အပိုင်း - ၂ : ဘတ်စ်ကား
မနက်နှစ်နာရီခန့် ၊လီချန်စစ်တစ်ယောက် ကျောပိုးအိတ်အားလွယ်ကာ ဘတ်စ်ကားဂိတ်သို့ရောက်လာသည်။
လီချန်စစ်သည်အသက်လေးဆယ်စွန်းအရွယ် ရွေ့ပြောင်းလုပ်သားဖြစ်သည်။ အသားညိုကာအရေးအကြောင်းများပေါ်နေပြီး အဝတ်အစားများကညိုညစ်နေပြီဖြစ်သည်။ ကျောပေါ်ရှိအိတ်မှာ လွန်ခဲ့သောရက်များက အမှိုက်ပုံမှကောက်ယူထားသည့် အဖာအထေးနှင့်ကျောင်းလွယ်အိတ်ဖြစ်သည်။
ညပိုင်းဖြစ်၍ဘတ်စ်ကားဂိတ်၌ အလင်းဖျော့ဖျော့သာလင်းနေပြီး ကားဂိတ်မှာသစ်လွင်နေဆဲဖြစ်၏။
ဂိတ်ပလက်ဖောင်း၏လက်ရန်းများ၌ ဖုန်များမကပ်နေသလို ဆိုင်းဘုတ်မှာလည်းအသစ်ကျပ်ချွတ်ပင်။ ဂိတ်အမည်များအားရေးထိုးထားသည့် ဆိုင်းဘုတ်ပေါ်၌စာသားအားလုံးက သစ်လွင်နေကာတစ်လုံးမျှပင် မပျက်စီးသေးပေ။
လီချန်စစ်ပလက်ဖောင်းဆီလျှောက်လာသည်။ ပုခုံးများကိုင်းချကာ လက်နှစ်ဖက်အားယှက်လျက် သူခိုးကဲ့သို့တွန့်ဆုတ်တွန့်ဆုတ်လျှောက်ရင်း တင်ပါးအားပလက်ဖောင်းပေါ် အားယူကာနေရာချလိုက်သည်။
ဆောင်းရာသီနှောင်းပိုင်းဖြစ်၍ တင်ပါးနှင့်ပလက်ဖောင်းထိမိသည်နှင့် အင်မတန်အေးစက်နေသည်။ အအေးဓာတ်က တွားသွားသတ္တဝါတစ်ကောင်လို သူ၏သွေးကြောများထဲ တိုးဝင်လာသဖြင့် လီချန်စစ်မိနစ်ဝက်ကြာအောင်ပင် မထိုင်နိုင်ပေ။
ညဥ့်နက်နေပြီဖြစ်၍ အနီးနား၌လူသူမရှိ။ ထိုင်နေရင်းပိုပိုကြောက်ရွံ့လာသဖြင့် လီချန်စစ်ချက်ချင်းထရပ်လိုက်သည်။
ခေါက်တုံ့ခေါက်ပြန်နှစ်ကြိမ်လျှောက်ပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် ချွေးပြန်လာသည်။ အသားမာများတက်ကာ သစ်ကိုင်းခြောက်လိုခြောက်သွေ့နေသည့် လက်အားကိုင်လျက် နှုတ်ခမ်းတင်းတင်းစေ့ကာ စိတ်လေးလံစွာနှင့် အဝေးရှိကားလမ်းမကို မကြာမကြာလှမ်းကြည့်ရာ ကားတစ်စီးမှမရောက်လာသေးပေ။
မြို့၏သက်တမ်းအရင့်ဆုံး ဘတ်စ်နံပါတ် ၁၁၄ အားသူစောင့်နေခြင်းဖြစ်သည်။
ဘတ်စ်ကား ကိုမဆိုထားနှင့်၊ ကားတစ်စီးခန့်ပင် လမ်းပေါ်၌မဖြတ်လာပေ။
သေခြင်းတရားနှင့်ကြုံကြိုက်နေရသလို အရာအားလုံးတိတ်ဆိတ်လွန်းနေသည်။
အကြောက်တရားသည် လီချန်စစ်၏ချွေးပေါက်များမှ တစ်ဆင့် စိမ့်ထွက်လာနေသည်။ သူခေါင်းခါကာအသက်ဝဝရှူလိုက်ပြီး အိတ်ကိုမွှေနှောက်ရှာ၍ ဆဲလ်ဖုန်းအားယူထုတ်လိုက်သည်။
ဖုန်းမှာအတော်ဟောင်းနေပြီး ကြိမ်ဖန်များစွာပြုတ်ကျထားသဖြင့် မျက်နှာပြင်ကအက်ကွဲနေသည်။
ကောင်းကောင်းအလုပ်မလုပ်တော့သည့် ဖုန်းအားဖွင့်ရန်အကြိမ်ရေများစွာ နှိပ်ဖွင့်နေရသည်။
ခြောက်သွေ့နေသောလက်များဖြင့် မျက်နှာပြင်အားပွတ်သပ်လိုက်သောအခါ ကြေမွနေသည့်မျက်နှာပြင်၌ "Wish"အမည်ရ တိုက်ရိုက်ထုတ်လွှင့်သည် အက်ပလီကေးရှင်းတစ်ခုပေါ်လာသည်။
"Wish" အက်ပလီကေးရှင်း၏ အမှတ်အသားပုံမှာ ကြောက်စရာကောင်းအောင်ပြုံးနေရာမှ ပါးစပ်နှင့်မျက်လုံးထောင့်မှ သွေးများစီးကျနေသည့် ပုံဖြစ်သည်။
ထိုအက်ပလီကေးရှင်းသည် လွန်ခဲ့သောလကပင် သူ၏တစ်ပတ်ရစ်ဖုန်းထဲရောက်လာသည့် အရာဖြစ်သည်။
အကြောင်းအရင်းအား သူအသေအချာမသိပေ။ ထိုအက်ပလီကေးရှင်းအား မထိတွေ့မိသလို ကြော်ငြာပင်မတက်လာဖူးသဖြင့် မတော်တဆဒေါင်းလုပ်ခ် ဆွဲမိခြင်းလည်းမဖြစ်နိုင်ချေ။ ဖုန်းအဟောင်းဖြစ်၍ ဗိုင်းရပ်စ်အက်ပလီကေးရှင်းအား ခွင့်ပြုချက်မပါဘဲ ဒေါင်းလုပ်ခ်လုပ်မိသည်ဟုတွေးကာ ဖျက်ရန်ကြိုးစားခဲ့သော်လည်း အက်ပလီကေးရှင်းအား အကြာကြီးဖိနှိပ်ကြည့်ရုံနှင့် မပျက်သွားသလို အက်ပလီကေးရှင်း စီမံခန့်ခွဲမှုအတွင်း ရှာဖွေကြည့်သော်လည်း ဖျက်သည့်ခလုတ်အားမတွေ့ရပေ။
ဖုန်းချွတ်ယွင်းသည်ဟု ချန်စစ်တွေးကာ အချက်အလက်ပြင်ဆင်မှု ပြုလုပ်ခဲ့သော်လည်း ထိုအက်ပလီကေးရှင်းက သူ့ဖုန်းထဲဆက်ရှိနေသည်။
ကြောက်စရာကောင်းသောပုံကြောင့် လီချန်စစ်မနှိပ်ကြည့်ရဲပေ။ အနီးရှိဖုန်းဆိုင်သို့သာသွားကာ နားလည်သူအားစစ်ဆေးကြည့်စေခဲ့သည်။
သို့သော်တစ်ဖက်လူက မည်သည့်အက်ပလီကေးရှင်းကိုမှ မတွေ့ဟုဆိုလာသည်။
လီချန်စစ်ထိုအရာအား အသေအချာညွှန်ပြသော်လည်း တစ်ဖက်လူမမြင်ရပေ။
မိမိကရွေ့ပြောင်းလုပ်သားဖြစ်နေ၍ ထိုလူကလှောင်ပြောင်သည်ဟုတွေးကာ ဒေါသတကြီး ဖုန်းအားပြန်ယူပြီး များစွာသောဖုန်းဆိုင်များအားသွားခဲ့သော်လည်း အားလုံး၏အဖြေများက အတူတူဖြစ်နေ၏။
ဖုန်းဆိုင်ငါးဆိုင်တိတိသွားပြီးနောက် လီချန်စစ်ထိုကိစ္စအား လက်ခံလိုက်ရတော့သည်။
ဖုန်းပေါ်မှ "Wish" အက်ပလီကေးရှင်းအား သူကလွဲ၍ မည်သူကမှမတွေ့ရပေ။
ဖုန်းနှင့်အတူအိမ်သို့ပြန်လာရသည်။ အမှန်တွင်အိမ်ဟုပင်ဆို၍မရ။ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မပြောင်မယောင်အလုပ်သမား တန်းလျား၌သာနေရခြင်းဖြစ်၏။ အခန်းမှာစုတ်ပြတ်လှပြီး စားပွဲပေါ်၌ညစ်ပတ်သော ပန်းကန်ခွက်ယောက်များပြည့်နေသည်။
ထိုနေရာသည်သူ၏ ခဏတာနားခိုရာသာဖြစ်ပြီး သူက အိမ်နှင့်ဝေးနေသည့်လူဖြစ်သည်။
အဆောင်ထဲရောက်သည်နှင့် စီးကရက်အားမီးငြှိပြီးနောက် ဖုန်းအားနာရီဝက်လောက်သူကြည့်နေမိသည်။ စီးကရက်ဖင်စီခံသာကျန်မှ စူးစမ်းကြည့်ရန်ဆုံးဖြတ်လိုက်ပြီး အက်ပလီကေးရှင်းအား သူနှိပ်ချလိုက်သည်။
အက်ပ်အားနှိပ်သည်နှင့် အနက်ရောင်မျက်နှာပြင်ပေါ်လာသည်။
ခဏအကြာအနီရောင် အကြောင်းတစ်ကြောင်းနှင့်အတူ အက်ပ်စတင်ပွင့်လာပြီး နက်မှောင်သောမျက်နှာပြင်၌ အလွတ်ဖြစ်နေသည့် စကားကွက်တစ်ခုပေါ်လာသည်။
ထိုနောက် လက်နှိပ်စက်ရိုက်သကဲ့သို့ စာလုံးများတစ်လုံးချင်းပေါ်လာသည်။
အက်ပ်သည်သူ့အား စကားတစ်လုံးချင်းပြကာ မေးခွန်းထုတ်နေခြင်းပင်။
"အမှန်တကယ် အကောင်အထည်ဖော်ချင်စိတ် ရှိပါသလား။"
ထိုအချိန်ရေသောက်နေသည့် လီချန်စစ်မှာစာကိုတွေ့ပြီးနောက် မလှုပ်မယှက်ငြိမ်နေမိသည်။
အက်ပ်ကစာများဆက်ရိုက်နေဆဲပင်။
"မင်းလိုချင်တာက....."
လေအေးတစ်ချက်အဝေ့တွင် မှတ်ညဏ်များရပ်တန့်သွားပုံရ၏။
လီချန်စစ်အသိပြန်ဝင်သည်နှင့် ခေါင်းတရမ်းရမ်းနှင့် "Wish"အားဖိနှိပ်ကာ ပုဂ္ဂိုလ်ရေးရာနောက်ခံမှတဆင့် စာပိုဒ်ရှိရာဆီဝင်ရောက်သည်။
စာမျက်နှာ၏ထိပ်ဆုံး၌ အကူတိုက်ရိုက်တင်ဆက်သူ(ထုတ်လွှင့်သူ)ဆီမှ စာရောက်ရှိနေသည်။
အမြင်မမှားပေ။ အမှန်ပင်တိုက်ရိုက်တင်ဆက်သူဆီမှဖြစ်သည်။
"Wish"သည် တင်ဆက်သူများအားဖိတ်ခေါ်သည့် အက်ပ်တစ်ခုဖြစ်သည်။
အက်ပ်အတွင်းတင်ဆက်သူအဖြစ် စာရင်းသွင်းထားသည့်ကာလအတွင်း အက်ပ်မှစီစဉ်ထားသည့် သီးသန့်နေရာသို့သွားကာ ကြောက်စရာဂိမ်းများအား လူကိုယ်တိုင်ဝင်ကစား၍ တိုက်ရိုက်ထုတ်လွှင့်ပြီး အမှတ်များအားစုဆောင်းရသည်။ ရလာသည့်အမှတ်များအား ထုတ်လွှင့်သူဌာနရှိ ဆန္ဒအကောင်အထည်ဖော်ရန် လိုအပ်သည်များနှင့်လဲယူနိုင်သည်။
သေပြီးသူအားပြန်အသက်သွင်းခြင်း၊ အချိန်နှင့်နေရာရွေးချယ်၍ အတိတ်သို့သွားခြင်း၊ လူတစ်ဦးအားလက်လွတ်စပယ် သတ်ခြင်းတို့လည်းအကျုံးဝင်သည်။
ထိုဂိမ်းများအားလုံးကို အသက်အားလောင်းကြေးထပ်၍ကစားရမည်။
အသက်ကိုရင်းကာဆော့ရပြီး ဖိုင်သိမ်းဆည်းခြင်းမရှိသဖြင့် ဂိမ်းအတွင်းသေပါက အမှန်တကယ်သေမည်ဖြစ်သည်။
ပေးပို့လာသည့်စာအားတစ်ခါဖတ်ပြီးသော်လည်း လီချန်စစ်နောက်တစ်ကြိမ် ပြန်အတည်ပြုကြည့်သည်။
စာပိုဒ်အားသူနှိပ်လိုက်သည်။
နောက်ခံအမဲရောင်တွင် အဖြူရောင်စာလုံးများပေါ်လာသည်။
(လက်ထောက်တင်ဆက်သူ - ဂုဏ်ပြုပါတယ် တင်ဆက်သူရွေ့ပြောင်းလုပ်သား လီချန်စစ်။ တင်ဆက်သူအဖြစ် အောင်မြင်စွာစာရင်းသွင်းပြီးပါပြီ။ မရဏဂိမ်းက သင့်အား စောင့်ကြိုနေပါပြီ။ တင်ဆက်သူအသိအမှတ်ပြုအဆင့်အား နိုဝင်ဘာလ ၂၁ ရက် ၂၀ - - ၌ဖွင့်လှစ်မည်။ ဂိမ်းအတွင်းဝင်ရောက်ရန် အောက်ပါလျှို့ဝှက်နည်းအားအသုံးပြုပါ။ အချိန်ကိုမဖြုန်းမိပါစေနဲ့။)
(ဝင်ရောက်ရန်နည်းလမ်း - X မြို့သို့သွားကာ အများသုံးသယ်ယူပို့ဆောင်ရေးယာဥ် အသုံးပြု၍ နိုဝင်ဘာလ ၂၁ ရက်ညနေဖက်၌ အနီးဆုံး ရထားဘူတာ ၁၁၄ သို့သွားပြီး ၂း၁၂ ဘတ်စ်ပေါ်တက်ပါ။ လမ်းဆုံးကိုရောက်ပါက လမ်းညွှန်အတိုင်း "Wish"ကမ္ဘာအတွင်း ဝင်ရောက်နိုင်ပါပြီ။)
(မှတ်ချက် - ဗုဒ္ဓရုပ်ပွားတော်၊ ကျောက်စိမ်းဘုရားဆင်းတု၊ အစောင့်နတ်ဘုရားများ၊ မြေခွေးနတ်ဘုရား၊ ဗုဒ္ဓပန်းချီကားချပ်များနှင့် ဘေးကင်းရန်အတွက် အဆောင်လက်ဝတ်ရတနာများ မယူဆောင်ရပါ။ သို့မဟုတ်ပါက သံလိုက်စက်ကွင်းအပေါ်သက်ရောက်ကာ ဘတ်စ်ကားစီးခွင့်ရမည်မဟုတ်ပေ။)
(သတ်မှတ်ချိန်အတွင်းမဝင်ရောက်ပါက သင်၏စာရင်းသွင်းမှု အထမမြောက်ပါ။ သက်ဆိုင်ရာအကောင့်အတွင်းရှိ "Wish" အက်ပ်သည် သတ်မှတ်ချိန်ရောက်သည်နှင့် ရပ်တန့်သွားပြီး ဝင်ရောက်ခွင့်အားထာဝရပိတ်မည်။)
(Wish မှဝန်ထမ်းများအားလုံးကိုယ်စား သင့်ကိုစောင့်ကြိုလျက်။ မွ...)
လီချန်စစ်စိတ်အခြေအနေမကောင်းတော့ချေ။
ဖုန်းအားချကာဘတ်စ်ကားမှတ်တိုင်ဆီ သူလျှောက်လာမိသည်။
သူ့ခေါင်းထက်ရှိအလင်းရောင်နှင့် ဘတ်စ်ကားဆိုင်းဘုတ်မှာ လင်းထိန်နေသော်လည်း သဲသဲကွဲကွဲမရှိလှ။ လီချန်စစ်မျက်လုံးမှေးကာ လက်နှစ်ဖက်မြှောက်၍ ဆိုင်းဘုတ်အထက်ပိုင်းအားပိတ်ကာလိုက်ပြီး မှိန်ဖျော့ဖျော့စာလုံးများအား ခွဲခြမ်းစိတ်ဖြာရသည်။
ဘတ်စ် ၁၄၄ အားပိန်လှီသည့် လက်များနှင့်ထောက်ကြည့်သောအခါ နောက်ဆုံးဘတ်စ်သည် ၂၂း၃၄ ၌ထွက်ကြောင်းရေးထားသည်။
၂း၃၀ ထွက်သည့်ဘတ်စ်ကား ရှိများရှိပါ့မလား။
သူအင်မတန်စိတ်လှုပ်ရှားနေသော်လည်း အက်ပ်မှကမ်းလှမ်းလာသည့် ဆန္ဒအကြောင်းတွေးကာ နောက်ပြန်မလှည့်ချင်မိပေ။ လက်ဖဝါးနှစ်ဖက်ကိုသာပွတ်ကာ ဘတ်စ်အလာကိုစောင့်နေမိသည်။
အချိန်တရွေ့ရွေ့ကုန်ဆုံးကာ ၂း၃၀ အရောက်၌ ၁၁၄ ဘတ်စ်ရောက်လာသည်။
ဘတ်စ်ရောက်လာသောအခါ လီချန်စစ်ခမျာ ပေါက်ထွက်မတတ် ခေါင်းနပန်းကြီးလာတော့သည်။
ဘတ်စ် ၁၁၄ သည်လီချန်စစ် နေ့ဖက်တွေ့နေကျဘတ်စ်နှင့် လားလားမျှမတူပေ။
၂း၃၁ ထွက်ဘတ်စ် ၁၁၄သည် နက်မှောင်ဟောင်းနွမ်းလွန်းနေပြီး သွေးကွက်ကြီးများစွန်းပေနေသည်။ တွားနေသည့်လိပ်တစ်ကောင်လို တလှုပ်လှုပ်နှင့်လာနေ၏။ အရှေ့ရှိမီးဆင်ထားသည့် ၁၁၄ ဟူသည့်နံပါတ်ပြားမှာ ပြုတ်ကျတော့မယောင်နှင့် တွန့်လိမ်၊ကြေမွကာသံချေးတက်နေသည်။
ကြောက်စရာအငွေ့အသက်များနှင့် တစ္ဆေဘတ်စ်ကားက တဖြည်းဖြည်းသူ့ရှေ့လာရပ်သည်။ တဂျစ်ဂျစ်အသံများနှင့်အတူ တံခါးပေါက်များပွင့်လာသည်။
လီချန်စစ်၏ဦးရေပြားထုံနေပြီဖြစ်၏။
ဘတ်စ်အတွင်းဖက်မှာမှောင်ပိတ်နေသည်။
ဆန္ဒကိုရှေ့တန်းတင် အံကိုကြိတ်လျက် သူဘတ်စ်ပေါ်တက်လိုက်သည်။
၂း၃၀ နောက်ပိုင်းဖြစ်၍ အပြင်ဖက်၌မှောင်နေသလို ဘတ်စ်အတွင်း၌လည်းမီးမလင်းနေပေ။ မသဲကွဲသော်လည်း ပလက်ဖောင်းမှမီးရောင်ကြောင့် အတွင်းပိုင်းကိုပုံဖော်၍ရသည်။
ဘတ်စ်ပေါ်လူငါးဦးရှိနေသည်။
အပြင်ဖက်အတိုင်း ဘတ်စ်အတွင်းဖက်၌လည်း သံချေးတက်နေသည်။ ပြတင်းပေါက်များက ဖုန်အထပ်ထပ်နှင့်ပင်။ အတွင်းဖက်တစ်နေရာမှ တစ်ခုခုကျဆင်းနေသလို တစက်စက်ကျသံများအားသူကြားနေရသည်။ လေထုထဲသတ္တုနှင့် သံချေးနံ့သာရသည်။ ဖုန်မှုန့်များဆီမှသွေးညှီနံ့ရနေသဖြင့် ထိုတစက်စက်ကျနေသည့်အရာသည် ကောင်းသည့်အရာမဟုတ်မှန်း လီချန်စစ်ခန့်မှန်းမိသည်။
သူတက်ရောက်ပြီးနောက် ကျောဖက်မှတံခါးသည် ကြိမ်ရေများစွာတုန်ခါပြီးမှ ဖြည်းညှင်းစွာပိတ်သွားသည်။
ဘတ်စ်အတွင်းပိုင်းမှာငြိမ်သက်လွန်းနေသည်။
(နောက်မှတ်တိုင် သုသာန်။)
(ဆင်းရန်ပြင်ဆင်ပါ...နောက်မှတ်တိုင် သုသာန်။)
ဘန်း...
တံခါးကကျယ်လောင်သည့်အသံနှင့် စေ့ပိတ်သွားသည်။ လီချန်စစ်ထိတ်လန့်သွားသည်။ နံရိုးအားပိတ်ကန်ခံရသလို သူထခုန်မိမတတ်လန့်မိသည်။
ဘတ်စ်ကားအိုကြီးသည် တဂျစ်ဂျစ်မြည်ရင်း တုန်ရီနှေးကွေးစွာနှင့် ထွက်ခွာသည်။
လီချန်စစ်ဖုန်းအား တင်းတင်းဆုပ်ထားမိသည်။
အတွင်းပိုင်းအားလေ့လာသောအခါ ယာဥ်မောင်း၏နံဘေးရှိ အကြွေစေ့သေတ္တာတစ်လုံးရှိနေသည်။ လီချန်စစ်အိတ်ထဲမှ အကြွေနှစ်စေ့ထုတ်ကာ သေတ္တာထဲထည့်လိုက်သည်။
ငွေချေပြီးနောက်သတ္တိမွေးကာ ယာဥ်မောင်းနေရာအားကြည့်သည်။ ယာဥ်မောင်းကပိန်လှီရှုံ့တွနေပြီး အများသုံးဘတ်စ်ကားယူနီဖောင်းကို ၀တ်ဆင်ထားသည်။ ခမောက်ဆောင်းထားပြီး မျက်နှာသာမက တစ်ကိုယ်လုံးအားဖုံးအုပ်ထားသည်။
လီချန်စစ်အလွန်စိတ်လှုပ်ရှားနေသည်။ ပါးစပ်ဟလိုက်သော်လည်း စကားပြောမိပါက ပြသာနာတက်မလားဟု တွေးနေမိ၏။ ထိုကြောင့်ပါးစပ်ပြန်ပိတ်ကာ ဘတ်စ်အတွင်းသို့လျှောက်လာခဲ့သည်။
ဘတ်စ်ပေါ်၌မီးရောင်မရှိချေ။ အမှောင်ထဲဖြတ်ရင်း ယာဥ်မောင်းနှင့်ဝေးရာ အနောက်တံခါးအနီး၌ နေရာယူလိုက်သည်။ လက်ကိုင်အားဖိကိုင်ရင်း သူဂရုတစိုက်ထိုင်ချလိုက်သည်။
ဘေးဘီအားလေ့လာကြည့်သောအခါ...
သူ့ထက်ဦးစွာရောက်နေသူငါးဦးက ဘယ်ညာအသီးသီး၌နေရာယူထားကြသည်။ အားလုံးကအနောက်တံခါး အနီး၌သာထိုင်နေကြသည်။ တစ်စုံတစ်ရာမှားယွင်းမှုကြုံလာပါက ထိုနေရာကထွက်ပြေးရန်လွယ်သည်ဟု အားလုံးကယူဆထားကြလေသလား အတပ်တော့မပြောနိုင်ပေ။
လီချန်စစ်လက်တန်းအား မလွှတ်စတမ်းဆုပ်ကိုင်ထား၏။
ထိုလူငါးဦးအား သူအကဲခတ်ကြည့်သည်။ ဆောင်းဦးနှောင်းပိုင်းဖြစ်၍ အားလုံးကထူထဲစွာဝတ်စားထားကြသဖြင့် မျက်နှာများအားရှင်းရှင်းလင်းလင်းမတွေ့ရပေ။
မည်သူမှစကားမပြောကြဘဲ အားလုံးကပြတင်းအပြင်ကိုသာကြည့်နေကြသည်။
မိနစ်အနည်းငယ်အကြာ၌ ဘတ်စ်ရပ်သွားသည်။
သုသာန်မှတ်တိုင်တွင် ငွေရောင်ပုံရိပ်တစ်ခု ပလက်ဖောင်းရှိခုံရှည်၌ထိုင်နေ၏။
ထိုလူကဖုန်းကိုကြည့်နေသည်။
သူ၏ဖုန်းမျက်နှာပြင်၌ အဖြူအပြာစင်းကြား ကျောင်းဝတ်စုံနှင့် ကောင်လေးပုံသာရှိသည်။
ကားရပ်သည်နှင့်သူက ဖုန်းကိုပိတ်ကာ ထရပ်သည်။
ဘတ်စ်တံခါးများပြန်ပွင့်သွားပြီး ငွေရောင်ပုံရိပ်ကတက်လာသည်။
လူငယ်ကပိန်သည်။ ပိန်လွန်း၍သူဝတ်ထားသည့် လေကာအင်္ကျီကပင်သူ၏ ပါးလှပ်လှပ်ပုံရိပ်အားမဖုံးကွယ်ပေးနိုင်ပေ။ အဖြူရောင်ဆံပင်များကြောင့် အမှောင်ထဲလူငယ်ကထင်းထွက်နေသည်။ အမှောင်ထုထဲအထင်ရှားဆုံးမှာ သူ့နားရွက်ပေါ်မှငွေရောင် နားကပ်နှစ်ဖက်ဖြစ်သည်။
အဖြူရောင်၏အလင်းပြန်သတ္တိကြောင့်လား၊ အဘယ်ကြောင့်မသေချာသော်လည်း အမှောင်ထဲမှထိုလူ၏မျက်နှာအား လီချန်စစ်ရှင်းလင်းစွာမြင်နေရသည်။
အမျိုးသားဟုသမုတ်ခြင်းထက် အသက် ၂၀ အရွယ်ကောင်လေးတစ်ဦးဟုခေါ်ရမည်။
ထိုကောင်လေးအင်မတန်ချောသည်။ ချောလွန်း၍ ထိတ်လန့်စရာရုပ်ရှင်တစ်ခုလို အချိန်မရွေးခြောက်ခြားစရာများ ပေါ်လာနိုင်သည့်အနေအထားမှာပင် လီချန်စစ်ကြောင်အနေပြီး ကြောက်ရန်မေ့နေခဲ့သည်။
ထိုကောင်လေး၌ကြွေလိုဖြူလွှသော အသားအရည်နှင့် ထောင့်စွန်းများအောက်သို့ ညွှတ်ကွေးသွားသည့် မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများရှိသည်။ ဘယ်မျက်လုံးအောက်တွင် မျက်ရည်ခံမှဲ့ဟုထင်ရသည့် လှပသောအမှတ်အသားရှိသည်။ ခံစားချက်မဲ့သောသူ၏မျက်နှာနှင့် မြူဆိုင်းနေသောမျက်လုံးများက မူးရစ်ရီဝေသည့်အကြည့်အားပေးစွမ်းသည်။
မျက်တောင်များအလွန်ရှည်သည်။ အောက်မျက်တောင်များပင် ကျီးကန်းအမွှေးကဲ့သို့ ထူထဲနက်မှောင်နေသည်။ မျက်ခုံးများကမျက်လုံးများနှင့် အနည်းငယ်ပိုဝေးကွာနေပြီး အေးစက်သော အသွင်အပြင်ကိုဖန်တီးပေးသည်။ နှာတံမှာတောင်တန်းတစ်ခုလိုမြင့်မားပြီး နှုတ်ခမ်းပါးပါးများရှိသည်။ နှုတ်ခမ်းများကသွေးမရှိသလို ဖျော့တော့နေပြီး ထိုလူငယ်လည်းကြောက်နေပုံရ၏။
မငြင်းနိုင်လောက်အောင်လှသည်။
လှချက်မှာ ယခုလိုစက်ဆုပ်စရာ နေရာနှင့်လာလားမှမဆိုင်သော အမြင်အာရုံမှပုံဖော်လိုက်သည့် ဇာတ်ကောင်တစ်ဦးနှင့်ပင်တူသည်။
လူငယ်ကအကြွေနှစ်စေ့ကိုင်ကာ ယာဥ်မောင်းနံဘေးကသေတ္တာထဲထည့်သည်။ ချွင်ခနဲအသံမှာဘတ်စ်ထဲ မြည်ဟီးသွားပြီးနောက် လူငယ်ကအတွင်းသို့လျှောက်လာသည်။
နေရာအားစူးစမ်းနေရင်း သူ့မျက်လုံးများက လက်ကိုင်အားအထိတ်တလန့် ဆုပ်ကိုင်ထားသည့် လီချန်စစ်နှင့်လာတိုးသည်။
လူငယ်ကသူ့အားခပ်ဖွဖွပြုံးပြလာသည်။
လူငယ်သည်မူလကပင် များစွာကြည့်ကောင်းနေ၍ ပြုံးလိုက်ပါကအရှုံးပေးရလောက်သည်။
လီချန်စစ်၏ဘဝတွင် ပထမဆုံးအနေနှင့် 'ဒီကောင်စောက်ရမ်းလှတယ်'ဟု တွေးမိသည့်အခိုက်အတန့်ဖြစ်သည်။
လီချန်စစ်သူ့အားခေါင်းပြန်ညိမ့်ပြလိုက်သည်။
လူငယ်ကသူ့အရှေ့တန်း၌ဝင်ထိုင်သည်။ သူ့တွင်အိတ်တစ်လုံးပါလာပြီး လူငယ်ကအိတ်ကိုချွတ်ကာ နံဘေးခုံ၌တင်၍ လီချန်စစ်ဖက်လှည့်လာသည်။
"မင်္ဂလာပါ။" လူငယ်ကသူ့အားယဥ်ကျေးစွာနှုတ်ဆက်လာသည်။
လီချန်စစ်အလန့်တကြားနှင့် "မင်္ဂလာပါ၊မင်္ဂလာပါ။" ဟုပြန်နှုတ်ဆက်သည်။
"ပိုင်လော့ဖုန်းပါ။" လူငယ်ကလက်အားရှေ့ထုတ်ကာ မိတ်ဆက်လာသည်။
"လီချန်စစ်၊လီချန်စစ်" လီချန်စစ်က လက်အားကပြာကယာကမ်းလိုက်သည်။ တစ်ဖက်လူစိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ လက်အားဖိမကိုင်ရဲဘဲ ပိုင်လော့ဖုန်း၏လက်ချောင်းများကို ထိရုံသာလှုပ်ကိုင်မိသည်။
ပိုင်လော့ဖုန်းကပြုံးသည်။ လီချန်စစ်လက်ပြန်ရုတ်မည့်အချိန်၌ လူငယ်ကတိုးလာပြီး လက်ဖဝါးနှစ်ခုအားဖိအား တင်းတင်းဆုပ်ကိုင်ပြီးမှ လွတ်ပေးလာသည်။
လီချန်စစ်အနည်းငယ်ကြောင်သွားပြီး ရှက်ရှက်နှင့်ရယ်မိသည်။
လက်များရုတ်ပြီးသည်နှင့် ပိုင်လော့ဖုန်းကဂရုတစိုက်မေးလာသည်။ "တိုက်ရိုက်ထုတ်လွှင့်သူပဲလား။"
"ဟုတ်တယ်။ ဒီအက်ပ်ကနေစာရင်းသွင်းပြီး ဖိတ်လို့လာခဲ့တာ။" လီချန်စစ်ပြန်ဖြေသည်။ "မင်းရောပဲလား။"
"အင်း၊ ကျွန်တော်ရောပဲ။ ဒီဘတ်စ်ပေါ်ရောက်နေကြတဲ့ အားလုံးလည်းအတူတူပဲထင်တယ်။ အဲ့လိုမထင်ဘူးလား။"
"ဖြစ်နိုင်ပါတယ်။" လီချန်စစ်ဘေးဘီကြည့်လိုက်သည်။ "ဒါဆိုဒီကလူတွေလည်းပဲ...ဟေးညီလေး...မင်းလည်းတိုက်ရိုက်ထုတ်လွှင့်သူပဲလား။"
လီချန်စစ်က သက်ကြီးရွယ်အိုများ၊ အားနည်းသူ၊ နာမကျန်းသူ၊ မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင်များအတွက် သတ်မှတ်ထားသည့် ဦးစားပေးခုံ၌ တင်ပျဉ်ခွေထိုင်နေသည့် လူအားလှမ်းမေးလိုက်သည်။
ထိုလူကခေါင်းစွပ်အင်္ကျီနှင့် ဘောင်းဘီရှည်အားတစ်ကိုယ်လုံး ဖုံးအောင်ဝတ်ထားပြီး မလှုပ်မယှက်နေကာ ပြန်မတုံ့ပြန်ပေ။
ဘာမှပြန်မပြောသဖြင့် လီချန်စစ်အနည်းငယ် စိတ်ခုသွားသည်။ ခြောက်ကပ်စွာရယ်လျက် "နားကြပ်တပ်ထားလို့များလား။" ဟုရေရွတ်လိုက်သည်။
ပိုင်လော့ဖုန်းကဘာမှမပြောလာပေ။
မျက်လုံးကိုသာမှေးကာ သက်ကြီးရွယ်အိုနှင့်မသန်စွမ်းသူခုံ၌ထိုင်နေသော မလှုပ်မယှက်လူအားကြည့်နေသည်။
စာရေးသူမှတ်ချက်
လီ - ငါဘာမြင်လိုက်တာလဲ။ အလှတရားလား။
ဖုန်း - အဓိကဇာတ်ကောင်ရဲ့ အရောင်အဝါလေ။