အပိုင်း ၁၇ - ဖြတ်သန်းနေသောရထား (အခန်း ၉)
ပိုင်လော့ဖုန်း ငါးမိနစ်ခန့်မျှ ကြာသည်အထိ စကားမပြောမိ။
သူစကားမပြောသောကြောင့် တစ်ခြားသူများကလည်း အသံမထွက်ရဲကြ။
လွန်ခဲ့သောငါးမိနစ်က သူအငိုတိတ်ခဲ့သည်။ ငို၍ဝသွားသည်လား၊ မျက်ရည်မကျန်တော့၍လား သေချာ မသိရ။ ငိုပြီးနောက်သူသည် မတ်မတ်ထထိုင်၍ တံခါးဘောင်ကိုမှီလျက် ဒူးကိုပိုက်ပြီး လက်ထဲကဖုန်းကို နီရဲနေသော မျက်လုံးများနှင့် ကြည့်နေသည်။ သူ ဘာကိုကြည့်နေမှန်း မည်သူကမှ မသိရ။
ဖုန်းမှအလင်းရောင်ကြောင့် ခြောက်နေသည့်မျက်ရည်စများနှင့် နီရဲနေသာမျက်လုံးများအား စုချာတွေ့နေရသည်။ သူ ဆက်၍ မငိုချင်တော့ခြင်း မဟုတ်ဘဲ မျက်ရည်များခြောက်သွေ့ကာ ကုန်ခမ်းသွား၍ မငိုတော့ခြင်းဟုသာ စုချာ ကောက်ချက်ချလိုက်သည်။
"သူ ဟန်ဆောင်နေတာပဲ။" စုချာက တိုးတိုးလေးကပ်ပြောလာ၏။
"ဘာကိုလဲ..." ဝန်ထမ်းဥပဒေစာအုပ်ကို ရှေ့နောက်လှန်ကာ အတွေးများနေသည့် ရှစ်ယွမ်က သူမ ပြောသည်ကို သဘောမပေါက်သေးပေ။
"ပိုင်လော့ဖုန်းလေ။" စုချာက ရှစ်ယွမ်အား တိုးတိုးလေးပြောလာသည်။ "အရင်က သူဘာမှမခံစားရသလို တည်တည်ငြိမ်ငြိမ် ပြောခဲ့သမျှက အလိမ်အညာတွေပဲ။"
ရှစ်ယွမ်က ပိုင်လော့ဖုန်းအား အကဲခတ်လိုက်သည်။
ပိုင်လော့ဖုန်းက သူတို့နှင့် ခပ်လှမ်းလှမ်း၌ ထိုင်နေ၍ သူတို့ပြောသမျှကို မကြားနိုင်လောက်ပေ။
ပိုင်လော့ဖုန်း ဒူးကိုပိုက်လျက် ဆံပင်များရှုပ်ပွကာ ပေရေ၍ထိုင်နေပုံက သနားစရာကောင်းလှသည်။ ကွေးထိုင်နေသောကြောင့် လည်ပင်းအား ရှင်းရှင်းလင်းလင်း မမြင်ရဘဲ အနားစွန်းသာ မြင်နေရသည့် ဒဏ်ရာသည် အရင်ထက်ပိုနီရဲကာ ယောင်ယမ်းနေ၏။
"သူဟန်ဆောင်တာတော့ မဟုတ်လောက်ဘူး။ မိမိကိုကိုယ် လှည့်စားမှုကနေ ထွက်ပေါ်လာတဲ့ မသိစိတ်ကြောင့်ဖြစ်မယ်။"
"ဘယ်သူကတော့ မခံစားရဘဲ နေပါ့မလဲ...ငါသာသူ့နေရာမှာဆို - ငါကအပြင်ကမ္ဘာမှာ ငါးနှစ်လုံးလုံး ဘဝကိုအေးဆေးဖြတ်သန်းနေတုန်း ငါ့ညီမလေးက ငါ့အစားအသေခံ၊ မှတ်ညဏ်တွေပျောက်၊ ဒီနေရာမှာ NPC ဘဝနဲ့ ပိတ်မိနေတာကို သိရရင် အတည်ပြောတာ ငါသတ်သေမိလိမ့်မယ်။"
စုချာက ထိုနေရာ၌ သူမကိုယ်သူမ အစားထိုးကြည့်ရင်း ရင်တထိတ်ထိတ်ဖြစ်လာသည်။ တွေးကြည့်ရုံနှင့်ပင် စိတ်မချမ်းမြေ့စရာ။
သာမန်ရုပ်ရည်နှင့်လူက သူတို့စကားဝိုင်းထဲဝင်လာသည်။ "ကိုယ့်ကိုယ်ကိုယ် လှည့်စားမှုဆိုတာက ဘာသဘောလဲ... လူတစ်ယောက်က ကိုယ့်ကိုကိုယ် လိမ်ညာနေတာကို မသိဘူးဆိုတာက ဖြစ်ရောဖြစ်နိုင်လို့လား။"
"မင်းက မင်းချစ်တဲ့သူ တစ်ယောက်ယောက်ကို မဆုံးရှုံးဖူးတဲ့ပုံပဲ။" ရှစ်ယွမ်က ပြန်ဖြေသည်။ "ဦးနှောက်မှာ အရေးပေါ် ကာကွယ်ရေး ယန္တရားတစ်မျိုး ရှိတယ်။"
"အရေးပေါ်ကာကွယ်ရေး။"
"ဝမ်းနည်းပူဆွေးရင်း ပြိုလဲသွားမှာကို ကြောက်ရွံ့တာပေါ့။ ဒါကြောင့် ပထမဆုံးအကြိမ် သတင်းကြားကြားချင်း၊ ဒါမှမဟုတ် မျက်လုံးနဲ့မြင်လိုက်တဲ့ အချိန်မှာ မင်းကထင်သလောက် ဝမ်းမနည်းနေဘူး။" ရှစ်ယွမ်ကလက်ထဲမှ ဝန်ထမ်းဥပဒေ စာအုပ်ကိုပိတ်ကာ သူ့ဖက်လှည့်လာ၏။ "ဒီထုံထိုင်းမှုရဲ့ ကြာချိန်ကတော့ လူအပေါ်မူတည်တယ်။ လူအများစုအတွက်တော့ အိမ်ကိုပြန်ရောက်ရောက်ချင်း၊ ဒါမှမဟုတ် ရက်အနည်းငယ်လောက် တိုက်ဆိုင်မှုရှိတဲ့ တစ်စုံတစ်ခုကို မမြင်မချင်း၊ မကြားမချင်း အထိကြာတယ်။ ပြီးမှ ဒီလူကထာဝရ ပျောက်ကွယ်သွားပါလားဆိုပြီး သဘောပေါက်လာတာမျိုးပေါ့။ အဲ့ဒီသဘောပေါက်တဲ့ အချိန်ကနေစတာပဲ။ ဒီလူကို နောက်ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး ဆိုတဲ့အချက်ကို မင်းဦးနှောက်က လက်ခံလိုက်တာနဲ့ ဝမ်းနည်းပူဆွေးမှု လှိုင်းလုံးတွေစတင်တာပဲ။"
"ဒါကဦးနှောက်က မင်းကိုကာကွယ်ပေးဖို့ လုပ်တဲ့လုပ်ရပ်ပဲ။ ဒါကိုမင်းက သတိမထားမိဘူး။ ဒါကြောင့် မသိစိတ်က လှည့်စားမှုလို့ခေါ်တယ်။"
"ဝမ်းနည်းမှုလှိုင်းလုံးတွေ မရောက်ခင်အထိ မင်းကကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေလိမ့်မယ်။"
"ဒီလိုခံစားမှုမျိုးကို မင်းဘယ်တော့မှ မကြုံရဖို့မျှော်လင့်ပါတယ်။"
စကားလုံးများက လေးလံလွန်း၍ သာမန်ရုပ်ရည်နှင့်လူခမျာ စကားပင်ပြန်မပြောနိုင်တော့။ ယောင်နနနှင့် "သြော်"ဟူ၍သာ ထုတ်ပြောနိုင်ခဲ့သည်။
ရထားတွဲများကြား ချိတ်ဆက်ထားသည့် နေရာငယ်၌ သူတို့စုပုံထိုင်နေကြပြီး လီချန်စစ်က တံခါးနှင့်ကပ်လျက်၌ပင်။
ထိုစကားလုံးများအား ကြားသောအခါ တစ်ခုခုခံစားသွားရဟန်နှင့် နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ခဲ့ရသဖြင့် မာကျောကာအသားမာထနေသော သူ့လက်များအားပွတ်ရင်း ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေသည်။
တစ်ခုခုကို သတိရနေသလို စုကျုံ့နေသာ မျက်ခုံးများကို အနက်ရောင်မှန်တံခါး၌ ပြန်မြင်နေရသည်။
ကျန်းမုန့်ရီ အခန်းထဲပြန်ဝင်လာပြီး တံခါးဆွဲပိတ်ကာ လော့ခ်ချလိုက်သည်။
ပိုင်လော့ဖုန်းက သူ့အားမော့ကြည့်လာသည်။
"လုပ်စမ်းပါကွာ။ ဆက်လုပ်ကြရအောင်။ စပယ်ယာခန်းကိုရှာကြမလား။ ငါတို့သူ့ကို ထပ်တွေ့မှဖြစ်မယ်။" ကျန်းမုန့်ရီကပြောခြင်းပင်။
"ဟမ်.....စပယ်ယာခန်းကို သွားရဦးမှာလား။" လီချန်စစ်က အထစ်ထစ်အငေါ့ငေါ့နှင့် မေးလာခြင်း။
"ဒါပေါ့။ ဝန်ထမ်းဥပဒေ စာအုပ်မှာပြောထားတယ်မလား။ စပယ်ယာခန်းမှာ ရထားအကြောင်း အသေးစိတ်ရေးထားတယ်ဆိုတာလေ။"
"ငါတို့ပန်းတိုင်က ရထားကိုရပ်ဖို့လေ။ ဒီအချက်အလက်တွေက အရေးပါတယ်လို့ မတွေးမိဘူးလား။"
ရှစ်ယွမ်က ထောက်ခံလာသည်။ "မှန်တယ်၊ ရထားရဲ့ အချက်အလက်တွေရရင် ရထားကိုဘယ်လို ရပ်ရမလဲဆိုတာ သိမှာပဲ။ နည်းလမ်းတွေအများကြီး ရှိနေနိုင်တယ်။ ယာဥ်မောင်းခန်းကိုသွားပြီး ပင်လယ်ထဲမောင်းချတာ၊ လောင်စာခန်းကိုသွားပြီး ဆီတွေဖွင့်ချပစ်တာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် အချက်အလက်တွေသာရရင် အစီအစဥ်ဆွဲလို့ ရပြီမလား။"
"ပင်လယ်ထဲ တကယ်မောင်းချမလို့လား။"
"ဥပမာပေးနေတာကွ။" ရှစ်ယွမ်က ပြန်ရှင်းပြသည်။ "ဒီအတိုင်း ဟုတ်ချင်လည်းဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ရထားအချက်အလက်တွေ ရဖို့တော့ အရေးကြီးတယ်။"
"ဒါဆို ဘယ်လိုသွားကြမလဲ။" လီချန်စစ်က စိတ်လှုပ်ရှားစွာနှင့် ပြန်မေးသည်။ "သူနဲ့ထပ်တွေ့ရင် သူ့ဖက်ကလုံးဝ မတိုက်ခိုက်ဘူးလို့ အာမခံနိုင်ပါ့မလား။ လည်ပင်းတောင်ညှစ်သွားတာ နောက်တစ်ခါကျ အားလုံးကိုသတ်သွားရင် ဘယ်လိုလုပ်မလဲ။"
သူကပြောရင်းနှင့် အလောင်းများပုံနေသော ရထားတွဲနံပါတ် ၇ အား လှမ်းကြည့်နေသည်။ ပြီးနောက် "ဟို....ဟိုက ခရီးသည်တွေလို။" ဟုထပ်ပြောလာ၏။
"အရူး" ရှစ်ယွမ်က မထီမဲ့မြင်ပြုကာ ထရပ်၍ လက်ထဲမှ ဝန်ထမ်းဥပဒေ စာအုပ်ကိုပြလာသည်။ "သူသာသတ်ချင်ရင် သတ်လိုက်တာကြာပြီ။ သူဘယ်လိုသတ်သွားလဲ မင်းမတွေ့လိုက်ဘူးလား။ ဒါသူ့ရထား။ ဒီစာအုပ်အရ သူ့မှာကွပ်မျက်ပိုင်ခွင့်ရှိပြီးသား။"
"ဝန်ထမ်းကိုတောင် သူသတ်ရဲမှတော့ ဒီရထားပေါ်ကလူတွေရဲ့ သေခွင့်၊ရှင်ခွင့်က သူ့လက်ထဲမှာပဲ။ သူသာသတ်ချင်ရင် ကြောက်နေလို့ဘာထူးဦးမှာလဲ။ ငါတို့အသက်က သူ့စိတ်အပေါ်မူတည်နေပြီးသား။"
"အမှန်ပဲ။" ကျန်းမုန့်ရီကဝင်ပြောလာသည်။ "မင်းကိုလည်ပင်းညှစ်ပြီးမှ သေအောင်မသတ်သွားတာ သူတစ်ခုခုကို သတိရသွားလို့ဖြစ်မယ်။"
"ဟုတ်တယ်၊ သူရုတ်တရက်ကြီး လွတ်ချလိုက်တာ။" စုချာက ပြောလိုက်သည်။ သူမ တွေးရင်း ဆက်ပြောလိုက်သည်။ "သူ တကယ် သတိရလာလို့ နာကျင်အောင် ဆက််မလုပ်တော့တာ ။ သူနောက်တစ်ခေါက်ပြန်လာတုန်းကလည်း ဘာမှမလုပ်ခဲ့ဘူး။"
"သူ့ကိုသွားတွေ့ရအောင် ပိုင်ကော၊ နောက်တစ်ကြိမ်တွေ့ရင် သူအားလုံးမှတ်မိလောက်တယ်။"
ငကြောက်ကောင်၏ မျက်လုံးများက တောက်ပလာသည်။ "ဟုတ်တယ်၊ တစ်ချက်ကြည့်ရုံနဲ့ ဒီလောက်မှတ်မိရင် ထပ်တွေ့ရင်ပိုမှတ်မိလောက်တယ်။ သူသာစိတ်ကောင်းဝင်နေရင် ရထားကိုရပ်ပြီး ငါတို့အားလုံးကို ဆင်းခိုင်းလောက်တယ်။"
"ခက်လိမ့်မယ်။"
ပိုင်လော့ဖုန်းက နောက်ဆုံး၌ ပဲ့နေသည့်မောင်းလို အက်ရှရှသံနှင့်ပြောလာသည်။ ပါးစပ်ဟလိုက်သည်နှင့် လည်ချောင်းနာသောကြောင့် စကားပြောပြီးနောက် ချောင်းထပ်ဆိုးနေ၏။ ချောင်းဆိုးမပြတ်သော်လည်း သူကတံခါးဘောင်ကို အားပြုကာအတင်းထရပ်သည်။
"ငါဘာမှသိပ်မမှတ်မိဘူး။" ပိုင်လော့ဖုန်းက ချောင်းဆိုးရင်းပြောလာ၏။ "သူ့အပြုအမူအရ တစ်ခုခုသတိရသွားပုံ ပေါက်ပေမယ့် ငါဘယ်သူမှန်း သိပုံမရဘူး။ သူ့ကိုယုံလို့မရလောက်ဘူး။"
ငကြောက်ကောင်က လက်လျော့ချင်ပုံမရသေးပေ။ "ဒါပေမယ့်..."
"ကိုယ့်အားကိုယ်ကိုးရအောင်။" ပိုင်လော့ဖုန်းက ဖြတ်ပြောလာသည်။ "သွားကြမယ်။"
သူလမ်းလျှောက်လိုက်သည်နှင့် စုချာကသူ့အားတားလာသည်။ "ခဏလေး"
မိီးလောင်ဒဏ်ရာဆေး ကိုင်ထားသည့် စုချာအား ပိုင်လော့ဖုန်း ပြန်လှည့်ကြည့်လိုက်သည်။ "ဆေးအရင်ထည့်ရအောင်။"
"အဆင်ပြေပါတယ်။ ဆေးလိမ်းဖို့မလိုဘူး။" ပိုင်လော့ဖုန်းက တံခါးဖွင့်ကာထွက်သွားပြီး လည်ပင်းကိုလက်နှင့်အုပ်ကာ ဆက်ပြောသည် "ဒီဒဏ်ရာကြောင့် ပိုတောင်နေကောင်းလာသလိုပဲ။"
စုချာကကြောင်အနေသည်။
ပိုင်လော့ဖုန်း ရထားတွဲ ၇ ထဲ ရောက်သွားသောအခါမှ ကျန်သည့်လူများ အနောက်မှ ထလိုက်လာကြလေသည်။
ကြမ်းပြင်၌ လူသေကောင်များ၊ သွေးညှီနံ့များပြည့်နေ၍ မျက်မှောင်ကြုတ်၊ နှာခေါင်းအားပိတ်၍ ခပ်သွက်သွက်လျှောက်ကြရသည်။
နှာခေါင်းအားပိတ်ထားရင်း တစ်ယောက်ကမေးလာသည်။ "ငါတို့ လမ်းရောမှန်ရဲ့လား။ စပယ်ယာခန်းက ဘယ်မှာလဲ။"
ရှစ်ယွမ်ကစာအုပ်ကို ထောင်ပြလာသည်။ "ဒီမှာပြောတာတော့ ပထမတွဲမှာတဲ့။"
ပိုင်လော့ဖုန်း ငါးတွဲမြောက် တံခါးကိုဖွင့်ကာ လူသွားလမ်းအတွင်း ဝင်လိုက်သည်နှင့် အနောက်မှ ကျန်းမုန့်ရီကတိုးတိုးလေးမေးလာ၏။
"တစ်ခုခုထူးဆန်းနေတယ်လို့ မထင်ဘူးလား။"
"ဘာကလဲ။"
"သရဲတွေက ပုံရိပ်အနေအထားမှာရှိတာကို စပယ်ယာက ဘယ်လိုလုပ်လိုက်လို့ အလောင်းတွေဖြစ်ကုန်တာလဲ။"
"ပုံရိပ်တွေက အပေါ်ယံအရေပြားတွေ။ အောက်ဖက်မှာက အလောင်းကောင်တွေရှိတယ်။ ဒါကြောင့် ပုံစံအမှန် ပေါ်လာကြတာ။"
ဖြေရှင်းချက်က အနည်းငယ် ထူးဆန်းနေသောကြောင့် တစ်ဝက်ခန့်သာ နားလည်သည့် ကျန်းမုန့်ရီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ ထိုရှင်းပြချက်ပင် မပြီးသေးမီ နောက်တစ်ဦးက ဝင်ပြောလာပြန်သည်။
"ထားလိုက်စမ်းပါ။ ဒီအက်ပ်က သိပ္ပံနည်းမှမကျတာ။ သရဲနဲ့သိပ္ပံကို ဘာလို့ယှဥ်နေကြတာလဲ။"
ထိုစကားက အဓိပ္ပါယ်ရှိသည်ဟုယူဆပြီး ကျန်းမုန့်ရီ ဆက်မငြင်းတော့။
တတိယတွဲဆီ ရောက်သောအခါ အတော်လေးတိတ်ဆိတ်နေသည်။ ဒုတိယတွဲဆီသွားသည့် တံခါးအရောက်၌ ပိုင်လော့ဖုန်းက လက်နှင့်အုပ်ကာချောင်းဆိုးနေပြီး နောက်သို့လှည့်လာသည်။ "သူအခု စပယ်ယာခန်းမှာ ရှိနေလောက်တယ်မလား။"
"ရှိမှာပေါ့။"ရှစ်ယွမ်ကပြန်ဖြေ၏။ "မင်းမတွေ့ချင်လို့လား။"
ပိုင်လော့ဖုန်းက တခဏမျှ တွေးကာပြန်ဖြေသည်။ "စိတ်ခုနေလို့။ ငါတို့စကား အငြင်းအခုန်တွေဖြစ်ကြလိမ့်မယ်။ သူ့အပြုအမူကို မင်းတို့လည်းတွေ့သားပဲ။ နည်းနည်းပိုမှတ်မိရင်တောင် ဘာမှအားကိုးမရလောက်ဘူး။ ငါတို့ဘာအတွက်လာမှန်း သူသိမှာပဲ။ သူနဲ့ငြင်းနေရမယ့်အစား အချက်အလက်တွေပဲ လိုချင်တယ်။"
ရှစ်ယွမ်က နားလည်သည့်သဘောဖြင့် ခေါင်းငြိမ့်ပြသည်။ "ဒီတော့မင်းက သူ့ဖက်ကထွက်လာတာကို လိုချင်တာပေါ့။"
ပိုင်လော့ဖုန်းက ခေါင်းငြိမ့်ပြ၏။
"ဒါတော့ခက်သွားပြီ။ ဒါပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။" ကျန်းမုန့်ရီကပြောလာသည်။
"ဝန်ထမ်းဥပဒေ စာအုပ်အရ စပယ်ယာကို ထွက်လာအောင်လုပ်လို့ရတဲ့ အခြေအနေတွေရှိပေမယ့် အားလုံးက အထူးအဆန်းတွေ ဖြစ်နေတယ်။"
"သိပ်ရှိတာပေါ့။" ရှစ်ယွမ်က ပြောလာ၏။ "ပထမတစ်ခုက ခရီးသည်တစ်ဦးက စကားစပြောလာရင် စပယ်ယာကို ခေါ်ရမယ်။ နောက်တစ်ခုက ခရီးသည်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ရင်လည်း....."
"ခဏ....." ပိုင်လော့ဖုန်းက ဖြတ်ပြောလာသည်။ "ခရီးသည်ဖက်က စကားစပြောရင်လို့ ပြောလိုက်တာလား။"
"အေးလေ၊ ဘာလို့လဲ။ အိုး....." ရှစ်ယွမ် ချက်ချင်းသဘောပေါက်သွား၏။
ပိုင်လော့ဖုန်းက တစ်လျှောက်လုံး ကျစ်ကျစ်ဆုပ်ထားသည့် လက်မှတ်အားပြကာ မျက်ခုံးပင့်ပြလိုက်သည်။ သူတို့သည် ထိုခရီးသည်များနှင့် မတူညီသော်လည်း ခရီးသည်များပင်ဖြစ်သည်။
"သူထွက်လာရင်လည်း ငါတို့ကိုမြင်တာနဲ့ သူရိပ်မိမယ်ထင်တယ်။" စုချာကပြောလာသည်။ "လူတစ်ဝက်က သူ့ကိုအာရုံပြောင်းထားပြီး ကျန်တဲ့လူတွေက အခန်းထဲခိုးဝင်ကြမလား။ ငါတို့လုပ်ရမှာက အချိန်လိုတော့ သူ့ကို အချိန်ဆွဲထားနိုင်မယ့် လူလိုတယ်။"
စပယ်ယာအား အချိန်ဆွဲထားနိုင်မည့်လူ။ အားလုံးအချင်းချင်း အကဲခတ်ကြပြိီး သုံးစက္ကန့်အကြာ၌ ပိုင်လော့ဖုန်းထံ ဝိုင်းကြည့်လာကြသည်။
ပိုင်လော့ဖုန်းက နားမလည်သည့်ရုပ်လေးနှင့် ပေကပ်ကပ်လုပ်ကာ သူတို့ကို ပြန်ကြည့်နေခဲ့သည်။