အပိုင်း ၁၃ - ဖြတ်သန်းနေသောရထား (အခန်း ၅)
"သူသေသွားတယ်လေ။" ပိုင်လော့ဖုန်းက တည်ငြိမ်စွာ ပြောနေဆဲ။ စုယွီ သေပြီဟူသည့် အချက်က သူ့အား မနာကျင်စေနိုင်တော့သည့်နှယ်။
တချို့လူများက သူ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ တချို့က သနားနေကြကာ တချို့က စိတ်ကြေကွဲနေကြပြီး အမှန်တကယ် ခံစားခဲ့ရသူထက်ပင် သူတို့၏ အမူအရာများက ပိုနာကျင်နေပုံပေါက်သည်။
သူကိုယ်တိုင်က ဘာသက်ရောက်မှုမှ မရှိသလို ဆက်ပြောလာသည်။
"သူ့အလောင်းကို ရင်ခွဲရုံပို့တော့ ရဲတွေလည်းလာကြတယ်။ အဲ့ဒီညက ရဲတွေနဲ့ ဆရာဝန်တွေက ငါ့ကိုရင်ခွဲရုံ လာဖို့ခေါ်တယ်။ မှုခင်းဆရာဝန်တောင် ပါသေးတယ်။"
ရှစ်ယွမ်ကမေးလာသည်။ "ဘာလို့လဲ... ဘာတွေဖြစ်ခဲ့တာလဲ..."
"စုယွီကိုယ်ပေါ်မှာ ဒဏ်ရာတွေရှိနေတယ်။ ဦးခေါင်းနောက်မှာ ပြင်းထန်တဲ့ ဒဏ်ရာ၊ မီးလောင်ဒဏ်ရာတွေ၊ မျက်လုံးအောက်မှာလည်း အမာရွတ် အသစ်တစ်ခု၊ လက်မောင်းနှစ်ဖက်က မိန်းမတစ်ယောက်ရဲ့ လက်ဝါးနဲ့တူတဲ့ ဒဏ်ရာတွေ။ ဒဏ်ရာတွေအပြည့်ပဲ။"
"ဒဏ်ရာအများစုက ပြန်တောင်ကောင်းနေပြီ။ ဒဏ်ရာတွေအရတော့ လွန်ခဲ့တဲ့နှစ်ဝက်၊ သုံးလ၊တစ်လ၊နှစ်ပတ်ကနေ ရက်ပိုင်းအတွင်းမှာ ရခဲ့တဲ့ဒဏ်ရာတွေပါ ရှိနေတယ်။"
"ငါသူနဲ့ တွေ့တဲ့အချိန်တိုင်း ဘာဒဏ်ရာမှ မမြင်ခဲ့ဖူးဘူး။"
"ဦးခေါင်းနောက်က ဒဏ်ရာက တော်တော်လေးပြင်းပြီး အာရုံကြောတွေ ထိခိုက်နိုင်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ ဒီလောက်ထိ အခြေအနေ ဆိုးခဲ့တာတောင် ငါ ဘာလို့ လုံးဝသတိမထားခဲ့မိတာလဲ..."
"အရေးအကြီးဆုံးက သူဝတ်ထားတဲ့ လက်စွပ်ပဲ။"
"နင်မမြင်ဖူးတဲ့ လက်စွပ်လား...နင်ပေးထားတာ မဟုတ်ဘူးပေါ့..." စုချာကမေးသည်။
"ငါမြင်ဖူးတယ်။ ဒါပေမယ့် ငါပေးထားတာ မဟုတ်ဘူး။"
"ဟင်..."
အားလုံးကြောင်ကုန်ကြသည်။
ငကြောက်ကောင်ကမေးလာသည်။ "မြင်ဖူးပေမယ့် ပေးထားတာ မဟုတ်ဘူးဆိုတာ ဘာသဘောလဲ... ရှင်းရှင်းလင်းလင်းပြော။"
"ငါဒီလက်စွပ်ကို သူ့မွေးနေ့အတွက် ဝယ်ထားတာ။ သူ့မွေးနေ့က ဂျူလိုင် ၁၉၊ ငါက ၁၄ ရက်နေ့မှာ ICU ဝင်ရပြီး ၁၈ ရက်နေ့မှာ လက်လျော့လိုက်ကြတာ။"
"ငါသေရမယ်မှန်းသိလို့ ငါ့မိသားစုကိုလည်း ဒီလက်စွပ်မပေးဖို့ မှာခဲ့တယ်။ သူ့ကိုပိုဝမ်းနည်းစေပြီး သေသူကိုမမေ့နိုင်ဘဲ အချစ်သစ် မရှာနိုင်မှာစိုးလို့။"
"ငါနေပြန်ကောင်းတဲ့အထိ လက်စွပ်က သေတ္တာထဲမှာပဲ ရှိနေတာ။ ငါဖွင့်တောင် မကြည့်ခဲ့ဘူး။ သူဘယ်ကနေ ရလာခဲ့တာလဲ..."
အားလုံးကသူ့အား နားမလည်နိုင်စွာ ကြည့်နေကြသည်။
ခဏအကြာမှ စုချာက နဖူးအားဖိနှိပ်ကာပြောလာသည်။ "ငါ့ခေါင်းတွေပေါက်ထွက်တော့မယ်။"
"နေဦး၊ သူ မပြောရသေးတာတွေ အများကြီးကျန်သေးတယ်။" ရှစ်ယွမ်က သူ့အားလက်ထောင်ပြကာ တားပြီးနောက် ကြားသိရပြီးသည့် အချက်များအား လက်ချိုးရေနေလေသည်။
"မင်းမှာနှလုံး ရောဂါရှိတယ်။ တစ်နေ့ကျ ရုတ်တရက် နေပြန်ကောင်းလာပြီး မင်းကောင်လေးက သတ်သေသွားတယ်။"
"သူသေတော့ ရဲတွေကသူ့မှာ ဒဏ်ရာအများကြီး တွေ့တယ်။ သူ့ဆီမှာ ရှိမနေသင့်တဲ့ လက်စွပ်ကသူ့လက်ပေါ် ရောက်နေတယ်။"
ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြသည်။
"လက်စွပ်က သံချေးတောင်တက်နေပြီ။ ငါဗီရိုထဲက သေတ္တာကိုစစ်ကြည့်တော့ သေတ္တာကပိတ်ရက်သားပဲ။ ဖွင့်ကြည့်တော့မှ သူ့အတွက် လက်စွပ်ကပျောက်နေတယ်။ ငါကစုံတွဲလက်စွပ် ဝယ်ထားတာ။"
"မှုခင်းဆရာဝန်က သူဒီလက်စွပ် ဝတ်ထားတာ နှစ်ဝက်လောက်ရှိပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ နေရလို့ သံချေးတက် မြန်တာလို့ပြောတယ်။"
"သူဒီလက်စွပ် ဝတ်ထားတာ ငါမတွေ့ဖူးဘူး။ နှစ်ဝက်တောင် သူကဘယ်နေရာမှာ ဝတ်ထားတာများလဲ..."
"ရဲတွေလည်း ဒီကိစ္စကို ထူးဆန်းတယ်လို့ တွေးပြီး စုံစမ်းစစ်ဆေးမှု အတွက် အကူအညီဖြစ်စေမယ့် စကားမျိုး သူပြောဖူးလားလို့မေးတယ်။"
"သူထူးထူးဆန်းဆန်း တစ်ခါတော့ပြောဖူးတယ်။ အဲ့ဒီတစ်ခါပဲ ပြောဖူးတာ။ ထူးဆန်းလွန်းလို့ ငါမှတ်မိနေတုန်းပဲ။"
"သူသတ်မသေခင်က ငါ့ကိိုဒီလိုမေးဖူးတယ်။"
"သူ့အသက်ကိုစွန့်ပြီး ငါ့ကိုကယ်တင်နိုင်ရင် ခွင့်ပြုပေးနိုင်လားတဲ့..."
အားလုံး အသံ တိတ်နေကြဆဲ။
"တစ်ခုခုမှားနေမှန်း ငါသိနေခဲ့တယ်။ ရဲတွေက သေချာစုံစမ်းမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် အဲ့ဒီနေ့က ငါနဲ့အတူ သဲလွန်စရှာခဲ့ကြတဲ့ ရဲတွေအကုန်လုံးက နောက်တစ်ရက်မှာပဲ စုယွီအမှုကို စုံစမ်းပေးဖို့ ငြင်းလာကြတယ်။"
"ငါက ကျိုးကြောင်းဆီလျော်မှု မရှိတာတဲ့ ပြီးတော့ စုယွီကလည်း ဒီတိုင်း သတ်သေတာတဲ့လေ သူ့ဒဏ်ရာတွေကလည်း ဓားနဲ့လည်ပင်းကိုထိုးရင်း ရတဲ့ဒဏ်ရာလို့ပြောတယ်။"
"ဒါကြီးက လက်မခံနိုင်စရာကြီးကို သူတို့အားလုံးက အမှန်တရားလို့ ယုံကြည်နေကြတယ်။ ငါဘယ်လောက် ဖိအားပေးပေး စုယွီအမှုကို သတ်သေမှုနဲ့ ပိတ်လိုက်ကြတယ်။"
"ငါလက်မခံနိုင်လို့ ရဲစခန်းကို ဆက်တိုက်သွားခဲ့တယ်။ စုယွီကို မြေမြှုပ်ပြီးပြီဆိုတော့ ဒီဒဏ်ရာတွေက သူ့ခန္ဓာကိုယ်ပေါ် ဘယ်လိုရောက်လာလဲဆိုတာ ဘုရားပဲသိမယ်။ သူနှစ်ဝက်လောက် နာကျင်မှုဒဏ်ခံပြီး သေခဲ့ရတာကို ငါလက်မခံနိုင်ဘူး။ ဒီနှစ်ဝက်အတွင်း သူဖြစ်ပျက်ခဲ့သမျှကို ငါမသိခဲ့ရတဲ့ အချက်ကိုလည်း ငါလက်မခံနိုင်ခဲ့ဘူး။"
"သူဆေးရုံမှာ ငါနဲ့အမြဲ ရှိနေတာ။ အဲ့လက်စွပ်ကို ဘယ်ကရတာလဲ... ဒဏ်ရာတွေကရော ဘယ်လိုရတာလဲ... ဒီအကြောင်းတွေကို ငါမသိခဲ့ရတော့ ရောဂါမရှိတော့တာတောင် ငါညဖက်တွေ အိပ်မပျော်ဘူး။"
"ရဲစခန်းကို ခဏခဏသွားတော့ အားလုံးကငါ့ကို အနှောင့်အယှက်လို့ မြင်လာကြတယ်။ အကြိမ်ပေါင်းများစွာ အထိန်းသိမ်းခံခဲ့ရတယ်။ နောက်တော့ ရဲအရာရှိအသစ်က ငါ့သတင်းကိုကြားပြီး ဖုန်းနံပါတ်တစ်ခု လာပေးတာပဲ။"
"ငါဘာလို့ ဒီလောက် ရှင်းလင်းနေတဲ့ ကိစ္စကို ယုတ္တိမရှိဘူးလို့ ပြောနေမှန်း သူမသိပေမယ့် ဆက်စုံစမ်းချင်ရင် ဒီလူကိုဆက်သွယ်ပါတဲ့။"
"သူဒီကို မပြောင်းလာခင်က ငါနဲ့အဖြစ်ချင်းတူတဲ့ အကြီးတန်းအရာရှိအကြောင်း သူကြားဖူးတယ်တဲ့။ လွန်ခဲ့တဲ့သုံးနှစ်က သူ့ဇနီးဆုံးသွားတာကို သူကလက်မခံနိုင်ဘူး။ ပုံမှန်ဂတ်စ်အိုး ပေါက်ကွဲမှုတွေမှာတွေ့ရတဲ့ ဒဏ်ရာသေးသေးလေးတွေကြောင့် သူကအဆုံးထိ စုံစမ်းဖို့လုပ်ခဲ့တာ။ အထက်အရာရှိတွေက သူ့ကိုခေါ်ပြီး နားချတာတောင် လက်မခံဘဲ အလုပ်ထွက်စာ တင်သွားခဲ့တယ်။"
"အဲ့ဒီလူက အရာရှိကျန်းပဲ။" ပိုင်လော့ဖုန်းက ကျန်းမုန့်ရီအား လက်ညှိုးထိုးပြလာသည်။
လက်ရှိ ကျန်းမုန့်ရီလက်ထဲက စီးကရက်က ကုန်လုနီးနီး။
ပိုင်လော့ဖုန်း၏ အလှည့်ပြီးဆုံးသွားပြီး
ကျန်းမုန့်ရီက စီးကရက်အား အကြာကြီး ရှိုက်ပြီးနောက် မီးခိုးများအား မှုတ်ထုတ်ရင်းပြောလာသည်။
"သူပြောသလိုပဲ။ ငါ့အခြေအနေကလည်း သူနဲ့ခပ်ဆင်ဆင်ပဲ။ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ကြောင့် ငါ့ဇနီးသေတော့ သူ့ခန္ဓာကိုယ်မှာ မီးလောင်ရာတွေ၊ပွန်းပဲ့ဒဏ်ရာတွေအပြင် နောက်ကျောမှာ ဓားဒဏ်ရာတွေ့တယ်။"
"ဓားဒဏ်ရာက လတ်ဆတ်လွန်းနေတယ်။ ဒါပေမယ့် သွေးလုံးဝမထွက်ဘူး။ ခန္ဓာဗေဒပုံနှိပ်ထဲက ရုပ်ပြပုံလိုပဲ။ ငါတစ်ခုခု မှားနေတယ်လို့ပြောပေမယ့် ဓားဒဏ်ရာက ဓာတ်ငွေ့ကြောင့်လို့ သူတို့ကပြောတယ်။"
"ဒီစကားက စောက်အဓိပ္ပါယ်မှ မရှိတာ။" ကျန်းမုန့်ရီက ခါးသီးစွာရေရွတ်နေသည်။ "အားလုံးက ဒီအချက်ကို လက်ခံကြပြီး ငါကပဲ ပြသာနာကောင်ဖြစ်ခဲ့တာ။"
"သူမသေခင်က အက်ပ်တစ်ခုအကြောင်း မေးသေးတယ်။ ကလေးအသက်ကို ကယ်နိုင်ပြီး ကိုယ့်အသက်ပြန်ပေးရမယ့် အက်ပ်မျိုးရှိရင် စမ်းကြည့်ချင်လားတဲ့..."
သူ တခဏမျှ အသံတိတ်သွားပြီး စီးကရက်ဖင်စီခံအား ကြမ်းပေါ်ပစ်ချကာ နင်းချေလိုက်သည်။
ရထားတွဲတစ်ခုလုံး အသံတိတ်နေ၏။
"မင်းကလေးကရော..."
"သွေးကင်ဆာ။"
ကျန်းမုန့်ရီက ခေါင်းငြိမ့်ပြကာ ပြောလာသည်။ "ကလေးနေကောင်းတဲ့ နေ့မှာပဲ သူသေသွားတာ။"
မည်သူမျှ မေးခွန်းမထုတ်ကြတော့ပေ။
အားလုံး သဘောပေါက်သွားကြပြီဖြစ်သည်။ တချို့လူများ၏ မျက်နှာပေါ်၌ ကြောက်ရွံမှုက နေရာယူထားသည်။
"ဒီအက်ပ်ပေါ်လာတာနဲ့ ငါတို့ချက်ချင်း သိလိုက်ရတာပဲ။"
"ဆန္ဒဖြည့်ပေးပေမယ့် အသက်နဲ့ပြန်ပေးရတဲ့ သီးခြားကမ္ဘာဆိုတာ ဒီအက်ပ်မှဒီအက်ပ်ပဲ။"
ရုတ်တရက် ပျောက်ကွယ်သွားမှုများနှင့် ဒဏ်ရာများ ပေါ်လာရခြင်း အကြောင်းအရင်းမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာ၏။
ထုတ်လွှင့်သူနှစ်ဦးသည် မိမိချစ်သူနှင့် ကလေးအတွက် ထိုကမ္ဘာထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ ဂိမ်းကိုဆုံးအောင် မဆော့နိုင်ခဲ့ကြသဖြင့် ထိုနေရာ၌ပင် သေဆုံးခဲ့ကြသော်လည်း သူတို့၏ဆန္ဒများ ပြည့်သွားခဲ့ကြသည်။
"ဒီကိစ္စကို စစုံစမ်းတော့ အသက်ပေးပြီး ဆန္ဒဖြည့်ပေးနိုင်တဲ့ အက်ပ်အကြောင်း သိခဲ့ရတယ်။" ပိုင်လော့ဖုန်း ဝင်ပြောလာ၏။ "ဒါပေမယ့် ရူးကြောင်ကြောင်နိုင်လွန်းလို့ အစကမယုံခဲ့ဘူး။ သိပ္ပံနည်းကျကျ စုံစမ်းကြပေမယ့် ဘာမှမတိုးတက်ဘူး။ ဒီ "Wish"ဆိုတဲ့ စာလုံးကိုတွေ့မှ ဒီအက်ပ်မှန်း သိခဲ့ကြတာ။"
"သူက NPC ဖြစ်နေမယ်လို့ တကယ်မထင်ထားဘူး။"
"ဟုတ်တယ်။ NPC ဖြစ်ဖို့ရွေးချယ်တာက ဆန္ဒကိုဖြည့်ပေးနိုင်တဲ့ နောက်တစ်လမ်းထင်တယ်။" ကျန်းမုန့်ရီက ကောက်ချက်ချသည်။
အားလုံး အသံတိတ်နေကြလျက်။
"ပြင်ပကမ္ဘာမှာ သတ်သေပြီး ဒီမှာဆက်အသက်ရှင်နေတာဆို စုယွီက ဖိုင်တွေထဲမှာ ဖော်ပြထားတဲ့ ဝိဥာဉ်ခန္ဓာ ဒါမှမဟုတ် ဝိညာဥ်သက်သက်ပဲလား။" ကျန်းမုန့်ရီက မေးစေ့အားပွတ်နေသည်။
"မသိဘူးလေ။" ပိုင်လော့ဖုန်း ပြန်ဖြေ၏။
"ဒါဆို....." တစ်ယောက်ယောက်ဆီမှ အသံထွက်လာ၍ အားလုံးကထိုလူအား ကြည့်လိုက်ကြသည်။
ထိုလူက စုချာပင်။ "ပိုင်လော့ဖုန်း၊ နင်ဘာဆက်လုပ်မှာလဲ။"
"မသိဘူး။"
"သူနင့်ကိုမတွေ့ဘူးလား...သူနင့်ကို ဘာမှမပြောဘူးလား..."
"သူငါ့ကိုမတွေ့ဘူး။ ငါတောင်သူ့ကို မှန်တံခါးကနေ တဆင့်တွေ့တာ။"
"ဘာမှရောမပြောဘူးလား။" ကျန်းမုန့်ရီကမေးလာသည်။
ငကြောက်ကောင်က ဝင်ပြောလေ၏။ "ဒါဆိုသူ့ကိုသွားရှာလေ။ ဘာတွေဖြစ်သွားတာလဲ မျက်နှာချင်းဆိုင်မေးပေါ့။ ဝိညာဥ်တွေ၊ NPC တွေအကြောင်း ပြောနေတာကြာနေပြီ။ ဘာပဲပြောပြော သူလည်းအရင်က ဆန္ဒပြည့်သွားတဲ့ ကစားသမားဟောင်းပဲမလား။ ငါတို့ထက်တော့ သူပိုသိမှာပေါ့။"
ထိုလူက စကားပြောရင်း ပိုစိတ်လှုပ်ရှားလာပြီး မျက်လုံးများက ပိုမိုပြူးကျယ်လာသည်။
ထို့နောက် ပိုင်လော့ဖုန်းဘက်လှည့်ကာ ပြောလာသည်။ "သူမင်းကို တကယ်ကြိုက်တာမလား... သူ့ဆီသွားပြီး ချစ်စရာကောင်းအောင် လုပ်ပြလိုက်ပါလား... သူသာစိတ်ကြည်ရင် ဒီကနေထွက်ခွင့် ပေးမယ်ထင်တယ်။"
ပိုင်လော့ဖုန်း ပြောစရာစကား မရှိတော့ချေ။
ကျန်းမုန့်ရီကထရယ်သည်။ "သြော်၊ အခုတော့ ဂေးလို့အခေါ်ခံရမှာ မကြောက်တော့ဘူးပေါ့။"
ထိုလူ၏မျက်နှာက တောင့်ခဲ့သွားပြီး ဟန်လုပ်ကာပြုံးပြလာ၏။ "အရာရှိက ဘာတွေပြောနေတာလဲ။ ကျွန်တော်က ဒါမျိုးကို ဘယ်တုန်းကကြောက်လို့....."
"အရာရှိမဟုတ်ဘူး။ ငါထွက်လိုက်ပြီ။" ကျန်းမုန့်ရီက ဖြတ်ပြောလာသည်။ "ပြီးတော့ မင်းအတွေးအခေါ်တွေက ရိုးစင်းလွန်းနေတယ်။ စပယ်ယာကို ကြိုက်တဲ့နေရာမှာ ရှာလို့တွေ့မယ်ထင်နေလား။"
"ပြီးတော့သူက NPC လေ။" ပိုင်လော့ဖုန်း ဝင်ပြောခြင်းပင်။ "သူ့ခံစားချက်အတိုင်း လူတွေကိုလွှတ်ပေးလို့ရမလား။ သူ့ကို အခက်တွေ့အောင်မလုပ်နဲ့။"
လူတို့သည် အတင်းအဖျင်း သို့မဟုတ် အချစ်ဇာတ်လမ်း အကြောင်းကြားသောအခါ ကြားဝင်မွှေရသည်ကို သဘောကျကြ၏။ ရှစ်ယွမ်ကထို စာရင်းထဲ၌ပါသူဖြစ်သည်။ သူကရယ်မောကာ ပြောလာ၏။ "မင်းကအခု သူ့ဘက်ပါပြီပေါ့။"
ပိုင်လော့ဖုန်း မျက်နှာနီရဲလာသည်။ "မဟုတ်ပါဘူး။ တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားမိလို့။"
"ဘာကထူးဆန်းနေတာလဲ။"
ပိုင်လော့ဖုန်း မဖြေတတ်ပေ။ စုယွီအား တွေ့လိုက်ရသည့် စက္ကန့်ပိုင်းမျှ အချိန်အားပြန်တွေးသော်လည်း မတွေ့မြင်ရသည်မှာ ငါးနှစ်ကြာပြီဖြစ်၍ သူအတပ်မပြောနိုင်ချေ။
"မသိဘူး။ သူသေသွားတာ ကြာပြီဆိုတော့ သေချာမမှတ်မိတော့ဘူး။"
ထိုစကားကြောင့် ရှစ်ယွမ် ဆက်မရယ်နိုင်တော့ပေ။
"အဆင်ပြေပါတယ်။ မမှတ်မိရင်လည်း မမှတ်မိဘူးပဲ ထားတော့။"
"စပယ်ယာကို နေရာတိုင်း သွားရှာလို့မဖြစ်ဘူး။ ဒီကိစ္စ မတွေးနဲ့ဦး။ ရထားတွဲ နံပါတ် ၇ ကိုသွားဖို့ပဲ အရင်လုပ်ကြမယ်။ ပိုင်လော့ဖုန်း ပြောတာမှန်တယ်။ ဘယ်လောက်ပဲ ရင်းနှီးတယ်ပြောပြော NPC က NPC ပဲ။ သူ့အထက်က ပရိုဂရမ် ရေးဆွဲသူကို အံတုလို့မရဘူး။ သူ့ကိုတွေ့ရင်တောင် ဒီအဆင့်ကို အောင်ကြမှာမဟုတ်ဘူး။"
"ဟုတ်တယ်၊ အလျင်စလို လုပ်ရင် အသတ်ခံရနိုင်တယ်။ အခုလည်း သရဲတွေဆီ ပြေးသွားရဦးမယ်။"
"သိပ်မှန်တာပေါ့။ ဂိမ်းစကတည်းက စကားချည်းပဲ ပြောနေကြတာ။ အခုထိဘာမှ မလုပ်ရသေးဘူး။ အရမ်းတော့ အလျင်မလိုပါဘူးလေ။"
"ငါတို့အခု သူ့ကိုလိုက်ရှာရင်တောင် နင်ဘာပြောရမလဲ မသိဘူးမလား။" စုချာက ပိုင်လော့ဖုန်းအား ပြောလိုက်သည်။ "စိတ်အေးအေးထား။ ဘာပြောချင်တာလဲ အရင်စဥ်းစားဦး။ အနှေးနဲ့အမြန် သူ့ကိုပြန်တွေ့ရမှာပါ။"
ပိုင်လော့ဖုန်းက သူမကို အားနာစွာပြုံးပြလာသည်။
"အင်း။"
"အားလုံးကို ကျေးဇူးတင်ပါတယ်။"