြစ်ပြီး ဒီမှာစပယ်ယာ လာဖြစ်နေတာလဲ။"
"ဟုတ်တယ်၊ သူသေပြီလို့ နင်ပဲပြောတာမလား။"
စကားလုံးတိုင်း၌ သေဟူသည့်စကားလုံးကပါနေပြီး စုယွီသေဆုံးပြီးကြောင်း ထပ်ခါထပ်ခါအသိပေးနေကြသည်။
ပိုင်လော့ဖုန်းက မလှုပ်မယှက်ပင်ရှိနေဆဲ။
မယုံနိုင်လောက်အောင် အံ့အားသင့်နေကြသည့် ထုတ်လွှင့်သူများထဲ၌ ကျန်းမုန့်ရီတစ်ဦးတည်းသာ အသံတိတ်နေသည်။
သူကမျက်မှောင်အားကြုံ့ကာ မျက်လွှာချ၍ ကြမ်းပြင်ကိုသာ မျက်နှာမူထားပြီး တည်ငြိမ်လေးနက်စွာ တွေးတောနေပုံ။ ပိုင်လော့ဖုန်းက သူ၏တုံ့ပြန်မှုအပေါ် အံ့သြသွားခြင်းမရှိ "ထင်ထားတာထက် ပိုရှုပ်ထွေးနေပြီ အရာရှိကျန်း။" ဟုပင်ပြောလာသည်။
ကျန်းမုန့်ရီက သူ့အားကြည့်လာ၏။ သူ့မျက်လုံးများက အင်မတန်တည်ငြိမ်နေပြီး သံသယဝင်နေသည့် အကြောင်းအရာတစ်ခုအား အမှန်သိလိုက်ရပုံနှင့်တူနေသည်။
ပိုင်လော့ဖုန်းက ရယ်ပြလာသည်။ "ဒါပေမယ့်စုံစမ်းထားတာနဲ့ ကြိုတွေးထားတာတွေကတော့ မှန်သွားတယ်။ သူတကယ်ရောက်လာတာပဲ။"