no

Font
Theme

အပိုင်း ၉ - ဖြတ်သန်းနေသောရထား (အပိုင်း ၁ )

 

ရထားတွဲ ခုံများပေါ်ထိုင်နေသည်မှာ အရိပ်လိုလို၊ဖောက်ထွင်းမြင်နေရသည့် ပုံရိပ်များသာ။ အားလုံးက တစ်နေရာတည်းကိုသာ စိုက်ကြည့်နေကြသည်။

 

သံချေးတက်နေသောနံရံများ၊ ဆွေးမြေ့နေသည့်အတွင်းပိုင်း အသုံးအဆောင်များနှင့် သွေးနီရောင်မျက်လုံးများပေါင်းစပ်မှုက စကားလုံးများနှင့်ဖော်ပြ၍မရသော ကြောက်စဖွယ် ပတ်ဝန်းကျင်အားဖန်တီးထားသည်။

 

စုချာကအတော်လန့်နေပြီး ခေါင်းကိုလက်နှစ်ဖက်နှင့်အုပ်ကာ ကြမ်းပြင်၌ဝပ်နေ၏။ ခေါင်းကိုအုပ်ထားရင်းနှင့် တုန်လှုပ်ကာငိုယိုနေသည်။ "ဒီဘက်ကိုကြည့်နေတာလား။ ငါတို့ကိုကြည့်နေတာမလား။ ငါတစ်ယောက်ယောက်နဲ့ အကြည့်ချင်းဆုံမိသွားသလိုပဲ။"

 

"အင်း၊ သူတို့ကြည့်နေတယ်။" ပိုင်လော့ဖုန်းက စိတ်ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေသည်။

 

"ဝိုး...စွဲမက်စရာမျက်လုံးတွေပဲ။ ငါ့ကောင်လေးငါ့ကို ကြည့်နေကျအကြည့်ထက်တောင် နူးညံ့သေးတယ်။ အာတာပူစီလို နူးညံ့တဲ့အကြည့်မျိုးပဲ။"

 

"ပါးစပ်ပိတ်ထားလို့ရမလား။" စုချာက ငိုနေသည့်ကြားမှ အော်ပြောလာသည်။

 

ပိုင်လော့ဖုန်းခပ်ဖွဖွရယ်ကာ သူမအားဆက်မစနောက်တော့ဘဲ တစ်ဖက်သို့လှည့်နေလိုက်သည်။

 

တစ်ခြားတစ်ဖက်၌လည်း မြင်ကွင်းကအတူတူပင်။ အစိမ်းရောင်မီးများနှင့် အရိပ်များသာရှိပြီး သူတို့ပတ်ပတ်လည် အဝိုင်းခံထားရပြီဖြစ်သည်။

 

ထိုအချိန် ထုတ်လွှင့်ခန်းမှ တောင်ခနဲအသံထွက်လာသည်။ ပိုင်လော့ဖုန်း မျက်နှာပြင်အား ကြည့်လိုက်သောအခါ လူ ၅-၆ဦးခန့် ဝင်ရောက်ထားသည်ကို တွေ့ရသည်။ လက်ရှိကြည့်ရှုသူ ၆ ဦးဟုပြသနေသည်။

 

စကားပြောခန်း၌ မှတ်ချက်နှစ်ခုရှိနေ၏။

 

အသုံးပြုသူ sjiowms - ဖြတ်သန်းနေတဲ့ရထားလား။ ဟားဟားဟားဟား... ထုတ်လွှင့်သူကချောလား။ အနည်းဆုံးတော့ မင်းသေပြမှ ငါစိတ်ကျေနပ်မယ်ထင်တယ်။

 

အသုံးပြုသူ wdjdwo - ပျင်းစရာကြီး။ ခုထိတစ်ယောက်မှမသေသေးဘူး။

 

ပိုင်လော့ဖုန်း ထိုလူနှစ်ဦးအား မတုံ့ပြန်ချင်၍ ထုတ်လွှင့်မှုမျက်နှာပြင်ကိုသာ ကြည့်နေမိသည်။

 

တောင်ခနဲမြည်သံနှင့်အတူ မျက်နှာပြင်အလယ်၌ ဒိုင်ခွက်တစ်ခုပေါ်လာသည်။ ဒိုင်ခွက်ပေါ်လာသည်မှာ ယခုအကြိမ်သည် ဒုတိယမြောက်အကြိမ်ဖြစ်သည်။

 

ယခင်အတိုင်းပင် လက်နှိပ်စက်နှင့် စာရိုက်သကဲ့သို့ စာလုံးတစ်လုံးချင်းသာပေါ်လာသည်။

 

(ရထားထွက်ခွာပါပြီ။ ထုတ်လွှင့်သူများ (အခက်အခဲရှိပါက မေပယ်လ်ဟုပို့စ်တင်ပါ။) ဂိမ်းထဲဝင်ရောက်ခြင်းအတွက် ဂုဏ်ယူပါတယ်)

 

(ဂိမ်း တရားဝင်စတင်ပါပြီ။ အချက်အလက်များအား တစ်ကြိမ်သာပြမည်ဖြစ်၍ ဂရုတစိုက်ဖတ်ပါ)

 

စာနှစ်ကြောင်းပြည့်သည်နှင့် စာလုံးများပျောက်သွားပြီး စာလုံးအသစ်များထပ်ပေါ်လာ၏။

 

(ဂိမ်း - ဖြတ်သန်းနေသောရထား)

 

(အမျိုးအစား - စည်းမျဥ်းအခြေပြု သရဲဂိမ်း)

 

(ဒီရထားက ငရဲကိုဦးတည်နေပါတယ်။ သင်နှင့်သင့်အုပ်စုသာလျှင် အသက်ရှင်ကျန်နေသူများဖြစ်ပါတယ်။)

 

(ရထားစည်းမျဥ်းအရ လူသားများက ခရီးသည်များအတွက် အစားအသောက်ဖြစ်ပါတယ်။ ခရီးသည်များက သင်လူသားဖြစ်ကြောင်း မရိပ်မိပါစေနဲ့။)

 

(ရထားခရီးဆုံးရောက်ပါက လူသားများလည်းသေဆုံးရမည်။ လွတ်မြောက်အောင်ကြိုးစားကြပါ။)

 

(Wish)

 

ဒိုင်ခွက်ပြန်ပျောက်သွားတော့သည်။

 

စကားပြောခန်း၌ လူတစ်ဦးက "ဟားဟားဟားဟား"ဟူသည့် စကားလုံးသာပါသည့် စာအရှည်ကြီးအား ရေးပို့လာ၏။ ပိုင်လော့ဖုန်းက 'စောက်ရူး'ဟုဆဲကာ ဖုန်းကိုပြန်ချလိုက်သည်။

 

"ဂိမ်းကမရိုးရှင်းဘူး။ အသက်ရှင်နေရုံနဲ့ မပြီးသွားဘူး။ ရထားကိုအဆုံးထိ သွားခွင့်ပြုလိုက်ရင် ငါတို့အားလုံးရှုံးပြီ။"

 

အားလုံး၏ဖုန်းထဲသို့ တူညီသောစာများဝင်လာသဖြင့် အချက်အလက်များအား အားလုံးဖတ်ပြီးကြပြီးဖြစ်သည်။

 

ရှစ်ယွမ်က screenshot ယူရန် မျက်နှာပြင်အား တောင့်ကြည့်သော်လည်း အလုပ်မလုပ်ပေ။ သူ စုတ်သပ်ကာ "screenshot ရိုက်မရဘူးကွာ။"ဟူညည်း၍ ဖုန်းအားချလိုက်သည်။ ပြီးမှပိုင်လော့ဖုန်း၏စကားကို ပြန်တုံ့ပြန်လိုက်သည်။ "အင်း၊ ဒါက ခက်မှာပဲ။"

 

"အားလုံးပဲ..." ခေါင်းကိုဖက်ကာ ကြမ်းပေါ်လဲနေသည့်စုချာက အားလုံးကိုမေးလာသည်။ "နင်တို့ S1 ရဲ့ပို့စ်ကို မြင်ပြီးကြပြီမလား။ ဂိမ်းအမျိုးအစားများနှင့် သတိထားရန်အချက်များ အကျဥ်းချုပ်ဆိုတဲ့တစ်ပုဒ်လေ။"

 

စုချာပြောသည့်ပို့စ်သည် Wish ဖိုရမ်ထဲ၌ရှိနေသည်။ S1 ဟူသည်မှာ ပို့စ်တင်ထားသော ထုတ်လွှင့်သူ၏အဆင့်ဖြစ်သည်။

 

ဖိုရမ်၌ အတွေ့အကြုံရှိသော ထုတ်လွှင့်သူများ၏ အဆိုအရ ထုတ်လွှင့်သူများသည် အသိအမှတ်ပြုခြင်း အဆင့်ကိုအောင်မြင်ပြီးသည်နှင့် ၎င်းတို့ကို အကြမ်းဖျင်းအားဖြင့် အမှတ်များပေါ်မူတည်၍ အနိမ့်မှအမြင့်သို့  မတူညီသောအဆင့်များ ခွဲခြားသတ်မှတ်ထားကြောင်းသိရသည်။

 

ထိုအဆင့်များသာမက "Wish"တွင် ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှင့်သူများအား အမှတ်စာရင်းအလိုက် ပြသထားသည့် ဇယားလည်းရှိသည်။

 

ထိုစာရင်းတွင် S အဆင့်ရှိသူများကသာ ထိပ်ပိုင်း၌ရှိကြခြင်းဖြစ်သည်။

 

S1 ဟူသည့်နံပါတ်သည် ထုတ်လွှင့်သူက S အဆင့်မှဖြစ်သည့်သဘောပင်။ Wish ထုတ်လွှင့်သူများ အားလုံးထဲ၌ ထိပ်ဆုံးအဆင့်မှလူဖြစ်သည်။

 

ရွှေရောင်တဖိတ်ဖိတ်လက်နေသည့် ထို S1 နံပါတ်သည် ဝှက်ဖဲတစ်ခုနှင့်တူပြီး ဖိုရမ်တွင်သမိုင်းဝင် လက်ရာသုံးခုတိတိ ချန်ထားခဲ့သည်။

 

ပထမတစ်ခုမှာ 'ဂိမ်းအမျိုးအစားများနှင့် သတိထားရန်အချက်များ အကျဥ်းချုပ်'ပင်။

 

ဒုတိယတစ်ခုမှာ 'ထုတ်လွှင့်သူများအတွက် တားမြစ်ချက်တစ်ဆယ်ချက်'ဖြစ်ပြီး တတိယလက်ရာမှာ 'ထုတ်လွှင့်သူများ မဖြစ်မနေဝယ်ရမည့်ကိရိယာများ'ဖြစ်သည်။

 

ပို့စ်သုံးခုလုံးသည် ဖိုရမ်၏ထိပ်ဆုံး၌ ပင်ထောက်ခံထားရပြီး အင်မတန်နာမည်ကြီး၏။

 

"ဖိုရမ်ကပို့စ်ကိုပြောတာလား။" ပျော့ညံ့သည့်လူငယ်ကမေးလာသည်။

 

"ဖိုရမ်ကလူတိုင်းက ဒီပို့စ်သုံးခုကို ကျမ်းစာလိုကိုးကွယ်နေကြတာ။ ဒီပို့စ်တွေကိုကျော်သွားလို့မရဘူး။ တစ်ခုခုဝင်မေးလိုက်ရင် ပြန်ဖြေပေးမယ့်လူတွေရှိတယ်။ နင်သေချာမဖတ်ထားဘူးလား။ နင် တကယ်စိတ်ရှုပ်ဖို့ ကောင်းတာပဲ။"

 

"အားလုံးက S1ရဲ့ပို့စ်တွေပဲမလား။" ပထမဆုံး သရဲများကိုတွေ့ခဲ့သည့် မိန်းကလေးက ဝင်ပြောလာသည်။

 

တီရှပ်ပြောင်ဝတ်ကာ၊ အားကစားလွယ်အိတ်လွယ်ထားသည့် သူမသည် မျက်မှန်တပ်ထားကာ ဆံပင်အမြင့်စီးထားပြီး သာမန်ရုပ်ရည်သာရှိသည့် မျက်နှာပေါ်၌ အစက်အပြောက်အနည်းငယ်ရှိနေသည်။

 

မျက်နှာကဖြူဖျော့နေပြီး အဖြစ်အပျက်များကြောင့် ကြောက်ရွံ့ကာနှုတ်ခမ်းနှစ်ခုကို အတင်းဖိထားသော်လည်း အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ကြိုးစားနေပုံပေါ်သည်။

 

ပိုင်လော့ဖုန်းက ဝင်ပြောလာ၏။ "ဂိမ်းတွေမှာ သတိထားရမယ့်အချက်တွေအကြောင်း ဒီပို့စ်မှာအကျဥ်းချုပ် ပေးထားတယ်မလား။"

 

စုချာကနံဘေးရှိ ရထားလုံးနှစ်ခုမှ သရဲများအားမကြည့်ရဲသဖြင့် ကြမ်းပြင်ပေါ် ဝပ်နေရင်းနှင့် ခေါင်းငြိမ့်ပြလာသည်။ "ဒီမှာဂိမ်းတွေကို အမျိုးအစားအများကြီး ခွဲထားတယ်လို့ S1 ကပြောတယ်။ အများစုက လွတ်မြောက်ခန်းနဲ့ စည်းမျဥ်းသရဲဂိမ်းတွေပဲ။ နောက်တစ်ခုက ဇာတ်ညွှန်းရေးထားပြီးသား လူသတ်မှု လျှို့ဝှက်ဆန်းကြယ်ဂိမ်းတွေပဲ။ ပြီးတော့လွတ်မြောက်ခန်း၊ လူသတ်မှု လျှို့ဝှက်ဆန်းကြယ်ဂိမ်းနဲ့ စည်းမျဥ်းသရဲဂိမ်းတွေကို ပေါင်းထားတဲ့ဂိမ်းတွေလည်းရှိတယ်။ အဆော့အနည်းဆုံးဂိမ်းက တကယ့်ပြိုင်ပွဲအတွင်း အချင်းချင်းပြန်သတ်ရတဲ့ဂိမ်းပဲ။"

 

"ဒီဂိမ်းတွေမှာ အရေးအကြီးဆုံးက စည်းမျဥ်းတွေကိုရှာပြီး ခွဲခြားစိတ်ဖြာနိုင်ဖို့ပဲ။ တစ်ချို့စည်းမျဥ်းတွေက အစစ်ပေမယ့် တစ်ချို့ကအတုတွေ။ အတုတွေကိုသာလိုက်နာမိရင် ငါတို့သေရလိမ့်မယ်။"

 

"အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် အရင်ဆုံးရှာတွေ့ဖို့လိုတယ်။"

 

"ဂိမ်းထဲကိုဝင်ပြီးလို့ တံခါးတစ်ခုကိုဖြတ်ပြီးတဲ့အထိ မသေသေးဘူးဆိုရင် စည်းမျဥ်းတွေကို အနီးအနားမှာပဲ တွေ့နိုင်တယ်လို့ပြောထားတယ်။"

 

ထိုအချက်အား ပိုင်လော့ဖုန်းလည်းမှတ်မိသည်။

 

သူဓာတ်မီးအားဖွင့်ကာ ဘေးဘီအနှံ့ပတ်ရှာသော်လည်း ဘာမှမတွေ့။

 

ထို့နောက်ခေါင်းမော့ကာ မျက်နှာကြက်အား ဓာတ်မီးနှင့်ထိုးကြည့်လိုက်သည်။

 

"တွေ့ပြီ။"

 

အားလုံးကကြည့်ရန်ထလာကြသည်။

 

ရထားတွဲ၏မျက်နှာကြက်၌ မြွေကဲ့သို့တွန့်လိမ်နေသည့် သွေးနှင့်ရေးထားသောစာများ နေရာအနှံ့ရှိနေ၏။

 

တစ်စုံတစ်ယောက်က အလန့်တကြားနှင့်ထအော်လေသည်။

 

စုချာက ကြောက်နေ၍ ထောင့်တစ်နေရာ၌ဝင်ပုန်း၏။ ခေါင်းအားလက်နှင့်ကာထားသော်လည်း ဓာတ်မီးအား မျက်နှာကြက်ကိုချိန်ထားပြီး စည်းမျဥ်းများအားဖတ်ရန် သူ့ကိုယ်သူဖိအားပေးနေသည်။

 

ရှစ်ယွမ်က အိတ်ထဲမှ နောက်ဖုန်းတစ်လုံးယူထုတ်ကာ စည်းမျဥ်းများအား ဓာတ်ပုံရိုက်နေ၏။

 

မျက်နှာကြက်မှ သွေးစာလုံးများက လတ်ဆတ်နေပြီး အနီရောင်ဖြစ်၍ ရှင်းလင်းပြီးဖတ်ရလွယ်ကူသည်။

 

(သရဲရထား၊သရဲရထား)

 

(လူသားများသည် ခရီးသည်များအတွက် စားစရာဖြစ်၍ အသက်ရှင်ချင်ပါက ထိုအချက်များအားမှတ်ထားပါ)

 

(ခရီးသည်များနှင့် စကားပြောသောအခါ လက်မှတ်ကိိုကိုင်ထားပါ)

 

(ဝန်ထမ်းများသည် ခရီးသည်များထက် ပိုကြောက်စရာကောင်း၍ ဝန်ထမ်းများနှင့်ဆုံပါက စိတ်ငြိမ်အောင်ထား၍ မျက်လုံးချင်းမဆုံပါစေနှင့်)

 

(လက်မှတ်စစ်ပါက ရထားလုံးအတွင်း မရပ်ပါနှင့်။ လက်မှတ်ပျောက်သွားပါက ခရီးသည်များ သင့်ကိုတွေ့သွားလိမ့်မည်)

 

(စပယ်ယာများနှင့် ဝေးဝေးနေပါ။ မတော်တဆကြုံပါက အကြည့်ချင်းဆုံခြင်း၊အသားချင်းထိခြင်း မလုပ်မိပါစေနဲ့)

 

(ရထားအားရပ်နိုင်မှသာ လူသားများလွတ်မြောက်မည်)

 

ရှစ်ယွမ်ကရေရွတ်လိုက်သည်။ "ရထားကိုရပ်တာ.....အပြောကတော့လွယ်တာပေါ့။"

 

"ဟုတ်ပ။" စုချာကပြန်ပြောသည်။ "ရထားကိုဘယ်လိုရပ်ရမှာလဲ... သဘာဝဖြစ်ရပ်ဆန်း တစ်ခုခုထမဖြစ်ဘဲနဲ့ ရထားကို ဘယ်ရပ်ရမလဲ။"

 

လီချန်စစ်မှာကြောက်လွန်း၍ ဖြူဖျော့ကာတုန်ရီနေသည်။ ထိုစကားကြားမှ သူကခေါင်းဖော်လာ၏။ "ဘယ်လိုသဘာဝဖြစ်ရပ်မျိုးလဲ..."

 

"ရထားပေါက်ကွဲတာ။ မီးလောင်တာ။ လိုဏ်ခေါင်းပြိုကျတာ။ မြေပြိုကျပြီး လမ်းပိတ်နေတာမျိုးလား။"

 

"ဒါတွေတစ်ခုမှ စိတ်ချလို့ရတာတွေမဟုတ်ဘူး" ရှစ်ယွမ်ကပြောသည်။

 

လီချန်စစ်က ငိုရင်းပြန်ပြောလာ၏။ "ငါတို့ကသာမန်လူတွေလေ ရထားကိုဘယ်ဖောက်ခွဲတတ်မလဲ..."

 

"လိုလည်းမလိုအပ်ပါဘူး။ နည်းလမ်းရှာရမယ်။ ဂိမ်းကအခုမှစတာ။ ဒီစည်းမျဥ်းတွေက အပေါ်ယံ ဆန်လွန်းတယ်။ နောက်ထပ်စည်းမျဥ်းတွေ ရှိဦးမယ့်ပုံပဲ။ ပထမစည်းမျဥ်းအရ ငါတို့ကသရဲတွေနဲ့ စကားပြောလို့ရပုံပဲ။ ဒါဆိုနေရာပေါင်းစုံကနေ စုံစမ်းလို့ရပြီ။ ရထားကိုဖောက်ခွဲဖို့ နည်းလမ်းတောင်တွေ့ချင်တွေ့ဦးမယ်။" ပိုင်လော့ဖုန်းကပြောလာသည်။

 

ပျော့ညံ့သည့်လူက ကြောက်လန့်တကြား ထအော်သည်။ "စုံစမ်းမယ်... မင်းပြောချင်တာက သရဲတွေရှိတဲ့ ရထားလုံးထဲသွားပြီး စကားသွားပြောရမှာလား..."

 

"ဟုတ်တယ်လေ။ မင်းကဘာထင်လို့လဲ။ ဒီမှာရထားရပ်တဲ့အထိနေပြီး သေဖို့စောင့်နေချင်တာလား..." ရှစ်ယွမ်က ပိုင်လော့ဖုန်းကိုယ်စား ဝင်ပြောလာသည်။

 

ထိုလူကမျက်နှာပျက်သွားပြီး ရန်ပြန်တွေ့ရန် ပါးစပ်ဟလိုက်ချိန်၌ ရထားပေါ်ရှိ စပီကာများမှ ကျယ်လောင်စွာ အသံမြည်လာသည်။

 

ပိုင်လော့ဖုန်း၏ နှလုံးမှာတဒိတ်ဒိတ်ခုန်လာရသည်။

 

ခဏအကြာတွင် သူရင်းနှီးနေသည့် အေးစက်ခံစားချက်မဲ့သော အသံကဒုတိယအကြိမ် ထွက်ပေါ်လာသည်။

 

"ရထားကနေကြိုဆိုပါတယ်။"

 

"ကျွန်တော်က စပယ်ယာ 0 ပါ။"

 

"ဒီရထားက သေဆုံးပြီးဘဝ ကနေထွက်ခွာပြီး ငရဲကိုဦးတည်နေပါတယ်။ ခရီးစဥ်ခန့်မှန်းကြာချိန် ၁၈ နာရီပါ။"

 

"ပျော်စရာခရီးဖြစ်ပါစေ။"

 

အသံသည်တည်ငြိမ်သော်လည်း အက်ကွဲကာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ ထုတ်လွှင့်မှုအား ဖြတ်တောက်သည့်အသံကပင် ပို၍ကြည်လင်ပြတ်သားသည်။

 

စုယွီ၏အသံပျောက်သွားပြန်သည်။

 

ပိုင်လော့ဖုန်းက အသံလာရာကိုငေးကာ ငြိမ်သက်နေလျက်။

 

သူ့အနားကလူများကလည်း စကားမပြောသလို သူကိုယ်တိုင်လည်း စကားမပြောမိ။ အားလုံးက သူ့ကိုကြည့်နေကြသော်လည်း ပြောစရာစကား ရှာမတွေ့ကြချေ။

 

မိနစ်ဝက်ကြာမှ ရှစ်ယွမ်ဆီက အသံထွက်လာသည်။

 

"ပိုင်လော့ဖုန်း။"

 

ပိုင်လော့ဖုန်းက ငြိမ်သက်နေရာမှ သူ့အားကြည့်လာသည်။

 

"အဆင်ပြေလား။ မင်းကြည့်ရတာ မပြေသလိုပဲ။"

 

ပိုင်လော့ဖုန်းက တည်ငြိမ်လှသည်။"ပြေပါတယ်။ သူသေပြီဆိုတာ ငါသိပြီးသားပါ။"

 

သေသည်ဟူသော စကားလုံးကလေးလံလှသည်။ ပိုင်လော့ဖုန်းက တည်ငြိမ်လွန်းနေ၍ ရှစ်ယွမ်ဘာဆက်ပြောရမည် မသိဖြစ်ကာ နေရာ၌ခပ်တောင့်တောင့်သာ ရပ်နေမိသည်။

 

စုချာကတိုးတိတ်စွာ မေးလာသည်။ "နင့်ကောင်လေးက နင့်အပေါ်ကောင်းလား။"

 

"သူသာမကောင်းခဲ့ရင် ငါဒီကိုဘယ်လာပါ့မလဲ။" ပိုင်လော့ဖုန်းကရယ်သည်။ "စိတ်မပူနဲ့။ သူကအရမ်းကောင်းပါတယ်။ ဒါပေမယ့်အခုချိန်က ငါ့အမျိုးသားလောင်းနဲ့ အမှတ်တရတွေကို ပြောရမယ့်အချိန်မဟုတ်သေးဘူး။"

 

သူကခပ်ဖွဖွရယ်နေသော်လည်း ရှစ်ယွမ်၏နှလုံးသားမှာ နာကျင်စူးနင့်လာသည်။ သူပါးစပ်ဟလိုက်သော်လည်း ယခုလိုအခြေအနေတွင် အပြင်လူ၏စကားသည် အသုံးမဝင်မှန်း သဘောပေါက်သဖြင့် "အတိတ်ကိုဖက်တွယ်မနေနဲ့။"ဟုသာပြောလိုက်မိ၏။

 

"အင်း....." ပိုင်လော့ဖုန်းက ခေါင်းငြိမ့်ပြသည်။ "ဒီတိုင်းရပ်နေလို့က ဘာမှမထူးဘူးနော်။ အလုပ်လုပ်ကြရအောင်။"

 

စကားဆုံးသည်နှင့် သူကအိတ်ထဲမှ လက်မှတ်ကိုယူထုတ်ကာ လက်ထဲ၌ကျစ်ကျစ်ဆုပ်ကိုင်လိုက်၏။ "စုံစမ်းကြ

မယ်။ လူခွဲပြီးသွားကြမလား..."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment