no

Font
Theme

အပိုင်း ၂၀ - ဖြတ်သန်းနေသောရထား (အပိုင်း ၁၂)

ဝိုင်ယာကြိုးနှစ်ချောင်းကို သော့ခလောက်ထဲ ထည့်ကာမွှေသောအခါ တချွင်ချွင်မြည်သံများ မပြတ်ကြားရတော့သည်။ အနောက်တွင်ရပ်ကာ ဓာတ်မီးကိုင်ထားသည့် ရှစ်ယွမ်မှာ လက်မတုန်သွားစေရန် မလှုပ်မယှက်ရပ်နေ၏။

"ဘယ်လိုလဲ၊ပွင့်ပါ့မလား။"

"စကားမပြောနဲ့။" ကျန်းမုန့်ရီက သော့ခလောက်အနားကပ်ကာ အတွင်းမှ စက်ယန္တရားများကို မမှိတ်မသုန် ကြည့်နေသည်။

ရှစ်ယွမ်က စကားဆက်မပြောတော့။

မိနစ်အနည်းငယ်ကြာအောင် ကလိပြီးသောအခါ စပယ်ယာခန်း၏ သော့ခလောက်ဆီမှ ချောက်ခနဲအသံ ထွက်လာပြီး တံခါးမှာ ဟသည်ဆိုရုံလေး ပွင့်လာ၏။

စုချာက ဝမ်းသာအားရနှင့် "ပွင့်သွားပြီ၊ အရာရှိကျန်း အတော်ဆုံး။" ဟု ကပ်တိုးလေးချီးကျူးသည်။

"မြှောက်မနေနဲ့။" ကျန်းမုန့်ရီက နဖူးမှချွေးများကိုသုတ်ပစ်ရင်း တံခါးဖွင့်ကာထရပ်၍ ဘောင်းဘီမှဖုန်များအား ခါပစ်လိုက်၏။ "ဒါမျိုးတွေမလုပ်ဖြစ်တာ နှစ်နဲ့ချီနေပြီ။"

သူတို့အားလုံး စပယ်ယာအခန်းထဲ ဝင်ကြပြီးနောက် ရှစ်ယွမ်က ဂရုတစိုက်နှင့် တံခါးကို တိတ်တိတ်ကလေး ပိတ်လိုက်သည်။

စပယ်ယာခန်းအတွင်း၌ မှောင်နေသော်လည်း စားပွဲပေါ်ရှိ ရေနံဆီမီးအိမ် တစ်လုံးရှိသဖြင့် အခန်းတွင်း၌ ပယင်းရောင်တောက်ပနေ၏။ သရဲရထား တစ်ခုလုံးပေါ်၌ ထိုအခန်းငယ်လေးကသာ အလင်းရောင်ရှိပြီး ပုံမှန်နှင့် မတူသည့် လူသားဆန်မှုနှင့် နွေးထွေးမှုအား ပေးစွမ်းနိုင်သည်။

အခန်းထဲ၌ ပရိဘောဂ များများစားစားမရှိ။ မျက်စိထဲထင်းနေသည့် အရာမှာ နံရံ၌ကပ်ထားသော လေးထောင့်ပုံစံ သံဘောင်ကြီးပင်။ ထိုသံဘောင်ကြီးပေါ်၌ ရထားခေါင်းလောင်းများ ချိတ်ဆွဲထားပြီး ခေါင်းလောင်းတစ်ခုစီ၏အောက်တွင် ခေါင်းလောင်းမြည်တိုင်း မီးလင်းတတ်သည့် မီးလုံးငယ်များရှိသည်။ ခေါင်းလောင်းတစ်ခုစီတွင် ကြိုးတစ်ချောင်းစီရှိ၍ ထိုကြိုးများအားလုံးကို အောက်ဖက်ရှိစားပွဲနှင့် ချိတ်ဆက်ထား၏။

စားပွဲပေါ်၌ မိုက်တစ်လုံးနှင့် ရထားကိုထိန်းချုပ်သည့် အနီ၊အစိမ်းနှင့် အပြာရောင် ခလုတ်သုံးခုရှိသည်။

ထိုစက်ကိရိယာများမှလွဲပြီး အခန်းထဲ၌ သစ်သားစားပွဲငယ်နှင့် စာအုပ်အပြည့် ထည့်ထားသော စာအုပ်စင်တစ်စင်သာရှိ၏။

စုချာက စာအုပ်စင်ဆီတန်းသွားသည်။ "ဝိုး၊ စာအုပ်တွေအများကြီးပဲ။"

စပယ်ယာခန်း အတွင်းမှာပင် နောက်ထပ်တံခါး တစ်ချပ်ရှိနေ၏။ ရှစ်ယွမ် ထိုတံခါးဆီသွားကာ တံခါးလက်ကိုင်ဘုအား လှည့်ကြည့်သောအခါ တံခါးသည် အလွယ်တကူ ပွင့်သွားသည်။

"ဒါယာဥ်မောင်းခန်းလား။" အခန်းအတွင်းပိုင်းကိုကြည့်ကာ ရှစ်ယွမ်ကသူ့ဘာသာ ရေရွတ်လိုက်၏။

အားလုံးတံခါးဝသို့ စုလာပြီး စပ်စုကြသောအခါ အမှန်ပင် ယာဥ်မောင်းခန်း ဖြစ်သည်ကိုတွေ့ရသည်။ အတွင်းဖက်တွင် ပြတင်းပေါက်ကြီးနှစ်ပေါက်နှင့်  ကုလားထိုင်တစ်လုံး၊ ထိုင်ခုံ၏ရှေ့၌ ဒိုင်ခွက်များစွာပါသည့် ဘောင်နှင့် အတော်လေးဟောင်းနွမ်း နေပြီဖြစ်သော

ထိန်းချုပ်ခလုတ်တစ်ခုရှိ၏။ ရထားသံ ဂျုံးဂျုံးဂျက်ဂျက်နှင့်အတူ ဒိုင်ခွက်များရှိ လက်တံများက ရှေ့နောက်ပြေးနေကြသည်။

ပြတင်းပေါက်များမှတဆင့် အပြင်ဖက်ရှိ  နှင်းများဖုံးနေသော လွင်ပြင်ကျယ်အား မျက်စိတဆုံး တွေ့နေရ၏။ သံလမ်း၏ တစ်ဖက်တစ်ချက်စီ၌ တောင်နံရံများရှိပြီး ၎င်းတို့၏ တခြားတစ်ဖက်၌ ချောက်ကမ်းပါးများ ရှိနေပြီး အဝေး၌ နှင်းဖုံးနေသည့် တောင်တန်းကြီးများသာ ဝိုင်းရံထားသည်။ ကောင်းကင်က မဲမှောင်ကာ တိမ်များအုံ့ဆိုင်းနေပြီး လေပြင်းနှင့်အတူ ပါလာသည့်နှင်းပွင့်များက ရထား၏ ရာသီဥတုဒဏ်ကြောင့် အတော်ပျက်စီးနေပြီဖြစ်သည့် ပြတင်းပေါက်မှန်များအား လာရိုက်ခတ်နေ၏။

ရာသီဥတု အလွန်ဆိုးဝါး၍ တောင်ကြားရှိ ရထားသံလမ်းမှာ မညီညာလှပေ။ ရထားသည် အကြမ်းပတမ်း တုန်ခါနေပြီး ယာဥ်မောင်းခန်းတွင် ထိုတုန်ခါမှုက ပို၍ပြင်းထန်သည်။

တုန်ခါမှုဒဏ်ကြောင့် တံခါးဘောင်ကို ဆုပ်ကိုင်ထားရသည့် ရှစ်ယွမ်၏လက်များပင် ထုံကျင်နေပြီဖြစ်၏။ သူကတံခါးကို ပိတ်ပစ်လိုက်ပြီး "ကြောက်စရာကြီး၊ မကြည့်တာကောင်းမယ်။"ဟုပြောလာသည်။

စုချာကသူ့အား လက်မထောင်ပြလာ၏။ "သိပ်ကောင်းတဲ့အကြံပဲ။"

"ဒါပေမယ့် ယာဥ်မောင်းခန်းကနေ အပြင်ကိုမြင်ရတယ်မလား။" တီရှပ်ပြောင်နှင့် ကောင်မလေးကမေးလာသည်။ "ခရီးသည်ခန်းကကျ ဘာလို့အပြင်ကို မမြင်ရတာလဲ။"

"ဘယ်သိမလဲ။ နောက်မှပိုင်လော့ဖုန်း ကနေတဆင့် သူ့ယောကျာ်းကိုမေးခိုင်းလိုက်။ ဒီကိစ္စကို အသာထား၊ လာရင်းကိစ္စကို အရင်လုပ်ကြမယ်။ ဒါနဲ့ငါတို့ ဘာအတွက်လာကြတာလဲ။"

"ရထားအကြောင်း အသေးစိတ်အချက်အလက်။" ၎င်းတို့နောက်မှ ကျန်းမုန့်ရီ၏အသံ ပေါ်လာသည်။

အားလုံးလှည့်ကြည့် ကြသောအခါသူသည် စာအုပ်စင်ရှေ့ရပ်နေပြီး လက်တစ်ဖက်ကို တင်ပါးပေါ်ထောက်ထားပြီး နောက်တစ်ဖက်က ဓာတ်မီးကိုင်ကာ စာအုပ်များကို ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။ စပယ်ယာ၌ စာအုပ်အတော်များများ ရှိသည်ဟုဆိုရမည်။

"ရှာရမလွယ်ဘူး။ စာအုပ်စောင်းမှာ နာမည်မရေးထားတော့ အားလုံးယူချပြီး တစ်အုပ်ချင်းဆီ အဖုံးကိုဖတ်မှရမယ်။" ကျန်းမုန့်ရီက ဘေးမှသစ်သားစားပွဲဆီ ဓာတ်မီးကိုရွေ့လိုက်သည်။

စားပွဲပေါ်၌ စာအုပ်တစ်ချို့ပွင့်နေပြီး စပယ်ယာသည် အပြင်မထွက်ခင်က တစ်ခုခုဖတ်နေခဲ့ပုံရ၏။

"ဒီစာအုပ်တွေလည်း နာမည်မပါဘူး။ အဖုံးကိုလှန်ကြည့်ရမယ်။ ဒီတိုင်းရပ်မနေကြနဲ့။ လာကူကြဦး။ ပိုင်လော့ဖုန်း အခြေအနေ ကောင်းမကောင်း ငါတို့မသိနိုင်ဘူး။ သူ့ယောက်ျားက စိတ်ရှည်မယ့်ပုံမပေါက်ဘူးကွ။"

ကျန်သုံးယောက်က သူ့ဆီအမြန်ရောက်လာကြသည်။ ထို့နောက်လူခွဲကာ စာအုင်စင်၌ ရှိသမျှ စာအုပ်အားလုံးကို အမြန်အဆန် လှန်လှောကြည့်နေကြ၏။

ထိုအချိန်၌ သူ့အခန်းထဲတွင် ယင်ကောင်လေးကောင် အလုပ်များနေသည်ကို မသိသေးသည့် စပယ်ယာက တတိယတွဲ၌ ခြေချိတ်ထိုင်နေဆဲပင်။

"ဒါတွေအားလုံးကို ဘာသဘောနဲ့ ပြောပြနေတာလဲ။ ငါဘယ်သူ့ရဲ့ အတ္ထုပ္ပတ္တိ မှ သိချင်စိတ်မရှိဘူး။ လိုရင်းကိုတိုက်ရိုက်ပြော။"

"မင်းကရော ဘာကိုကြားချင်တာလဲ။" ပိုင်လော့ဖုန်းက ပြန်မေးသည်။

"ဟ၊ ငါကဘာကြားချင်ရမှာလဲ။ ငါမေးတာပဲဖြေ။"

"ငါလည်းမင်းကို မေးချင်တာပေါ့။ မင်းငါ့ကို သတ်ချင်နေတာမလား။"

စပယ်ယာ၏ အပြုအမူများက သိသိသာသာ တောင့်တင်းသွား၏။

ပိုင်လော့ဖုန်းက ဆက်ပြောလာသည်။ "ဘာလို့ ဒီမှာထိုင်ပြီး ငါပြောတာတွေ နားထောင်နေသေးတာလဲ။"

ဘာလို့လဲ။ ကောင်းလိုက်တဲ့မေးခွန်း။

စပယ်ယာသည် ထိုမေးခွန်းကို သူ့ကိုယ်သူပြန်မေးသော်လည်း အဖြေမထွက်လာပေ။

ထိုတစ်ပိုင်းတစ်စ မှတ်ညဏ်အစုတ်အပြတ်များကြောင့်လား။ ပိုင်လော့ဖုန်းကို ပထမဆုံးအကြိမ် တွေ့လိုက်ရစဥ်က ခံစားရသည့် သူနားမလည်နိုင်သော ရင်းနှီးကျွမ်းဝင်မှုကြောင့်လား။ ပိုင်လော့ဖုန်းအားသတ်ရန် ကြိုးစားစဥ်က သူ့ကိုယ်ပိုင်လက်များက သူ့အမိန့်ကို မနာခံခဲ့၍လား။ ထိုအချက်များ အားလုံးထဲမှ အတိကျဆုံးအဖြေအား သူရွေးထုတ်သော်လည်း တိကျသည့်အဖြေမထွက်လာ။ ထိုအချက်များ အားလုံးက အဖြေဖြစ်နေနိုင်သည်။

ပိုင်လော့ဖုန်းက သူ့အားကြည့်နေဆဲပင်။

နောက်ဆုံး၌ စပယ်ယာက ပြန်ပြောလာသည်။ "တလွဲတွေးမနေနဲ့။ ငါမင်းကိုလည်ပင်းညှစ်သတ်ချင်နေတုန်းပဲ။ အခုချက်ချင်းသာ မလုပ်နိုင်သေးတာ။"

ပိုင်လော့ဖုန်း အကြည့်လွဲသွားသော်လည်း ဘာမှမပြောလာသလို မျက်နှာအမူအရာလည်း များများစားစား မပြောင်းလဲသွားပေ။ သို့သော် ထိုသေးငယ်လှသည့် ပြောင်းလဲမှုကနေ စိတ်ပျက်မှုအား သူအာရုံခံမိသည်။

ဘာကြောင့်မှန်းမသိ သူ့ကိုယ်တွင်းမှ စူးနက်စွာနာကျင်လာ၏။ နာကျင်မှက သူ့အားအစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲစေမတတ်ပင်။

ထိုအချက်အား သူလက်မခံနိုင်ပေ။ မည်သူကမှ သူ့အား ထိန်းချုပ် နိုင်ခြင်းမျိုးမကြုံခဲ့ဖူးဘဲ အဘယ်ကြောင့် အကြည့်လွဲသွားရုံလေးနှင့် သူ့အပေါ် ယခုလောက်အထိ သက်ရောက်မှုရှိနေရသနည်း။

"ငါမင်းကို သတ်လိုက်သင့်မယ်။ ဒါမှပြဿနာအားလုံးအေးမှာ။"

ထိုစကားလုံးများသည် ပိုင်လော့ဖုန်းအား ချောက်ကမ်းပါးထဲ ပြုတ်ကျသလို ခံစားရစေ၏။ သို့သော် သူ့အမူအရာက လုံးဝမပျက်သွားချေ။ စပယ်ယာအား တစ်ချက်သာကြည့်ကာ ခေါင်းပြန်ငုံ့သွား၏။ ထို့နောက် ထိုင်ခုံအားမှီလိုက်ပြီး အဝေးသို့ မျက်နှာလွဲ၍ သူ့ဖက်ကိုလုံးဝ မကြည့်လာတော့ပေ။

လက်ကိုပိုက်ကာ ပြတင်းအပြင်ကိုသာ ငေးနေလေသည်။

လက်ပိုက်ထားခြင်းထက် သူ့ကိုယ်သူဖက်ထားသည်နှင့် ပိုတူ၏။

အင်္ကျီလက်အားဆုပ်ထားသည့် ပိုင်လော့ဖုန်း၏ လက်များတုန်နေသည်ကို သူတွေ့နေရသည်။ အတော်ကြာသောအခါ ပိုင်လော့ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကြောင်း သူသဘောပေါက်လာ၏။

သူပြောစရာစကား မဲ့နေလေပြီ။

အပြင်၌အမှောင်ထုသာ ရှိသည်။ ရထားတွဲထဲ၌လည်း အေးစက်ထုံထိုင်းနေဆဲ။ စိတ်ကြောင့်ဖြစ်သည်ဟု ထင်မိသော်လည်း သူ့ခန္ဓာကိုယ်သည် တောင့်မခံနိုင်တော့လောက်အောင် အေးလာသည်ကို ပိုင်လော့ဖုန်း ခံစားလာရ၏။ အအေးဓာတ်က သူ့အားလွှမ်းမိုးကာ နှလုံးသားနာကျင်လာပြီး အသက်ရှုရခက်လာသည်။

အသက်ကိုပြင်းပြင်း ရှုရှိုက်သွင်းနေရ၏။

"ငိုနေတာလား။" စပယ်ယာက ရုတ်တရက်မေးလာသည်။

ပိုင်လော့ဖုန်း ခေါင်းသာခါပြမိ၏။

"ငိုချင်ရင်လည်းငိုချလိုက်လေ။" စပယ်ယာက စိတ်မရှည်တော့ပုံပင်။ ခြေနှစ်ဖက်အား အောက်ချကာထရပ်လာသည်။

ပိုင်လော့ဖုန်း သူ့အားမကြည့်သော်လည်း စပယ်ယာ သူ့ဆီလျှောက်လာပြီး အုပ်မိုးလိုက်သည်ကို ခံစားသိရှိနေ၏။

"ငါမင်းကို သည်းမခံနိုင်တော့ဘူး။ တနေကုန်ကိုငိုနေတာပဲ။" စပယ်ယာက လက်လှမ်းကာ ပိုင်လော့ဖုန်း၏ မျက်နှာအား အတင်းဆွဲလှည့်သည်။

ထိုအခိုက်၌ နီရဲနေသည့် ပိုင်လော့မျက်လုံးထောင့်တွင် စုပုံနေသော မျက်ရည်များက ပါးထက်ကိုစီးကျရာမှ သူ့အနက်ရောင်သားရေ လက်အိတ်ပေါ်လာစင်၏။

စပယ်ယာက နည်းနည်းမှမတုန်လှုပ်သွားပေ။ အကြည့်များက အေးစက်နေပြီး စိတ်ခံစားချက် သို့မဟုတ် နူးညံ့သိမ်မွေ့မှု အနည်းငယ်မျှ မတွေ့ရချေ။

"ဆက်ငိုနေရင် လျှာကိုဆွဲဖြုတ်ပစ်မယ်။ ငါမင်းရဲ့ ရှည်လျားချိုမြိန်တဲ့ အချစ်ဇာတ်လမ်းကို ထပ်နားမထောင်ချင်ဘူး။ လိုရင်းကိုပြော။ မင်းကောင်လေးက ဘယ်သူလဲ။ သူဘာအမှားလုပ်ခဲ့လဲ။ ဘယ်လိုသေခဲ့လဲ။ သူနာမည်ပြောင်းခဲ့သေးလား။"

ပိုင်လော့ဖုန်းက ငိုနေရင်းနှင့် ထရယ်သည်။ "မင်းကတကယ် သူမဟုတ်ဘူးပဲ။"

သူစပယ်ယာ၏ လက်ကောက်ဝတ်အား ဆွဲယူလိုက်သည်။ သူ့လက်ကောက်ဝတ်သည် ရေခဲတမျှ အေးစက်နေ၏။ ပိုင်လော့ဖုန်းက သူ့မျက်လုံးထဲ စိုက်ကြည့်ကာ အက်ကွဲနေသည့် အသံနှင့်ပြောလာသည်။

"မင်းကတကယ် သူမဟုတ်ဘူး။"

"သူကဘယ်တော့မှ ငါ့ကိုအနိုင်မကျင့်ဘူး။"

"သူက....."

တဖြည်းဖြည်း သူဆက်မပြုံးနိုင်တော့၊ အားတင်းကာပြုံးပြသော်လည်း ထိုအခိုက်၌ ချစ်ရသူ၏ မျက်နှာက သူ့အာရုံထဲမှ နာကျင်စရာကောင်းလောက်အောင် ရှင်းလင်းစွာပေါ်လာသည်။

ဝှီးချဲရှေ့ဒူးထောက်ကာ ဝယ်လာသည့်ယာဂုအား လေမှုတ်အအေးခံနေသည့် စုယွီ။ ဆေးစစ်ရန် ဆေးရုံအတွင်း သူနှင့်အတူ ပတ်လိုက်နေပြီး၊ ဆေးစစ်ချက်ရလဒ်ကိုကိုင်ကာ အိပ်မောကျနေသည့် စုယွီ။ သူအိပ်နေသောအခါ လိုက်ကာများချပေးပြီး အချက်ပြမော်နီတာကို စိုးရိမ်တကြီး စိုက်ကြည့်နေတတ်သည့် စုယွီ။ အခြေအနေ ဆိုးလာသောအခါ အောက်ဆီဂျင်ပိုက်နှင့် အသက်ရှုရသည့် ပိုင်လော့ဖုန်း၏ အိပ်ရာဘေး၌ မျက်လုံးများနီရဲကာ မျက်ရည်ခိုးသုတ်တတ်သည့် စုယွီ။

ပိုင်လော့ဖုန်း မျက်ရည်ပိုးပိုးပေါက်ပေါက် ကျအောင်ငိုတော့သည်။

"သူ...သူသာဆို....."

သူကြိုးစားသော်လည်း စကားကိုဆုံးအောင် မပြောနိုင်ခဲ့။

စပယ်ယာ၏ မျက်နှာအမူအရာက ပိုမို မှောင်မိုက်လာ၏။

ဦးထုပ်အောက်မှ မျက်ခုံးမွှေးနှစ်ခုက ထိကပ်နေသည်။ ဖီးနပ်ငှက်လို မျက်လုံးများက မှေးစင်းကာ ဖတ်ကြည့်၍မရသော တစ်စုံတစ်ခု စွဲကပ်နေ၏။

(NPC User S12U5764 အသိစိတ်နိုးကြားမှုတုံ့ပြန်နိုင်စွမ်း ၄၄ ရာခိုင်နှုန်းအထိ ရောက်ရှိပြီး)

(NPC User S12U5764 အသိစိတ်နိုးကြားမှုတုံ့ပြန်နိုင်စွမ်း ၄၄ ရာခိုင်နှုန်းအထိ ရောက်ရှိပြီး)

(NPC User S12U5764 အသိစိတ်နိုးကြားမှုတုံ့ပြန်နိုင်စွမ်း ၄၄ ရာခိုင်နှုန်းအထိ ရောက်ရှိပြီး)

အချက်ပေးသံ သုံးကြိမ်တိတိ ထွက်ပေါ်လာသည်။ အခန်းကအတော်ကျယ်၍ နံရံလေးဖက်စလုံးအား ငွေရောင်နှင့်အဖြူရောင် သုတ်ထားသဖြင့် နည်းပညာမြင့် ဓာတ်ခွဲခန်းတစ်ခုနှင့် တူ၏။ အပေါ်မှ သုံးထပ်တိုက်တစ်လုံး၏ အမြင့်အရွယ်အစားရှိသော မျက်နှာကြက်တွင် လွင့်မျောနေသည့် တဝက်ဖောက်မြင်ရသော ဖန်သားပြင်များ အပြည့် တပ်ဆင်ထားပြီး ဖန်သားပြင်များပေါ်မှ ကိန်းဂဏာန်းများက အဆက်မပြတ် ပြောင်းလဲနေသည်။

အခန်း၏အလယ်တွင် အဖြူရောင် ကွန်ပြူတာတစ်လုံးနှင့် စက်ဝိုင်းခြမ်းပုံ စားပွဲဝိုင်းတစ်ခုရှိကာ ကွန်ပျူတာ၏ မျက်နှာပြင်၌ စာမျက်နှာများစွာကို ဖွင့်လှစ်ထားပြီး ကုဒ်များပြေးလွှားနေ၏။

အတွင်းဖက်ရှိ နံရံပေါ်၌ ဧရာမ အီလက်ထရွန်နစ် ဖန်သားပြင်ကြီးအား ချိတ်ဆွဲထားသည်။ အချက်ပေးသံသည် ထိုမျက်နှာပြင်ပေါ်ရှိ အနီရောင်နောက်ခံ၊  အဝါရောင်စာသားနှင့်အတူ အဆက်မပြတ် ထွက်ပေါ်နေခြင်းဖြစ်၏။

ဓာတ်ခွဲခန်းတစ်ခုလုံးတွင် အဖြူရောင် ဆံပင်ရှည်နှင့် လူတစ်ဦးသာရှိနေသည်။ သူသည် မျက်နှာပြင်ကိုကျောပေးကာ ကော်ဖီဖျော်စက်ရှေ့ရပ်ပြီး ကော်ဖီဖျော်နေ၏။

အချက်ပေးသံ ၁၂ ကြိမ်မြောက်ရောက်မှ ကော်ဖီဖျော်ပြီးကာ နောက်သို့လှည့်လာသည်။

"အသိစိတ်နိုးကြားမှုတုံ့ပြန်နိုင်စွမ်း"

(အသိစိတ်နိုးကြားမှုတုံ့ပြန်နိုင်စွမ်းကို ဖျက်ဆီးရန်အမိန့်အား လက်ခံရရှိသည်)

(သတိပေးချက် - လက်ရှိအခြေအနေအရ ထိုအမိန့်အား ဆောင်ရွက်ပါက NPC သေဆုံးနိုင်သည်။ ဆက်လုပ်မည်လား)

ဆံပင်ဖြူနှင့်လူက ခပ်ဖွဖွရယ်ကာ စားပွဲကိုမှီထိုင်၍ ကော်ဖီခွက်ကိုဆွဲယူရင်း "လုပ်မယ်။" ဟုပြောလာသည်။

အမိန့်ပေးချက်အား လက်ခံရန် ဘားကုဒ်ရွေ့နေချိန်၌ ထိုလူကအေးအေးလူလူ ကော်ဖီထိုင်သောက်နေ၏။

မကြာမီပင် ဘားကုဒ်ပြည့်သွားပြီး အေးစက်သော စက်ကိရိယာ၏အသံ ထပ်ထွက်လာသည်။

((NPC User S12U5764၏ အသိစိတ်နိုးကြားမှု ကြားဝင်ဖျက်ဆီးရေး လုပ်ငန်းအားစတင်ပါပြီ)

ရှာနေသည့်စာအုပ် မဟုတ်ပါက အောက်သို့ချက်ချင်း ပစ်ချကြသောကြောင့် စပယ်ယာခန်းရှိ စာအုပ်စင်မှ စာအုပ်များအားလုံး ကြမ်းပြင်၌ပုံနေသည်။ သို့သော် မည်သူကမှ စိတ်အနှောင့်အယှက် ဖြစ်ကြပုံမပေါ်ပေ။

စာအုပ်တစ်အုပ်ကို ဖတ်နေရင်း ရှစ်ယွမ်ဒေါသထွက်လာ၏။ "ဘာလို့အခုထိ ရှာမတွေ့သေးတာလဲ။ ဟိုတစ်ယောက်က ပြန်လာတော့မယ်။"

"ဟုတ်တယ်၊ ပိုင်လော့ဖုန်း ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ မသိတော့ဘူး။" စုချာက စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။

သူမလှန်ကြည့်သောအခါ မျက်နှာဖုံး၌ရေးထားသည်မှာ - ငရဲရထား၏ အချက်အလက်များ။

အတော်ကြာအောင် ရှာနေကြသဖြင့် မျက်လုံးများက ညောင်းကိုက်နေသောကြောင့် စုချာသည် မိမိဘာကိုမြင်နေရမှန်း ချက်ချင်းသဘောမပေါက်ပေ။

မျက်တောင်တဖျတ်ဖျတ် ခတ်ကာစက္ကန့်အတော်ကြာ ကြောင်အနေပြီးမှ ထအော်သည်။ "ရှာတွေ့ပြီ။"

အားလုံးသူမကို လှည့်ကြည့်လာ၏။

"ဒီစာအုပ်ပဲ။" စုချာက စာအုပ်ကိုထောင်ပြသည်။ "ကြည့်၊ ငရဲရထား၏ အချက်အလက်များ။ ဟုတ်တယ်မလား။"

ရှစ်ယွမ်၏မျက်လုံးများ တောက်ပလာသည်။ "ဟုတ်သားပဲ၊ မင်း တော်တယ်။"

ကျန်းမုန့်ရီက စားပွဲပေါ်မှ စာအုပ်အားလုံးကို လက်တစ်ဖက်တည်းနှင့် တွန်းဖယ်လိုက်၏။ စုချာက စာအုပ်ကိုစားပွဲပေါ်ကောက်တင်လိုက်သည်။

ကျန်းမုန့်ရီ စာအုပ်ကိုဖွင့်လိုက်ပြီး အခန်းကမှောင်နေ၍ ဓာတ်မီးထွန်းကာကြည့်ရ၏။

"ထိုရထားသည် သရဲများအား ငရဲသို့ပို့ဆောင်သည်။ ရထားပေါ်ရှိ 'ခရီးသည်များ' အားလုံးသည် ငရဲသို့တိုက်ရိုက်သွားကြရမည်။ ခရီးသည်များ၏ ထူးခြားသောသဘာဝ စိတ်အခြေအနေများအရ စပယ်ယာဖြစ်ရန် လိုအပ်သည့် အရည်အချင်းများက အတော်မြင့်သည်။"

"စပယ်ယာသည် ရထားပေါ်ရှိ သရဲတစ္ဆေများအားလုံး၏ နာကြည်းမှုနှင့် အာဃာတများကို နှိမ်နင်းရန် စွမ်းအားရှိရမည်။"

"ထူးခြားသောဦးတည်ရာနှင့် ရှည်လျားသော ခရီးလမ်းအတွက် ထိုရထား၏ စွမ်းအင်အရင်းအမြစ်မှာ စပယ်ယာ၏ စွမ်းအင်ဖြစ်သည်။"

ရှစ်ယွမ်ကထအော်သည်။ "ဟာ..."

စုချာလည်း အတော်လေးလန့်သွား၏။ "ဒါဘာကိုပြောချင်တာလဲ။ ရထားရဲ့လောင်စာဆီက စပယ်ယာလား။"

"ဒီတော့ ရထားရပ်ချင်ရင် လောင်စာကုန်အောင် လုပ်ရမှာဆိုတော့ သဘောက စပယ်ယာကို သတ်ရမှာပေါ့။"

"အခုသွားသတ်ကြမလား။" ရှစ်ယွမ်ကမေးသည်။

"ဟိုကအရင် ငါတို့ကိုသတ်သွားလိမ့်မယ်။" စုချာပြန်ပြော၏။ "ဒုက္ခပဲ။ ငါက ဆီလောင်ကန်ကိုရှာပြီး ဆီတွေကိုဖောက်ချလိုက်ရင် ပြီးပြီလို့တွေးနေတာ။ အခုတော့ သဲထဲရေသွန်ဖြစ်ပြီ။"

"ပြီးတော့ တကယ်ဆီလောင်ကန်သာရှိရင် ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေ့ဦးမယ်။ အခုတော့ဘာမှ လုပ်မရတော့ဘူး။"

ဆုချာက ကျန်းမုန့်ရီအား ပုခုံးပုတ်လိုက်သည်။ "တခြားရထားတွဲတွေမှာ ဘာချို့ယွင်းချက်ရှိမလဲ သွားကြည့်ရအောင်။ ဒါမှမဟုတ် ရထားလမ်းအသစ်ပြောင်းမှ အခွင့်အရေး ရမယ်ထင်တယ်။ ယာဥ်မောင်းခန်းက ကပ်ရက်မှာရှိနေတာပဲ။ ရထားကို ထိန်းချုပ်ပြီး တခြားလမ်းကြောင်းပေါ် ပြောင်းကြမလား။"

"စမ်းကြည့်ကြတာပေါ့။" စပယ်ယာ လက်စွဲစာအုပ်ကို ဖတ်ကြည့်သောအခါ အားလုံးသိကြပြီးသည့် စပယ်ယာတစ်ဦး၏ တာဝန်များဖြစ်သော လက်မှတ်စစ်ခြင်း၊ ဝန်ထမ်းသတိပေးချက်များနှင့် ကြေငြာချက်များ စသည်တို့သာပါဝင်သည်။

"ဒါယာဥ်မောင်းခန်း  လည်ပတ်ပုံလမ်းညွှန်ပဲ။ ဖတ်ကြည့်လိုက်မယ်။"

နောက်ဆုံးတွင် အသုံးဝင်နိုင်သည့် အရာတစ်ခုအား သူတွေ့ခဲ့ရသည်။ ရထားတစ်စင်းလုံး၏ ရထားတွဲများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဆွဲထားသည့် ရုပ်ပြဇယားပင်။

"အရှေ့ဘက်က စပယ်ယာအခန်း၊ ပြီးတော့ရှေ့ဆုံးက ယာဥ်မောင်းခန်း။ အတွဲတစ်ကနေ အတွဲကိုးအထိက ခရီးသည်အခန်း။ အခန်းတစ်ဆယ်က လောင်စာဆီအခန်း။ အခန်းဆယ့်တစ်နဲ့ ဆယ့်နှစ်က ခရီးဆောင်အိတ်တွေအတွက်ပဲ။"

ဆုချာကဝင်မေးလာသည်။ "ခရီးဆောင်အိတ်အခန်းမှာ ဘာတွေရှိနိုင်လဲ။"

"မသိနိုင်ဘူး။" တီရှပ်ပြောင်နှင့် ကောင်မလေးက သူ့အားပြန်ဖြေလာ၏။

ရှစ်ယွမ်က ကျန်းမုန့်ရီနှင့်အတူ စာအုပ်ကိုဖတ်ရင်း စာမျက်နှာသုံးမှ စာကြောင်းတစ်ကြောင်းကို ထောက်ပြလာသည်။

"ဒီစာကြောင်းက ဘာလို့တအားသေးနေတာလဲ။"

ကျန်းမုန့်ရီက သတိထားမိသွားကာ ကိုယ်ကိုင်းချပြီး မျက်လုံးကိုမှေးလိုက်၏။ "ဖတ်ကြည့်လိုက်မယ်။"

"မင်းငိုဖို့ပဲသိတာလား။ ငါစိတ်မရှည်တော့ဘူးလို့ ပြောပြီးပြီနော်။" စပယ်ယာက စိတ်ရှုပ်ဟန်နှင့် မျက်မှောင်ကြုတ်နေသည်။

ပိုင်လော့ဖုန်းက ဘာမှပြန်မပြောဘဲ ငိုနေဆဲပင်။

"မြင်နေရတာကိုက ဒေါသထွက်တယ်။" စပယ်ယာက ပိုင်လော့ဖုန်း၏ လည်ပင်းကိုဖမ်းကိုင်လာသည်။

လည်ပင်း၌ မီးလောင်ထားသဖြင့် သူဆုပ်ကိုင်သောအခါ ပိုင်လော့ဖုန်း နာကျင်မှုကြောင့် ညည်းသံထွက်မိသွား၏။

စပယ်ယာက အလန့်တကြားနှင့် လွတ်လိုက်ပြီးမှ သူ့စကားနားမထောင်သည့် လက်အား  ရှေ့နောက်လှန်ကာ ပြန်ကြည့်နေသည်။

"ဖင်နာနေတာလားမင်း။ တကယ်ပဲ...."

ရုတ်တရက် ရထားသည် အကြီးအကျယ် ခါယမ်း၍ အသံအကျယ်ကြီး ထွက်လာသည်။

စပယ်ယာသည် နောက်သို့လှန်ကျသွားပြီး မလဲကျစေရန် နောက်မှခုံအား ဖမ်းကိုင်ထားရ၏။

ရုတ်တရက် ကြက်သီးထဖွယ် အော်ဟစ်သံနှင့်ရယ်သံများ အနောက်ဖက်မှ ကြားရသည်။

သူ့မျက်လုံးသူငယ်အိမ်များ လှုပ်ရမ်းသွားပြီး ဘေးဘီသို့ ကြည့်လိုက်မိ၏။

ရထားတွဲများက အဆက်မပြတ် လှုပ်ခါလာတော့သည်။

ရထားသည် တစ်ဖက်သို့ လုံးဝတိမ်းစောင်းသွားပြီး ဘီးများဆီမှ ကျွီဟူသည့်အသံများ စီကနဲထွက်လာ၏။

ရထားတွဲထဲမှ ခရီးသည်များက မတ်တပ်ထရပ်ကာ အလန့်တကြားနှင့် ဘေးဘီကိုကြည့်ရင်း အော်ဟစ်နေကြသည်။

"အားလုံးပါးစပ်ပိတ်ထားကြ။"

စပယ်ယာက အသံနက်ကြီးနှင့် ထအော်မှ တတိယတွဲမှ သရဲအားလုံး အသံတိတ်ကုန်၏။

"တစ်ချက်လှုပ်တာနဲ့ ပြတင်းပေါက်ကနေ ကောက်ပစ်ချမယ်။ ဒီလိုနေရာမှာ မြေတောင်အမြှုပ်မခံရဘဲ သေဖို့စောင့်ကျန်ရစ်ကြ။"

သူကထရပ်ကာ ရထားလှုပ်ခါနေသည့်ကြားက အသံလာရာဆီ ထသွားသည်။

ပိုင်လော့ဖုန်းက သူ့အားခေါ်လာ၏။ "စုယွီ။"

စပယ်ယာသည် ထိုနာမည်အား မှားခေါ်နေမှန်း သိသည့်ကြားမှ သူ့ကိုလှည့်ကြည့်လာသည်။

ရထားကပိုလှုပ်လာပြီး အသံများပိုကျယ်လာသဖြင့် အားလုံး၏ရင်ဘတ်အား တဒိတ်ဒိတ်တုန်နေစေ၏။

စပယ်ယာက သူ့အားလက်ညှိုးထိုးကာ "မင်းရောပဲ၊ ငါပြန်မလာခင် နေရာကရွေ့ရင် ငါ့အကြောင်းသိစေရမယ်။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment