no

Font
Theme

အပိုင်း ၂၂ - ဖြတ်သန်းနေသောရထား (အခန်း ၁၄)

စပယ်ယာက အတော်ကြာအောင် ကြောင်အမ်းအမ်းဖြစ်နေပြီးမှ "ဟမ်"ဟူသည့် အာမေဋိတ်ကိုသာ ရေရွတ်၏။

"မေးခွန်းကတော့ နည်းနည်းများတယ်။ အချိန်ယူပြီးဖြေပေးဦး။" ကျန်းမုန့်ရီကပြန်ဖြေသည်။ သူက ချက်ချင်းမမေးသေးဘဲ အချိန်ဆွဲနေသေး၏။

ဘောင်းဘီအိတ်ထဲမှလက်အား ဆွဲထုတ်ကာ လက်နှစ်ဖက်အား ရင်ဘတ်ရှေ့၌ယှက်လိုက်ပြီး စပယ်ယာအား စူးစူးစိုက်စိုက်ကြည့်ရင်း စိတ်အေးလက်အေးပုံနှင့် ရှေ့သို့အနည်းငယ် တိုးလာသည်။

မိနစ်ဝက်လောက်ကြာမှ သူကစကားပြန်စ၏။ "ပထမမေးခွန်း၊ ဒီရထားခရီးဆုံးရင် မင်းဘာဆက်လုပ်ရမလဲ။"

စပယ်ယာ၏ အမူအရာက အေးစက်နေသည်။ "မင်းမေးတိုင်းဖြေရမှာလား။"

"ဒါပေါ့၊ မင်းဖြေပေးစရာမလိုဘူး။ ဒီတော့ စုယွီအကြောင်း ပြောကြမလား။" ကျန်းမုန့်ရီက ရယ်မောကာပြောလာ၏။

စပယ်ယာက မျက်မှောင်ကြုတ်နေဆဲပင်။

"မင်းနာကျင်မှု တစ်ခုခုခံစားရလို့လား။ ကြည့်ရသလောက်တော့ တစ်ခုခုကို မှတ်မိလာတဲ့ပုံပဲ။" သူသည် ယာဥ်မောင်းခန်း၏ တံခါးဘောင်ကိုမှီကာ လက်ပိုက်လျက် ပေါ့ပေါ့တန်တန် ပြောနေခြင်းပင်။

"ဒီရထားရဲ့ စပယ်ယာအနေနဲ့ မင်းကငတုံးတော့မဟုတ်လောက်ဘူး။ ဒီတော့ စုယွီနဲ့ပတ်သက်တဲ့ မှတ်ညဏ်တွေက မင်းဆီမှာ ဘယ်လိုရှိနေတာလဲ။ ဒီနေရာမှာ တစ်ခုခု မူမမှန်တာကို မင်းမရိပ်မိဘူးလား။"

"ရိပ်မိတယ်၊ ဒီတော့ မင်းအခု ဘာပြော

ချင်နေတာလဲ။ သူဘယ်မှာလဲမင်းသိလား။"

"သိတယ်။"

"ဘယ်မှာလဲ။"

ကျန်းမုန့်ရီက လက်ညှိုးကိုအောက်သို့ညွှန်၍ သူရပ်နေသည့်ကြမ်းပြင်အား ထိုးပြလာသည်။

"သူဒီမှာပဲ။" ကျန်းမုန့်ရီက သူ့လက်အား အပေါ်သို့ပြန်ကွေးတင်ပြီး စပယ်ယာအား ထိုးပြလာ၏။ "သူကမင်းပဲ။"

စပယ်ယာ၏ အမူအရာက ပိုအေးစက်လာသည်။  "လာနောက်နေတာလား။"

"မနောက်ဘူး။ ငါအတည်ပြောနေတာ။" ကျန်းမုန့်ရီ၏အသံက အမှန်ပင်တည်ငြိမ် အေးဆေးနေ၏။

"တော်လိုက်တော့၊ ငါ့မှာအတိတ်မေ့ ရောဂါမရှိဘူး။ ငါသာသူဆိုတာ သေချာရင် ငါမမှတ်မိဘဲနေမလား။"

"အဲ့ဒါကမှ ပြဿနာအစစ်။ မင်းအတိတ်မမေ့ဖူးရင် ဘာလို့ဒီမှတ်ဥာဏ်တွေက မရှိတော့တာလဲ။"

"ဒီမေးခွန်းကို စုယွီကိုသွားမေး။ ဘာလို့မှန်းမသိဘဲ သူ့မှတ်ဥာဏ်တစ်ချို့က ငါ့ခေါင်းထဲရောက်လာနေတယ်။ ငါဒီလိုမျိုး မကြုံဖူးသေးဘူး။ သူဘယ်သူလဲဆိုတာ ငါလည်းသိပ်သိချင်နေပြီ။"

"ပြီးတော့ နောက်တစ်ခုမှတ်ထား။ မင်းကလူသား။ ဒီနေရာမှာရပ်ပြီး ငါ့ကိုဆရာလာမလုပ်နဲ့။" စကားဆုံးသည်နှင့် သူကလက်ဖဝါးပြင်အား ကျန်းမုန့်ရီဆီ ဦးတည်ကာတိုက်ခိုက်ရန် ပြင်လာ၏။

စုချာအလန့်တကြား ထအော်မိသည်။ "အရာရှိကျန်း"

ကျန်းမုန့်ရီက သူမအား ဝင်မပါရန် လက်ယမ်းပြကာ တည်ငြိမ်စွာနှင့် စပယ်ယာအားကြည့်ပြီး ပြောလိုက်၏။ "လုပ်လေ၊ရိုက်လိုက်။"

စပယ်ယာ၏ သူငယ်အိမ်များက သိသိသာသာ ကျုံ့ဝင်သွားသည်။

ယာဥ်မောင်းခန်းက ငါ့အနောက်မှာပဲ။" ကျန်းမုန့်ရီက သူ့ပခုံးနောက်အား မေးဆတ်ပြ၏။ "မင်းကခွန်အားကြီးလွန်းတယ်။ မင်းသတ်ရင်တော့ ချက်ချင်းသေရမှာပဲ။ မင်းငါ့ကိုအခုရိုက်ရင် ဒီရထားတွဲ ပေါက်ကွဲမှာနော်။"

"ရထားကအခု တံတားကကျော်ပြီး စိတ်ချရတဲ့ သံလမ်းပေါ်ပြန်ရောက်နေပြီ။ ဒီအခန်းပေါက်ကွဲသွားရင် ရထားရပ်သွားမှာ သေချာတယ်။"

"ဒါဆို ငါတို့နိုင်သွားမှာပဲ။"

"ဘယ်လိုလဲ စပယ်ယာ၊ မင်းငါတို့ကို ဒီရထားပေါ်က ဆင်းစေချင်တယ်ပေါ့။"

စပယ်ယာ၏ မျက်နှာမှ မှင်ရည်စက်များ ကျလာတော့မယောင် မှောင်မဲနေ၏။ သူ၏မြှောက်ထားသောလက်က လေထဲတန့်နေပြီး အံကြိတ်ထားသည့် လေသံနှင့်မေးလေသည်။ "မင်းစကားကို လိုရင်းရောက်အောင် မပြောတတ်ဘူးလား။"

"ပြောနေပါတယ်။ မင်းကစုယွီဆိုတာကို ငါပြောပြဖို့ ကြိုးစားနေတာပဲ။"

စပယ်ယာ၏အသံက ရေခဲလိုအေးစက်နေ၏။ "ငါ့ကိုအရူးလုပ်ဖို့ မကြိုးစားနဲ့။"

"မင်းကိုဘယ်သူမှ အရူးလို့မသတ်မှတ်ဘူး။ ဒီစကားတွေကိုမယုံဖို့ မင်းကို ပရိုဂရမ် ရေးထားလားမသိပေမယ့် မင်းက စပယ်ယာအနေနဲ့ကတော့ ဆက်ငြင်းနေဦးမှာပဲ။"

ရုတ်တရက် အလောတကြီး ပြေးလာသံများက ၎င်းတို့စကားဝိုင်းအား အနှောင့်အယှက် ဖြစ်သွားစေ၏။

ခဏအကြာ၌ တဆတ်ဆတ်တုန်နေသည့် လီချန်စစ်က တံခါးဝသို့ ဟတ်ထိုးလဲကျမတတ် ရောက်လာသည်။ သူအလွန်မောဟိုက်ကာ အသက်ရှူမဝဖြစ်နေပြီး မျက်နှာ၌ အရောင်အဆင်း မရှိနေပေ။

သူက တုန်ရီနေသည့်အသံနှင့် အော်ပြောလာသည်။ "ရွှယ်ယုဟန်နဲ့ လီကျစ်ဟောက်သေပြီ။"

ကျန်းမုန့်ရီက ပြန်မေး၏။ "ဘယ်သူ..."

"မိုးကာအင်္ကျီနဲ့ ကောင်မလေးနဲ့ အနောက်မှာပဲ အမြဲနေတတ်တဲ့ ကောင်လေး။" ပိုင်လော့ဖုန်းက ဝင်ရှင်းပြလာသည်။ "အခုပဲ သရဲအော်သံတွေ မကြားဘူးလား။ အဲ့ဒါ ပထမတွဲက သရဲတွေ သူတို့ကစားနေတုန်းကပဲ။"

"ဘာလို့လဲ။"

"ဘယ်သိမလဲ။ ကျွန်တော်က ခင်ဗျားကိုမေးမလို့လုပ်နေတာ။"

"သူတို့ကို ပထမတွဲဆီ မသွားခိုင်းမိပါဘူး။" စုချာကပြောသည်။ "အားလုံးစုပြီးသွားရင် သိသာလွန်းနေတယ်။ ပြီးတော့ငါ့ကို အရူးလို့ခေါ်တဲ့ လျန်ရီထုံဆိုတဲ့ ကောင်မလေးက ယာဥ်မောင်းခန်းထဲ မဝင်ရဲဘူး၊ ဝင်ရင်အားလုံး သေမယ်လို့ပြောနေလို့ သူတို့လေးယောက်ကို အပြင်မှာထားခဲ့တာ။ ဒုတိယတွဲမှာပဲ ထားခဲ့မိတာလေ။"

"ဒါဆို ပထမတွဲကို ဘယ်လိုရောက်ပြီး အစားခံလိုက်ရတာလဲ။" ပိုင်လော့ဖုန်းက ပြန်မေးလာ၏။

လီချန်စစ်က မျက်မိမျက်နှာပျက်ကာ ပြောလာသည်။ "အဲ့ဒါ ဟိုသေတ္တာကြောင့်။"

"သေတ္တာ။" ပိုင်လော့ဖုန်း၏ မျက်လုံးများ ပြူးကျယ်လာ၏။ "တုရှောင်ရှောင်ရဲ့ သေတ္တာလား။"

"တုရှောင်ရှောင်" စပယ်ယာက ထိုနာမည်အား အလွန်းတိုးညှင်းစွာ ရေရွတ်နေသဖြင့် သူ့အသံအား မည်သူမှ မကြားရပေ။

လီချန်စစ်က အလန့်တကြားနှင့် ခေါင်းငြိမ့်ပြပြီး ထစ်ငေါ့စွာပြောပြလာသည်။ "လီကျစ်ဟောက်က သေတ္တာကိုကိုင်ထားတယ်။ ငါတို့ ပထမတွဲနဲ့ ဒုတိယတွဲကြားမှာ ရပ်နေကြတာ။ လက်မှတ်စစ်တွေက လက်မှတ်လာစစ်ရင် လက်မှတ်ကိုသူတို့ ယူကြည့်ရမယ်လို့ စည်းမျဥ်းထဲမှာပါတော့ လက်မှတ်ကို လွှတ်လိုက်တာနဲ့ ငါတို့ကို သတိထားမိနိုင်တဲ့အတွက် အဲ့ဒီနေရာမှာပဲ ငါတို့ရပ်နေကြတာ။

"ပြီးတော့ ပြီးတော့....." လီချန်စစ်၏မျက်နှာက ပိုဖြူဖျော့လာပြီး စကားလုံးများက အစီအစဥ်မကျစွာ ထွက်လာ၏။ "သေတ္တာရဲ့ သော့က သူ့ဘာသာပွင့်လာပြီး သရဲတစ်ကောင် ခုန်ထွက်လာတာ။ ပြီးတော့ သူတို့နှစ်ယောက်ကို ပထမတွဲဆီ ဆွဲသွားတော့တာပဲ။"

အားလုံး၏ မျက်နှာများတွင် စိတ်မကောင်းမှု၊ ကြောက်ရွံ့မှုများ အထင်းသားပေါ်လာသည်။ ကြောက်ရွံ့မှုက ကြီးစိုးနေ၍ လေထုကပိုအေးစက်လာပြီး မည်သူမှ စကားမပြောနိုင်ကြတော့ပေ။

အတော်လေးကြာမှသာ စပယ်ယာဆီမှ အသံထွက်လာ၏။ "ဘာသေတ္တာလဲ။ သေပြီးသားလူရဲ့ မိသားစုဝင်က ပေးတဲ့ပစ္စည်းကို ရထားပေါ် ယူတင်လာတယ်လို့တော့ မပြောနဲ့နော်။"

ပိုင်လော့ဖုန်းက ရိုးသားစွာပြန်ဖြေလာသည်။ "ငါတို့လုပ်ခဲ့ပြီးပြီ။"

စပယ်ယာက သူ့နဖူးသူရိုက်ကာ ကျစ်ခနဲစုတ်သပ်ပြီး သက်ပြင်းရှည်ကြီးချသည်။ "ဒီစောက်ရူးတစ်သိုက်ကတော့....."

"ဘာဖြစ်လို့လဲ။" စုချာက ရှက်ရှက်နှင့်မေးလာ၏။ "တားမြစ်ထားတာလား။ ဆိုးဝါးတဲ့လုပ်ရပ်မလို့လား။"

"သိပ်ဆိုးဝါးတာပေါ့။" စပယ်ယာက သူမအားအော်ဟစ်လာသည်။ "မင်းတို့လူသားတွေက ပြဿနာရှာဖို့ပဲသိတယ်။"

စုချာကလန့်သွားပြီး ကျန်းမုန့်ရီနောက်သို့ပြေးဝင်ကာ လူကြောက်သည့်ကလေးကဲ့သို့ အင်္ကျီစကိုဆုပ်ကိုင်ထားလေ၏။

စပယ်ယာက နောက်ပြန်လှည့်ကြည့်ပြီး ပိုင်လော့ဖုန်းကို လက်ညှိုးထိုးကာ ပြောလာသည်။ "နားထောင်ကြ၊ မင်းတို့သုံးစားမရ၊ ဘာမှအသုံးမကျတဲ့ အရူးတွေ။"

ပိုင်လော့ဖုန်းသည် ဘာကြောင့်သူ့အား အဓိကထားကာ ဆဲဆိုနေမှန်း မသိသော်လည်း နာနာခံခံနှင့် ခေါင်းငြိမ့်ပြလိုက်မိ၏။ "ပြော...ငါနားထောင်နေတယ်။"

"ဒီရထားပေါ်က ခရီးသည်တွေက သာမန်သရဲတွေမဟုတ်ဘူး။ အငြှိုးကြီးတဲ့ဝိညာဥ်တွေ။ သူတို့ဆန္ဒမပါတဲ့ ငရဲရထားပေါ် အတင်းပို့ဆောင်ခံထားရတာ။ ဒီကောင်တွေအားလုံးက လူ့ပြည်ပြန်ပြီး လူသားစားရဖို့ကလွဲ ဘာအသိမှမရှိကြဘူး။ သရဲတစ်ကောင်ရဲ့ အငြှိုးအတေးကတောင် မင်းတို့အားလုံးကို ဖျက်ဆီးပစ်ဖို့လုံလောက်နေပြီ။"

"သက်ရှိကမ္ဘာက ယူလာတဲ့ပစ္စည်းက သူတို့အသက်ရှိစဥ်က ပစ္စည်းဖြစ်နေရင် ဒီနေရာရဲ့ အငြှိုးအတေး၊ အမုန်းတရားတွေ စွန်းထင်းသွားလိမ့်မယ်။ ဒီပစ္စည်းက ပိုင်ရှင်နဲ့ပိုနီးလာလေလေ အငြှိုးအတေးတွေကို ပိုစုပ်ယူနိုင်လေလေပဲ။ နောက်ဆုံးမှာ ဒီအငြှိိုးအတေးတွေက ပုံသဏ္ဍာန်ပေါ်လာပြီး ရက်စက်တဲ့ သရဲတစ်ကောင်အဖြစ် ပြောင်းသွားနိုင်တယ်။"

"သဘောပေါက်ကြပြီလား။" စပယ်ယာ၏ အသံ၌ဒေါသများပြည့်နေ၏။ "မင်းတို့အခု သရဲတစ်ကောင် မွေးလိုက်မိပြီ။ မင်းတို့အားလုံး စောက်ရူးတွေ။"

သူကဆဲဆိုရင်းနှင့် လီချန်စစ်ဖက်လှည့်လာသည်။ "ပြီးတော့ မင်း။"

လီချန်စစ်သည် ကြောက်အားလန့်အားနှင့် ချက်ချင်းကုန်းထ၍ သတိအနေအထားနှင့်ရပ်၏။ "ဟုတ်...ဟုတ်ကဲ့ဆရာ။"

"အဲ့ဒီသရဲ ဘယ်သွားလဲ တွေ့လိုက်လား။"

"မ...မတွေ့ပါဘူး။" လီချန်စစ် သံသေးသံကြောင်နှင့်သာ ပြန်ဖြေနိုင်သည်။ "ဟို.....သူက သရဲဆိုတော့ ပထမတွဲက ခရီးသည်တွေထဲ ရောနေမယ်ထင်တယ်။"

စပယ်ယာက ဒေါသထွက်နေသည့် နဂါးတစ်ကောင်လို အော်ပြောလာ၏။ "စောက်ရူး၊ ဒီကောင်က သရဲအဆင့်လောက်နဲ့ရပ်သွားရင် ငါအခုလောက် ဒေါသထွက်နေပါ့မလား။"

လီချန်စစ်ခမျာ ကြောက်လွန်း၍ မျက်ရည်များကျလာသည်။ "တောင်းပန်ပါတယ်။"

စပယ်ယာသည် တစ်ကိုယ်ရေကြားရုံ အသံနှင့်ဆက်ဆဲဆိုနေပြီး နံရံ၌ကပ်ထားသည့် သံဘောင်ဆီလျှောက်သွားသည်။ ထိုနောက် ရထားအတွင်း ဆက်သွယ်ရေး ကိရိယာအားကောက်ကိုင်ပြီး လည်ချောင်းရှင်းကာ ကိရိယာကို ပါးစပ်အနားကပ်လိုက်၏။

"ရထားတွဲအားလုံး၊ အာရုံစိုက်ပေးကြပါ။"

"ခရီးသည်တစ်ဦးရဲ့ ဝိညာဥ် ရထားပေါ်ပါလာပါတယ်။ ဝိညာဥ်က အသက်ဝင်နေပြီး လက်ရှိမှာ မဖမ်းဆီးနိုင်သေးဘူး။"

"ကင်းလှည့်ခြင်းနဲ့ လက်မှတ်စစ်ဆေးခြင်း တာဝန်အားလုံးကို ချက်ချင်းရပ်ပြီး ဝိညာဥ်ကိုရှာကြပါ။"

ပြီးနောက် ဆက်သွယ်ရေးကိရိယာအား ပြန်ချလိုက်သည်။

သူ၏ အနက်ရောင်ကုတ်အား စေ့အောင်ဆွဲပြီး ခြေလှမ်းသွက်သွက်နှင့် တံခါးဝဆီရောက်လာ၏။

ပိုင်လော့ဖုန်းနံဘေးမှအဖြတ်၌ ပိုင်လော့ဖုန်းက သူ့လက်မောင်းအား ဖမ်းဆွဲလာသည်။ "ခဏလေး။"

စပယ်ယာက သူ့အားစောင်းကြည့်လာသောအခါ ပိုင်လော့ဖုန်း စိုးရိမ်တကြီး မေးလိုက်၏။ "ဘယ်သွားမလို့လဲ။"

"မင်းနဲ့ဆိုင်လို့လား။" စပယ်ယာ၏ အသံကအေးစက်လွန်းသည်။ "လွှတ်စမ်း။"

ပိုင်လော့ဖုန်းက သူ့အင်္ကျီစအား ပိုတင်းတင်းဆုပ်လာ၏။ "ဘယ်သွားမလို့လဲ။ အန္တရာယ်များလား။"

စပယ်ယာက မျက်ခုံးနှစ်ခုထိသည်အထိ သူ့အားအလိုမကျစွာ ကြည့်လာသည်။ "မင်းနဲ့မဆိုင်ဘူး။"

"အန္တရာယ်များလား။" ပိုင်လော့ဖုန်းက အလွန်ခေါင်းမာ၏။ "မင်းသေမှာလား။ ထပ်တွေ့ရပါဦးမလား။"

စပယ်ယာမှာ အတော်လေး ဦးနှောက်ခြောက်နေသည်။ "ထပ်တွေ့မတွေ့က မင်းအတွက် ဘာအရေးပါနေလို့လဲ။ ငါမင်းကောင်လေးမဟုတ်ဘူး။ လွှတ်စမ်း။"

"မင်းကသူပဲ။" ပိုင်လော့ဖုန်းကငြင်းဆိုသည်။ "ငါလည်းလိုက်ခဲ့မယ်။"

"တတိယတွဲမှာရှိတုန်းက ငါကသူမဟုတ်ဘူးလို့ မင်းပဲပြောခဲ့တာမလား။"

ပိုင်လော့ဖုန်း သတိလက်လွတ်နှင့် အဖြေပြန်မပေးမိချေ။

စပယ်ယာက သူ့လက်အားခါချကာ ဆက်လျှောက်သွားနေ၏။

"စုယွီ။" ပိုင်လော့ဖုန်း နောက်ကလိုက်လာသည်။

စပယ်ယာက လုံးဝလှည့်မကြည့်ဘဲ ဆက်လျှောက်နေ၏။ သို့သော် ရုတ်တရက် သူနေရာ၌ရပ်တန့်သွားသည်။

စက်ကိရိယာများ အားကုန်သွားသလို တောင့်ခနဲရပ်သွားခြင်းပင်။

စိုးစဥ်းမျှ လှုပ်ရှားမှုမရှိ။

အတော်ကြာသည်ထိ သူမတုံ့ပြန်သောအခါ ပိုင်လော့ဖုန်းသည် သူတစ်ခုခုအား သတိထားသွားသည်ဟုထင်ပြီး နူးညံ့စွာခေါ်လာသည်။ "စုယွီလား။"

စပယ်ယာက မလှည့်လာပေ။

ကျန်းမုန့်ရီနှင့် စုချာတို့ စပယ်ယာခန်းထဲမှ ထွက်လာကြ၏။ သူမလှုပ်မယှက် ရပ်နေသည်ကိုကြည့်ကာ ကျန်းမုန့်ရီသည် တစ်ခုခုမှားနေမှန်း သတိထားမိသွားပြီး မေးလာသည်။

"မသိဘူး။" ပိုင်လော့ဖုန်းက လက်မလျော့သေးပေ။ "စုယွီ"

စုယွီက မလှုပ်မယှက် ရှိနေဆဲပင်။

ပိုင်လော့ဖုန်း ထပ်ခေါ်ရန်ပြင်လိုက်ချိန်၌ စပယ်ယာက လှည့်လာသည်။

သူ့မျက်နှာတွင် စိတ်ခံစားချက်၊ အရောင်အသွေး ဘာမှမရှိဘဲ မျက်လုံးများက ဦးတည်ချက်ကင်းမဲ့နေ၏။ ထိုမျက်နှာသေအား တွေ့လိုက်ရသောအခါ ပိုင်လော့ဖုန်း အကြီးအကျယ် တုန်လှုပ်သွားသည်။

ထိုစဥ်ကနှင့် တစ်ထပ်တည်းပင်။

ဆေးရုံ၌ တွေ့ခဲ့ရသည့် စုယွီသတ်မသေခင်က အသိကင်းမဲ့နေသည့် ထိုမျက်နှာ။

စပယ်ယာကသူ့အား လည်ပင်းကနေဆွဲပြီး ကြမ်းပြင်နှင့်ဖိကပ်လိုက်သည်။

ပိုင်လော့ဖုန်း၏ ခေါင်းနှင့်ကြမ်းပြင် ဒေါင်ခနဲအသံမြည်အောင် ဆောင့်မိသွားပြီး နာကျင်မှုများက စိတ်အာရုံအတွင်း ဝင်ရောက်လာ၏။

လီချန်စစ်ငိုယိုကာ လဲကျသွားသည်။

ကျန်သည့်နှစ်ဦးက ပြေးလာပြီး စပယ်ယာနှင့် ပိုင်လော့ဖုန်းအား ဆွဲခွာကြ၏။ ထိုစဥ် လေပြင်းတစ်ချက်တိုက်၍ သူတို့နှစ်ဦးစလုံးကို စပယ်ယာခန်းဆီ လွှင့်သွားစေပြီး တံခါးပိတ်သွားတော့သည်။

စုချာတံခါးဆီပြေးကာ လက်ကိုင်ကို အကြိမ်ကြိမ်လှည့်ကြည့်သော်လည်း လက်ကိုင်မှာ တစ်လက်မပင်မရွေ့ပေ။

"လော့ခ်ကျတာလား။" သူမအလန့်တကြား ရေရွတ်လိုက်သည်။ "ဒီတံခါးကလော့ချ်ချလိုက်ရင် အထဲက ဖွင့်လို့မရတာမျိုးလား။"

"ဘာ..."

ကျန်းမုန့်ရီအနားရောက်လာ၏။

"ဘေးဖယ်။"

စုချာဖယ်လိုက်သည်နှင့် သူကတံခါးလက်ကိုင်အား ထပ်ခါထပ်ခါ လှည့်ကြည့်ပြီး ပခုံးနှင့်နှစ်ကြိမ် တိုက်ကြည့်သော်လည်း တံခါးကမပွင့်လာချေ။

ကျန်းမုန့်ရီ ကျိန်ဆဲကာ တံခါးကိုထုရင်း အော်တော့သည်။ "ပိုင်လော့ဖုန်း၊ ပိုင်လော့ဖုန်း"

ပိုင်လော့ဖုန်း၏ ဖြေသံကားမထွက်လာပေ။

သူကြမ်းပြင်၌လဲနေပြီး စုယွီက လည်ပင်းကိုဖိညှစ်ထား၏။

ယခုအခါတွင် သူ့အားအတည်သတ်တော့မည်။

ပိုင်လော့ဖုန်း စုယွီ၏လက်များကို အတင်းဖယ်သော်လည်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် စိတ်လွတ်လာသည်။ အရင်တစ်ခါကလို ရယ်ပြရန်နေနေသာသာ အသက်ပင်မရှူနိုင်တော့။ ပါးစပ်အားဖွင့် ထားသော်လည်း လိုင်းမမိသည့် ရေဒီယိုလို ခြောက်သွေ့ကွဲအက်နေသည့် အသံများသာ ထွက်လာနေ၏။

ကြမ်းပြင်နှင့် အပြင်းအထန် ဆောင့်မိထားသဖြင့် ဦးခေါင်းခွံအထိ နာကျင်နေပြီး အသိစိတ်လည်း မကပ်တော့ပေ။

မူးဝေနေသည့်ကြားမှ စပယ်ယာ၏ လေသံတိုးတိုးနှင့် ရေရွတ်နေသံအား ပိုင်လော့ဖုန်း ကြားလိုက်ရသည်။

"NPC user S12U5764 ၏ အသိစိတ်နိုးကြားမှု ဖျက်ဆီးရေးအစီအစဥ် စတင်ပါပြီ"

"နိုးကြားမှုအပေါ် တုံ့ပြန်နိုင်စွမ်း ၅၈ ရာခိုင်နှုန်းအထိ ရောက်ရှိနေ၏"

"ပရိုဂရမ်ကို ထည့်သွင်းခြင်း—နိုးကြားမှုအပေါ်တုံ့ပြန်နိုင်စွမ်းကို ပြင်းထန်စွာ ရပ်စဲခြင်း"

"အသိစိတ်နိုးကြားမှု ၀ ရာခိုင်နှုန်း ပြန်လည်သတ်မှတ်ခြင်း"

"အန္တရာယ်များအား စစ်ဆေးခြင်းပြီးစီး၊ ပစ်မှတ်အားဖယ်ရှားနေသည်၊ user S3287E126အားရှင်းလင်းမည်"

လည်ပင်းညှစ်ထားသည့် လက်များက ပိုတင်းကြပ်လာသည်။

ပိုင်လော့ဖုန်း ပါးစပ်ဟထားသော်လည်း လေဝင်ပေါက်မရှိ၊ ထိုတင်းမာလွန်းသည့် ဖိအားကြောင့် သူ၏လည်ပင်းမှ အကြောများအားလုံး ရုတ်ချည်းပေါက်ထွက်မတတ် ခံစားနေရ၏။

သူ အသိစိတ်လုံးဝပျောက်ကာ ရုန်းကန်နိုင်စွမ်းလည်း လုံးဝမရှိတော့ချေ။

စိတ်မှာလုံးလုံး ဗလာဖြစ်နေသည့်တိုင် သူ့နှလုံးသားထဲ၌ မီးဟုန်းဟုန်းတောက်နေ၏။

စုယွီ

စုယွီက သူ့ကိုသတ်နေသည်။

စုယွီက သူ့ကို သတ်ချင်နေသည်။

ထိုဂိမ်း၊ ထိုပရိုဂရမ်မာ၊ ထိုနတ်ဘုရား ရောဂါနှင့် ဂိမ်းဖန်တီးသူ.....

သူ့အတွက် အသေခံခဲ့သည့် စုယွီက သူ့လက်နှင့် သူ့ကိုပြန်သတ်နေသည်။

ပိုင်လော့ဖုန်း အော်ရယ်မိမတတ် ဒေါသထွက်လာသော်လည်း အသံလုံးဝ မထွက်နိုင်တော့ပေ။

အခြေအနေအရ သူလုံးဝ မမှတ်မိတော့ခြင်းက ပို၍ကောင်းဦးမည်။

အသိစိတ်မပျောက်ခင် ပိုင်လော့ဖုန်း တွေးမိသည်မှာ - 'စုယွီသာ မှတ်ညဏ်ပြန်ရခဲ့ရင် ဒီအဖြစ်အပျက်ကြောင့် စိတ်ထိခိုက်တော့မှာပဲ'ဟူသည့် အတွေးပင်။

မမှတ်မိခြင်းက ပိုကောင်းလိမ့်မည်။

သူ့အသိစိတ် လုံးဝပျောက်ကွယ်သွားပြီး အမှောင်အတိကျသွားသည်။

သို့သော် အာရုံထွေပြားသည်လား မသေချာသော်လည်း သူအသိစိတ် မပျောက်သွားခင် လက်မတင်လေး၌ လည်ပင်းတစ်ဝိုက်မှ လက်များက အနည်းငယ် ပြေလျော့သွားသည်ဟု ပိုင်လော့ဖုန်း ခံစားလိုက်ရ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment