no

Font
Theme

အပိုင်း ၁၉ - ဖြတ်သန်းနေသောရထား (အပိုင်း ၁၁)

ထိုစကားသံကတိုးလွန်း၍ ရထားသံနှင့်ဖုံးကာ စပယ်ယာမကြားလိုက်ရသဖြင့် သူ့အားပြန်မေးလာသည်။ "မင်းဘာပြောလိုက်တာလဲ။"

"ဘာမှမပြောဘူး။" ပိုင်လော့ဖုန်းက ခေါင်းပြန်မော့လာပြီး မျက်ရည်များသုတ်ပစ်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်နေ၏။

စပယ်ယာကအလိုမကျစွာ မေးလာသည်။ "ငိုနေတာလား။"

"အင်း" ပိုင်လော့ဖုန်း မငြင်းနိုင်ခဲ့။ မျက်ရည်များကိုသာသုတ်ကာ တည်ငြိမ်သောမျက်နှာထားနှင့် သူ့ကိုပြန်မော့ကြည့်လာ၏။

"ဒီတိုင်းခံစားလွယ်လို့။ ဘာလဲ၊ အဲ့ဒါလည်းခွင့်မပြုထားဘူးလား။"

စပယ်ယာက ဘာပြန်ပြောရမှန်းမသိ ဖြစ်နေပုံရသည်။ "ဒီလိုနေရာမျိုးမှာ ဘာများစိတ်ခံစားလွယ်စရာရှိလို့လဲ။"

သူဆက်မငြင်းချင်တော့ပေ။

"ထားလိုက်တော့၊ မင်းကောင်လေးက ဘယ်လိုသေသွားတာလဲ။ ငါသူ့ကိုရှာပေးမယ်။"

"ဟမ်" ပိုင်လော့ဖုန်း သတိလက်လွတ်ပင် ဖြစ်သွား၏။

"မင်းပဲမင်းကောင်လေးကို တွေ့ချင်တယ်ဆို။ ငါသူ့ကိုရှာပေးမယ်လို့ ပြောနေတာ။ ဒါပေမယ့် ငါ့မှာမေးစရာတစ်ခုရှိတယ်။"

ထိုခဏတာ၌ ပိုင်လော့ဖုန်း စကားလုံးများ ပျောက်ရှသွားတော့သည်။

စုယွီ၏တွေးခေါ်ပုံက ရိုးရှင်းလွန်းနေ၍ ပိုင်လော့ဖုန်းမှာ "မင်းလုံးဝ မပြောင်းလဲဘူးပဲ။" ဟုသာ ရေရွတ်နိုင်တော့၏။

စပယ်ယာက ခဏလောက်ကြောင်နေကာ မျက်ခုံးပင့်ပြလာသည်။

"မင်းလုံးဝ မပြောင်းလဲသွားဘူးလို့ ပြောနေတာ။ မင်းကဘယ်တော့မှလည်း စိတ်မဆိုးတတ်ဘူး။"

"မင်းဘာကိုပြောချင်နေတာလဲ။"

"ဘာမှမဟုတ်ဘူး။"

"ပြောလေကွာ။" စပယ်ယာစိတ်မရှည်တော့။ "ငါဒီလောက် စိတ်မရှည်ဘူး။ မင်းငါ့ကို ခွေးကိုကြည့်သလို ကြည့်နေတာရပ်လိုက်တော့။"

"ခွေးကိုကြည့်နေတာမဟုတ်ဘူး။ ငါ့ကောင်လေးကို ကြည့်နေတာ။"

"ဟမ်။"

"မင်းအခုထိ သဘောမပေါက်သေးဘူးလား။"

"ထားလိုက်တော့။ ဒီကိစ္စကို နောက်မှဆက်ပြောမယ်။ လောလောဆယ် ခရီးသည်တွေကြားထဲက ငါ့ကောင်လေးကိုရှာပေးသလိုပဲ အရင်ဟန်ဆောင်နေဦးပေါ့။ ထိုင်ဦးလေ။ ငါမင်းကိုသူ့အကြောင်းပြောပြမယ်။"

စပယ်ယာက ငြိမ်သက်နေပြီး သူ့အမူအရာက မထိုင်ချင်သလိုနှင့် မျက်နှာကရှူံတွနေ၏။

ပိုင်လော့ဖုန်း သူ့ကိုမော့ကြည့်လိုက်သည်။

စပယ်ယာက သက်ပြင်းချကာ အတော်ကြာမှ ဝင်ထိုင်လာ၏။ ပိုင်လော့ဖုန်း၏ခုံနှင့် စင်္ကြံခြားနေသည့် ခုံအလွတ်၌ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေဟန်နှင့် နှေးတိနှေးကန်ထိုင်နေသည်။

ပိုင်လော့ဖုန်း သူ့ကိုကြည့်ကာ ခပ်ဖွဖွပြုံးနေ၏။

စပယ်ယာကခြေနှစ်ဖက်အားချိတ်ကာ ခုံကိုမှီ၍ စိတ်မရှည်သလို လက်ကိုပိုက်ကာထိုင်နေသည်။ "ဘာလို့အခုချက်ချင်း သွားမရှာတာလဲ။ ငါနဲ့ဘာမှမဆိုင်တဲ့ ပေါက်ကရအကြောင်းအရာတွေကို ဒီမှာထိုင်ပြီး ပြောနေဦးမလို့လား။"

"နားမထောင်ချင်တဲ့လူကလည်း ထိုင်တောင်ထိုင်ပြီးနေပြီ။ အခုငါ့ကို မသတ်ချင်တော့ဘူးလား။"

"သတ်ချင်တယ်။ ခေါင်းအခုထိကိုက်တုန်း။ ဒါပေမယ့် အမြန်မလိုပါဘူး။ မင်းကောင်လေးကိုတွေ့မှ နှစ်ယောက်လုံးကိုသတ်မယ်။"

ပိုင်လော့ဖုန်း အကျယ်ကြီးရယ်မိသည်။

"စုယွီနဲ့ ဆေးရုံမှာတွေ့တာ။ ငါ့ဘဝတစ်လျှောက်လုံး ဆေးရုံမှာနေနေရတော့ စတွေ့တာလည်းဆေးရုံမှာပဲ။"

"စက်တင်ဘာလ အလယ်ပိုင်းမှာစတွေ့ကြတာ။"

"ငါပျင်းလို့လမ်းထွက်လျှောက်နေတာ။ လမ်းလျှောက်နေရင် နှလုံးအခြေအနေကောင်းလို့ ဆရာဝန်တွေက လမ်းလျှောက်ခွင့်ပေးပေမယ့် ဆေးရုံဝန်းထဲကမထွက်ရသလို အဖော်မပါရင်လည်း မလွှတ်ပြန်ဘူး။"

"ဆေးရုံမှာနေရတာက ဆေးနံ့တွေနဲ့ လေထုကထိုင်းမှိုင်းတော့ ငါရူးချင်စိတ်ပေါက်နေပြီ။ ငါကဝှီးချဲမှာထိုင်ပြီး အဖွားကတွန်းပေးတယ်။"

"လူနာဆောင်နဲ့ ပြင်ပလူနာ အဆောင်ကြားက မြက်ခင်းမှာငါတို့ လမ်းလျှောက်လေ့ရှိတယ်။ နေ့လယ်ရောက်တော့ အဖွားက ယာဂုသွားဝယ်ပြီး ခုံပေါ်မှာပဲနေ့လယ်စာ စားနေကျဆိုတော့ ငါ့ကိုလည်းဒီမှာပဲ ထိုင်နေခိုင်းတယ်။"

"ငါအိပ်ပျော်တော့မလိုဖြစ်နေတုန်း စုယွီပေါ်လာတာပဲ။"

"သူ့ကိုအတန်းဖော်တွေက ပြင်ပလူနာ အဆောင်ထဲကနေ တွန်းထုတ်နေကြတာ။"

"သူ့ကို ဝိုင်းအနိုင်ကျင့်နေတာလား။" 'အနိုင်ကျင့်' ဟူသည့် စကားကိုပြောရင်း တစ်စုံတစ်ခုကို သတိရသွားသလို စပယ်ယာ၏မျက်လုံးများက ပြူးကျယ်လာ၏။

"သူကကျောင်းဝတ်စုံဝတ်ထားတာ။ မြေကြီးပေါ် အတွန်းခံရပေမယ့် သူကချက်ချင်းပြန်ထတယ်။"

"မိဘမဲ့မလို့ အရိုက်ခံရသင့်တယ်ဆိုပြီး စော်ကားနေကြတာ။  ငါအားလုံးကြားလိုက်တယ်။"

"မင်းဘာကိုကြားလိုက်တာလဲ။"

ပိုင်လော့ဖုန်း သူ့အားစိုက်ကြည့်ကာပြောလာသည်။ "ငါကြားလိုက်တာက - 'မင်းက မိဘမဲ့လို့ အခေါ်ခံရတာမကြိုက်ဘူးလား။ စော်ကားတယ်လို့ ထင်လို့လား။ ဘာများစော်ကားမိလို့လဲ။ မင်းမှာအမေမရှိတာ အမှန်ပဲမလား။ မဟုတ်သေးဘူး။ မင်းပြောတာ မှားတော့မမှားဘူးပဲ။ မင်းအမေက မသေသေးဘူး။ ဒါပေမယ့် သူကမင်းကို မလိုချင်ဘူးကွ။'

တစ်အုပ်စုလုံးက ပြောရင်းရယ်နေကြတယ်။

'မင်းကများလူကို ရိုက်ချင်သေးတယ်။ ဆရာမတွေက ဘယ်သူ့ကိုယုံလဲကြည့်လေ။ မင်းလိုရန်ဖြစ်လို့ ကျောင်းပြောင်းရတဲ့ကောင်ကို ဘယ်သူယုံမှာလဲ။ ဟားဟားဟား၊ ဆုံးမမယ့်အမေမရှိတော့ နားလည်မယ့်ပုံလည်းမပေါ်ဘူး။ ဟေး...အခုဒူးထောက်ပြီး ဖိနပ်ကိုလျက်လိုက်ရင်ကောင်းမယ်။ ဒါဆိုဆရာမတွေကို မင်းကောင်းကြောင်း ပြောပေးမယ်လေ၊ ဘယ်လိုလဲ။'တဲ့။"

ထိုလူများက ရယ်နေကြသည်။ အနိုင်ကျင့်သူများ အဝိုင်းခံထားရသည့် စုယွီအား သူတွေ့နေသော်လည်း ထိုစဥ်က ပိုင်လော့ဖုန်း သူ့နာမည်အား မသိသေးပေ။

စုယွီက သည်းမခံနိုင်တော့ပုံရကာ အင်္ကျီလက်ကိုလုံးတင်၍ ဆဲဆိုရင်းရန်ဖြစ်ရန် ထလာသည်။

လူတစ်ယောက်၏ အင်္ကျီလော်လာကို သူဆွဲလိုက်သည်နှင့် ကျန်သည့်နှစ်ယောက်က ဆရာမများကို အော်ခေါ်တော့သည်။

ပိုင်လော့ဖုန်းက အစမှအဆုံးထိ ကြည့်နေ၏။

မကြာမီပင် ဆရာမတစ်ဦး ကတန်းကမန်းပြေးထွက်လာသည်။ စုယွီက ကြောက်နေပုံရသော်လည်း ထိုလူ၏ကော်လာကို လုံးဝမလွတ်ပေ။

ဆရာမ၏မျက်နှာ၌ ဒေါသရိပ်များပြည့်နေကာ အော်ပြောလာ၏။ "စုယွီ၊ ဆေးရုံရောက်နေတာတောင် ပြဿနာရှာရဲသေးတာလား။ သူ့ကိုထိုးဖို့လုပ်နေတာလား။ အခုလွှတ်စမ်း။"

ပိုင်လော့ဖုန်း စုယွီ၏နာမည်အား ထိုအချိန်မှသိလိုက်ရသည်။ ဖုန်းနှင့်ရိုက်ကူးခြင်းအား သူရပ်လိုက်၏။

စုယွီကလွတ်ပေးလိုက်သည်နှင့် ဆရာမကသူ့ကိုသာဆဲသည်။ "ကျောင်းပြောင်းခံရတာ လေးရက်မပြည့်သေးဘူး၊ ပြဿနာရှာနေပြီလား။ အတန်းဖော်သုံးယောက်ကိုရိုက်လို့ တစ်ယောက်ကမတ်တပ်တောင် မရပ်နိုင်တော့ဘူး။ အားလုံးကနင့်ကို သူငယ်ချင်းလို့သတ်မှတ်ပြီး ကောင်းကောင်းဆက်ဆံပေးနေရက်သားနဲ့။ သူတို့ကျောင်းမှာ မကျေနပ်လို့ အော်ဟစ်တိုင်တန်းနေတာ နင်မမြင်ဘူးလား။ အခုဒဏ်ရာရလို့ ဆေးရုံရောက်လာတဲ့အထိ လူရိုက်ဖို့လုပ်ပြန်ပြီလား။ နင်ဘာဖြစ်ချင်နေတာလဲ။ ကျောင်းဆက်မတက်ချင်တော့ဘူးလား။"

"တောင်းပန်ပါတယ်။"

ဆရာမက ဒေါသတကြီးဆဲဆိုနေ၍ စုယွီမှာရှင်းပြခွင့်မရပေ။

သူ့အား အနိုင်ကျင့်သူများက လှောင်ပြုံးပြုံးနေကြသည်။ စုယွီက ထိုအဖြစ်မျိုးကို မကြာခဏကြုံဖူးပုံရပြီး ခေါင်းကိုငုံ့ကာ နှုတ်ခမ်းကိုက်၍ ငြိမ်ခံနေ၏။

ထိုအချိန် ပိုင်လော့ဖုန်း ထအော်လိုက်သဖြင့် ဆရာမက ဆဲနေသည်ကိုရပ်ကာ လှည့်ကြည့်လာသည်။

ပိုင်လော့ဖုန်း လက်ထဲကဖုန်းကို ဝေ့ပြကာ "ဆရာမ ဖမ်းထား။"ဟုအော်၍ ဖုန်းကိုပစ်ပေးလိုက်၏။

ပိုင်လော့ဖုန်းက ရုတ်တရက်ဆန်လွန်း၍ ဆရာမက အချိန်မီမတုံ့ပြန်နိုင်သော်လည်း စုယွီက ဖုန်းမြေကြီးပေါ်မကျမီ ဖမ်းလိုက်နိုင်သည်။

သူကဖုန်းကိုတလှည့်၊ ပိုင်လော့ဖုန်းကိုတလှည့်၊ ဆရာမကို တလှည့်ကြည့်ကာ ဘာလုပ်ရမည်မှန်း မသိဖြစ်နေ၏။

"အားလုံးအတွက် ရိုက်ကူးရေးလေး လုပ်ပေးထားတယ်။ ဖွင့်ကြည့်လိုက်။"

ပိုင်လော့ဖုန်း ရုတ်တရက်ပေါ်လာ၍ စုယွီကသူ့အား အံ့သြတကြီးနှင့် အတော်လေးကြာအောင်ကြည့်နေသည်။

စက္ကန့်အနည်းငယ်ကြာမှ ဖုန်းကိုလှည့်ကာ ဗီဒီယိုအားရှာတွေ့သွားပြီး ပိုင်လော့ဖုန်းအား ပြန်ကြည့်လာ၏။ ပိုင်လော့ဖုန်းက ခွင့်ပြုသည့်အနေနှင့် ခေါင်းငြိမ့်ပြမှ ရှက်ရှက်နှင့် ဗီဒီယိုအားဖွင့်လေသည်။

မကြာမီပင် စုယွီအားအနိုင်ကျင့်သည် ကျောင်းသားများ၏ ရိုင်းစိုင်းသော အပြုအမူများနှင့် စော်ကားသည့်စကားလုံးများ ထွက်လာ၏။

၎င်းတို့၏ မျက်နှာအမူအရာများ ပြောင်းသွားပုံကိုကြည့်ရသည်မှာ အရသာရှိလှသည်။

ဆရာမက ဒေါသပြန်ထွက်လာပြီး ထိုသုံးဦးအားနာမည်များခေါ်ကာ ဆဲဆိုလေ၏။

ထိုကောင်လေးများက ဘာမှပြန်မပြောရဲဘဲ အဆဲခံနေကြသော်လည်း ပိုင်လော့ဖုန်းအား စိုက်ကြည့်နေကြသည်။

အခြေအနေများ အပြောင်းအလဲမြန်ပုံက စုယွီအားကြောင်အနေစေ၏။ ဖုန်းကိုကိုင်ကာ လက်ကိုမြှောက်လိုက် ချလိုက်နှင့် ဘာလုပ်ရမှန်းမသိဖြစ်နေပုံပင်။

ဆရာမကသူ့အား လျစ်လျူရှူထားပြီး ကောင်လေးသုံးယောက်အား နားရွက်ဆွဲကာ ပြင်ပလူနာဆောင်ဆီ ခေါ်သွားသည်။

စုယွီက ခဏလောက်ဆက်ရပ်နေပြီးမှ ပိုင်လော့ဖုန်းဖက်လှည့်ကာ ဖုန်းပြန်ပေးလာ၏။

စုယွီ၏ဆံပင်သည် မညှပ်ရသည်မှာ ကြာနေပုံရကာ အတော်လေးရှည်နေပြီဖြစ်သည်။ ဆံမြိတ်များက မျက်ခုံးကိုကျော်ကာ မျက်လုံးနားရောက်နေ၍ အဝေးမှကြည့်ပါက သူ့အားလေးလံ ထိုင်းမှိုင်းသည့်ပုံ ပေါက်စေ၏။

ပိုင်လော့ဖုန်းနှင့် နီးလာမှသာ သူ၏ ဖီးနစ်ငှက်လိုမျက်လုံးများအား သူသတိထားမိသည်။

အနီးကပ်မကြည့်သေးခင်မှာပင် ပိုင်လော့ဖုန်း ဆေးလိပ်နံ့ကို အရင်ရလိုက်၏။

ထိုအချိန်ကစုယွီသည် လူကွယ်ရာ၌ ဆေးလိပ်အလွန်အကျွံသောက်ပုံရသည်။ သူကပ်လာသည်နှင့် ပိုင်လော့ဖုန်း ချောင်းဆိုးလေ၏။

စုယွီကကြောင်သွားပြီး အထိတ်တလန့် ဖြစ်နေရာမှ ဖုန်းအားအမြန်ပြန်ပေးကာ ကျေးဇူးတင်စကားပြောလာသည်။

ဆေးလိပ်နံ့ကြောင့် ပိုင်လော့ဖုန်းမှာ ချောင်းဆက်တိုက်ဆိုးနေ၍  ကောင်းကောင်းပြန်မဖြေနိုင်ဘဲ လက်ကိုဝှေ့ယမ်းရင်း အဆင်ပြေကြောင်းပြရ၏။ ထိုနောက် ပြင်ပလူနာဆောင်ဆီ ညွှန်ပြကာအမြန်ပြန်ရန် သတိပေးရသည်။

စုယွီက ခေါင်းနှစ်ချက်ငြိမ့်ပြကာ ကျေးဇူးတင်ကြောင်းထပ်ပြော၍ ထွက်သွား၏။ သွားနေရင်း ပိုင်လော့ဖုန်းအား လှည့်ကြည့်နေသေးသည်။

စုယွီ့်ထွက်သွားပြီး ခဏအကြာ၌ အဖွားဖြစ်သူ ပြန်ရောက်သည်အထိ သူချောင်းဆိုးမရပ်သေးပေ။

အဆုံး၌ အောက်ထပ်တွင် ထမင်းမစားကြဘဲ အဖွားကသူ့အား ဆေးရုံထဲပြန်ခေါ်လာသည်။ ပိုင်လော့ဖုန်း ဆေးသောက်ပြီးမှသာ သက်သာလာ၏။

ရက်အနည်းငယ်အကြာတွင် စုယွီကသစ်သီးများဝယ်ကာ သူ့အခန်းသို့လာ၏။

ပိုင်လော့ဖုန်းက အံံ့သြသွားပြီး လာရင်းကိစ္စကို မေးသောအခါ ထိုနေ့ကအားနာသောကြောင့် သစ်သီးများဝယ်ကာ လာကြောင်းပြောလာသည်။ ဆေးရုံကောင်တာ၌ စုံစမ်းရာမှ ပိုင်လော့ဖုန်းက လူနာဖြစ်နေမှန်း သိခဲ့ရသည့်အကြောင်းကိုလည်း ပြောပြလာ၏။

"ငါနဲ့စုယွီမှာ သူကအရင်စခဲ့တဲ့သူ။" ပိုင်လော့ဖုန်းက နှေးနှေးလေးသာပြောပြနေသည်။ "အဲ့ဒီနေ့က သူ့ကိုကူညီပြီး ကျေးဇူးတင်စကား ပြောပြီးကတည်းက ငါတို့ထပ်မပတ်သက်ခဲ့သင့်ဘူး။ သစ်သီးတွေဝယ်လာတဲ့ရက်က သူစကားအများကြီးပြောခဲ့တယ်။ ငါစားသောက်နေတုန်း သူ့ဖုန်းကိုငါ့စောင်ထဲ ခိုးထည့်ခဲ့သေးတယ်။"

ပိုင်လော့ဖုန်းကပြောရင်း ရယ်သည်။ "နောက်မှသူပြန်ပြောပြတာ စတွေ့ကတည်းက သဘောကျတာတဲ့။ သစ်သီးလာပို့တဲ့ရက်ကဆို ချစ်နေမိပြီတဲ့။ ငါကအံ့သြသလို ဟန်ဆောင်ခဲ့ပေမယ့် တကယ်တော့ ရိပ်မိပြီးသားလေ။"

"သူ့လောက်သရုပ်ဆောင်ညံ့တဲ့လူ မရှိနိုင်လောက်ဘူး။ လူနာကိုသစ်သီးလာပို့တာ လူနာမျက်နှာကိုတောင် မကြည့်ရဲတဲ့သူမျိုး ရှိပါ့မလား။"

စပယ်ယာက ဘာမှပြန်မပြောလာပေ။

ရထားပထမတွဲမှ လက်မှတ်စစ်က အလွန်နှေးသည်ကို အခွင့်ကောင်းယူကာ လူနှစ်ဦးသည် အလယ်တန်းကနေ နေရာရွေ့သွားလေ၏။

ရှစ်ယွမ် နှင့် စုချာသည် မည်သူမှ သတိမထားမိခင် အထဲသို့ခိုးဝင်လာကြပြီးဖြစ်သည်။ တံခါးအားအနည်းငယ် ဟထားသဖြင့် ကျန်းမုန့်ရီနှင့် ရောင်စုံတီရှပ်နှင့် မိန်းကလေးတို့က နောက်မှလိုက်လာကြ၏။ အုပ်စုလိုက်သွားပါက ဖမ်းမိသွားနိုင်သဖြင့် လူခွဲကာသွားကြရခြင်းပင်။

ရောင်စုံတီရှပ်နှင့် မိန်းကလေးက လက်မှတ်စစ် သတိမထားမိအောင် တံခါးကိုဖြေးဖြေးလေးပိတ်လိုက်သည်။

ကျန်းမုန့်ရီက ခေါင်းငုံ့၍တိုးတိုးလေးမေး၏။ "အခြေအနေဘယ်လိုလဲ။"

"မကောင်းတော့ဘူး၊ဆရာ။" ရှစ်ယွမ်က ပြန်ဖြေသည်။ "ဒီတံခါးက အလိုအလျောက်စနစ်နဲ့ လုပ်ထားတယ်။ သော့မပါဘဲ ဖွင့်လို့မရဘူး။"

"သော့၊ အတည်ပေါက်ကြီးလား။"

"သော့က စပယ်ယာမှာပဲရှိလိမ့်မယ်။" စုချာက အံကြိတ်ကာပြောလာ၏။ "ပိုင်လော့ဖုန်းကို စာပို့ဖို့ မှီသေးတယ်မလား။ သော့ထုတ်ပေးလာအောင် သူ့ယောကျ်ားကို စကားချိုချိုလေးတွေ ပြောခိုင်းလိုက်ရမလား။"

ကျန်းမုန့်ရီက ပြန်ဖြေသည်။ "နောက်ကျသွားပြီ။ ငါတို့ဒီတောင်ရောက်လာပြီပဲ။ သော့တောင်ထုတ်ပေးမှတော့ ရထားကိုလည်းရပ်ပေးမှာပေါ့။ ဒီမှာအခုလို စိုးရိမ်တကြီး ရပ်စောင့်နေရဦးမလား။"

ထိုစကားက အဓိပ္ပါယ်ရှိသည်။

ရောင်စုံတီရှပ်နှင့် မိန်းကလေးက မျက်မှောင်ကြုတ်ကာမေးလာ၏။ "ဒီတော့ ဘာဆက်လုပ်မလဲ။ စပယ်ယာလာတာစောင့်ပြီး အထဲဝင်ခွင့်ရဖို့ ညှိနှိုင်းရမှာလား။"

"နေဦး၊ ဘေးကိုခဏဖယ်ကြ။" ကျန်းမုန့်ရီက ပြောလာသည်။

ရှစ်ယွမ်နှင့် စုချာက ဘေးကပ်ပေးလာကြ၏။

ကျန်းမုန့်ရီက သော့ခလောက်အနီးထိုင်ချပြီး ရှစ်ယွမ်အား မီးပြပေးရန်ပြောလာသည်။

ရှစ်ယွမ်က မီးထိုးပြရင်းမေးလာ၏။ "နည်းလမ်းရှိလို့လား။"

"ရှိတာပေါ့။"

ကျန်းမုန့်ရီက ခါးပတ်မှသော့များဖြုတ်ယူပြီး သော့ချိတ်မှသံကွင်းကိုဖြုတ်ကာ အားသုံး၍ ဝိုင်ယာကြိုးဖြစ်အောင်ကွေးသည်။ နောက်ထပ် သံကွင်းကိုလည်းဖြုတ်ကာ ထိုအတိုင်းဆက်လုပ်၏။

ဝိုင်ယာကြိုး နှစ်ချောင်းအားကိုင်ကာ တံခါးကိုရုပ်တည်နှင့်ကြည့်၍ "အရာရှိကျန်းက ရာဇ၀တ်မှုရဲ့ အဓိကနေရာကို တံခါးဖျက်ဝင်ဖို့ လုပ်နေပါပြီ။"ဟုပြောလေသည်။

စုချာက သူ့စကားကို သဘောကျကာ "ကြိုးစားထား၊ အရာရှိကျန်း။" ဟုအားပေးလာသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment