အခန်း ၂၈ - ဖြတ်သန်းနေသောရထား (အပိုင်း ၂၀)
ပိုင်လော့ဖုန်း စပယ်ယာ၏လက်အား တင်းတင်းဆုပ်ထားသဖြင့် သူ့လက်ဖဝါး၌ သွေးများစိုကာ စေးကပ်နေသည်ကို ခံစားမိနေ၏။
“မင်းငိုပြန်ပြီ။” ဟုစပယ်ယာကပြောလာသည်။
သူဘာမှထပ်မပြောသင့်ပေ။ ထိုအချိန်၌ သူစကားထပ်ပြောပါက ပိုလော့ဖုန်းပို၍ ဝမ်းနည်းလာလိမ့်မည်။ သူစကားပြောရန် ပါးစပ်ဟသော်လည်း စကားလုံးများအစား ရှိုက်သံသာထွက်လာသည်။
ပိုင်လော့ဖုန်း ဘာမှမပြောဘဲ အံကြိတ်ကာ မျက်ရည်များအား အားနှင့်ဖိသုတ်သော်လည်း မျက်ရည်များက လုံးဝမရပ်သွားပေ။
"မငိုပါနဲ့။ မင်းအမြဲငိုနေတာပဲ။"
သူကပြောရင်း ထရပ်သဖြင့် ပိုင်လော့ဖုန်း သူ့လက်အားလွတ်ပေးလိုက်ရသည်။
စပယ်ယာက သူ့ရှေ့၌ဆောင့်ကြောင့်ထိုင်ပြိီး ဒဏ်ရာမရထားသည့် ညဖက်လက်ကိုမြှောက်ကာ သူ့မျက်ရည်များအား ခပ်ဖွဖွသုတ်ပေးလာ၏။
စပယ်ယာကသေပြီးသူဖြစ်၍ နွေးထွေးမှုလုံးဝမရှိဘဲ အအေးဓာတ်သည် သူ့ခန္ဓာကိုယ်မှ အမြန်ပျောက်လွှင့်သွားနိုင်စွမ်းမရှိချေ။ သူ့မျက်နှာကို ထိတွေ့လာသည့် စပယ်ယာ၏လက်များသည် ယခုနမှ လေနှင့်နှင်းဒဏ်ကြောင့် အေးစက်နေဆဲပင်။
ပိုင်လော့ဖုန်း သူ့အားငုံ့ကြည့်လိုက်သည်။ သူထိုင်နေသည့်နေရာက အလွန်မမြင့်သော်လည်း စပယ်ယာကဆောင့်ကြောင့်ထိုင်နေသဖြင့် ပိုင်လော့ဖုန်း၏ ခါးနေရာအထိသာရောက်နေသည်။
စပယ်ယာကမော့ကြည့်ကာ မျက်ရည်များကို ဂရုတစိုက်သုတ်ပေးနေ၏။ သုတ်ပြီးပြီးချင်း မျက်ရည်များက ပြန်စီးကျလာသော်လည်း စပယ်ယာသည်လုံးဝအထွန့်မတက်ဘဲ ဂရုတစိုက်နှင့် ဆက်သုတ်ပေးနေဆဲပင်။
"တောင်းပန်ပါတယ်။" စပယ်ယာကပြောလာ၏။ "ကိုယ်အခုထိ အားလုံးမမှတ်မိသေးဘူး။ ဒါပေမယ့် မင်းဘယ်သူလဲ၊ ကိုယ်ဘယ်သူလဲတော့ မှတ်မိပါတယ်။"
"အားဖုန်း၊ ကိုယ်မင်းအတွက် ဒီကိုလာခဲ့မှန်းကိုယ်သိပြီ။"
"ပြောစရာတွေရှိပေမယ့် မင်းစိတ်မကောင်း ဖြစ်မှာစိုးလို့ ကိုယ်မပြောတော့ဘူး။ ကိုယ်ဒီမှာကြုံခဲ့တာတွေလည်း တစ်ဝက်လောက်ကိုပဲ ဝေဝေဝါးဝါး မှတ့မိတယ်။ လမ်းမှာခေါင်းထိသွားရာကနေ မှတ်ညဏ်တွေ မကောင်းတော့ပုံပဲ။"
သူသေစဥ်က ခေါင်းပေါ်၌တွေ့ရသည့် ဒဏ်ရာအား ပိုင်လော့ဖုန်းသတိရလာ၏။
"ဒါမှမဟုတ် ကိုယ်က NPC မလို့ထင်တယ်။"
"ဒါပေမယ့် ကိုယ်ဒီကစည်းမျဥ်းတွေကိုတော့ ကောင်းကောင်းမှတ်မိသေးတယ်။"
"ဘာတွေဖြစ်လာဖြစ်လာ အားဖုန်း၊ ကိုယ်မင်းကိုဘယ်တော့မှမမေ့ဘူး။"
"ကိုယ်ဒီကို မင်းအတွက်ပဲလာခဲ့တာ။ မင်းကကိုယ့်ကိုကိုယ် ကံဆိုးတယ်လို့ပြောပေမယ့် မင်းလိုကလေးက အိပ်ရာပေါ်အမြဲ မလဲနေသင့်ဘူး။"
"မင်းကကံဆိုးတယ်ဆို ကိုယ်ကတန်ဖိုးမဲ့တဲ့သူပါ။ ဒီကမ္ဘာပေါ်မှာ ကိုယ့်ကိုတန်ဖိုးရှိတဲ့ လူတစ်ယောက်လို ဆက်ဆံပေးတာ မင်းပဲရှိတယ်။ စာမလုပ်နိုင်ဘူး၊ ဆက်ဆံရေးမကောင်းဘူး၊ ဆွေမျိုး၊ဆရာမ၊သူငယ်ချင်းတွေနဲ့ မိဘတွေကတောင် ကိုယ့်ကိုမလိုချင်ကြဘူး။ မင်းမရှိတော့ရင် အသစ်ရှာဖို့ ပြောခဲ့ပေမယ့် ကိုယ်မလုပ်နိုင်ဘူး။"
"အားဖုန်း၊ ကိုယ်ဒီစကားကို အရင်ကလည်း အများကြီးပြောဖူးမှာပါ။ ကိုယ်နောက်နေတယ်၊ ဒါမှမဟုတ် ဟန်ဆောင်နေတယ်၊ လေလုံးထွားနေတယ်လို့ မထင်ပါနဲ့။"
"ကိုယ်ခဏခဏပြောပေမယ့် အလိမ်အညာတွေမပါပါဘူး။"
"ဒီကမ္ဘာပေါ်မှာ ကိုယ့်အတွက်မင်းပဲရှိတယ်။"
စပယ်ယာက လက်ကိုလွှတ်ပေးကာ မျက်ရည်များအား မသုတ်ပေးတော့ဘဲ သူ့မျက်လုံးများထဲ စိုက်ကြည့်နေသည်။
"ကိုယ့်မှာမင်းပဲရှိတယ်။ မင်းကသာကိုယ့်ကိုချစ်ပြီး ကိုယ့်ကိုဆွဲခေါ်ပေးတဲ့သူပါ အားဖုန်း။"
"ကိုယ့်အတိတ်အကြောင်း ကိုယ်မပြောလည်း မင်းသိမှာပါ။ အဆုံးမှာ ကိုယ့်ကိုဘယ်သူမှ မလိုမရှိကြဘူး။ ဒီလိုနေရာမှာ မင်းအတွက် ကိုယ့်အသက်ပေးရမယ်ဆိူလည်း ကိုယ်ပေးရဲတယ်။"
"ကိုယ်မင်းကို ဒီလိုနေရာမှမတွေ့ချင်ဘူး။"
"ဒါပေမယ့် အခုလိုဖြစ်လာမှတော့ မင်းပြန်ထွက်လို့ မရတော့တာကိုယ်သိတယ်။"
"ဒီကိုဘာလို့ရောက်လာတာလဲ။" စပယ်ယာက ခပ်တိုးတိုးသာမေးလာပြီး ပိုင်လော့ဖုန်းအားကြည့်နေသည့် သူ့မျက်လုံးများက ဗလာဖြစ်နေသည်။ သူ့ကိုယ်သူပြောနေသလို ပုံပေါက်နေသော်လည်း အမှန်၌ ပိုင်လော့ဖုန်းအားမေးနေခြင်းပင်။
"ပင်လယ်ကြည့်ချင်တယ်၊ သင်္ဘောစီးချင်တယ်၊ ကျောင်းတက်ချင်တယ်၊ မနက်စောစောထပြီး နေထွက်ချိန်ကိုကြည့်ချင်တယ်၊ သရေစာတွေစားချင်တယ်၊ ဂိမ်းဆိုင်သွားချင်တယ်၊ သရဲအိမ်သွားချင်တယ်၊ ရိုလာကိုစတာစီးချင်တယ်လို့ ပြောခဲ့တယ်မလား။ မင်းလုပ်ချင်တာလုပ်ပြီး ဆက်ရှင်သန်နေရမှာပေါ့။"
"မင်းကိုဒီလိုရှင်သန်စေချင်လို့ ကိုယ့်အသက်ကိုစွန့်ခဲ့တာလေ။"
"မင်းဘာလို့ ဒီနေရာကိုရောက်လာတာလဲ။"
"ကိုယ်စိတ်ဆိုးတယ်။ ကိုယ်တကယ် အရမ်းစိတ်ဆိုးတယ်။" သူထိုသို့ပြောနေသည့်တိုင် သူ့မျက်နှာ၌ ဒေါသအရိပ်အယောင်မတွေ့ရဘဲ ဝမ်းနည်းမှု အရိပ်အယောင်များသာတွေ့ရသည်။
"ငါကမင်းကို ကယ်ချင်ခဲ့တာ။" ပိုင်လော့ဖုန်းပြန်ဖြေလာ၏။
စပယ်ယာကရယ်သည်။
"မင်းကယ်ဖို့မလိုပါဘူး။ ကိုယ်လိုလိုလားလားနဲ့ ဒီနေရာအတွက် ကိုယ့်အသက်ကိုပေးထားတာ။"
"ငါလည်းဒီလိုပဲပေါ့။ မင်းကိုဒီမှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။"
သူရုတ်တရက်ကြီးအော်ပြောမိသည်။ သို့သော် စကားပြောပြီးသည်နှင့် မျက်ရည်များဆက်တိုက်ကျလာပြီး အသက်ပြင်းပြင်းရှုသွင်းနေရသဖြင့် ခေါင်းမာလှသည့် ကလေးတစ်ဦး စိတ်ကောက်နေသည်နှင့်တူနေ၏။
စပယ်ယာသူ့အား မော့ကြည့်လာပြီး နှစ်ဦးသား အတော်ကြာသည်ထိ အကြည့်ချင်းဆုံနေမိကြသည်။
စပယ်ယာကသူ့ ဦးထုပ်အစွန်းအား ဆွဲချသဖြင့် မျက်လုံးတစ်လုံးဖုံးသွားပြီး မျက်လုံးတစ်လုံးတည်းနှင့် သူ့အားကြည့်နေ၏။
ပိုင်လော့ဖုန်း နူးညံ့စွာပြောလာသည်။ "မင်းမှာငါပဲရှိတာလေ။ မင်းမှာငါပဲရှိတာမလို့ ငါမင်းကိုကယ်တင်ချင်တယ်။"
စပယ်ယာကခါးသီးစွာ ရယ်မောရင်း ပိုင်လော့ဖုန်း၏ လက်ကိုလွှတ်ပေးကာ ထရပ်လိုက်သည်။
"ဟုတ်ပြီ၊ ခံစားနေတာတွေတော်သင့်ပြီ။ ကိုယ်မသွားခင် မင်းကိုပြောချင်တာတွေရှိသေးတယ်။"
"ဘာတွေလဲ။"
"ဒီနေရာရဲ့စည်းမျဥ်းတွေ။"
စပယ်ယာက တစ်ဖက်သို့လှည့်၍ မျက်နှာချင်းဆိုင်မှ ခရီးဆောင်အိတ်ထားရာ နေရာသို့လျှောက်သွားသည်။
"ဒီဂိမ်းမှာ ထုတ်ပြထာတဲ့စည်းမျဥ်းနဲ့ ထုတ်မပြထားတဲ့ စည်းမျဥ်းဆိုပြီးရှိတယ်။ မင်းသိသင့်တာတွေကို တဖြည်းဖြည်းသိလာလိမ့်မယ်။"
စပယ်ယာက စင်များဆီလက်လှမ်းကာ ကာထားသည့် အဝတ်စအဖြူအား ဖယ်ပစ်လိုက်၏။
အောက်ဖက်၌ စက္ကူရုပ်များရှိနေပြီး ထိုစက္ကူရုပ်များက သစ်သားပြားများကို ကိုင်ထားသည်။
ပိုင်လော့ဖုန်း ရုတ်တရက်လန့်ကာ ပင့်သက်ရှိုက်မိ၏။
သူအခုမှသာ ထိုအရုပ်များပေါ် ထိုင်နေမိမှန်းသဘောပေါက်သည်။ အစပိုင်းတွင် ခုံပုံစံကကျဥ်းမြောင်းကာ အနည်းငယ်မာ၍ သက်တောင့်သက်သာ မရှိဟုထင်မိသော်လည်း သူ့ခန္ဓာကိုယ်အား အပြည့်အဝ တောင့်ခံထားနိုင်ပြီး ဇိမ်ကျသည်ဟု သူထင်ခဲ့မိ၏။
သူကနေရာမှ ခုန်ချတော့မလိုထလာပြီး အောက်ဖက်ရှိ အဝတ်စအား ဖယ်ပစ်လိုက်သည်။
သူစက္ကူရုပ်များပေါ် ထိုင်နေခဲ့သည်မှာ သေချာသွားလေပြီ။ အရုပ်၏လက်နှစ်ဖက် ယှက်ထားသည့်နေရာသည် သူ့အတွက်ထိုင်ခုံသဖွယ် တာဝန်ယူပေးခဲ့ပြီး သစ်သားပြားသည် သူ့အလေးချိန်ကြောင့် ပုံပျက်နေ၏။
ရုတ်တရက် ပိုင်လော့ဖုန်း၏ စိတ်မှာဗလာဖြစ်သွားသည်။ "မင်းငါ့ကို ဘာကြီးပေါ်ထိုင်ခိုင်းထားတာလဲ။"
"ဟင်" စပယ်ယာက လှည့်ကြည့်လာပြီး သူလှန်တင်ထားသည့် အရုပ်ကိုတွေ့သောအခါ ဘာမှအရေးမကြီးသလို ပြန်ဖြေလာ၏။ "စက္ကူရုပ်လေ။"
"မင်းဘာလို့ဒီလောက်တောင် သွေးအေးနိုင်ရတာလဲ။"
"ဒီနေရာမှာ အရာအားလုံးက ဒီလိုသဘောတရားပဲ။ ဒါလေးကိုဆိုးလှပြီ ထင်နေတာလား။ အလောင်းထဲမှာ အိပ်ရတာ၊ အလောင်းတွေနဲ့ အိပ်ရတာက ဒီမှာပုံမှန်ပဲ။"
"အဲ့ဒါကပုံမှန်ဖြစ်မလား။"
"ဒါပေါ့။" စပယ်ယာက တိကျသောအချက်အလက်အား ထောက်ပြနေသလိုပြောလာ၏။ "ဒါပေမယ့် ဒါကကြောက်စရာအကောင်းဆုံး မဟုတ်သေးဘူး။"
"ဒါဆိုဘာလဲ။ ဖန်တီးသူလား။"
"သူကလား။ သူ့ကိုတော့ ထည့်မတွက်နဲ့။ သူကရူးနေတဲ့လူ။ သူကမင်းကို တိုက်ရိုက်မထိတွေ့နိုင်ဘူး။ ကြောက်အောင်လုပ်ရုံပဲ တတ်နိုင်တာ။"
"မင်းတကယ် သတိထားရမှာက မင်းအဖွဲ့သားတွေကိုပဲ။"
"ဟမ်" ပိုင်လော့ဖုန်း ကြောင်အနေသည်။
ထိုအဖြေကသူ့အား သတိလက်လွတ်ဖြစ်စေ၏။ အတော်ကြာအောင် တွေးပြီးမှသာ အဓိပ္ပါယ်ရှိသည်ဟု သူခံစားရသည်။
"ဟုတ်သားပဲ၊ ဒီလိုနေရာမှာ တစ်ခုခုဖြစ်ရင် လူတစ်ချို့ကကိုယ့်ကို ဒိုင်းအနေနဲ့သုံးမှာပဲ။"
"အရေးပေါ် အခြေအနေမလို့ ဒိုင်းအနေနဲ့ ရွေးလိုက်တာက နည်းနည်းကြားကောင်းသေးတယ်။ ဒီလိုမဟုတ်ဘဲ အဲ့ဒီလူက ဟိုးအစကတည်းက ကိုယ့်ကိုမျက်စိကျနေရင်တော့ ဒါမျိုးကိုမှ ထုတ်လွှင့်သူစစ်စစ်လို့ ခေါ်ရမှာပဲ။"
"လူသားတွေက ဒီကသရဲတွေနဲ့မတူဘူး။ သရဲအလိုက်ခံရရင် လိုက်နေကြောင်း အသိပေးသလို အာရုံခံစားမိနိုင်တယ်။ သဲလွန်စတွေလည်း ရနိုင်တယ်။ ဒါပေမယ့် လူသားတွေကတော့ အတွေးများပြီး ကောက်ကျစ်ကြတယ်။ ကိုယ့်နောက်ကျောထဲ ဓားမရောက်လာခင်အထိ ကိုယ်ကအစကတည်းက သူ့ပစ်မှတ်ဖြစ်နေမှန်း သိရမှာမဟုတ်ဘူး။"
စကားလုံးများက တဖြည်းဖြည်းဆိုးဝါးလာ၍ ပိုင်လော့ဖုန်းနားမလည်နိုင်တော့။ "ဘာကိုဆိုလိုတာလဲ။"
"ဖန်တီးသူက အရူး။ ပြီးတော့ ရှိူးကြည့်တာကိုကြိုက်တယ်။"
ပိုင်လော့ဖုန်းက နားမလည်နိုင်ဟန်ဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့အားပြန်ကြည့်လာသည်။
"ဒီမှာအမှတ်ခိုးယူစနစ်ဆိုတာရှိတယ်။"
အမှတ်ခိုးယူစနစ်
ပိုင်လော့ဖုန်းက ထိုစကားလုံးအား အချိန်ယူကာ တွေးတောပြီးနောက် သဘောပေါက်သွားဟန်ဖြင့် မျက်လုံးများပြူးကျယ်လာ၏။
"မင်းပြောချင်တာ....."
"ဟုတ်တယ်။ မင်းတွေးနေတာအမှန်ပဲ။ ထုတ်လွှင့်သူတွေကြားမှာ လူတစ်ယောက်ကို သွယ်ဝိုက်နည်းနဲ့သတ်ပြီး သူ့အမှတ်ကိုယူလို့ရတယ်။"
ပိုင်လော့ဖုန်း၏မျက်နှာက စိတ်အလိုမကျမှုကြောင့် တွန့်လိမ်နေသည်။
"ဒါပေမယ့် နည်းလမ်းတွေကို ကန့်သတ်ထားတယ်။ ပြီးတော့ ရှောင်လို့မရတဲ့ ဆိုးကျိုးတွေရှိတယ်။ ဒီနည်းက ဂိမ်းကို သစ္စာတိုက်ပွဲအဖြစ် အပြည့်အဝမပြောင်းသွားစေဘူး။ ဆွမ်းဆန်ထဲ ကြွက်ချီးရောတဲ့သဘောပဲ။"
စပယ်ယာက စက္ကူရုပ်များကြား ဟိုဟိုဒီဒီရှာဖွေရင်း ပြောနေခြင်းပင်။ "ဒီတော့ မင်းအဖွဲ့ဝင်တွေကို ဂရုစိုက်မှဖြစ်မယ်။"
"ဒီဂိမ်းမှာမင်းတို့ ပေါက်ကရတွေ လုပ်ခဲ့ပြီးပြီ။ အဆုံးရောက်မှ ဒီအရူးက စိတ်မရှည်ဖြစ်လာပြီး ဂိမ်းကိုလုံးဝ သစ္စာတိုက်ပွဲအဖြစ် ပြောင်းပစ်လိမ့်မယ်။"
နောက်ဆုံး၌ စပယ်ယာက ရှာနေသည့်ပစ္စည်းအား တွေ့သွားဟန်နှင့်ဆွဲထုတ်လာ၏။ ပုဆိန်တစ်လက်ပင်.....
"ဒီပုဆိန်ကဘာလုပ်မလို့လဲ။"
"စိတ်ပူမနေဘဲ မေးတာပဲဖြေ။ တကယ်လို့ဒီဂိမ်းက သစ္စာတိုက်ပွဲမဟုတ်နေရင် မင်းဒီရထားကနေ ဘယ်လိုလွတ်အောင်လုပ်မလဲ။"
"ဒီရထားကလွတ်အောင်လား။" ပိုင်လော့ဖုန်းက မေးစေ့ကို လက်နှင့်တို့ထိကစားရင်း စဥ်းစားနေသည်။
"စပယ်ယာခန်းမှာ အချက်အလက်တွေ ရေးထားတော့ အဖွဲ့သားတွေက အဲ့ဒီမှာမနေသင့်ဘူး။ ဒါပေမယ့် စပယ်ယာက ပထမရထားတွဲကို သွားစစ်ဆေးတဲ့အချိန် ကစားသမားတွေက ရထားဆီပြန်ရောက်ဖို့အတွက် ယာဉ်မောင်းအခန်းထဲမှာပဲ နေဖို့လိုတယ်။"
"နေပါဦး၊ ယာဥ်မောင်းခန်းထဲ သွားစရာမှမလိုတာ။"
"မင်းပြောတော့ ရထားရဲ့စွမ်းအင် အရင်းအမြစ်ကမင်းဆို၊ ဒါဆိုရထားက မင်းကြောင့်လည်ပတ်နေတာမလား။ ယာဥ်မောင်းရဲ့ ထိန်းချုပ်ရေးကိရိယာအားလုံးက စပယ်ယာခန်းထဲ ရှိနေတာဆိုတော့ စည်းမျဥ်းအရ ဘယ်သူမှဝင်ခွင့်မရှိဘူး။ ဒီတော့ ရထားမောင်းဖို့က စပယ်ယာရဲ့ အလုပ်ပဲပေါ့။"
"စပယ်ယာက ယာဥ်မောင်းခန်းထဲ နေဖို့မလိုဘူးဆိုတော့ သဘောက သူကရထားကို အဝေးကနေထိန်းချုပ်နိုင်တယ်။ သူအသက်ရှင်နေသရွေ့ ဘယ်လောက်အဝေးကိုရောက်နေနေ ရထားကမတိမ်းစောင်းသွားနိုင်ဘူး။ မင်းကရထားကို အချိန်မရွေး ထိန်းချုပ်နိုင်တယ်။ အခန်းထဲကို အရေးမကြီးရင် မဝင်ဘူး ဒါမှမဟုတ် အထဲမှာလူရောက်နေတာကို မင်းကကြိုသိနိုင်တယ်။"
စပယ်ယာက ခေါင်းငြိမ့်ပြသောအခါ ပိုင်လော့ဖုန်းက သူ့အထင်အား ဆက်ပြောလာသည်။
"ဒီတော့အဖွဲ့သားတွေက ရထားအကြောင်း အချက်အလက်တွေ ရပြီးတာနဲ့ အခန်းထဲကချက်ချင်းထွက်ရမယ်။"
"ရထားထဲက လွတ်ဖို့ကျတော့....." ပိုင်လော့ဖုန်း စကားရပ်သွား၏။
"ကိရိယာ။" စပယ်ယာက ထောက်ပေးလာသည်။ "နံရံကိုရိုက်ချိုးချင်ရင် ကိုယ့်မှာဘာကိရိယာတွေပါလဲ ပြန်ကြည့်ရမှာပေါ့။ ကိုယ်လုပ်သမျှတွေက တွေ့ထားတဲ့သဲလွန်စတွေနဲ့ ကိုက်ညီရဲ့လား။"
ပိုင်လော့ဖုန်း မေးကိုပွတ်ရင်း မျက်မှောင်ကြုတ်လျက် အသေအချာတွေးနေသည်။
ရုတ်တရက် သူသဘောပေါက်လာ၏။
"ဟုတ်ပြီကွ။"
"စွမ်းအင်အရင်းအမြစ်က မင်းရဲ့တစ္ဆေစွမ်းအင်ဆိုပေမယ့် ဒီစွမ်းအင်ကို ပေါက်ကွဲမှုအတွက် သုံးလို့မရဘူး။"
"မင်းကအရင်းအမြစ် ဖြစ်တဲ့အတွက် လောင်စာဆီတွေကလည်း မင်းရဲတစ်စိတ်တစ်ပိုင်းပဲ။ ဒါပေမယ့် အမျိုးအစားချင်း မတူတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေက အလုပ်မဖြစ်ဘူး။"
"ဒါပေမယ့်တူညီတဲ့ စွမ်းအင်အရင်းအမြစ်ကနေ ခွဲထွက်လာကြတာဆိုတော့ ဖြစ်နိုင်ခြေလည်းများတယ်။ ဥပမာ တုရှောင်ရှောင်ရဲ့ သေတ္တာလို တစ္ဆေတစ်ကောင် မွေးဖွားစေနိုင်တဲ့အထိ အာဃာတကြီးမားတာမျိုးပေါ့။"
"ဒီအာဃာတတွေပြည့်နေတဲ့ သူရဲ့သေတ္တာ ဒါမှမဟုတ် အရုပ်ကိုယူပြီး ခုနကမီးလင်းဖိုထဲထည့်မှ ပေါက်ကွဲမှုကိုဖြစ်စေနိုင်မယ်။"
"ဒါပေမယ့် ဒီပေါက်ကွဲမှုအတွက် အားထုတ်တဲ့သူက ပေါက်ကွဲမှုနဲ့အတူ ပါသွားနိုင်တဲ့အတွက် အန္တာရယ်များတယ်။"
"ဒီတော့ အရုပ်ထဲမှာဖြစ်ဖြစ် သေတ္တာထဲမှာဖြစ်ဖြစ် ဖောက်ခွဲရေးကို နှောင့်နှေးစေတဲ့ ကိရိယာ တစ်မျိုးမျိုးပါနေမှာပဲ၊ ဟုတ်တယ်မလား။"
စပယ်ယာက အလွန်ဂုဏ်ယူ ကျေနပ်နေဟန််နှင့်ပြုံးကာ လက်ခုပ်နှစ်ချက်တီးသည်။ ပြီးနောက် "မင်းတကယ် ညဏ်ကောင်းတာပဲ။ ငါ့ထက်သာတယ်။ ငါအဲ့ဒီတုန်းက တွေးနိုင်ခဲ့တာထက် မင်းကပိုတွေးနိုင်တာပဲ။"
"ဟမ်"
"ငါတို့ ဖောက်ခွဲရေးနှောင့်နှေးကိရိယာအကြောင်း မေ့သွားခဲ့ဖူးတယ်။ ငါ့အသင်းဖော်တစ်ဦး ငါ့မျက်စိရှေ့မှာပဲ ပေါက်ကွဲသွားခဲ့တယ်။"