အပိုင်း ၂၃ - ဖြတ်သန်းနေသောရထား (အခန်း ၁၅)
စိတ်လွတ်နေသည့်ကြားမှ ပိုင်လော့ဖုန်း၏ နှာခေါင်း၌ ရထား၏သွေးစိမ်းနံ့များအစား တစ်ချိန်ကရင်းနှီးခဲ့သည့် ဆေးရုံဝန်းအတွင်းမှ ဆေးဝါးများ၊ပိုးသတ်ဆေးနံ့များ ဝင်ရောက်လာပြီး အနံ့တဖြည်းဖြည်း ပိုပြင်းလာ၏။
သူ့အသက်ရှုသံနှင့် ဆေးဖက်ဆိုင်ရာ ကိရိယာများ၏ အသံသည် ပိုင်လော့ဖုန်း နားထဲ၌ စည်းချက်ကျကျ ပဲ့တင်ထပ်နေပြီး သူမျက်လုံးဖွင့်လိုက်သောအခါ ဆေးရုံမျက်နှာကြက်အား တွေ့လိုက်ရသည်။
သူလက်လှုပ်ကြည့်သောအခါ လှုပ်၍မရပေ။ စက်သံများနှင့် ပါးစပ်ပေါ်မှ အောက်ဆီဂျင်ပိုက်ကို သူအာရုံခံမိနေ၏။ မျက်လုံးများကို အောက်သို့ရွေ့လိုက်သောအခါ လက်ခုံ၌ IV ဆေးဘူးချိတ်ထားပြီး လက်ညှိုး၌ သွေးခုန်နှုန်းတိုင်းသည့် စက်တပ်ထားသည်။ သွေးခုန်နှုန်းတိုင်းစက်၏ကြိုးသည် အိပ်ရာထက်ရှိ နှလုံးခုန်နှုန်းပြ မော်နီတာနှင့်ချိတ်ထား၏။
ခေါင်းအနည်းငယ် မော့ကာကြည့်သောအခါ မော်နီတာ၏မျက်နှာပြင်၌ နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းကို တွေ့ရသည်။ ကိန်းဂဏာန်းများ ဆက်တိုက်ပြောင်းနေပြီး "ပီ ပီ ပီ"ဟူသည့် နှလုံးခုန်သံကို ဆက်တိုက်ကြားနေရ၏။
"အားဖုန်း" တစ်စုံတစ်ဦးက နူးညံ့စွာခေါ်လာသည်။
သူ့အသံလာရာကို ငုံ့ကြည့်သောအခါ
စုယွီက သူသတိမထားမိလိုက်ခင် အနားရောက်နေ၏။ သူကကပ်ရက်၌လာထိုင်ပြီး ပိုင်လော့ဖုန်းအား ဆံမြိတ်နောက်မှ မျက်ခုံးများကိုစုကြုံ့ကာ ကြည့်နေသည်။
"လာပြီလား။" ပိုင်လော့ဖုန်း ခပ်ဖွဖွသာမေးလိုက်၏။
ဆေးရုံရောက်နေ၍ တိုးတိုးလေး ပြောနေခြင်းမဟုတ်ဘဲ ထိုထက်အသံပိုကျယ်ရန် အားအင်မရှိ၍ပင်။
"ဒီနေ့စောတယ်နော်။" ပိုင်လော့ဖုန်းက နှုတ်ခမ်းထောင့်စွန်းများကို ဖိအားပေးကာ သူ့အားပြုံးပြလာ၏။ "အလုပ်များနေလို့လား။"
စုယွီကခေါင်းခါပြသည်။ "မေးစရာရှိလို့။"
ပိုင်လော့ဖုန်း၏ နှုတ်ခမ်းထောင့်မှ လုပ်ယူထားသည့်အပြုံးက တောင့်သွားပြီးနောက် တဖြည်းဖြည်းပျောက်ကွယ်သွား၏။ ညနေစောင်းဖြစ်ကာ မီးရောင်မရသည့် ဆေးရုံ၏မှောင်ရိပ်ကျသည့် နေရဖြစ်သောကြောင့် အခန်းထဲအတော်လေး မှောင်နေသည်။ စုယွီ၏ဆံမြိတ်များက မျက်လုံးကိုပါဖုံးနေ၍ သူ့အမူအရာအား ပိုင်လော့ဖုန်း ခန့်မှန်း၍မရပေ။
ကိစ္စကြီးကြီးမားမား တစ်ခုရှိနေသလို သူ၏အမူအရာသည် ပြောပြမတတ်အောင် လေးနက်နေကြောင်းကိုမူ ပိုင်လော့ဖုန်းခံစားရ၏။
"ဘာဖြစ်လို့လဲ။"
"တကယ်လို့၊ အားဖုန်း တကယ်လို့....."
"မင်းနေပြန်ကောင်းဖို့ ကိုယ်အသက်စွန့်ပြီး ကြိုးစားရမယ်ဆို မင်းကိုယ့်ကိုလုပ်စေချင်လား။"
လေးလံသည့် ခံစားချက်က သူ့အားလွှမ်းမိုးလာပြီး ပိုင်လော့ဖုန်း ထိရောက်အောင်မတွေးနိုင်သေးချေ။
အတော်ကြာမှ ပိုင်လော့ဖုန်းက ထပ်မေးလာသည်။ "အသက်အန္တရာယ်ရှိလား။"
စုယွီကခေါင်းငြိမ့်၏။
"ဒါဆိုမလုပ်နဲ့။ ကုလို့မရတာမှ မဟုတ်တာ။ နှလုံးအစားထိုးမှု လုပ်နိုင်တဲ့အထိပဲ စောင့်ရမှာလေ။"
"မင်းအရင်ကလည်း ဒီစကားကိုပြောပြီးပြီ။" စုယွီကပြောလာသည်။ "စတွေ့ကတည်းက ဒီစကားကိုပြောလာတာ။ ဒီလောက်နှစ်တွေကြာနေပြီ။ ဘယ်အချိန်ထိ စောင့်နေဦးမှာလဲ။"
"အရမ်းလိုက်ခံစားမနေနဲ့။" ပိုင်လော့ဖုန်းကပြုံးပြကာ ဆေးဘူးချိတ်ထားသည့်လက်အား လှုပ်ပြသည်။ "လက်ကိုင်ထားပေး။"
သူ့စကားသည် စကားဆက်ပြောရန်ပြင်နေသည့် စုယွီအားရပ်သွားစေသည်။ နှုတ်ခမ်းကိုစေ့ကာ ချီတုံချတုံဟန်နှင့် ခုံကိုရွေ့၍ အနားတိုးလာပြီး ဆေးဘူးချိတ်ထားသည့်လက်ကို ဆုပ်ကိုင်လာ၏။ ထိုနောက်လက်နှစ်ဖက်အား အိပ်ရာပေါ်ပြန်တင်ပြီး စိုးရိမ်တကြီးနှင့် "ကိုယ်ဖက်ပြောင်းပေးရမလား။ ဆေးရည်တွေက မင်းအရမ်းဆုပ်ထားရင် ပြောင်းပြန်စီးကုန်မယ်။"ဟု ပြောလာသည်။
"ဘာမှမဖြစ်ဘူး။" ပိုင်လော့ဖုန်းက နှလုံးခုန်နှုန်းတိုင်းစက် တပ်ထားသည့်လက်ဖြင့် စုယွီလက်ကို အုပ်ကိုင်လာ၏။
စုယွီကပိန်လှသည်။ ဆင်းရဲသောကြောင့် အာဟာရချို့တဲ့ပြီး အရိုးများပေါ်သည်အထိ လက်များကပိန်ကပ်နေပြီး သွေးကြောများကိုပင် စမ်းမိနေ၏။
ပိုင်လော့ဖုန်းက သူ့လက်အား လက်မနှင့်ပွတ်သပ်ရင်း ပြောလာသည်။ "အချစ်၊ နားထောင်နော်။"
"အလျင်မလိုပါနဲ့။ စိတ်လောတိုင်းသာ ရောဂါသက်သာရင် ငါဆေးရုံဆင်းတာ ကြာပြီပေါ့။"
"ဒီရောဂါက မွေးကတည်းက ပါလာတာ။ ဘာမှမဖြစ်လာမှာကို စောင့်နေတာမဟုတ်ဘဲ ဆယ်စုနှစ်ကြာအောင် စောင့်နေခဲ့တာက အတိအကျပြောရရင် ဆယ့်ခုနစ်နှစ်လုံး စောင့်ပြီးမှတော့ ငါ့အလှည့်က တစ်နေ့နေ့တော့ ရောက်လာမှာပါ။"
"ငါတို့တွဲဖြစ်ရင်တောင် အရင်သေမယ့်လူက ငါပဲလို့ပြောဖူးတယ်မလား။ ဒါပေမယ့် အဲ့လိုဖြစ်နိုင်ခြေက နည်းပါတယ်။ မကြောက်နဲ့နော်။ မကြာခင် ငါ့အလှည့်ရောက်လာမှာပါ။"
