အခန်း ၅ - လက်မှတ် အရောင်းစက်
(ငရဲခရီးမှာ ပျော်ရွှင်ပါစေ)
လင့်ခ်ပွင့်သည်နှင့် ထုတ်လွှတ်ခန်းသည် မျက်နှာဖုံးအနေနှင့် သုံးရန် ဓာတ်ပုံတစ်ပုံလို၏။
မိုးသည်းထွန်စွာရွာပြီး မိုးစက်များ ဖုန်းပေါ် တတောက်တောက်ကျနေ၍ အသုံးပြုရန် မလွယ်လှပေ။ ပိုင်လော့ဖုန်း အိတ်ထဲမှ ထီး ယူထုတ်ကာ ဖွင့်လိုက်သည်။ ဓာတ်မီးအား ဘုတ်ပြားပေါ်ထိုးကာ တိုက်ရိုက်ထုတ်လွှင့်မှု ကာဗာအဖြစ် အသုံးပြုရန် အသင့်တော်ဆုံး ပုံအား ရိုက်ယူပြီး ပို့စ်တင်လိုက်သည်။
နောက်ခံပုံ တင်ပြီးသည်နှင့် တရားဝင်ထုတ်လွှင့်မှု စတင်ပြီဖြစ်၏။
ထုတ်လွှင့်မှုအစ၌ ကြည့်ရှုသူ တစ်ဦးမှ မရှိချေ။ ပိုင်လော့ဖုန်း ထိုအချက်အား ဖုန်းအား မြေပေါ် ခဏချပြီး ထီးအား လည်ပင်းနှင့် ဘယ်ဖက်ပုခုံးကြား ညှပ်လိုက်ပြီး အိတ်ထဲမှ ပြင်ပ ထုတ်လွှင့်မှုအတွက် အသုံးပြုသည့် ဖုန်းထောက်တိုင်အား ဆွဲထုတ်သည်။
ထုတ်လွှင့်သူအဖြစ် မိမိကိုယ်တိုင် စာရင်းသွင်းခဲ့သဖြင့် ယခု ထုတ်လွှင့်မှုကိုလည်း စိတ်လိုလက်ရ ပါဝင်ရလိမ့်မည်။ တစ်ခြားသူများလည်း ထို့အတူပင်။
လက်အသုံးမပြုရသည့် ပုခုံးလွယ် ထောက်တိုင်အား သူ ယူထုတ်လိုက်သည်။ ဖိုရမ်မှလူများ၏ စကားအရ Wish ဂိမ်းသည် 'ဂျူအွန်(အာဃာတ)ဂိမ်းနှင့် တူပြီး သေရေးရှင်ရေး အခြေအနေများ ကြုံရသောအခါ လက်နှစ်ဖက်အားနေခြင်းက ရှင်သန်မှုစွမ်းရည်အား ပိုတိုးစေ၏။ ထိုဖိုရမ်သည် ထုတ်လွှင့်သူအဖြစ် စာရင်းသွင်းပြီးမှသာ ကြည့်ရှုခွင့်ရသည့် ဖိုရမ်ဖြစ်ပြီး စာရင်းသွင်းပြီး ရက်အတော်ကြာမှ သူတွေ့ခဲ့ရသည်။
ဖိုရမ်၌ အမှန်တကယ်ပင် အရည်အချင်းရှိသူများနှင့် ပြည့်နှက်နေပြီး အားလုံး စကားပြောကောင်းကြ၏။
ထီးအသုံးပြုရ မလွယ်၍ ခဏ ဖယ်လိုက်ရပြီး မီးရောင်အတွက် ဓာတ်မီးကိုသာ သုံးရမည်။ မိုးရေအား အံတုကာ ထောက်တိုင်အား တပ်ဆင်လိုက်ပြီး ပုခုံးပေါ်တင်၍ ဖုန်းနှင့် ချိတ်ဆက်ပြီးနောက် ပြင်ဆင်မှု ပြီးဆုံးပြီဖြစ်၏။
ထုတ်လွှင့်မှု မျက်နှာပြင် မှောင်မဲနေ၍ မိုးရေများကို သုတ်ပစ်ကာ ဓာတ်မီး၏ အကူနှင့် မျက်နှာပြင်အား အလင်းထိုးရသည်။
အားလုံးပြီးမှ ထီးပြန်ဖွင့်၍ မျက်နှာမှ ရေများကို သုတ်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
တစ်ချို့မှာ ထုတ်လွှင့်မှုအတွက် ပြင်ဆင်နေကြပြီး တစ်ချို့မှာ ပြီးစီးကြပြီဖြစ်သည်။ ရုပ်တည်နှင့်လူမှာ ပြင်ဆင်ပြီးပြီဖြစ်ကာ ခါးပေါ် လက်တစ်ဖက်ထောက်ထားပြီး နောက်တစ်ဖက်က ဖုန်းပေါ်၌ တစ်ခုခု ပေါ်လာစေရန် မျက်နှာပြင်အား တဒေါက်ဒေါက် နှိပ်နေ၏။ ဆုချာလည်း ပြင်ဆင်ပြီးပုံရသည်။ ခေါင်းစွပ်ဓာတ်မီးအား အလင်းရရန် လက်တစ်ဖက်နှင့် ကိုင်ပြီး ထီးကို တံတောင်ဆစ်ကြားညှပ်၍ နောက်လက်တစ်ဖက်မှ ဖုန်းအား ကိုင်ကာ V ပို့စ်လုပ်၍ ဓာတ်ပုံရိုက်နေသည်။
ရုတ်တရက် ထုတ်လွှင့်ခန်းအတွင်းမှ ဒေါင်ခနဲအသံမြည်လာ၏။
ပိုင်လော့ဖုန်း ဖုန်းကို လှည့်ကာ ကြည့်လိုက်သောအခါ မျက်နှာပြင်ပေါ်၌ ဒိုင်ခွက်တစ်ခု ရှိနေသည်။ နောက်ခံ၌ လက်နှိပ်စက်ဖြင့် စာရိုက်သကဲ့သို့ စကားလုံးများ တစ်လုံးပြီးတစ်လုံး ပေါ်လာ၏။
(ထုတ်လွှင့်သူများအား (အဆင်မပြေပါက ဖန်းဟုပေးပို့ပါ) အတည်ပြုစစ်ဆေးရေးဂိတ်မှ ကြိုဆိုပါတယ်။)
(ဂိမ်းစပါပြီ)
(ယခုဂိမ်းသည် 'စည်းမျဥ်းအခြေပြု မြို့ပြဒဏ္ဍာရီ'ဖြစ်၏။ စည်မျဥ်းများကို လိုက်နာပြီး ဂိမ်းကို ပြီးဆုံးအောင်ဆော့ပါ)
(ဘူတာရုံကို သွားပြီး အနီးဆုံး ရထားကို စီးပါ)
(ရထားပေါ် ရောက်ပြီးနောက် ဂိမ်းအကြောင်းအရာနှင့် ဆိုင်ရာ ကြေငြာချက်အား ပေးပို့မည်)
ဒိုင်ခွက် ပျောက်သွားသည်။ ပိုင်လော့ဖုန်း မျက်နှာပြင်အား နှစ်ချက်တို့သော်လည်း ပြန်မပေါ်လာပေ။ Wish အက်ပ်မှ သူ့အား တာဝန် ပေးအပ်လာပြီဖြစ်သည်။
ပိုင်လော့ဖုန်း ဓာတ်မီးအား ပြန်ကောက်ယူပြီး ပတ်ဝန်းကျင်အား လေ့လာရင်း အထဲသို့ ဆက်လျှောက်လာ၏။
"ဟေး..." ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် သူ့အား လူတစ်ယောက်မှ လှမ်းခေါ်လာသည်။
လှည့်ကြည့်သောအခါ ရုပ်တည်နှင့်လူ ဖြစ်နေ၏။ သူ့တွင်လည်း ထီးပါလာပြီး ပိုင်လော့ဖုန်းအား မေးလာသည်။
"ဘာလုပ်နေတာလဲ။ အဖွဲ့ထဲက ထွက်ပြီး တစ်ယောက်တည်း သွားမလို့လား။ ဒါမျိုးက ရုပ်ရှင်ထဲမှာဆို သေမှာပဲ။"
"ဘယ်မှမသွားဘူး။ ဒီတိုင်း လမ်းကြောင်း စစ်ဆေးနေတာ။ ကြည့်လေ၊ ငါအခုသွားရမယ့် လမ်းတောင် ရှာပြီးပြီ။"
ရုပ်တည်နှင့်လူမှ ပိုင်လော့ဖုန်း၏ ဓာတ်မီးရောင်ရှိရာကို လှမ်းကြည့်သည်။ ပိုင်လော့ဖုန်း၏ ဓာတ်မီးသည် အဝေးထွန်း ဓာတ်မီးဖြစ်၍ မီးအားကောင်းလှ၏။ အဆောက်အဦနှင့် ဘူတာရုံကြား မီတာသုံးဆယ် အကွာအဝေးရှိသည့်တိုင် ရှင်းရှင်းလင်းလင်း တွေ့နေရသည်။
ဘူတာရုံဆိုင်းဘုတ်မှာ ဖုန်တက်ပြီး ကွာကျနေပြီဖြစ်၏။ မူလက စာလုံး ခြောက်လုံး ရှိပုံရသော်လည်း ဘဏ်၊ နေရာ၊ ဘူတာရုံ စသည့် စာလုံးများသာ ကျန်တော့သည်။
"ဟုတ်သားပဲ။" ရုပ်တည်နှင့်လူမှ ခပ်တိုးတိုး ရေရွတ်ပြီး နောက်လှည့်ကြည့်ကာ အော်ပြောသည်။ "ပြင်ပြီးကြပြီလား။ ဒီမှာဘူတာရုံတွေ့ပြီ။"
"ပြီးပြီ၊ပြီးပြီ။" နေရာစုံမှ လူများမှာ ပြိုင်တူ ပြန်ဖြေလာကြပြီး သူတို့ဆီ ရောက်လာကြသည်။ ထီးပါလာသူ အရေအတွက် များပြီး မပါသူများမှာ ၎င်းတို့နှင့်အတူ ဆောင်းလာကြ၏။
လက်ရှိလူအားလုံး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအား ဖွင့်ထားကြောင်း အတည်ပြုပြီးနောက် ဘူတာရုံဆီ အတူ လျှောက်လာကြသည်။
ခြေလှမ်း အနည်းငယ် လှမ်းပြီးသည်နှင့် ရုတ်တရက် ငိုသံကြားလိုက်ရ၏။
အားလုံး၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
အဖွဲ့ထဲမှ တစ်ဦးမှာ ထိတ်လန့်သွားကာ ဘေးလူ၏ လက်အား အတင်းဆွဲ၍ ကိုယ်ချင်းကပ်ကာ တိုးတိုးလေး မေးလေ၏။
"ဘာအသံကြီးလဲ။"
"ငိုသံထင်တယ်။" နံဘေးမှလူမှ ပြန်ဖြေသည်။ "ကလေးငိုသံ..."
အမှန်ပင် ကလေးငိုသံ ဖြစ်သည်။ အသံမှာ အပြစ်ကင်းစင် ကလေးဆန်၍ အသက် ၄-၅ နှစ်အရွယ် ဖြစ်ကာ တည်နေရာမှာ အနီး၊အဝေး မသေချာပေ။
ပိုင်လော့ဖုန်း အသေအချာ နားထောင်ပြီး အသံလာရာကို ဓာတ်မီးနှင့် ထိုးသည်။
အတန်ကြာအောင် မီးရောင်အား ဟိုဟိုဒီဒီ ဝေ့ပြီးနောက် ကလေးတစ်ဦးအား တွေ့လိုက်ရ၏။
"ဟိုမှာ။" ပိုင်လော့ဖုန်း ပြောလိုက်ခြင်းပင်။
အားလုံး ထိုနေရာသို့ လှည့်ကြည့်လာသည်။
အဝေးရှိ အမိုးအကာအောက်၌ မိုးပြာရောင်အဝတ်နှင့် မိန်းကလေးတစ်ဦး ရှိုက်ကြီးတငင်ငိုနေသည်။
"မိန်းကလေးပဲ။ NPC (ဂိမ်းကာရိုက်တာ)များလား။"
"အသက်ရှင်နေတဲ့ ကစားသမားက ငါတို့ပဲရှိတယ်။ ကျန်တာအားလုံး NPC တွေပဲ။" ရုပ်တည်နှင့်လူမှ ပြောလာသည်။
"ကျော်သွားမလား၊ သွားကြည့်မလား။"
"သူပေါ်လာတာ အကြောင်းရှိမှာပဲ။ ကျော်သွားလို့မရဘူး။" အနောက်မှ မီးခိုးရောင်ဆံပင်နှင့်လူ ပြောလာသည်။ "သူ့ကိုမေးကြည့်သင့်တယ်။"
ဆံပင်အနက်နှင့်လူသည် ထီးကိုပင့်ကာ သူ့အား ကြည့်လာသည်။ "ဒီလူအများကြီး စုပြုံပြီး သွားမလို့လား။"
"မလိုဘူး။" မီးခိုးရောင်ဆံပင်နှင့်လူမှ ပြောလာသည်။ "ငါတစ်ယောက််တည်းသွားမယ်။ မင်းတို့ ဒီမှာ စောင့်ကြ။"
လီချန်စစ် စိုးရိမ်နေပုံပေါ်၏။ "တစ်ယောက်တည်း သွားလို့ အဆင်ပြေပါ့မလား။"
"ခုမှ အစပဲ ရှိသေးတယ်။ ရထားပေါ်တောင် မတက်သေးတာ ပထမ တာဝန်တောင် မပြီးသေးဘူး။ သူ ငါ့ကို မသတ်လောက်ပါဘူး။ စိတ်ပူမနေနဲ့။ ပြန်လာခဲ့မယ်။"
ထီးဆောင်းလျက် ထိုလူမှ ခပ်သွက်သွက် လျှောက်သွားသည်။
အားလုံးမှာ စိတ်အခြေအနေ မကောင်းလှဘဲ သူ့ကိုသာ ကြည့်နေကြ၏။
မီးခိုးရောင်ဆံပင်နှင့်လူမှာ ကလေးမအနား ထိုင်ချကာ အတန်ကြာအောင် စကားပြောနေသည်။ ကလေး အငိုရပ်သွားပြီး မျက်ရည်များ သုတ်ပစ်ကာ ထရပ်လေ၏။
ထိုလူ လက်ကမ်းလိုက်သောအခါ ကလေးမှ လက်အား ဆွဲကိုင်လိုက်သဖြင့် သူ ကလေးအား အဖွဲ့ဆီ ခေါ်လာတော့သည်။
အားလုံး ကြောင်နေကြသည်။
ဆုချာ ကလေးအား လက်ညှိုးထိုးကာ မေးလာ၏။ "ဘာ...ဘာဖြစ်သွားတာလဲ။"
"မိဘတွေက ရထားပေါ် တက်သွားပြီး သူ့ကို ထားခဲ့တာတဲ့။ သူ့ကို ရထားပေါ် ခေါ်သွားဖို့ ပြောနေတယ်။ ရထားလက်မှတ် ရှိပေမယ့် သူ မတက်ရဲဘူး။ ငါတို့လည်း ရထားပေါ် တက်ကြမှာပဲဆိုတော့ တစ်ခုခု ထူးဆန်းတာ ကြုံရတော့မယ်လို့ အာရုံခံမိနေတယ်။ နောက်ဆုံး မှတ်တိုင်အထိ ငါတို့ အသက်ရှင်မှ ဖြစ်မယ်။" မီးခိုးရောင်ဆံပင်နှင့်လူမှ တည်ငြိမ်စွာ ရှင်းပြလာသည်။
"ကလေးကို ပို့လိုက်တာက NPC ဖြစ်တဲ့ သူ့ မိဘတွေဆီမှာ တစ်ခုခု ပြောစရာရှိပုံပဲ။ သူတို့နဲ့ တွေ့ခဲ့ရင် သတင်းအချက်အလက်တွေ ရနိုင်တယ်။" တစ်ခြားသူများ အချင်းချင်း အကဲခတ်နေကြသည်။
သူ့စကားသည် အဓိပ္ပါယ်ရှိသော်လည်း ဆံပင်အနက်နှင့်လူမှာ အတော်လေး သတိကြီးကြီးထားနေ၏။ "သူက သရဲဖြစ်နေရင်ရော။"
"မဟုတ်ဘူး။ သူကလူ။ အသက်လည်း ရှုတယ်။ နှလုံးခုန်နှုန်းလည်း မှန်တယ်။ ငါ စမ်းကြည့်ပြီးပြီ။"
ရုပ်တည်နှင့်လူမှ စိတ်မချသေးဟန်နှင့် ကလေးအား သေချာ ကြည့်နေသည်။
ကလေးမှ သူ့အား သတိထားမိကာ အဝတ်အားလက်နှင့် ဆုပ်ထားပြီး မီးခိုးရောင်ဆံပင်နှင့်လူ အနောက် ဝင်ပုန်းလေ၏။
"ကလေးကို ကြောက်အောင် မလုပ်နဲ့။" ပိုင်လော့ဖုန်း ဝင်ပြောလာပြီး ဒူးထောက်ထိုင်ချလိုက်၏။ "ကလေးလေး၊ ကိုကို့ကို လက်မှတ်လေးပြပါလား။"
ကလေး ခေါင်းငြိမ့်ကာ လက်မှတ် ထုတ်ပြလာသည်။
လက်မှတ်မှာ မဲညစ်နေပြီ ဖြစ်သည့် အဝါရောင် စက္ကူဖြစ်၏။
ပိုင်လော့ဖုန်း လက်မှတ်ယူကာ ထရပ်သောအခါ အားလုံး လက်မှတ်ကို ကြည့်ရန် ဝိုင်းအုံလာကြသည်။
လက်မှတ်မှာ ပုံမှန်လက်မှတ်များနှင့် မကွာခြားပေ။ ထွက်ခွာမည့်ဘူတာ၊ ရောက်မည့်ဘူတာ၊ ထွက်ခွာချိန်၊ ရထားနံပါတ်၊ တန်ဖိုးနှင့် အောက်ခြေတွင် အိုင်ဒီနံပါတ်နှင့် နာမည်တို့ပါဝင်၏။
"ရှန်အန်းလမ်းဆုံမှ သိချွမ်သို့၊ ထွက်ခွာချိန် ၃း၄၉။" ပိုင်လော့ဖုန်း အသံကျယ်ကျယ်နှင့် ဖတ်သည်။ "နာမည်က တုရှောင်ရှောင်လား။"
ကလေးမှာ ခေါင်းငြိမ့်ပြသည်။
လက်မှတ်အား ကြည့်ရန် ခြေဖျား ထောက်ထားရသည့် စုချာဆီ ပိုင်လော့ဖုန်း လက်မှတ်အား ကမ်းပေးလိုက်သည်။ "ဘာမှ မထူးခြားဘူး။ လက်မှတ်က အစစ်ကြီး။"
"ဟုတ်တယ်။ NPC တွေ ရထားပေါ် တက်ရင်း ကျန်ခဲ့ပုံပဲ။ ခေါ်သွားပြီး ကူညီပေးလိုက်ကြတာပေါ့။" လူအုပ်ထဲမှ တစ်ဦးသည် သူ့စကားကို ထောက်ခံလာ၏။
အားလုံးကလည်း သဘောတူကြသည်။
ပိုင်လော့ဖုန်း ကလေးကို လက်မှတ် ပြန်ပေးလိုက်ပြီး မီးခိုးရောင်ဆံပင်နှင့်လူမှ ကလေးအား ဆွဲကာ အတူ ဆက်လျှောက်ကြ၏။
ဘူတာရုံသည် အသုံးမပြုသည်မှ ကြာပြီဖြစ်၍ အတွင်း၌ လူမရှိသလို ဘတ်စ်မှတ်တိုင်နှင့် လုံခြုံရေး ကင်းတဲထက်ပင် ပို၍ ညစ်ပတ်နေသည်။ ဖုန်မှုန့်များမှာ လေထဲ၌ပင် လွှင့်နေ၏။
ဘူတာရုံမှာ အတော်ကြီးသည်။ အားလုံး လက်နှင့် ဖုန်များအား ပုတ်ထုတ်ကာ ဓာတ်မီးနှင့် နေရာစုံအား ထိုးကြည့်နေကြ၏။
ထောင့်တစ်နေရာ၌ လက်မှတ် အရောင်းစက် သုံးလုံးရှိနေသည်။
လက်မှတ်အရောင်းစက်များမှာ မဲညစ်နေပြီး ငွေတွက်စက်နေရာ၌ အနီ၊ အစိမ်း၊ အပြာ၊ ခရမ်း စသည့်အရောင်စုံ တစ်မောင်တန် ကြေးရှိ ငွေအထပ်လိုက်အားတွေ့ရသည်။ (ဘာသာပြန်သူ၏မှတ်ချက် - တစ်မောင်သည် ၀.၀၀၀၄၅ ယွမ်သာတန်ကြေးရှိသည့် ရှေးခေတ် တရုတ်ငွေကြေးဖြစ်သည်။)
"စက်ပေါ်မှာ ငွေအထပ်လိုက်ပါလား။ ရူးချင်စရာပဲ။" လူတစ်ယောက်မှာ ငွေစက္ကူများအား ဟာသလုပ်နေ၏။
ပိုင်လော့ဖုန်း စက်အား ခပ်ပြင်းရိုက်ကာ ဖုန်များအား ဖယ်ပစ်သည်။ လေထဲမှ ဖုန်အား ရှုမိကာ သူ ချောင်းထဆိုးတော့သည်။
ရိုက်လိုက်သော်လည်း စက်၏ မျက်နှာပြင်မှာ မဲမှောင်နေဆဲပင်။
ပိုင်လော့ဖုန်း စက်၌ ပိတ်နေသည့် ငွေစက္ကူများအား ဆွဲထုတ်သည်။
စက္ကူများမှာ အလွန်ကြပ်နေပြီ ဖြစ်သော်ငြား အားသုံးပါက ဆွဲထုတ်၍ ရသည်။
ရုပ်တည်နှင့်လူမှ မီးရောင်နှင့် လျှောက်ကြည့်ရင်း ပြသာနာအား သဘောပေါက်သွား၏။ "ပလပ်မထိုးထားဘူး။"
"ဒါတွေ ဖယ်ပြီးတာနဲ့ ပလပ်ထိုးလိုက်။"
ပိုင်လော့ဖုန်း ပြောလာသည်။ "ခဏကိုင်ထား။"
လက်ထဲမှ ဓာတ်မီးအား ဘေးလူဆီ ပေးကာ ငွေစက္ကူများအား ဆွဲထုတ်နေ၏။
ရုပ်တည်နှင့်လူ ပလပ်ထိုးလိုက်သောအခါ စက်သည် ခေတ်ဟောင်း ရုပ်ရှင်များထဲမှ TVကဲ့သို့ တဖျတ်ဖျတ် လက်ပြီးနောက် ပွင့်လာသည်။
မျက်နှာပြင်ပေါ်တွင် အစင်းကြောင်း တစ်ချို့ ဖျတ်ခနဲ ပေါ်ပေါ်လာနေသော်လည်း အဆင်ပြေပြေ အသုံးပြုနိုင်သေး၏။
ပိုင်လော့ဖုန်း မျက်နှာပြင်အား နှိပ်ကာ အနီးဆုံးရှိသည့် ၃း၄၉ ရထားကို ရှာလိုက်သည်။
ထိုရထားမှာ တုရှောင်ရှောင် စီးရမည့် ရထားပင်။
လက်မှတ်ခမှာ ၁၀ ယွမ်ဖြစ်သည်။
ယခုတင် ဆွဲထုတ်ထားသည့် ငွေစက္ကူများအား ပြန်ယူကာ လူ ရေတွက်ကြည့်လိုက်သောအခါ စုစုပေါင်း ကိုးဦးရှိ၏။
စက္ကူများထဲမှ တန်ဖိုးအကြီးဆုံး အနီရောင်အား ရွေးကာ ကိုးဦးစာလက်မှတ် ဖြတ်လိုက်သည်။
စက်မှ လက်မှတ်အား ထုတ်ပေးလာ၏။
လက်မှတ်ရသည်နှင့် အားလုံး ဘူတာရုံထဲ ဝင်ကြသည်။
ပလပ်ပြန်ဖြုတ်ရန် မည်သူမှ သတိမရကြတော့ပေ။
လက်မှတ်ထုတ်ပေးပြီးနောက် စက်၏ မျက်နှာပြင်၌ ငွေချေနေကြောင်းပြနေဆဲပင်။
၎င်းတို့ ဘူတာရုံထဲရောက်ပြီး တံခါးပိတ်လိုက်မှသာ ငွေချေပြီးကြောင်း ပြလာသည်။
(ငွေပေးချေမှု အောင်မြင်သည်)
(သင် ငွေချေထားသည့် ရထားနံပါတ် SW214 သည် ပြန့်ကျယ် လမ်းဆုံမှ ထွက်ခွာမည်)
(ငရဲခရီးစဥ်မှ ကြိုဆိုပါတယ်)