အပိုင်း ၈ - ထွက်ခွာခြင်း(ငရဲသို့)
ဟောင်းနွမ်းစုတ်ပြတ်နေသော အစိမ်းရောင်ရထားသည် လေနှင့်မိုးကြားမှ တရွေ့ရွေ့လာနေပြီး ဘူတာရုံ၌ ရပ်နားသည်။ အညစ်အကြေးနှင့်ရွံ့များ ပေကျံနေသည့်ခေတ်ဟောင်းမှ ရထားတစ်စင်းဖြစ်နေသည်။ ဆေးကွက်များမှာအချပ်လိုက် ကွာကျနေပြီးအောက်ဖက်၌ သံချေးများစွဲနေသည်။ ခေါင်မိုးပေါ်တွင် ရေနွေးငွေ့ပေါက်ပင်ပါသဖြင့် ၁၉၉၀ ပြည့်နှစ်များကသုံးသည့် အလွန်ရှေးကျသောရထားပုံပေါက်သည်။ ရထားကိုယ်ထည်ပေါ်သို့ မိုးရေစက်များကျဆင်းနေသော်လည်း အညစ်အကြေးများအား သန့်စင်နိုင်ခြင်းမရှိပေ။
တဂျစ်ဂျစ်မြည်ရင်း ရထား၏တံခါးများပွင့်သွားသည်။
"သွားစို့" ကျန်းမုန့်ရီကပြောလာ၏။
သူကတုရှောင်ရှောင်၏လက်ကိုဆွဲကာ အနီးဆုံးရထားလုံးဆီသို့ ထိပ်ဆုံးမှသွားပြီး ကျန်သည့်လူများက နောက်မှလိုက်လာကြသည်။
ပိုင်လောဖုန်းက နေရာမှမရွေ့ပေ။ အနက်ရောင်အသံချဲ့စက်အား မျက်နှာမလွဲပစ်နိုင်သလို စိုက်ကြည့်နေသည်။
အက်ကွဲနေသည့် အသံလွှင့်မှုသည် သူ့စိတ်ထဲ၌ ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေဆဲ။ ငါးနှစ်လုံးလုံး မကြားခဲ့ရသည့်အသံအား ကြားရခြင်းက သူ့နှလုံးသားကို ဓားနှင့်မွှန်းသလိုခံစားရ၏။
စုယွီကို သူ သတိရသည်။ လွန်ခဲ့သောငါးနှစ်က သတ်သေခဲ့သည့် နှစ်နှစ်ခန့်ရင်းနှီးပြီးနောက် လေးလခန့်သာ ချိန်းတွေ့ခဲ့ရသူကို သတိရမိသည်။
စုယွီဖက်မှသူ့အား ဝန်မခံရဲခြင်းမဟုတ်သော်လည်း ပိုင်လောဖုန်းက စုယွီဝန်မခံရဲလောက်ဟုတွေးကာ သူ့ဘက်မှစကာ ဖွင့်ပြောခဲ့သည်။
စုယွီနှင့်အမှတ်တရများ တရိပ်ရိပ်ပြန်ပေါ်လာသည်။ အမှတ်တရများက များလွန်းသဖြင့် တိကျသောမြင်ကွင်း တစ်ခုတည်းကိုရွေးချယ်ရန်မဖြစ်နိုင်သည်အထိ။
သူ့ကိုယ်သူစိတ်ငြိမ်အောင် တွန်းအားပေးပြီးနောက် အမှတ်တရများအား ရပ်တန့်သွားအောင် ထိန်းချုပ်နိုင်ခဲ့သည်။ မြင်ကွင်းများက အရာအားလုံး ပြီးဆုံးသွားသည့်နေ့၌ ရပ်တန့်သွားသည်။
လွန်ခဲ့သေားငါးနှစ် နွေရာသီ၌ စုယွီသေခဲ့သည်။
ပိုင်လောဖုန်းရှေ့၌ပင် သူ့ကိုယ်သူသတ်သေခဲ့သည်။ အဖြစ်အပျက်များက မြန်ဆန်လွန်း၍ ဗရုတ်သုတ်ခကျလွန်း၏။ စုယွီအားအရေးပေါ်အခန်းသို့ ပို့ပြီးသည်အထိ ဖြစ်ပျက်နေသမျှကို ပိုင်လောဖုန်း လုံးဝနားမလည်နိုင်ခဲ့ပေ။
စုယွီအား ရေခဲတိုက်သို့ပို့ကာ စာရွက်စာတမ်းများမပြင်ရသေးမီ နောက်ဆုံးအကြိမ်လာကြည့်ရန် ဆရာဝန်များက အကြောင်းကြားလာသည်။
ပိုင်လောဖုန်း သွားခဲ့သည်။
စုယွီက ကုတင်ပေါ်၌ ငြိမ်သက်တိတ်ဆိတ်စွာ အိပ်စက်နေသကဲ့သို့။
ပုံမှန်အချိန်များကဲ့သို့ပင် စကားနည်းကာ တစ်ခုခုအား အလေးအနက် စဥ်းစားနေသကဲ့သို့ သူ့မျက်ခုံးနက်နက်များက စုကြုံ့နေခဲ့သည်။
မျက်လုံးများမပွင့်လာသဖြင့် ဖီးနစ်ငှက်နှင့်တူသော မျက်လုံးလှလှများအား ထပ်တွေ့ခွင့်မရခဲ့ချေ။
စုယွီအားဘီးတပ်ကုတင်နှင့် ရေခဲတိုက်သို့ခေါ်သွားပြီး မြို့၏အဝေးရှိ သုသာန်၌တလားသွင်းကာ မြှုပ်နှံခဲ့ကြသည်။
စုယွီသေပြီ။
ရှစ်ယွမ်က ပိုင်လောဖုန်း မပါလာသည်ကို သတိထားမိကာ အော်ခေါ်သော်လည်း သူမတုံ့ပြန်နိုင်ပေ။
ရှစ်ယွမ်ကဒေါသထွက်လာပြီး အသံကိုမြင့်၍ သူ့အားအော်မေးလာသည်။
"မင်းဘာလုပ်နေတာလဲ"
ရှစ်ယွမ်ကခေါင်းစောင်းကြည့်ကာ ထပ်ပြောလာသည်။ "လာခဲ့၊ရထားပေါ်တက်တော့"
"လာပြီ" ပိုင်လောဖုန်းက နောက်သို့ကြည့်နေရင်းနှင့် "လာပြီ၊လာပြီ" ဟုသာ အဆက်မပြတ်ရေရွတ်နေမိသည်။
တစ်ခုခုမူမမှန်သည်ကို သတိထားမိသော ရှစ်ယွမ်မျက်ခုံးပင့်လိုက်မိသည်။
အားလုံးရထားပေါ်တက်ပြီးချိန် ပိုင်လောဖုန်းတစ်ဦးတည်းသာကျန်တော့သည်။
ကျန်းမုန့်ရီ အတွင်းဘက်အား ပတ်ကြည့်သောအခါ အတွင်းဘက်မှ အနေအထားသည် အပြင်ဖက်ထက် သာ၌ထူးမနေ ။ ပျက်စီးယိုယွင်းကာ ဖုန်များပြည့်နေပြီး လေထဲ၌လည်း သတ္တုငွေ့များပြည့်နေသည်။ ချိတ်ဆွဲထားသော ခပ်မှိန်မှိန်ရေနံမီးခွက်သည် ထိုနေရာအား အလင်းရောင် လုံလုံလောက်လောက်မပေးနိုင်ပေ။
ခြေလှမ်းအနည်းငယ်လျှောက်ကာ ရထားလုံး၏ တစ်ဖက်တစ်ချက်ရှိ တံခါးများမှ အပြင်သို့ချောင်းကြည့်သောအခါ အမှောင်ထုသာ ကြီးစိုးနေပြီး တုန်လှုပ်ခြောက်ခြားမှုကိုသာ ခံစားရ၏။
ပိုင်လောဖုန်းကမူ ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်း အသံချဲ့စက်ကိုသာ ပြန်လှည့်ကြည့်နေမိသည်။ အားလုံးရပ်နေကြသည့် တံခါးဝနှင့် မလှမ်းမကမ်းသို့ အရောက်မှာပင် ဆယ်ကြိမ်ထက်မနည်း သူလှည့်ကြည့်ပြီးဖြစ်သည်။
သူ ထိုင်ခုံနေရာယူပြီးနောက် တစ်ချို့က သူ့အပြုအမူအား သတိထားမိကြသည်။ သူအထဲရောက်သည်နှင့် ဆုချာကမေးလာ၏။ "ဘာဖြစ်လို့လဲ... ဘာလို့ခဏခဏ လှည့်ကြည့်နေတာလဲ... အသံချဲ့စက်အောက်မှာ တစ်ခုခုရှိလို့လား..."
"မရှိဘူး" ပိုင်လောဖုန်းပြန်ဖြေသည်။ "ဘာမှမရှိပါဘူး"
ထိုစကားအားပြောရင်းနှင့်ပင် ပိုင်လောဖုန်း နောက်တစ်ကြိမ် ပြန်လှည့်ကြည့်နေသေးသည်။
အပြောနှင့်အလုပ်မှာ လုံးဝဆန့်ကျင်ဖက်ပင်။
အားလုံးကအချင်းချင်း အရိပ်အကဲကြည့်နေကြသည်။ ရှစ်ယွမ်ကခပ်ကြိတ်ကြိတ်ထပ်မေးလာ၏။
"မင်းတကယ်ပဲ ဘာဖြစ်နေတာလဲ..."
ပိုင်လောဖုန်း သူတို့အားလှည့်ကြည့်သောအခါ အားလုံးကသူ့ကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရပြီး သူ့လုပ်ရပ်က အတော်လေးထူးဆန်းနေမှန်း သဘောပေါက်သွားတော့သည်။
"ကောင်းပြီလေ၊ ဖုံးထားလို့လည်း အကျိုးမှမရှိတာ" ပိုင်လောဖုန်း အသံချဲ့စက်အား လက်ညှိုးထိုးကာပြောပြလိုက်သည်။ "အခုထုတ်လွှင့်သွားတဲ့အသံက ငါ့ကောင်လေးအသံပဲ "
ရှစ်ယွမ်သဘောပေါက်သွားသည်။ "သေသွားတဲ့တစ်ယောက်လား"
"ငါ့မှာဒီတစ်ယောက်ပဲရှိတာ အရေးတော့မကြီးပါဘူး အသံတူတဲ့သူ ဖြစ်ချင်ဖြစ်မှာပေါ့ ဒါမှမဟုတ် သတိရတဲ့စိတ်နဲ့ လျှောက်ကြားတာနေတာ ဖြစ်ချင်ဖြစ်မယ် သူအစစ်တော့မဖြစ်နိုင်ဘူး"
"အသံဆင်တာဖြစ်မှာပါ" ရှစ်ယွမ်ကထောက်ခံလာသည်။ "အသံကတဂျစ်ဂျစ်ဖြစ်နေတော့ ဘာမှရှင်းရှင်းလင်းလင်း မကြားရဘူး ပြီးတော့မင်းကောင်လေးက သေသွားပြီမလား..."
"အင်း..." ပိုင်လောဖုန်းက အသံချဲ့စက်အား တစ်ချက်ပြန်ကြည့်ကာ သူ့ကိုယ်သူနှစ်သိမ့်မိသည်။ "သူကသတ်သေသွားပြီပဲ သူမဖြစ်နိုင်ပါဘူး..."
ထိုခဏအတွင်း လေထုမှာရပ်တန့်နေသယောင်။
ပြန်လည်ရှင်သန်ရေးမဟာမိတ် ဖွဲ့စဥ်ကစကားဝိုင်းအတွင်း မပါခဲ့သူများပင် အကြောင်းအရင်းကို ရိပ်မိလာကြသည်။
ယခုလေးတင် ဆုချာအားအော်ဟစ်ရန်လုပ်ခဲ့သည့် လူပျော့လေးသည် ပိုင်လောဖုန်းအား လက်ညှိုးထိုးကာ အထစ်ထစ်အငေါ့ငေါ့နှင့်မေးလာသည်။ "မင်း...မင်းက ဂေးလား။"
"အဲ့လိုပြောလို့ရပါတယ် " ပိုင်လောဖုန်းက တည်ငြိမ်စွာပြန်ဖြေသည်။ " ဒါပေမယ့် တစ်ခြားယောကျ်ားတွေကို ကြိုက်တယ်လို့မဆိုလိုဘူးနော် ငါကငါ့ကောင်းလေးကိုပဲကြိုက်တာ။"
ထိုလူ၏မျက်နှာက မကောင်းသည့် အနံ့အသက်တစ်ခုခုရနေသကဲ့သို့ ရှုံ့တွမဲ့ရွဲ့နေသည်။ နောက်သို့အနည်းငယ်ဆုတ်ကာ သူ့ကိုယ်သူပွေ့ဖက်ထားပြီး ပိုင်လောဖုန်းအား ကူးစက်တတ်သည့် ဗိုင်းရပ်စ်ပိုးကဲ့သို့ကြည့်နေသည်။
ထိုအပြုအမူကြောင့် ပိုင်လောဖုန်းသည် သူ့သဘောထားအားရိပ်မိသွားပြီး ခနဲ့သည့်လေသံနှင့်ပြောလာ၏။ "အေးဆေးပေါ့ ငါ ဒီတစ်သက်လုံး တစ်ယောက်တည်း ဖြတ်သန်းရမယ်ဆိုရင်တောင် မင်းလိုကောင်ကိုတော့မကြိုက်ဘူး"
"အာမခံချက်ရှိလို့လား...ဘာပဲပြောပြော မင်းတို့လိုဂေးတိုင်းက....."
"ဂေးတိုင်းတော့မဟုတ်ဘူး" ပိုင်လောဖုန်းက ဖြတ်ပြောလာသည်။ "ငါကပျော့ညံ့ပြီး နှလုံးသားမရှိတဲ့ လူမျိုးကိုမကြိုက်ဘူး ပြီးတော့ငါက အသန့်ကြိုက်တယ် မင်းဖင်ကိုစိတ်ပူမနေနဲ့။"
ထိုပျော့ညံ့သည်ဟူသည့် အသုံးအနှုန်းက သူ့မျက်နှာအား ဖျော့တော့သွားစေ၏။ သူပါးစပ်ဟကာ ဆဲဆိုရန်ပြင်လိုက်ချိန်၌ လီချန်စစ်ကဝင်လာပြီး ဖြန်ဖြေပေးတော့သည်။ "တော်ပြီ၊တော်ပြီ ငါတို့အခုပဲ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားသင့်တယ်လို့ ပြောပြီးပြီမလား မင်းလည်း စိတ်ကိုနည်းနည်းလျော့လိုက်"
"မှန်တယ်၊တော်သင့်ပြီ အရေးကြီးတာကိုပဲ အာရုံစိုက်ရအောင်။" သူကပြောဆိုရင်း ရှောင်ရှောင်အားကိုင်ထားသည့် လက်ကိုမြှောက်ကာ သူမအားငုံ့မေးလာသည်။ "မိဘတွေက ဘယ်အတွဲမှာ ပါသွားလဲသိလား။"
ရှောင်ရှောင်ကပြန်မဖြေဘဲ တံခါးကိုသာစိုက်ကြည့်နေ၏။
ကျန်းမုန့်ရီ သူမနာမည်အား ထပ်ခါထပ်ခါခေါ်နေသည်။ သူမက ကိုင်ထားသည့်လက်အားလွှတ်ကာ တံခါးဆီပြေးသွားပြီး ယခင်ကပြဖူးသည့် လက်မှတ်အားယူထုတ်ကာ သူတို့ဆီပစ်ပေးလာသည်။
အားလုံးအလန့်တကြား ဖြစ်ကုန်ကြပြီး ပိုင်လောဖုန်းက လက်မှတ်အားအမြန်လိုက်ဖမ်းသည်။
တုရှောင်ရှောင်အားကြည့်ကာ 'ဘာလုပ်နေတာလဲ'ဟုမေးရန် ပြင်လိုက်ချိန်တွင် စကားလုံးများက သူ့လည်ချောင်းထဲ၌ ပိတ်ဆို့နေသည်။
တုရှောင်ရှောင်က ရထားတွဲမှထွက်ကာ အပြင်၌ရပ်နေသည်။ သူမအရှေ့ပြန်လှည့်လာပြီး သူတို့အားကြည့်လာချိန်၌ မျက်နှာအသွင်အပြင်များက ပြောင်းလဲနေ၏။
သူမ၏မျက်နှာသေပေါ်တွင် အရောင်တစ်ချို့စွန်းနေသည်။ ပြာနှမ်းနေသည့် အသားအရေပေါ်မှ သွေးကြောများအား ဖောက်မြင်နေရပြီး ပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။
ထိတ်လန့်တကြား စိုက်ကြည့်နေရင်းနှင့် သူမ၏ခြေထောက်များ ပျောက်ဆုံးနေသည်ကို သူတို့သတိထားမိလိုက်ကြသည်။
လေပြင်းများတိုက်နေသဖြင့် သူမ၏ပိန်ပါးသော ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများက လေထဲတဖျတ်ဖျတ်လွင့်နေသော်လည်း သူမကနေရာမှလုံးလုံးမရွေ့ပေ။
"ဟေး....." ရှစ်ယွမ်က တိုးတိုးလေးပြောလာသည်။ "တစ်ခုခုဖြစ်နေပြီမလား..."
"အဲ့ဒီတစ်ခုခုဆိုတာကြီးကို မင်းပြောထုတ်လာဖို့ မျှော်လင့်မိတယ်..." ပိုင်လောဖုန်းက လက်မှတ်အားကျစ်ကျစ်ဆုပ်ရင်း ပြောလာသည်။
ရုတ်တရက် ရထားပေါ်မှ အချက်ပေးသံ ထွက်ပေါ်လာသည်။
အဖွဲ့၏အနောက်၌ မိန်းကလေးတစ်ဦးက ခပ်တောင့်တောင့်ရပ်နေ၏။ တစ်ခုခုကို အာရုံခံမိသလို သူမ၏ခန္ဓာကိုယ်က တောင့်တင်းနေသည်။ ထို့နောက်ဘေးဘီလှည့်ကြည့်ရင်း ငယ်သံပါအောင်အော်တော့သည်။
"ရထားပေါ်ကဆင်းကြ သရဲတွေ သရဲတွေအပြည့်ပဲ အခုဆင်းကြ ရထားပေါ်မှာသရဲတွေအပြည့်ပဲ"
သူမအော်သံကြောင့် လူအားလုံး စဥ်းစားချိန်ပင်မရဘဲ တံခါးဆီပြေးကြတော့သည်။
အချက်ပေးသံသည် နားကွဲမတတ် ပိုမြန်ဆန်ကျယ်လောင်လာသည်။
ပိုင်လောဖုန်းနှင့် တံခါးကခြေတစ်လှမ်းသာကွာသည်။ ထိုမိန်းကလေးအော်သည်နှင့် သူအပြင်ထွက်ရန်ပြင်သော်လည်း.....
တံခါးက သူအပြင်မရောက်သေးမီပင် သူ့နှာခေါင်းအားညှပ်မိမလိုဖြစ်ကာ
အသံကျယ်ကျယ်နှင့် ပိတ်သွားတော့သည်။
အချက်ပေးသံလည်း ရပ်တန့်သွားသည်။
မှန်သားပြင််၌ သွေးကွက်များက ပန်းပွင့်ဖွယ်ပေါ်လာသည်။
တံခါးအပြင်ဖက်၌ တုရှောင်ရှောင်ရှိနေ၏။
သူမကပါးစပ်ကျယ်ကျယ်ဟကာ ပြုံး၍ခေါင်းအား သဘာဝမကျစွာစောင်းငဲ့ပြီး သူတို့အားသွေးနီရောင်မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
"ရထားပေါ်မတက်ဘူး" သူမကပြုံးလျက်ပြောလာသည်။ "မတက်ဘူး...လူတွေတက်ရင်...သူတို့စားတာခံရလိမ့်မယ်"
"ဖိုးဖိုးကပြောတယ် ရထားပေါ်မှ လူစစ်စစ်မရှိဘူးတဲ့ ဖေဖေနဲ့မေမေက လမ်းမှာစားစရာမရှိလို့ ငတ်နေကြပြီ"
"မေမေ့ကိုယုန်ရုပ်လေးပေးလိုက်" ထိုစကားအား သူမကတိုးတိုးလေးသာပြောလာသည်။ "မေမေ့ကိုယုန်ကျွေးလိုက်နော် မေမေဗိုက်ဆာနေပြီ မေမေ သနားပါတယ်။"
"ဘာတွေဖြစ်....." ကြောက်ရွံမှုကြောင့် ပိုင်လောဖုန်း၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ယုန်ရုပ်အားလွှင့်ပစ်ကာ မှန်တံခါးဆီကပ်၍ထုရိုက်ရင်း အော်ဟစ်နေ၏။
"မင်း.....ဘာပြောချင်နေတာလဲ...ပြန်ဖြေလေ ငါမေးနေတယ်"
ဆုချာကထအော်သည်။ "ရထားရွေ့နေပြီ"
သူမကရှေ့သို့ပြေးလာပြီး ပိုင်လောဖုန်းအား နံဘေးသို့တိုက်ထုတ်ကာ မှန်တွင်ကပ်၍ယခုလိုအော်သည်။
"ရှောင်ရှောင်ညမမကိုပြောပြလေနော်...အခုပြောလိုက်တာက ဘာအဓိပ္ပါယ်လဲ...ဒီရထားပေါ်ကို ဘာလို့ လူတက်လို့မရတာလဲ... မေမေကဘာလို့ မမတို့ကိုစားမှာလဲ..."
သူမစကားအဆုံး၌ ရထားကရှေ့တိုးလာပြီး အဝေးသို့ထွက်ခွာတော့သည်။
ရထားအရှိန်မှာအလွန်မြန်ပြီး မကြာခင်မှာပင် ရှောင်ရှောင်ကမြင်ကွင်းထဲမှ ပျောက်သွားလေသည်။
တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူက ကျန်ရစ်ခဲ့လေပြီ။
ယခုသူတို့သည် လူသားစားသည်ဟုသိရသော ရထားပေါ် ရောက်နေကြပြီ။
အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေလျက်။
ရုတ်တရက် ပိုင်လောဖုန်း၏လက်ထဲ၌ အစိမ်းရောင်တစ္ဆေမီးတောက်တစ်ခု တဟုန်းဟုန်းထတောက်သည်။
သူအလန့်တကြားနှင့် လက်ကိုခါလျက် မီးတောက်အားအောက်သို့ လွှတ်ချလိုက်မိသည်။
လောင်ကျွမ်းနေသည့်အရာမှာ တုရှောင်ရှောင်ပေးခဲ့သော လက်မှတ်ဖြစ်နေသည်။
သရဲမီးတောက်သည် လက်မှတ်အားဝါးမြိုသွားပြီး ပြာမှုန့်များပင်မချန်ရစ်ခဲ့။
အခြေအနေအား နားလည်အောင်ကြိုးစားရင်း အားလုံးငြိမ်သက်စွာ ရပ်နေမိကြသည်။
ပိုင်လောဖုန်း တစ်ခုခုအား သဘောပေါက်သွားပြီး သူဝယ်ယူထားသည့် လက်မှတ်အားထုတ်ကြည့်မိ၏။
လက်မှတ်မှာအစိမ်းရောင် ပြောင်းနေပြီး ဘူတာရုံအမည်လည်း ပြောင်းလဲသွားသည်။
(ကမ္ဘာ့တစ်ဖက်ခြမ်း > ငရဲ )
သူ့အရေပြားပေါ် ကြက်သီးများထလာ၏။
အားလုံးက လက်မှတ်ယူထုတ်ကြည့်နေကြသည်။
တူညီသောစာလုံးအား တွေ့လိုက်ရသောအခါ သူတို့၏မျက်နှာများသည် ကြောက်ရွံမှု၊ထိတ်လန့်မှု၊မယုံကြည်နိုင်မှု စသည့်အမူအရာများ အဖြစ်ပြောင်းလဲသွားတော့၏။
"ဘာတွေဖြစ်ကုန်တာလဲ..."
"ငရဲတဲ့.... လခွမ်း...မဖြစ်နိုင်တာ"
လူပျော့လေး၏မျက်နှာက ကြောက်ရွံမှုကြောင့် တွန့်လိမ်နေသည်။ လက်မှတ်အားဆုပ်ကိုင်ကာ သွားများရိုက်မိသည်အထိ အံကိုကြိတ်ကာ တဆတ်ဆတ်တုန်နေသည်။
လီချန်စစ်မှာ မတ်မတ်မရပ်နိုင်တော့ဘဲ နောက်ပြန်လဲကျကာ မှန်နှင့်ကျောပြင်ထိမိပြီး အထိတ်တလန့်နှင့် ကြမ်းပြင်ပေါ်ထိုင်ချလိုက်မိသည်။
"ဘာတွေဖြစ်နေတာလဲ..."
ပိုင်လောဖုန်း တစ်ခုခုအား သတိရသွားကာအိတ်ထဲလက်နှိုက်၍ ငွေစက္ကူတစ်ရွက်အားထုတ်ယူသည်။
ထိုငွေသည်ယခုဏက လက်မှတ်အရောင်းစက်၌ ညှပ်နေသောငွေများဖြင့် လက်မှတ်ဝယ်ရာမှ ပြန်အမ်းထားသည့်ငွေစက္ကူဖြစ်၏။
သူအချိန်ဆွဲမနေဘဲ ထုတ်ကြည့်လိုက်သောအခါ ပိုင်လောဖုန်းအပြင် အားလုံးမျက်နှာ၌ သွေးပင်မရှိကြတော့။
ဆယ်ယွမ်တန်စက္ကူသည် ယခုအခါ အသုဘငွေစက္ကူဖြစ်နေ၏။
သူတို့အားလုံး စကားသံပင်မထွက်နိုင်ကြတော့။
အဖြစ်အပျက်များက ပို၍ရှင်းလင်းလာသည်။
ထိုဘူတာရုံသည် သေခြင်းနှင့်ရှင်ခြင်းကြား နယ်နမိတ်၌ရှိပြီး သေပြီးသူများအား ငရဲသို့ပို့သည့်နေရာဖြစ်သည်။
သူတို့တစ်ညလုံး ဒုက္ခခံကာရှာဖွေခဲ့ရသည့်ရထားသည် ငရဲသို့တစ်လမ်းသွားမောင်းသည့် ငရဲရထားဖြစ်နေသည်။
လူပျော့လေးသည် ဆက်မထိန်းထားနိုင်တော့ဟန်ဖြင့် ထောင့်တစ်နေရာသို့ပြေးကာ ထိုးအန်တော့၏။
လီချန်စစ်လည်း အခြေအနေမဟန်ပေ။ ကြမ်းပြင်၌ပုံလဲနေပြီး မအန်မိစေရန် ပါးစပ်အားအတင်းအုပ်ထားလေသည်။
အခြေအနေက ဖိအားအလွန်များနေ၏။
ရှစ်ယွမ်က ပိုင်လောဖုန်းအားမေးလာသည်။ "ဘာဆက်လုပ်ကြမလဲ..."
ပိုင်လောဖုန်း အသက်ဝဝရှုကာ တင်းမာလှသောလေသံနှင့်ပြန်ဖြေလိုက်သည်။ "အဲ့ဒီမှာဘာရှိမလဲ အရင်ကြည့်ရမှာပေါ့..."
သူတံခါးနားမှခွာကာ အထဲသို့လျှောက်ကာ ဝင်သွားလိုက်သည်။
ရှစ်ယွမ်က ခဏလောက်စဥ်းစားလိုက်ပြီး နောက်ကပါလာသည်။
ဆုချာက ကျောပိုးအိတ်ကြိုးအား ကျစ်ကျစ်ဆုပ်ထားပြီး "ဒုက္ခပဲ"ဟုရေရွတ်ကာ အထဲသို့အားတင်း၍လျှောက်လာသည်။
ကျန်းမုန့်ရီက တည်ငြိမ်စွာနှင့် ဘယ်ဖက်ရှိနောက်ရထားတွဲနှင့် ချိတ်ဆက်ထားသည့် တံခါးနံဘေး၌ရပ်နေ၏။ စီးကရက်တစ်လိပ်အားမီးညှိကာ ခပ်နှေးနှေးသာသောက်နေမိသည်။ ထိုသုံးဦးအထဲသို့ လျှောက်လာသည်ကိုတွေ့သောအခါ ဘေးသို့ကပ်ကာ နေရာဖယ်ပေးလာ၏။
ပိုင်လောဖုန်းက တံခါးကိုဖိကပ်ကာ အတွင်းဖက်သို့ချောင်းကြည့်နေသည်။
နှစ်ဖက်စလုံး၌ မှန်တံခါးချပ်များသာရှိနေသည်။ သူတို့တက်လာစဥ်က မှန်တံခါးအနောက်ဖက်၌ အမှောင်ထုသာရှိသော်လည်း ယခုမူအစိမ်းဖျော့ဖျော့ အလင်းရောင်အားတွေ့ရသည်။ ထိုမီးရောင်သည် လျှပ်စစ်မီးမှလာခြင်းမဟုတ်ဘဲ မျက်လုံးနှင့်မတွေ့ရသော ငရဲမီးတောက်များဆီမှ လာခြင်းပင်။
ထိုမီးရောင်ဖျော့ဖျော့ကို သူတို့ရှင်းလင်းစွာတွေ့လိုက်ရသည်။
ကပ်လျက်ရထားတွဲရှိ ခုံများပေါ်ထိုင်နေသည်မှာ အရိပ်လိုလို၊ဖောက်ထွင်းမြင်နေရသည့် ပုံရိပ်များသာ။ မျက်နှာများမပါဝင်ဘဲ လူနှင့်ဆင်တူသည့် အရိပ်မဲများဖြစ်သည်။ သူတို့သည် ထလာရန်အချက်ပေးသံကို စောင့်နေကြသည့်အလား ပိုင်လောဖုန်းတို့အုပ်စုကိုကြည့်နေသည်။
မှန်တံခါး၏ အက်ကွဲကြောင်းများမှ မမြင်ရသော အေးစက်နေသည့်လက်များ တိုးဝင်လာသကဲ့သို့ ရထားတွဲ၏လေထုမှာ အေးစက်လာသည်။