"ငါ့အတွက် မင်းအသက်စွန့်ဖို့ မလိုဘူး။ ငါအဲ့လောက်အသည်းမမာဘူး။"
"အပူအပင်ကင်းကင်းနဲ့ အနာတရမဖြစ်ဘဲ ငါရှေ့နေ့တိုင်း ရောက်လာပေးတာက ငါ့အတွက်ကုသမှုပဲ။"
"ဘယ်မှမသွားပါနဲ့ စုယွီ။" ပိုင်လော့ဖုန်းက သူ့လက်အား အားကုန်သုံးပြီး ဆုပ်ကိုင်ထားသည်။ "ငါနဲ့နေ၊ ငါ့အနားမှာနေ၊ ငါနဲ့ပဲနေပါ၊ငါနဲ့....."
"ပိုင်လော့ဖုန်း"
"ပိုင်လော့ဖုန်း"
အော်သံကြောင့် ပိုင်လော့ဖုန်း လန့်နိုးလာသည်။ နိုးလာသည်နှင့်တစ်ပြိုင်နက် လည်ချောင်းထဲတွင် မခံမရပ်နိုင်လောက်သည့် ဝေဒနာကို ခံစားမိပြီး ပါးစပ်ဟလိုက်သောအခါ အပြင်းအထန် ချောင်းစဆိုးလေ၏။
စုချာ ဝမ်းသာအားရ ထအော်သည်။ "နိုးလာပြီ၊ သူ မသေဘူး။"
ပိုင်လော့ဖုန်း မထိန်းချုပ်နိုင်တော့သည်အထိချောင်းဆိုးနေ၍ အဆုတ်များကွာကျမတတ် နာကျင်နေသည်။ လည်ချောင်းသည် မီးကင်ခံရသလိုပူကာ မျက်လုံးများနီရဲ၍ မျက်ရည်များစီးကျလာပြီး မျက်လုံးမဖွင့်နိုင်သေးပေ။
ကျန်းမုန့်ရီက သူ့လက်ထဲရေဘူးထည့်ပေးရင်း ပြောလာသည်။ "ရေအရင်သောက်၊ မင်းမသေလို့ ဂုဏ်ယူပါတယ်ကွာ။"
ပိုင်လော့ဖုန်း ရေဘူးကိုယူကာ နာကျင်သည့်ကြားမှ စိတ်ငြိမ်အောင်ကြိုးစားရင်း ရေတစ်ငုံစီသောက်ရ၏။ အတော်လေးသက်သာလာမှ ရေတစ်ဘူးလုံး မော့သောက်နိုင်သည်။
သူ လည်ချောင်းရှင်း၍ ဘေးဘီကြည့်လိုက်သောအခါ သူတို့အခုထိ စပယ်ယာခန်းရှေ့၌ ရှိနေသေးကြောင်း သိလိုက်ရ၏။ စပယ်ယာက ပထမတွဲ၏တံခါးဝ၌ သူ့အားကျောပေးကာ ရပ်နေသည်။
စပယ်ယာကို တွေ့သောအခါ ပိုင်လော့ဖုန်း ခဏလောက်ကြောင်အသွားမိ၏။ သူ့အကြောင်း တွေးလွန်းသဖြင့် သတိလစ်နေစဉ်အတွင်း ပုံရိပ်များကွက်ကွက်ကွင်းကွင်း ပေါ်လာပုံရသည်။ ထိုအိပ်မက်ထဲမှ ပုံရိပ်များ၏ စွဲကျန်မှုက ပြင်းထန်သဖြင့် ပိုင်လော့ဖုန်းသည် စပယ်ယာသာ သူ့ဖက်လှည့်လာပါက အားဖုန်းဟု ခေါ်လေမလား တွေးမိသည့်အထိပင်။
"ဘာတွေဖြစ်သွားတာလဲ။" ပိုင်လော့ဖုန်း အက်ရှရှအသံနှင့် အဖွဲ့ဝင်များအား မေးလိုက်သည်။
"မသိဘူး။" စုချာအိတ်ထဲမှ တစ်ခုခုကိုရှာနေ၏။ "ငါတို့တံခါးဖွင့်လို့ရတော့ နင်ကဒီမှာ အိပ်ပျော်နေပြီး သူလည်းဒီအတိုင်း ရပ်နေတာပဲ။"
"သူရပ်နေတာ ကြာပြီဆိုပေမယ့် ငါတို့လည်း မမေးရဲဘူး။"
ပိုင်လော့ဖုန်းသူ့အား နှစ်ကြိမ်တိတိ လှမ်းကြည့်မိသည်။
"မင်းသေပြီမှတ်တာ။ ငါအထဲမှာသော့ဖွင့်ရင်း မင်းအဖွားကို သေတမ်းစာသွားပို့ရင် ဘယ်လိုပြောရမလဲတောင် တွေးပြီးနေပြီ။" ကျန်းမုန့်ရီကပြောလာ၏။ "ဟဲဟဲ၊ ငါကတော့ အသက်ရှင်ရက် ပြန်ထွက်သွားရမှာပေါ့ကွာ။ မဆိုးပါဘူး။ သူမင်းကို သေအောင်တော့ မလုပ်ဘူး။ သူမင်းကိုတကယ် ချစ်တဲ့ပုံပါပဲ။"
ပိုင်လော့ဖုန်း၏ လည်ချောင်းက အဆင်မပြေသေးဘဲ သူစကားပြောရန် ပါးစပ်ဟသည်နှင့် ချောင်းဆိုးရုံသာ အဖတ်တင်၏။
"ငါဒီလိုတွေ ဖြစ်လာမယ်မထင်ထားဘူး။ ဒါနဲ့ သူမင်းကိုဘာလို့ လွှတ်လိုက်တာလဲ သတိထားမိသေးလား။"
ပိုင်လော့ဖုန်းက ခေါင်းခါပြရင်း တစ်ခုခုကို သတိရလာဟန်နှင့် သူ့အားမော့ကြည့်လာ၏။ လီချန်စစ်မှာ သူ့အနောက်တွင် လဲနေပြီးလက်နှစ်ဖက်ကိုပွတ်ကာ ပြူးကျယ်နေသည့် မျက်လုံးများ၊ ခံစားချက်မဲ့နေသည့် မျက်နှာနှင့် အသံမထွက်ဘဲရှိနေသည်။
"လည်ပင်းအညှစ်ခံရင်း မေ့သွားတော့ ဘာမှသိပ်မမှတ်မိဘူး။ ဒါပေမယ့် သူကတော့ မှတ်မိမယ်ထင်တယ်။ သူကငါနဲ့ တောက်လျှောက်အတူ ရှိနေတဲ့သူမလား။"
"ငါသူ့ကိုမေးကြည့်ပေမယ့် သူကြောက်လွန်းလို့ စကားမပြောနိုင်သေးဘူး။ မင်းကရော တစ်ခုခု သတိထားမိလား။ သူဘာလို့ ရုတ်တရက်ကြီး စိတ်ထဖောက်တာလဲ။"
ပိုင်လော့ဖုန်းက ခဏလောက်စဥ်းစားပြီးမှ ပြောလာသည်။ "အာ၊ဟုတ်သားပဲ။ သူစကားလုံးတစ်ချို့ ရွတ်နေတာကြားတယ်။ အသိစိတ်နိုးကြားမှု၊ ဖျက်ဆီးရေး၊ ပရိုဂရမ် တင်သွင်းခြင်း အဲ့လိုစကားလုံးတွေပဲ။"
ကျန်းမုန့်ရီက မေးစေ့ကိုလက်နှင့်ပွတ်ကာ စဥ်းစားနေစဥ် စုချာကဝင်မေးလာသည်။ "ဒီစာလုံးတွေက ဘာအဓိပ္ပါယ်လဲ။"
"အထက်ကတစ်ယောက်ယောက်က ဒီကစားပွဲမှာ တစ်ခုခုလွဲနေတာကို သတိထားမိပြီး NPC ကို နဂိုလမ်းကြောင်းဆီ ပြန်ပို့ဖို့ ပရိုဂရမ်အသစ် ရေးနေပုံပဲ။ NPC ကို စိတ်အနှောင့်အယှက်ပေးတဲ့ ကစားသမားကို သတ်ခိုင်းပြီး မှတ်ဥာဏ်တွေဖျောက်ပစ်တဲ့ သဘောမျိုးပေါ့။"
စုချာက မနှစ်မြို့ဟန်ပြသည်။ "ဒီလိုကစားကြေးလား ။ မမျှမတလိုက်တာ ။ ဒီတိုင်းဂိမ်းထဲက ထွက်ခိုင်းလိုက်လို့ မရဘူးလား။"
"သူတို့လည်း အရှုံးကိုမလိုချင်လို့ပေါ့။"
ကျန်းမုန့်ရီက သူ၏ထုတ်လွှင့်မှု မျက်နှာပြင်ကိုထိရင်း ဆက်ပြောလာသည်။ "ငါလည်း အတိအကျတော့မသိဘူး။ ဒါပေမယ့် ငါ့ထုတ်လွှင့်ခန်းက ကြည့်ရှုသူအားလုံး ကန်ထုတ်ခံလိုက်ရပြီ။ ထုတ်လွှင့်ခန်းကိုရှင်းပြီးမှ အလုပ်စမလို့ထင်တယ်။"
"ဟမ်၊ကန်ထုတ်တယ်...။" စုချာအလန့်တကြားနှင့် သူ့မျက်နှာပြင်အားကြည့်လိုက်၏။ "ငါ့မှာလည်း အတူတူပဲ။"
ဂိမ်းဖန်တီးသူနှင့် စကားပြောပြီးကတည်းက မကြည့်ဖြစ်တော့သည့် ထုတ်လွှင့်ခန်းကို ပိုင်လော့ဖုန်း ကြည့်လိုက်သောအခါ ကြည့်ရှူသူသုံည ဖြစ်နေသည်ကိုတွေ့ရသည်။
"ထုတ်လွှင့်ခန်းကို ဘယ်တုန်းက နောက်ဆုံးအကြိမ် ကြည့်ခဲ့တာလဲ။ အဲ့ဒီအချိန်မှာ ကြည့်ရှုသူတွေရောရှိသေးလား။" ဖန်တီးသူအကြောင်းတွေးရင်း ပိုင်လော့ဖုန်းက မေးလိုက်၏။
"လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ ကြည့်လိုက်သေးတယ်။ ပထမတွဲမှာ ပြဿနာတက်တဲ့ အချိန်လောက်တုန်းက။ အဲ့တုန်းက ကြည့်ရှုသူနှစ်ဆယ်ကျော်လောက် ရှိသေးတယ်။"
ပထမတွဲမှ ပြဿနာပြီးသွားသည်မှာ ငါးမိနစ်လောက်သာရှိသေး၍ ကြည့်ရှူသူများအား ဖန်တီးသူက ကန်ထုတ်လိုက်သည်မှာ သေချာ၏။
သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ယခင်က စုယွီအကြောင်း စုံစမ်းမှုအား လုံးဝမစွက်ဖက်ဟု ပြောခဲ့သည်မလား။ ရှိုးကြည့်ရသည်ကို သဘောကျသည်ဟုပြောပြီးမှ မျှမျှတတ ကစား၍မနိုင်သည်နှင့် ကြည့်ရှူသူများကို ရှင်းထုတ်ကာ အားလုံးကိုသတ်ရန် ကြိုးပမ်းနေလေသလား။
'စုယွီဘာကြောင့် မလှုပ်ရှားသေးတာလဲ။' ဖန်တီးသူဆီမှ ညွှန်ကြားချက်အား စောင့်နေလေသလား။
မလှုပ်မယှက်ရှိနေသည့် စပယ်ယာအား ပိုင်လော့ဖုန်း မျက်မှောင်ကြုတ်ကာကြည့်နေမိသည်။
စပယ်ယာခန်း၏ တံခါးကိုခေါက်သံကြား၍ သူတို့လှည့်ကြည့်သောအခါ တီရှပ်ပြောင်နှင့် မိန်းကလေးကိုတွေ့ရ၏။
ပိုင်လော့ဖုန်းအား တွေ့သောအခါသူမက စိုးရိမ်ပူပန်စွာ မေးလာသည်။ "အဆင်ပြေရဲ့လား။"
"ပြေပါတယ်။ ကျေးဇူးပဲ၊ ဟို....."
"ရှုရှင်းပါ။" သူမက မိတ်ဆက်လာသည်။ "စန္ဒယားရဲ့ ချင်းမဟုတ်ဘဲ နေရဲ့ရှင်း။ တစ်ချို့က ယင်လို့လည်းမှားကြသေးတယ်။ နာမည်ကနည်းနည်းခက်လို့။ ဒါကြောင့် သေချာမှတ်ထားနော်။"
"အင်း။" ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြလိုက်၏။
"ငါစစ်ဆေးပြီးပြီ။ ဒီရထားက ယာဥ်မောင်းမလိုဘူး။ ဦးတည်ချက်အတိုင်း သွားနေတာ။ ယာဥ်မောင်းခန်းကနေ ရပ်လို့မရဘူး။ တခြားနည်း ရှာမှဖြစ်မယ်။" ရှူရှင်းကပြောပြသည်။
"ဘာဆက်လုပ်မလဲ။"
"အခုဘာမှ လုပ်လို့မရသေးဘူး။" ကျန်းမုန့်ရီက အကြံပေးလာ၏။ "သူက ပထမတွဲရဲ့ တံခါးဝမှာ ပိတ်ရပ်နေတယ်။"
ရှုရှင်းက သွေးဆောင့်တက်လာပုံရကာ လည်ပင်းအားနှိပ်နေသည်။
"ဒါဆို ဒီမှာပဲဆက်နေပြီး သူပြီးတဲ့အထိ စောင့်နေမလို့လား။ ဒါအစီအစဥ် ကောင်းလို့တော့ မထင်ဘူးနော်။"
"တကယ်မကောင်း....."
ထိုစဥ် စပယ်ယာ ရုတ်တရက် လှုပ်လာသဖြင့် ကျန်းမုန့်ရီ စကားတစ်ဝက်နှင့် ရပ်သွားရ၏။
အားလုံးငြိမ်သက်စွာနှင့် သူ့လှုပ်ရှားမှုများကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေကြသည်။
စပယ်ယာက သူတို့ဖက်သို့ လှည့်လာ၏။
စပယ်ယာ၏ အပြုအမူများသည် မူလအတိုင်း ပြောင်းလဲသွားပြီဖြစ်သည်။ သူ့အားကြည့်နေသည့် လူတစ်စုအား မကောင်းဆိုးဝါးတစ်ကောင်လိုကြည့်ကာ အလိုမကျသလို မျက်ခုံးတစ်ဖက်မြှောက်ပြလာသည်။
"ဘာလို့ငါ့ကို ကြည့်နေကြတာလဲ။ မင်းကရော ဘာလို့ ကြမ်းပြင်ပေါ်ထိုင်နေတာလဲ။"
ကြမ်းပြင်၌ လီချန်စစ်နှင့် ပိုင်လော့ဖုန်းတို့ နှစ်ဦးရှိနေသော်လည်း သူ့အကြည့်များအရ ပိုင်လော့ဖုန်းအား မေးနေခြင်းပင်။
ပိုင်လော့ဖုန်း နှစ်စက္ကန့်လောက်ငြိမ်နေပြီးမှ ပြန်မေးလိုက်၏။ "မင်းဘာလုပ်ထားလဲ မမှတ်မိဘူးလား။"
စပယ်ယာ၏ ကြောင်အနေပုံကိုကြည့်ကာ ပိုင်လော့ဖုန်း သေချာသိသွားသည်။
"သူလုပ်ထားတာကို သူမမှတ်မိဘူးပဲ။"
"တကယ်ကြီးလား။" စုချာဝင်ပါလာ၏။ "နင်အခု နင့်ကောင်လေးကို လည်ပင်းညှစ်သတ်မိတော့မလို့။"
စပယ်ယာ၏ အမူအရာက ပို၍ပင် စိတ်ရှုပ်သွားပုံပေါ်သည်။
ကျန်းမုန့်ရီက စုချာကျောကိုပုတ်ရင်း စိတ်လျော့ရန်ပြောပြီး ရှေ့သို့တိုးကာမေးလာ၏။ "မင်းအခု ဘယ်သွားမလို့လဲ။"
"ကြည့်တာနဲ့ မသိဘူးလား။"
စုချာ၏စကားကို ကျန်းမုန့်ရီ အစမဖော်လာသဖြင့် စပယ်ယာ စိတ်အေးသွားပုံရသည်။ ရထားတွဲ၏ တံခါးလက်ကိုင်ပေါ် လက်တင်ကာ "ဝိညာဥ်ကိုသွားရှာမလို့။"ဟုပြောလာ၏။
"စပယ်ယာ။" ကျန်းမုန့်ရီက သူ့အားလှမ်းခေါ်လိုက်သည်။ "မင်းစိတ်ရှုပ်မယ်မှန်း သိပေမယ့် ငါထပ်ပြောမှဖြစ်မယ်။"
စပယ်ယာက တံခါးလက်ကိုင်ကို ကိုင်ထားဆဲပင်။
"ဘာလဲ။"
"မင်းကစုယွီပဲ။ မင်းဘယ်သူလဲဆိုတာ မင်းသိဖို့လိုတယ်။"
စပယ်ယာက အေးစက်စွာလှောင်ရယ်သည်။
"ပေါက်ကရတွေ။" ထိုတစ်ခွန်းသာပြောကာ သူတံခါးဖွင့်၍ ထွက်သွားလေ၏။ ကျန်းမုန့်ရီ ဆက်ပြောရန်အလုပ်၌ စူးရှသည့် အချက်ပေးသံ ထပ်ခါထပ်ခါ ထွက်ပေါ်လာသည်။
ပိုင်လော့ဖုန်း အထိတ်တလန့်နှင့် စပယ်ယာခန်း၏ ဒိုင်ခွက်များကို လှမ်းကြည့်သောအခါ မည်သည့်ခလုတ်မှာမှ မီးမလင်းနေပေ။ အသံသည် စပယ်ယာခန်းမှ မဟုတ်ဘဲ သူ့အနီး၌ရှိနေ၏။
ငုံ့ကြည့်လိုက်မှ အချက်ပေးသံက သူ့ဖုန်းမှလာကြောင်း သိလိုက်ရသည်။ ပိုတိကျအောင်ပြောရပါက ထုတ်လွှင့်ခန်းမှ လာနေခြင်းပင်။
(အသိပေးချက်)
(အခုလို အကြောင်းကြားရလို့ စိတ်မကောင်းပါဘူး။ လက်ရှိဂိမ်းအတွင်း မူမမှန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဂိမ်း၏ဟန်ချက်ညီရန်နှင့် မတရားမှုအား တားဆီးရန် အမှားအယွင်းကုဒ်များကို ရှင်းလင်းသွားမည်ဖြစ်ပြီး ဂိမ်း၏သဘောတရားအား ပြောင်းလဲမည်ဖြစ်သည်)
(လက်ရှိဂိမ်း - စည်းမျဉ်းအခြေခံ ထိတ်လန့်စရာသရဲဂိမ်း)
ပိုင်လော့ဖုန်း လန့်သွားခဲ့သည်။ 'ဒီဂိမ်းရဲ့ ပထမပွဲစဥ်က နဂိုကတည်းက စည်းမျဉ်းအခြေခံ ထိတ်လန့်စရာသရဲဂိမ်း မဟုတ်ဘူးလား။'
ရုတ်တရက် စည်းမျဉ်းအခြေခံ ထိတ်လန့်စရာသရဲဂိမ်းဟူသည့် စာလုံးများ တဖျတ်ဖျတ်လှုပ်ခါလာပြီး ရှုပ်ယှက်ခတ်နေသော စကားလုံးများအဖြစ် ပြောင်းလဲသွား၏။ နှစ်စက္ကန့်အကြာ၌ စာလုံးများပြောင်းလဲသွားသည်။ စာထဲ၌ရေးထားသည်မှာ
(လက်ရှိဂိမ်း - သစ္စာတိုက်ပွဲ)