အခန်း ၂၇ - ဖြတ်သန်းနေသောရထား (အပိုင်း ၁၉)
"သူ မကြားအောင် တစ်ခြားလူတွေကိုပြောပြလိုက်ဦး။" စပယ်ယာကခေါင်းငုံ့လာပြီး ရှူရှင်းအားညွှန်ကြားနေသည်။ "စိတ်အေးအေးထားတတ်အောင် သင်ယူဦး။ ငါ့ကိုဒီမှာသေခိုင်းတာက ရွေးချယ်မှုကောင်းတော့ မဟုတ်ဘူးနော်။" သူ့အသံသည် ချိုသာသော်လည်း အသံကိုနိမ့်ချလိုက်သောအခု လည်ချောင်းထဲ၌ မီးလောင်နေသလို သေစေမတတ် အေးစက်လာပြီး ချောက်ကမ်းပါးဝ၌ မီးခိုးငွေ့များ ဝေ့နေသကဲ့သို့ ကြောက်စရာကောင်း၏။ ရှူရှင်း၏မျက်နှာနှင့် နားရွက်များနီရဲလာသည်။
စပယ်ယာက သူမကိုလွှတ်ပေးကာ အားလုံးကိုကြည့်လာ၏။ "ကောင်းပြီ၊ ခုနကပြောနေတာကို ဆက်ပြောကြတာပေါ့။"
"မင်းသေရင်တောင် ရထားကရပ်ဖို့ မသေချာဘူးပေါ့။" ပိုင်လော့ဖုန်းက မျက်မှောင်ကြုတ်ကာ အလိုမကျသလိုမေးလာသည်။ "မင်းတို့နှစ်ယောက် ခုနကဘာတွေပြောခဲ့ကြတာလဲ။"
"ဘာမှမဟုတ်ပါဘူး၊ သူ့ကိုစိတ်လျော့ဖို့ပြောနေတာ။ မင်းတို့ဘာဖြစ်ချင်လဲ ငါသဘောပေါက်ပါတယ်။ ပိုင်လော့ဖုန်းလက်ထဲ ဓားထည့်ပေးပြီး ငါ့ကိုသတ်ခိုင်းချင်တာမလား။"
အစီအစဥ်အား ထုတ်ပြောလာသဖြင့် အားလုံးတောင့်ခဲသွားကြတော့သည်။
"ညံ့လိုက်တဲ့အစီအစဥ်။"
စပယ်ယာက ဦးထုပ်အနားသတ်အား ပွတ်ရင်းဆက်ပြောလာ၏။ "လူသစ်တွေဆိုတော့လည်း အတွေ့အကြုံ မရှိကြသေးဘူးပေါ့။ မင်း ဒီကိုလာပြီး ငါ့ကိုမီးလာပြပေး။" စပယ်ယာက ပိုင်လော့ဖုန်းအား ထိုးပြလာ၏။ ဘေး၌ရှူရှင်းရှိသော်လည်း သူကအဝေး၌ရှိနေသည့် ပိုင်လော့ဖုန်းအားခေါ်လိုက်သည်။ ရှူရှင်းကသူ့အား သဘောပေါက်သလိုဟန်နှင့် နောက်သို့ဆုတ်သွား၏။
ပိုင်လော့ဖုန်းဓာတ်မီးကိုကိုင်ကာ လျှောက်လာသည်။ စပယ်ယာ၏နံဘေး၌ ရထားတွဲတံခါးဖြစ်၏။ ထိုတံခါးသည် တစ်ခြားတံခါးများနှင့်မတူဘဲ ကိုယ်တိုင်တွန်းဖွင့်နိုင်ပုံရသည်။ သံချေးတက်နေသောသော့ခလောက်နှစ်လုံး၊သုံးလုံး တပ်ဆင်ထားပြီး အလွန်ခိုင်ခံ့မည့်ပုံပင်။
ပိုင်လော့ဖုန်းကမေးလာသည်။ "ဒီတံခါးကဘာအတွက်လဲ။"
"တံခါးလေ။"
"တံခါးမှန်းသိတာပေါ့။ ဘာအတွက်သုံးတာလဲ။"
"အရေးပေါ်အတွက်၊ ဒီတလော ငါရှင်းပြရတာမျိုး စိတ်မပါဘူး။ မင်းသိပ်မမေးနဲ့။"
စပယ်ယာကအိတ်ထဲမှ သော့တွဲအားဆွဲထုတ်လိုက်သည်။ ထိုသော့များထဲမှ တစ်ခုကိုရွေးကာ သံချေးတက်နေသော သော့ခလောက်သုံးခုလုံးကို လက်တစ်ဖက််တည်းနှင့် ဖွင့်လိုက်၏။
သော့ခလောက်များပွင့်သည်နှင့် စပယ်ယာကသော့ကိုသိမ်းကာ သော့ခလောက်များကိုဖြုတ်၍ ကြမ်းပေါ်သာပစ်ချလိုက်သည်။
"နောက်ဆုတ်။"
ပိုင်လော့ဖုန်း ခြေနှစ်လှမ်းခန့်နောက်ဆုတ်လိုက်၏။
စပယ်ယာက သူနှင့်ပိုင်လော့ဖုန်းကြားမှ အကွာအဝေးအား တစ်ချက်ကြည့်ကာ တံခါးတစ်ဖက်ဆီသို့ လျှောက်လာသည်။ ပြီးနောက် အလွယ်တကူ အသုံးပြု၍ရနေသည့် လက်ဖြင့်ပိုင်လော့ဖုန်းအား ပခုံးဖက်ကာအနားသို့ဆွဲလိုက်၏။
"ဟေး၊ သေချာကိုင်ထား။"
ပြီးနောက်သူက ခြေထောက်မြှောက်ကာ တံခါးအား အားပြင်းပြင်းတစ်ချက် ကန်လိုက်သောအခါ တံခါးသည် ချက်ချင်းပွင့်ထွက်သွားသည်။ အပြင်မှနှင်းများ ရုတ်တရက် ဝင်ရောက်လာ၍ အေးစက်မှုကြောင့် အားလုံးထအော်ကြတော့၏။
"မင်းဘာတွေလုပ်နေတာလဲ။" ရှစ်ယွမ်ကအော်မေးလာသည်။
နှင်းမုန်တိုင်းအားကျောပေးကာ စပယ်ယာကလှည့်လာပြီး အားလုံးကြားနိုင်အောင် အော်ပြောလာ၏။ "မင်းမမြင်ဘူးလား။ ငါပြောနေဖို့လိုသေးလား။"
"ဘာကိုမြင်ရမှာလဲ။"
"ဒီမှာကြာကြာနေလို့မရတော့ဘူး။" သူကပိုင်လော့ဖုန်းအား တင်းနေအောင်ဖက်ထားဆဲပင်။ "တစ်နေရာမှာ ဆက်နေလို့မရတော့ရင် နောက်တစ်နေရာကို ပြောင်းရမှာက သဘာဝပဲမလား။"
"ဘာလို့ နေရာပြောင်းရတာလဲ။" လီချန်စစ်က ခေါင်းကုတ်ကာမေးလာသည်။ "မင်းသေရင် ဂိမ်းကပြီးပြီမဟုတ်ဘူးလား။"
"လူသစ်တွေပါးစပ်ကနေ သေတဲ့အကြောင်းပြောတာ မကြားချင်တော့ဘူး။ စပယ်ယာခန်းက အချက်အလက်တွေ ဖတ်ပြီးကြပြီမလား။ ငါကဒီရထားရဲ့ စပယ်ယာ၊ ဒီရထားရဲ့လောင်စာကလည်း ငါ့ရဲ့တစ္ဆေစွမ်းအင်ပဲ။"
လေအလွန်ပြင်းသဖြင့် ရှစ်ယွမ်ကစကားလုံးများအား နားမလည်ချေ။ "ဟမ်၊ ဘာပြောလိုက်တယ်။"
"စောက်ရူး၊ ဘယ်သရဲကဓားနဲ့ထိုးလို့ သေလို့လဲ။"
ရှစ်ယွမ် - "အိုး"
သေရေးရှင်ရေး ကြုံရသောအခါ သူတို့အားလုံး အလွန်စိတ်အားထက်သန်နေကြပြီး ပိုင်လော့ဖုန်း၏ ချစ်သူအကြောင်း ဇာတ်လမ်းထဲပြောရင်း သူလူသားမဟုတ်တော့ကြောင်းကို မေ့သွားကြပုံရ၏။
"ငါကဒီရထားပေါ်မှာ မသေနိုင်ဘူး။ အားလုံးဒီကိုလာကြ။"
သူကပိုင်လော့ဖုန်းအား ဆွဲကာရှေ့သို့တစ်လှမ်းတိုးစေသည်။ အပြင်၌လေနှင့် နှင်းများပြင်းထန်နေပြီး ခြေတစ်လှမ်းတိုးရုံနှင့် ပိုင်လော့ဖုန်း၏ကော်လံအား လေထဲလွှင့်နေစေ၏။ အအေးဓာတ်ကြောင့် သူတုန်ရီလာပြီး စပယ်ယာ၏လက်မောင်းဆီ တိုးကပ်သွားမိသည်။
"မကြောက်ပါနဲ့။" စပယ်ယာကပြောလာ၏။
စုယွီကနှစ်ပေါင်းများစွာ ဆေးလိပ်သောက်ခဲ့သဖြင့် မူလအသံကမကျယ်သည့်ကြားမှ လေသံနိမ့်ကာပြောသောအခါ အသံကအက်ရှနေတတ်သည်။ သို့သော် ပိုင်လော့ဖုန်းအားပြောသည့်အခါ လေသံကနူးညံ့နေ၏။
ပိုင်လော့ဖုန်း မော့ကြည့်သောအခါ စပယ်ယာကသူ့အားကြည့်နေသည်။ စုယွီ၏မျက်လုံးများအတိုင်း တည်ငြိမ်မှုနှင့် ဖျော့တော့သောအလင်းရောင်များ ပါသည့်မျက်လုံးများက သူ့အားကြည့်နေ၏။
စပယ်ယာက နှုတ်ခမ်းလှုပ်ရုံပြောသည်။
"အားဖုန်း၊ မကြောက်ပါနဲ့။ အပြင်မှာ ဘာမှမရှိဘူး။"
ပိုင်လော့ဖုန်းကြောင်အနေမိ၏။ ထိုအားဖုန်းဟူသည့် အခေါ်အဝေါ်သည် သူ့အားအကြောင်းအရာများစွာကို အမှတ်ရစေသည်။
"ကိုင်ထားလိုက်။" စပယ်ယာက တံခါးနံဘေးမှ လက်ရန်းအားမေးငေါ့ပြ၏။ "လက်ရန်းကိုဆွဲပြီး ရှေ့ကိုမှီလိုက်။ နံဘေးမှာအပေါ်တက်ဖို့ လှေကားရှိတယ်။ အပေါ်တက်ကြရအောင်။"
"ဒီအပိုင်းက နှင်းဖုံးနေပြီ။ လှေကားရောပဲ။ ချောနေလောက်တယ်။ လက်အိတ်ချွတ်ပေးမယ်။" စပယ်ယာက သူ့အားလွှတ်ပေးကာ လက်ကမ်းလာ၏။
"ဒီဖက်လက်က လှုပ်မရလို့ ချွတ်ပေးဦး။"
"အပြင်မှာအေးတယ်။ ကိုယ့်ကုတ်အင်္ကျီကကြီးတော့ မင်းနှင်းတွေထဲပိတ်နေမှာစိုးလို့ အပေါ်ရောက်ရင်ချွတ်ပေးမယ်။"
"မင်းကရော။"
"ငါကမင်းအနောက်မှာလေ။ တစ်ခုခုဆို ငါမင်းကိုဆွဲလိုက်မယ်။ ကြောက်မနေနဲ့။"
"မကြောက်ပါဘူး၊ ငါက....."
"စိတ်မပူနဲ့။ မြန်မြန်လုပ်။ အချိန်ဖြုန်းလို့မရဘူး။ အချိန်ကအသက်ပဲ။ ငါ့အတွက် သိပ်မကျန်တော့ဘူး။"
ထိုစကားကြောင့် ပိုင်လော့ဖုန်းဘာမှ ဆက်မပြောနိုင်တော့ပေ။ စပယ်ယာ အကြံပေးသည့်အတိုင်း လက်အိတ်အားချွတ်ပေးကာ သူဝတ်လိုက်သည်။ ညာဖက်လက်အိတ်က အဆင်ပြေသော်လည်း သရဲကိုက်ခံထားရသည့် ဘယ်ဖက်လက်အိတ်မှာ သွေးများစိုရွဲနေ၏။ ဒဏ်ရာအားမထိစေရန် သတိထားကာလက်အိတ်ကို ချွတ်ရသည်။
လက်အိတ်ဝတ်ပြီးနောက် လက်ရန်းကိုကိုင်လျက် အပြင်သို့ထွက်ကြည့်သောအခါ စုယွီပြောသည့်အတိုင်း ရထားကိုယ်ထည်နှင့် ကပ်နေသည့် လှေကားရှိနေသည်။ လှေကားကသိပ်မဝေးဘဲ လက်လှမ်းရုံနှင့်ရောက်နိုင်၏။
ငုံ့ကြည့်သောအခါ လေသည်သူ့ဆံမြိတ်များအား အပေါ်လှန်တက်စေပြီး လေကာအင်္ကျီမှာ စာရွက်လိုတဖျတ်ဖျတ်နှင့် လေထဲလွင့်နေသည်။ အအေးဓာတ်ကြောင့် သူ့လက်ချောင်းများ တုန်ရီလာ၏။
ရထားသည် နှင်းတောင်များကြား သွားနေပြီး တံခါးဖွင့်ထားသဖြင့် ဂျုံးဂျုံးဂျက်ဂျက် အသံများအား ရှင်းရှင်းလင်းလင်း ကြားနေရသည်။ တောင်ကမမြင့်လွန်းဘဲ နိမ့်ဆင်းသွားသည့် လျှောစောက်ပုံသဏ္ဍာန်ဖြစ်သောကြောင့် ရထားအတွက် ဘေးကင်းသည့်နေရာဖြစ်၏။ သို့သော် ခြေလဲပြီးတောင်အောက်ကျပါက အသက်ရှင်ရန် အခွင့်အရေးမရှိချေ။
ပိုင်လော့ဖုန်း တံတွေးမျိုချမိသည်။
"အောက်ကိုမကြည့်နဲ့။"
ပိုင်လော့ဖုန်း နောက်သို့အနည်းငယ် လှည့်ကြည့်သောအခါ စုယွီကသူ့နောက်၌ တည်ငြိမ်စွာရပ်နေသည်။
"အနောက်မှာရှိတယ်၊ မကြောက်နဲ့။"
ပိုင်လော့ဖုန်း ခေါင်းငုံ့ပြကာ လှေကားကိုလှမ်းဆွဲလိုက်၏။
သူခြေထောက်ကို ဆန့်ထုတ်ကာလှေကားပေါ်တင်လိုက်သည်။ ကွက်တိကျသဖြင့် လက်ကိုလွှတ်ကာလှေကားပေါ် ခုန်တက်လိုက်၏။ ရထားတွဲထဲကလူများမှာ ရင်တထိတ်ထိတ်နှင့် ကြည့်နေကြသည်။ သူလက်ရန်းအားလွှတ်လိုက်စဥ်က စုချာမှာတုန်ရီသည်အထိ ထိတ်လန့်သွားခဲ့၏။ ပိုင်လော့ဖုန်း လှေကားပေါ် အလွယ်တကူရောက်ကာ အပေါ်တက်သွားမှ အားလုံးသက်ပြင်းချနိုင်ကြသည်။
စပယ်ယာကလည်း မခုန်တော့သည့် နှလုံးကိုစမ်းကာ သက်ပြင်းချနေ၏။ ပိုင်လော့ဖုန်းလှေကားပေါ် အမြန်တက်ခဲ့တော့သည်။ စပယ်ယာ ခေါင်းထုတ်ကြည့်ပြီး လှေကား၌မည်သူမှ မရှိသဖြင့် နောက်တစ်ယောက်အား အပေါ်တက်ရန်ခေါ်၏။
လျန့်ရိထုံက ချီတုံချတုံဖြစ်နေသည်။ "တကယ်တက်ရမှာလား။ အန္တရာယ်များလွန်းတယ်။ မင်းဘာလို့ ဒီမှာပဲမသေလိုက်တာလဲ။" သူဆက်ပြောရန်ပြင်ပြီးမှ စပယ်ယာက သူ့အားကြည့်နေသဖြင့် ဇက်ပုဝင်ကာ ပါးစပ်ပိတ်လိုက်ရ၏။
"ဒီဂိမ်းတွေမှာ အလွယ်လိုက်ပြီး သူများအားကိုးနေရင် မင်းသေရလိမ့်မယ်။ အဓိကက ဂိမ်းပြီးသွားရင်တောင် ရထားပေါ်က သရဲတွေကမပျောက်သွားဘူး။ မင်းတို့လွတ်သွားရင်တောင် သရဲတွေနောက်က မလိုက်လာဘူးလို့ အာမခံချက်မရှိဘူး။"
"ဘာ၊ သရဲတွေကမပျောက်သွားဘူး။ ဒီဂိမ်းကပြီးသွားရမှာ မဟုတ်ဘူးလား။"
"မပြီးသေးဘူး၊ မြန်မြန်လုပ်။ တံခါးကာနောက် ငါးမိနစ်လောက်ပဲ ခံနိုင်တော့မယ်။"
စုချာကခေါင်းငြိမ့်ကာ လက်ရန်းကိုကိုင်လျက် 'ဟူးခနဲ'အသက်ရှုသွင်းပြီး အပေါ်သို့တက်သည်။ သူမ၏လှုပ်ရှားမှုများက သွက်လက်လွန်း၍ စပယ်ယာပင် ပခုံးတွန့်မိ၏။
အပြင်၌မှောင်နေသဖြင့် သူမပြုတ်ကျကာ နှင်းတောင်ကြားကျမည်စိုး၍ အလန့်တကြားနှင့် ခေါင်းပြူကာကြည့်သောအခါ သူမအားမတွေ့ရတော့ချေ။
အပေါ်ကိုမော့ကြည့်မှ စုချာကလှေကားကိုကိုင်ကာ အပေါ်တက်နေသည်ကို တွေ့ရ၏။
"အထင်ကြီးစရာပဲ။" သူအထဲပြန်ဝင်ကာ နဖူးမှချွေးကိုသုတ်လိုက်သည်။ "သူက တပ် တစ်ခုခုကများလား။"
"မသိဘူး။" ကျန်းမုန့်ရီကဖြေလာသည်။ "မင်းဘယ်လောက်ထိ မှတ်မိပြီလဲ။ အားလုံးမှတ်မိပြီလား။"
စပယ်ယာက နောက်အလှည့်ကျသည့် လီချန်စစ်အား ဆွဲခေါ်သောအခါ အလွန်အမင်းတုန်ရီနေ၍ ဘေးမှရှစ်ယွမ်က ထိန်းပေးရသည်။
ကျန်းမုန့်ရီ၏မေးခွန်းကြောင့် စပယ်ယာက နောက်လှည့်ကြည့်လာ၏။ "ဘာလဲ။"
"မင်းဘယ်လောက်ထိ မှတ်မိပြီလဲမေးတာ။"
စပယ်ယာကမဖြေဘဲ ဦးထုပ်အစွန်းအားကိုင်ကာ ခေါင်းပြန်ငုံ့သွား၏။
"ဘာလို့မဖြေတာလဲ။"
"မဖြေချင်လို့။"
"ပြီးတာပဲ။ ဒါနဲ့ဘာလို့ အပေါ်တက်ခိုင်းတာလဲ။ အပေါ်ရောက်ရင် မင်းဘာဆက်လုပ်လို့မလဲ။"
"မင်းတကယ်မေးဖို့လိုလို့လား။" စပယ်ယာကခေါင်းစောင်းကာ မေးလာပြီး လေနှင့်နှင်းများကြောင့် သူ၏ဓားတစ်စင်းလိုစူးရှသော မျက်လုံးများအား တွေ့လိုက်ရသည်။
"သူ့ကိုရထားပေါ်က ဆင်းလို့ရအောင်လုပ်ပေးနေတာလေ။ မင်းတ်ို့ကိုပါ အဖော်ထည့်ပေးလိုက်မလို့။"
"ဒီတော့ငါတို့ကို ပိုင်လော့ဖုန်းမျက်နှာနဲ့ ကူညီတာပေါ့။"
"ရှင်းနေတာပဲမလား။ ပြီးတော့ မင်းကိုမေးစရာရှိတယ်။"
"မင်းငါ့ကို မရင်းနှီးပေမယ့် ငါ့ဖိုင်ကိုအကြိမ် ရှစ်ရာမက ကြည့်ဖူးတယ်ဆိုတာ ဘာကိုပြောတာလဲ။"
"ပြောတဲ့အတိုင်းပဲပေါ့။ နားလည်ရခက်လို့လား။"
စပယ်ယာက ခဏလောက်ငြိမ်နေပြီးနောက် မေးလာသည်။ "မင်းကရဲပေါ့။"
"ဟုတ်တယ်။" စပယ်ယာ၏ မျက်နှာကမှုန်ကုန်သွား၏။ ရဲတစ်ဦးကသူ၏ ဖိုင်အားအကြိမ်ရေ ရှစ်ရာကြည့်သည့်ဟူသော စကား၏အဓိပ္ပါယ်မှာ များများစားစားမရှိနိုင်ချေ။
"ငါပြောချင်တာက " ကျန်းမုန့်ရီက စကားပြန်ဆက်သည်။
"ဟမ်"
"မင်း" ကျန်းမုန့်ရီ ပါးစပ်ဟပြီးမှ ခဏလောက်ရပ်နေပြီး ပြောချင်သည့်နာမည် ထွက်လာစေရန် အတော်အားစိုက်ထုတ်လိုက်ရ၏။
"လို့ချီဝမ်။"
"ဒီနာမည်ကြားဖူးလား။"
စပယ်ယာက အသေအချာတွေးပြီးနောက် ခေါင်းခါပြလာ၏။
"မကြားဖူးဘူး။ ထုတ်လွှင့်သူပဲလား။ သူဒီအဆင့်ကိုအောင်လား။ ဘယ်လိုပုံစံမျိုးလဲ။ သူဘာအလုပ်လုပ်တာလဲ။"
"ငါ့မိန်းမပါ။ မင်းမကြားဖူးရင်လည်း ထားလိုက်တော့။"
"ဒီလိုလား။" စပယ်ယာက ဦးထုပ်ကိုအောက်ဆွဲချကာ ရှေ့ပြန်လှည့်သွားသည်။
လျန့်ရိထုံ၊လီချန်စစ်နှင့် ရှူရှင်းတို့အား ရှစ်ယွမ်အပေါ်သို့ ပို့ပြီးဖြစ်၏။ ထိုအားနည်းသူ၊လူအိုများ၊မသန်စွမ်းများပြီးနောက် ရှစ်ယွမ်၏အလှည့်ပင်။
သူကတံခါးဘေး၌ တွဲလောင်းခိုရင်း ခြေတစ်ဖက်လေထဲလွှင့်ကာမေးလာသည်။ "ဘယ်လိုလဲ၊ သေပြီးတဲ့အမျိုးသား။ အကူအညီလိုသေးလား။"
"ဝေးဝေးသွားစမ်းပါ။"
"ပြီးတာပဲ။" ရှစ်ယွမ်ကသူ့အား အလေးပြုကာ လှေကားပေါ်တက်သွားတော့သည်။
အားလုံးတက်သွားပြီးနောက် တုတ်ညှပ်ထားရသည့် တံခါးမှာ ထုရိုက်သံများ ဆူညံနေ၏။
တုတ်ကပုံပျက်နေပြီး၊ ကြိုးကတစ်ဝက်မှ ပြတ်သွားပြီဖြစ်၍ နောက်ထပ်နှစ်မိနစ်လောက်သာ အချိန်ရတော့မည်။
"တက်လေ။" စပယ်ယာကပြောလာ၏။
"မင်းအရင်တက်။" ကျန်းမုန့်ရီက သွေးထွက်နေသည့် သူ့လက်အားကြည့်ကာပြောလာသည်။ "လက်တစ်ဖက်တည်းနဲ့ တက်နိုင်ပါ့မလား။"
"ငါက A အဆင့်ကွ။ ဒါကသာမညဒဏ်ရာလေးပါ။"
ကျန်းမုန့်ရီကရုပ်တည်နှင့် အလေးပြုလာသည်။ "လေးစားတယ်ကွာ။"
ပိုင်လော့ဖုန်းမှာ ပထမဆုံးအပေါ်တက်သူဖြစ်၍ နှင်းမုန်တိုင်းကြောင့် နှာရည်များယိုနေပြီး နှာရည်များက ရေခဲအဖြစ်သို့ပင် ပြောင်းတော့မည်။ သူ့ကိုယ်သူဖက်ကာ အေးခဲနေသည့်ကြားမှ အဖွဲ့ဝင်များအား တစ်ဦးပြီးတစ်ဦး ဆွဲတင်နေသော်လည်း စုယွီကမပေါ်လာသေးချေ။ သူစိုးရိမ်တကြီးနှင့် လှေကားကိုငုံ့ကြည့်မှ တက်လာနေသည့် စုယွီအားတွေ့ရသည်။ လက်တစ်ဖက်စုတ်အောင် အကိုက်ခံထားရသော်လည်း စုယွီကနှစ်ဖက်စလုံးသုံးကာ အပေါ်တက်လာနေ၏။ ပိုင်လော့ဖုန်း သူ့အားအမြန်သွားဆွဲထူပေးမိသည်။
စုယွီ၏ ဒဏ်ရာရနေသော လက်သည်တုန်ရီကာ ထိန်းချုပ်မရဖြစ်နေ၏။ ပိုင်လော့ဖုန်း သူ့အားဖမ်းဆွဲကာ ဒေါသနှင့်မေးလိုက်မိသည်။ "မင်းဘာတွေလုပ်နေတာလဲ။ မင်းလက်က....."
"သိပါတယ်။" စပယ်ယာကပြောလာ၏။
"ပြီးတော့ မင်း....."
"ဒီနေရာက ဒီလိုနေရမယ့်နေရာပဲ။ မင်းအများကြီး သည်းခံတတ်ဖို့လိုတယ်။ နာကျင်မှုကိုသည်းခံပြီး အပေါ်ရောက်အောင် မတက်နိုင်ရင် မင်းအောက်မှာသေရမှာပဲ။"
ပိုင်လော့ဖုန်း ရင်ထဲဆို့နစ်ကာ ဘာမှဆက်မပြောနိုင်တော့။
ထိုအချိန် ကျန်းမုန့်ရီအပေါ်ရောက်လာသည်။ ရထားကအရှိန်နှင့်ပြေးနေသလို လေဒဏ်၊နှင်းဒဏ်ကြောင့် အမိုးမှာရမ်းခါနေ၍ မည်သူမှထမရပ်ရဲကြပေ။ အများစုက လဲနေ၊ထိုင်နေကြပြီး ကျန်းမုန့်ရီ အပေါ်ရောက်သည်နှင့် ဖင်ထိုင်လဲတော့၏။
"ဟေး" ကျန်းမုန့်ရီက ဓာတ်မီးနှင့်စပယ်ယာကိုထိုးကာ မေးလာသည်။ "ဘာဆက်လုပ်ကြမလဲ၊သူငယ်ချင်း။"
မဲမှောင်နေသည့်ကောင်းကင်ပြင်၌ ထိုမီးရောင်က မျှော်လင့်ချက်လက်ကျန်နှင့်တူ၏။
စပယ်ယာသည် လုံးလုံးစိတ်ပူပန်နေပုံမရ။ မီးရောင်အောင်တွင် သူ့ကုတ်အင်္ကျီကိုချွတ်၍ ပိုင်လော့ဖုန်းအားဝတ်စေသည်။
"ငါမအေးပါဘူး။" ပိုင်လော့ဖုန်းကပြောလာ၏။
"ငါကသေသွားရင် လုံးလုံးမအေးတော့ဘူး။" စပယ်ယာကပြန်ပြောသည်။ "ဝတ်ထားလိုက်။ ငါကပူတာအေးတာ မခံစားရတော့ဘူး။"
ပိုင်လော့ဖုန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆက်မငြင်းတော့ချေ။ စပယ်ယာက တစ်ဖက်သို့လှည့်သွား၏။ "ငါ့ကိုဓာတ်မီးပေး။"
ကျန်းမုန့်ရီက အမိုးပေါ်ဝမ်းလျားထိုးမှောက်အိပ်နေသည်။ အသက်ရှုရန် နှာခေါင်းကိုသာဖော်ထားပြီး ဓာတ်မီးကိုကမ်းပေးလာ၏။ စပယ်ယာက အနောက်ဖက်မှအမိုးအား မီးထိုးကြညွကာမေးလာသည်။ "အချိန်ဘယ်လောက်ကျန်သေးလဲ။"
ဆုချာကလဲအိပ်နေရင်းပြောလာ၏။ "၁၉ မိနစ်"
လှေကားတက်ခြင်းက လေးမိနစ်ပင်ကြာမြင့်ခဲ့သည်။
"မဆိုးဘူးပဲ၊ အိပ်မနေနဲ့။ အားလုံးထကြတော့။ လမ်းကနည်းနည်းရှည်တယ်၊ ခြေလှမ်းကိုဂရုစိုက်ကြ။"
စပယ်မှ 'လမ်းကနည်းနည်းရှည်တယ်'ဟုပြောခဲ့သော်လည်း သူ့အနေနှင့် အဘိဓာန်ထဲမှ 'နည်း'ဟူသောစကားလုံး၏ အဓိပ္ပါယ်ကို ပြန်လေ့လာရန်လိုအပ်နေပြီဟု စုချာထင်သည်။ ထိုစာလုံး၏ သုံးစွဲပုံအား သူမှားယွင်းမှတ်သားထားပုံရ၏။
လေနှင့်နှင်းများကြား မည်မျှကြာမှန်းမသိအောင် သူတို့လျှောက်လာကြပြီးနောက် အမိုးရှိနောက်လှေကားတစ်ခုမှတဆင့် အောက်သို့ပြန်ဆင်းကြရသည်။ ထိုရထားတွဲ၏ ဘေးလျှောက်လမ်းပါသောကြောင့် လှေကားပေါ်ခုန်ချရန် မလိုပေ။
စပယ်ယာကဦးစွာဆင်းပြီး ပိုင်လော့ဖုန်းအားခေါ်ချပြီးနောက် တစ်ယောက်ယောက် တူ ပါသလား မေးသောအခါ ရှစ်ယွမ်ဘာကြောင့် တူထည့်လာမှန်း မသိရသော်လည်း သူ့အိတ်ထဲမှ တူ ထွက်လာသည်။
စပယ်ယာက ပြတင်းအားတူနှင့် ရိုက်ခွဲကာ ပြတင်းပေါက်မှအထဲဝင်၍ သော့ယူကာတံခါးဖွင့်ပေးလာ၏။
ထိုရထားတွဲထဲ၌ နှင်းဒဏ်လေဒဏ် မခံရဘဲ ယခင်ရထားတွဲထက် များစွာပို၍နွေးထွေးနေသည်။
အားလုံးအခုမှသာ သက်ပြင်းချနိုင်ကြပြီး နေရာ၌ပုံရက်သားလဲနေကြ၏။
ဆုချာကအိပ်နေရင်းမေးလာသည်။ "သေပြီးသားအစ်ကိုကြီး၊ ဒါဘယ်နေရာလဲ။"
"ရထားတွဲတစ်ဆယ်။"
စပယ်ယာက ကျန်းမုန့်ရီ၏ဓာတ်မီးနှင့် ဘေးဘီကြည့်သောအခါ ပိုင်လော့ဖုန်းက သူ့အနောက်ကပ်လိုက်၍ ကုတ်အင်္ကျီအား ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သူ့အတိုင်းဘေးဘီသို့ လိုက်ကြည့်နေသည်။
"ရထားတွဲတစ်ဆယ်။" ဆုချာကလဲနေရင်း စဥ်းစားနေပုံရ၏။ "သြော်၊ လောင်စာခန်းလား။"
"အင်း" စပယ်ယာက ဘေးတစ်နေရာသို့ ဓာတ်မီးနှင့်ချိန်လိုက်သဖြင့် ပိုင်လော့ဖုန်း ကြည့်သောအခါ မီးလင်းဖိုကြီးအားတွေ့ရသည်။ မီးလင်းဖိုအား အဖုံးခပ်ကြီးကြီးနှင့် အုပ်ထားပြီး ရေပူအိုးကဲ့သို့ ပွက်ပွက်ဆူနေသောကြောင့် အဖုံးမှာလှုပ်ခါနေ၏။ အထဲမှထွက်လာသည့် အသံတစ်ချို့အား ဂရုတစိုက်နားထောင်သော်လည်း ရှင်းလင်းစွာမကြားရပေ။ မီးလင်းဖိုက အတော်လေးကြီးပြီး ရထားတွဲ၏တစ်ဝက်ခန့် နေရာယူထားသည်။
သူ့မီးရောင်ကြောင့် အားလုံးမီးလင်းဖိုအား တွေ့သွားကြ၏။
လီချန်စစ် ကြောက်လန့်တကြားနှင့် ထမေးလာသည်။ "ဘာ၊ ဘာကြီးလဲ။"
"လောင်စာ" စပယ်ယာက ဓာတ်မီးကိုပိတ်ကာမေးလာ၏။
"ခုထိသုံးလို့ရနေတုန်းလား။"
"အင်း၊ ရနေသေးတယ်။ ထကြတော့၊ နောက်ရထားတွဲထဲသွားမယ်။ ဒီနေရာလည်းမလုံခြုံဘူး။"
အားလုံးထရပ်ကာ စပယ်ယာ၏နောက်မှလိုက်လာကြသည်။
တံခါးဖွင့်လိုက်သည်နှင့် လေနှင့်နှင်းများ အပြင်းအထန်ဝင်ရောက်လာ၏။ ရထားတွဲ၏အပြင်ဖက်၌ လှေကားသုံးဆင့်ပါသော ပလက်ဖောင်းရှိပြီး အနည်းငယ်အကွာ၌ နောက်ရထားတွဲရှိသည်။
ရထားတွဲတစ်ဆယ်နှင့် ဆယ့်တစ်အား ချိတ်ဆက်ထားခြင်းမရှိချေ။ ရထားမှထွက်ကာ သင်္ဘောတက်သကဲ့သို့ နောက်ရထားတွဲဆီ ကုန်ကူးရမည်။
တစ်ယောက်ယောက်ကမေးလာ၏။ "ဘာလို့ဒီလိုပုံစံကြီး ဆောက်ထားရတာလဲ။"
"မသိဘူး။"
သူရထားတွဲတံခါးအား ဖွင့်လိုက်သည်နှင့် အားလုံးစုပုံဝင်ရောက်လာကြသည်။
ရထားတွဲဆယ့်တစ်သည် ခရီးဆောင်အိတ်အခန်းဖြစ်ကာ ပတ်လည်၌ အဝတ်ဖြူများ ဖုံးထား၏။ ခရီးဆောင်အိတ်အခန်းဟု ဆိုသော်ငြား လက်ရှိအနေအထားအရ မည်သူမှစပ်စုနေရန် သတ္တိမရှိကြပေ။
"ဒီမှာလုံခြုံတယ်။ လောင်စာဆီအခန်းက ဘယ်အချိန်ဘာဖြစ်မယ်မှန်းမသိတော့ နေလို့မရဘူး။
"ဒီလိုလား။"
လျန့်ရိထုံ ဘာမှဆက်မမေးတော့ဘဲ ခရီးဆောင်အိတ်မရှိနေသည့် အခန်းထောင့်၌ ထိုင်ချလိုက်သည်။ "အရမ်းမောနေပြီ။"
"မထိုင်နဲ့ဦး။ နောက်ရထားတွဲဆီ ကူးရဦးမယ်။"
"ဘာလို့လဲ။"
စပယ်ယာက ပိုင်လော့ဖုန်းအားညွှန်ပြလာသည်။
"ငါသူ့ကိုပြောစရာရှိလို့။"
"ဒီမှာပြောလေ၊ ငါတို့နားမထောင်ဘဲနေပေးမယ်။"
"တော်လိုက်တော့၊ တော်တော့။" ကျန်းမုန့်ရီထလာပြီး သူ့အားခပ်ဖွဖွကန်လာသည်။ "နောက်နှစ်လှမ်းလောက်လျှောက်ရင် မင်းသေတော့မလား။ မသေချင်ရင်လမ်းဖယ်ပေး၊ အခုထ။"
လျန့်ရိထုံ အရာရှိအား ပြန်မပြောရဲသဖြင့် ဘောင်းဘီခါကထရပ်ပြီး ဘေးသို့ရွေ့ပေးလေ၏။
"နှစ်ယောက်တည်း စကားပြောချင်ရင်တော့ရပါတယ်။ ဒါပေမယ့် ကိုးမိနစ်ပဲရတော့မယ်။" ရှူရှင်းကဖုန်းကိုကြည့်ရင်း ပြောလာသည်။
ပိုင်လော့ဖုန်း အတည်ပြုရန် ဖုန်းယူထုတ်ကြည့်သောအခါ အမှန်ပင် ၉း၄၁ ဟုပြနေသဖြင့် ၉ မိနစ်သာကျန်တော့၏။
စပယ်ယာကနားလည်ကြောင်း OK ဟုလက်သဏ္ဍာန်လုပ်ပြလာသည်။
အဖွဲ့သားများ အတွဲဆယ့်နှစ်သို့ ရွေ့ကုန်ကြပြီး စပယ်ယာနှင့် ပိုင်လော့ဖုန်းသာ အတွဲဆယ့်တစ်၌ကျန်ခဲ့၏။
တံခါးပိတ်သွားသည်နှင့် ပိုင်လော့ဖုန်း အတော်လေးစိတ်လှုပ်ရှားလာသော်လည်း စပယ်ယာကတည်ငြိမ်နေသည်။
နေရာလွတ်ဆီသို့ နှစ်လှမ်းထိုးကာ အဝတ်ဖြူပေါ်၌ထိုင်ချပြီး သူ့အားလှမ်းခေါ်လာ၏။ "ထိုင်လေ။"
"ဘယ်မှာလဲ။"
စပယ်ယာက သူ့နံဘေးမှနေရာအား မေးဆတ်ပြသည်။
ပိုင်လော့ဖုန်း သူ့အနားလျှောက်သွားပြီး နံဘေး၌ဝင်ထိုင်လိုက်၏။
နှစ်ဦးသား ဘာမှမပြောဘဲ အတော်ကြာအောင် ထိုင်နေမိကြသည်။
"တစ်လမ်းလုံးမင်းဘာမှ မပြောပါလား။" စပယ်ယာကပြောလာ၏။
"ဟင်"
"ဘာလို့ဘာမှမပြောတာလဲ။"
"ငါမင်းကိုပဲကြည့်နေတာ။" ပိုင်လော့ဖုန်း ရိုးသားစွာပြောလာ၏။ "မတွေ့ရတာကြာပြီလေ။"
စပယ်ယာအသံတိတ်နေသည်။
"ငါမင်းတွေးထားမိတဲ့ ပုံနဲ့တူရဲ့လား။" ပိုင်လော့ဖုန်းကခေါင်းခါပြ၏။ "မသိဘူး။ ထပ်မတွေ့ရတော့ဘူးထင်လို့ တစ်ခါမှမတွေးကြည့်ခဲ့ဘူး။"
"ဘာလို့လဲ။ ဒီကိုလာခဲ့တာ ဒီကိစ္စအတွက်ပဲမလား။ ငါ့ကိုထပ်တွေ့ချင်လို့ လာခဲ့တာမလား။"
"ဟုတ်တယ်။" ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြပြန်၏။ "ဒါပေမယ့်ငါမရှင်းပြတတ်ဘူး။"
စပယ်ယာက ပိုင်လော့ဖုန်းအားငေးကြည့်နေသည်။ သူပြောစရာများ ကျန်နေသေးမှန်းသိ၍ သူဘာမှဆက်မပြောလာချေ။
ပိုင်လော့ဖုန်း ပြောစရာများစွာရှိနေသော်လည်း ဘယ်ကစရမှန်းမသိချေ။ "ဒီနှစ်တွေအတွင်း မင်းသေပြီမှန်း ငါသိပေမယ့် တစ်ခါတစ်လေကျ အသက်ရှင်နေသေးတယ်လို့ ငါယုံကြည်နေမိတယ်။"
"မင်းက ရုတ်တရက်ကြီးထွက်သွားတော့ မနက်တိုင်းဖုန်းခေါ်၊စာပို့မိပြီးမှ စာတွေပယ်ချခံရပြီး ဖုန်းခေါ်လို့မရမှ မင်းမရှိတော့မှန်း ငါပြန်သတိရတယ်။"
"ဘာလို့သေခဲ့တာလဲ။"
"ဘာမှကြိုသတိမပေးခဲ့ဘူး။ မနက်ဖြန် ထပ်လာမယ်ပြောပြီး ရုတ်တရက်ကြီး မင်းမရှိတော့ဘူး။"
ပိုင်လော့ဖုန်း လက်နှစ်ဖက်အားပွတ်သပ်ကာ ခေါင်းငုံ့၍မေးလာသည်။ "သတ်သေခဲ့တာလား။"
ပိုင်လော့ဖုန်း၏ မေးခွန်းကိုသူသဘောပေါက်သည်။ သူ၏သတ်သေမှုသည် မိမိစိတ်ဆန္ဒအရလား၊ ဂိမ်းဖန်တီးသူမှ စေခိုင်း၍လားဟု မေးနေခြင်းပင်။
"မသိဘူး၊ အခုထိအားလုံးကို မမှတ်မိသေးဘူး။"
"ဘယ်လောက်ထိမှတ်မိလဲ။"
"တစ်ဝက်လောက်ပေါ့၊ မင်းကိုတစ်ခုမေးစရာရှိတယ်။"
"မေးလေ။"
"မင်းအတွက် စုယွီကဘာလဲ။" စပယ်ယာက သူ့မျက်လုံးများထဲ စိုက်ကြည့်ကာမေးလာသည်။
"မင်းအတွက်အရေးပါလား။ ဘယ်လိုအရေးပါတာလဲ။"
ပိုင်လော့ဖုန်း နှောင့်နှေးမှုမရှိ ပြန်ဖြေလာသည်။ "သူကငါ့ကောင်လေး။"
"ငါ့ချစ်သူ"
"အရေးပါတာပေါ့။"
"သိပ်အရေးပါတဲ့သူ။"
"ဘာလို့လဲ။ နှစ်နှစ်လောက်ပဲရင်းနှီးပြီး ခြောက်လလောက်ပဲ တွဲခဲ့တာမလား။ မင်းတစ်ခြားသူကို ပြောင်းချစ်လို့ရတာပဲ။"
"မင်းအဲ့လိုမပြောနဲ့။ အရေးပါတယ် မပါဘူးဆိုတာ ဒီလိုအရာတွေနဲ့မတိုင်းတာဘူး။ ငါမင်းကိုချစ်တယ်။"
စပယ်ယာ ဘာမှပြန်မဖြေပေ။
ပိုင်လော့ဖုန်း အအေးဒဏ်ကြောင့် နီရဲနေသည့်လက်အား ဆန့်ထုတ်ကာစပယ်ယာ၏ သွေးထွက်နေသည့်လက်အား ဆုပ်ကိုင်လာသည်။
သူဆုပ်ကိုင်ထားသည်ကို သိသလားစူးစမ်းဟန်နှင့် လက်ကိုခပ်ဖွဖွညှစ်လာ၏။
"မသေပါနဲ့။" ပိုင်လော့ဖုန်း၏အသံမှာ အက်ကွဲနေပြီး မြင်ကွင်းမှာမှုန်ဝါးလာသည်။
အက်ကွဲနေသည်အသံနှင့် ထိုစကားကိုသာဆက်တိုက်ပြောရင်း မျက်ရည်များစီးကျလာ၏။
"ထပ်မသေပါနဲ့။"
"ထပ်မသေပါနဲ့။"