no

Font
Theme

အပိုင်း ၂၁ - ဖြတ်သန်းနေသောရထား (အခန်း ၁၃)

"ရထားစပယ်ယာ၊ ပါးစပ်ပိတ်ပြီး ငါမေးတာအရင်ဖြေစမ်းပါ။"

ရထားကဘယ်ညာယိမ်းနေသည်။ စပယ်ယာက ယိမ်းထိုးရင်း ဟန်ချက်ပျက်ကာ အနီးမှခုံနှင့်ဝင်တိုက်သွားသည်။ သူကအမြန် ကုန်းရုန်းထကာ ပြဿနာများ၏လားရာ ပထမတွဲဆီ ပြေးသွားသည်။

ပထမတွဲ၌ အခြေအနေအတော်ဆိုး၏။ ခရီးသည်များက အရူးလိုအော်ဟစ်နေကြပြီး ရက်စက်ကြမ်းကြုတ်သော အနက်ရောင် ဝိညာဉ်များသည် ရထားအတွင်း ပတ်ပြေးနေကြသဖြင့် နေရာအနှံ့မှ ပေါက်ကွဲသံများကြားရကာ လေထုထဲ၌ သွေးနံ့များပြည့်နေ၏။

ရထား၏ အလယ်ဗဟိုတွင် သွေးရူးသွေးတမ်း ဖြစ်နေသောသရဲများက ခန္ဓာကိုယ်နှစ်ခုအား ဆုတ်ဖြဲကိုက်ပစ်နေသည်။ အစားအသောက်ဖြစ်သည့် ထိုလူနှစ်ဦးသည် သရဲများ ရူးသွပ်မှု၏ အစပင်။

ခရီးသည်များသည် ၎င်းတို့၏အနက်ရောင် ပုံရိပ်မှထွက်ကာ ပုံစံအမှန်ဖြစ်သည့် အလောင်းကောင်များပုံပြောင်း ကုန်ကြသဖြင့် သွေးဆာနေသော ပါးစပ်ထဲမှ အပြာရောင် သွေးကြောများကိုပါ တွေ့မြင်နေရသည်။

စပယ်ယာက သူ့လက်ကိုမြှောက်ပြီး ဝေ့လိုက်သောအခါ လေပြင်းတစ်ချက်တိုက်၍ သရဲများအားလုံး လွှင့်ထွက်သွား၏။ အော်သံများလည်း ချက်ချင်းတိတ်သွားကြသည်။

"ရူးနေကြပြီလား။ လူသားစားလို့ ရတယ်လို့ပြောထားပေမယ့် ရထားကို လှန်အောင်လုပ်ဖို့ ငါပြောထားလား။"

သရဲများက အသံပင်မထွက်ရဲကြပေ။

သူစကားဆက်ပြောရန်ကြံစဥ် အနောက်မှပြေးလာသည့် ခြေသံများကြားလိုက်ရသဖြင့် စကားလုံးများ လည်ချောင်း၌ဆို့ကာ ဒေါသထွက်လာပြီး သူထင်ထားသည့်အတိုင်းပင် တစ်စုံတစ်ဦးသည် "စုယွီ"ဟုအော်ခေါ်ကာ ပြေးလာနေ၏။

"ငါစုယွီမဟုတ်ဘူး။" စပယ်ယာက နားထင်အားဖိနှိပ်နေသည်။ "ငါမင်းကိုမလာဖို့ မပြောထားဘူးလား။ လူစကားနားမလည်တာလား။ ငါမင်းကိုသတ်မိအောင် ဖိအားမပေးနဲ့၊ ခွေးမသား။"

သူစိတ်ကုန်လွန်း၍ ခေါင်းပင်မလှည့်မိပေ။

ပိုင်လော့ဖုန်းက စိတ်မချမ်းမြှေ့စွာနှင့် မျက်မှောင်ကြုတ်နေသည်။ အဆဲခံရလွန်း၍ သူလည်းအတော် ခံနိုင်ရည်ရှိနေလေပြီ။ စပယ်ယာက သူ့အားအမြဲခြိမ်းခြောက်ကာ ဆူပူတတ်၏။ စိတ်မကောင်းဖြစ်သော်လည်း သူအသားကျလာပြီဖြစ်သည်။

ရထားတွဲအလယ်၌ လဲနေသည့်လူနှစ်ဦးအား တွေ့သောအခါ သူတောင့်ခဲသွား၏။ ခန္ဓာကိုယ်ဆိုသည်ထက် ခါးပိုင်းပြတ်များသာ ကျန်တော့သည်။ ခရီးသည်များက ခြေလက်နှင့်ခေါင်းအား စားလိုက်ကြသဖြင့် အလယ်ပိုင်းသာ ကျန်နေခြင်းပင်။

အဝတ်အစားအရ တစ်ဦးသည် တကျုံးလျန်ဖြစ်ကာ နောက်တစ်ဦးသည် အဖွဲ့ထဲ၌ ခပ်အေးအေးနေသည့် မိန်းကလေးဖြစ်ကြောင်း ပိုင်လော့ဖုန်းသိနိုင်သည်။

အဖြစ်အပျက်အား သဘောပေါက်ပြီးနောက် ပိုင်လော့ဖုန်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး နောက်ကျောတစ်လျောက် ကြက်သီးများထလာ၏။

"ပထမတွဲက အစောင့်တွေဘယ်မှာလဲ။" စပယ်ယာကမေးလာသည်။

ရထားတွဲထဲ၌ ပြန်ဖြေသံမရှိပေ။

ပြန်ဖြေသူမရှိလည်း သူကမမှုဘဲ မျက်မှောင်ကြုတ်ကာ လျှောက်ကြည့်နေသည်။ ပိုင်လော့ဖုန်းလည်း ပတ်ကြည့်သောအခါ ဝန်ထမ်းယူနီဖောင်းနှင့်သူ တစ်ဦးပင်မတွေ့ရပေ။ ပထမတွဲ၏ ဝန်ထမ်းပျောက်နေသည်။

"မရှိဘူး။" ပိုင်လော့ဖုန်းက သူ့အနားကပ်ကာပြောလာ၏။ "မင်းသတ်လိုက်ပြီးမှ မေ့နေတာလား။"

"ငါကပြားရှစ်ဆယ်လား။ ငါဘယ်သူ့ကို သတ်မိလဲအကုန်မှတ်မိတယ်။ ပါးစပ်ပိတ်ထား။ မင်းအသံထွက်တိုင်း ငါဒေါသထွက်ရတယ်။"

ပိုင်လော့ဖုန်းက နှုတ်ခမ်းစူပြသည်။

စပယ်ယာက ခဏရပ်ကာတွေးနေ၏။ ရုတ်တရက် တစ်ခုခုရိပ်မိသွားသလို လျှောက်လမ်းအား စိုက်ကြည့်နေပြီး ထိုနေရာဆီလျှောက်သွားလေသည်။

ပထမတွဲ၏ရှေ့၌ စပယ်ယာခန်းဖြစ်၍ ပိုင်လော့ဖုန်း အတော်လန့်သွား၏။ ကျန်းမုန့်ရီတို့ ထိုအခန်း၌ရှိနေ၍ စပယ်ယာရောက်သွားပါက နောက်ဖြစ်လာမည့် ကိစ္စမှာအထင်အရှားပင်။

"စုယွီ။"

စပယ်ယာက သူ့ကိုအရေးမစိုက်ဘဲ ပထမတွဲဆီ ဆက်သွားနေ၏။

ပိုင်လော့ဖုန်း ပြေးလိုက်သော်လည်း ကံဆိုးကာသွေးကွက်ကိုနင်းမိပြီး ဘုန်းခနဲလဲကျသွားတော့သည်။

သူအမြန်ပြန်ထသော်လည်း စပယ်ယာက တံခါးဖွင့်လိုက်ပြီးဖြစ်၍ နောက်ကျသွားလေပြီ။

သူထရပ်ပြီးသောအခါ စပယ်ယာကတံခါးဝ၌ရပ်ကာ အထဲကိုစိုက်ကြည့်နေ၏။

အထဲ၌စာအုပ်များ ကြမ်းပေါ်စုပုံနေသည်။

စုချာနှင့် ကျန်းမုန့်ရီက စာအုပ်များကိုကောက်ကာ စင်ပေါ်ထိုးထည့်နေ၏။

ယာဥ်မောင်းခန်းကပွင့်နေပြီး အထဲမှရှစ်ယွမ်နှင့် ရောင်စုံရှပ်နှင့် မိန်းကလေး၏ အသံကိုကြားနေရ၏။

စပယ်ယာက စာအုပ်စီနေသည့်နှစ်ဦးအား မျက်နှာသေနှင့် အကြာကြီးရပ်ကြည့်နေသည်။

ပိုင်လော့ဖုန်းက အဖွဲ့သားများအား စိတ်ပူ၍ စုယွီဟုဆက်တိုက်ခေါ်သော်လည်း စပယ်ယာက အထဲကိုဝင်သွားပြီဖြစ်၏။

ရှစ်ယွမ်ကရထား၏ စတီယာရင်ကို ကြိုးစားပမ်းစား ထိန်းချုပ်နေသည်။ ပထမတွဲ၌ ယခုနက ရထားတွဲတစ်ခြမ်းလုံး တိမ်းစောင်းသွားခဲ့ပြီးဖြစ်၏။ လက်ရှိ၌ရထားသည် အန္တရာယ်များသော ရေခဲတံတားပေါ်ရောက်နေသည်။ မှောက်သွားပါက ရေလက်ကြားထဲကျကာ အားလုံးသေကြလိမ့်မည်။

ရှစ်ယွမ်ကအကောင်းဆုံး ကြိုးစားပြီး စတီယာရင်ကိုကွေ့နေ၏။ အကွက်အင်္ကျီနှင့်မိန်းကလေးက ကျွမ်းကျင်သူအထာနှင့် ခလုတ်များကိုနှိပ်ကာ အလုပ်များနေသည်။

အတော်ကြာမှ စပယ်ယာဆီက အသံထွက်လာ၏။ "ဘာလုပ်နေကြတာလဲ။"

တံခါးဖွင့်သံကြားကတည်းက သိနေသည့်ရှစ်ယွမ်က ပြန်ဖြေလာသည်။ "မမြင်ဘူးလား။ ရထားမောင်းနေတယ်လေ။"

"ဒီလိုလား။" စပယ်ယာက ကြမ်းပြင်ပေါ်မှ စာအုပ်များကိုကြည့်ကာမေးလာ၏။ "စာအုပ်တွေကို ဖွထားတာကရော ရထားမောင်းတဲ့နေရာမှာ လိုအပ်လို့လား။"

ကျန်းမုန့်ရီက ဖြတ်ပြောလာသည်။ "မင်းသူ့ကို အပြစ်မတင်နဲ့။ ပိုင်လော့ဖုန်းက ပစ်ချခိုင်းတာ။"

ပိုင်လော့ဖုန်း - "....."

စပယ်ယာက သံသယမျက်လုံးများနှင့် လှည့်ကြည့်လာ၏။ "ဒီလိုကိုး၊ ဒါကြောင့်သုံးစားမရတဲ့ အတိတ်အကြောင်းတွေ လာပြောနေတာက အချိန်ဆွဲဖို့ပေါ့လေ။"

ပိုင်လော့ဖုန်း၏ နှုတ်ခမ်းထောင့်များ တုန်ရီလာသည်။

အဖွဲ့သားများက အပြစ်ပုံချလာ၍ သူရယ်ရမလား ငိုရမလား မသိတော့ပေ။ ၎င်းတို့သည် ပိုင်လော့ဖုန်းက စပယ်ယာအတွက် ထူးခြားသဖြင့် လုံးဝထိခိုက်အောင် မလုပ်ဟုယုံကြည်နေကြပုံပေါ်သည်။

ပိုင်လော့ဖုန်း ရွေးစရာမရှိတော့၍ ပခုံးတွန့်ပြကာ ပြောလိုက်ရ၏။ "ဒီလိုလည်းမဟုတ်ဘူး။ ငါတကယ် ပြောစရာရှိလို့ပါ။"

"ဟုတ်လား။ ငါ့ကိုမင်းကောင်လေးနဲ့မှားပြီး နောက်ကပတ်လိုက်နေရင် ငါစိတ်ပျော့သွားမယ်လို့ ထင်နေတာလား။"

ကျန်းမုန့်ရီကဝင်ပြောပြန်သည်။ "မင်းကိုယ်မင်း စုယွီမှန်းမသိသေးဘူးပေါ့။"

"ဟုတ်မှမဟုတ်တာ၊ ငါကဒီရထားရဲ့စပယ်ယာ။ နေပါဦး၊ ငါမှန်းကြည့်ဦးမယ်။ မင်းတို့ ရထားအချက်အလက်တွေ လာရှာပြီး ရထားရပ်အောင် ကြိုးစားနေကြတာလား။"

ကျန်းမုန့်ရီကထောက်ခံလာ၏။ "တော်တယ်၊ ဒါမှစုယွီ။"

စပယ်ယာက သဘောမကျဟန် နှုတ်ခမ်းသပ်သည်။ "တော်စမ်းပါ၊ ဒီရထားက ရပ်လို့မရဘူး။ လူစစ်စစ်တွေပါလာလည်း ငရဲအထိ သွားရမှာပဲ။"

"မင်းခေါင်းမမာနေနဲ့တော့။" ကျန်းမုန့်ရီက စာအုပ်တစ်အုပ်ကို စင်ပေါ်ပစ်တင်ပြီး ဘောင်းဘီအိတ်ထဲလက်ထည့်ကာ လျှောက်လာသည်။ "ငါမင်းနဲ့အရင်က စကားမပြောဖူးပေမယ့် မင်းအကြောင်းရေးထားတဲ့ဖိုင်ကို အကြိမ်ရှစ်ရာလောက်ကြည့်ဖူးတယ်။ ငါမင်းကိုတော်တော်လေး သိနေပြီကွ။"

စပယ်ယာက နားမလည်ပုံရ၏။ "ဟမ်"

"မင်းကောင်လေးက မကျွမ်းကျင်သေးဘူး။ ဒီလိုလူမျိုးကို မေးခွန်းထုတ်တာက ကျွမ်းကျင်တဲ့သူမှ လုပ်လို့ရတာ။"

"ဒီတော့စပယ်ယာ၊ ပါးစပ်လေးပိတ်ပြီး မေးတာဖြေဦး။"

"ဒီရထားခရီးဆုံးရင် မင်းဘာဆက်လုပ်ရမလဲ။ ဒီရထားကို ဘယ်အဖွဲ့အစည်းကပိုင်လဲ။ မင်းအပြင် ဒီရထားကို ဘယ်သူထိန်းချုပ်နေသေးလဲ။ စပယ်ယာမဖြစ်လာခင် မင်းဘာလုပ်ခဲ့ရလဲ။ မင်းကလူသားလား၊ သေပြီးသားလား။ သေပြီဆိုရင် ဘယ်လိုသေခဲ့ပြီး စပယ်ယာဖြစ်လာတာလဲ။ လူသားဆိုရင်လည်း ဘာလို့လူတစ်ယောက်က ဒီလိုနေရာမှ စပယ်ယာဖြစ်နေတာလဲ။ မိဘတွေကရော။ မောင်နှမတွေရောရှိလား။ ဘယ်နေရာမှာမွေးတာလဲ။ နာမည်ဘယ်လိုခေါ်လဲ။ နာမည်ပြောင်းဖူးသေးလား။"

"ဖြေပေး။"

စပယ်ယာလည်းကြောင်အနေကာ ပိုင်လော့ဖုန်းလည်း ကြောင်အနေပြီး ခဏကြာမှ ကျန်းမုန့်ရီ၏ ရည်ရွယ်ချက်အား ပ်ိုင်လော့ဖုန်း သဘောပေါက်လာ၏။

ကျန်းမုန့်ရီသည် စုယွီအား ထိုနေရာ၌ တစ်ခုခုမှားနေသည်ကို သတိထားမိစေလိုသည်။ အကယ်၍သူသည် NPC စစ်စစ်ဖြစ်ပါက သူ့ဘဝတွင် ထိုရထားကလွဲ ဘာမှရှိမည်မဟုတ်ပေ။ သူရထားပေါ်က မဆင်းဘူးသလို မိဘ၊မောင်နှမ၊ မွေးစာရင်းနှင့် အတိတ်ဘဝအား ပရိုဂရမ်ရေးသူက ထည့်သွင်းပေးထားမည် မဟုတ်ချေ။

တစ်နည်းပြောရပါက ထိုရထားမှလွဲကာ စပယ်ယာ၏ဘဝသည် အမှောင်ထုသက်သက်သာရှိမည်။ သူသည်အလွန် အမှားအယွင်း အဖြစ်မခံနိုင်သည့် လူတစ်ဦးသာဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment