အပိုင်း ၃၀ - ပြည်သူပိုင်နားနေခန်း (အခန်း ၁)
(ရထားစပယ်ယာ သေဆုံးပါပြီ။ ဂိမ်းအနိုင်ရခြင်းအတွက် ထုတ်လွှင့်သူများအားလုံးကို ဂုဏ်ပြုပါတယ်)
လျန့်ရိထုံ အပျော်လွန်ပြီး 'ဟုတ်ပြီကွ'ဟုအကျယ်ကြီးထအော်မိသည်။ သူတစ်ဖက်သို့လှည့်ကာ အောင်ပွဲခံရန်ထခုန်ချိန်၌ ကျန်းမုန့်ရီဆီမှ ပါးတစ်ချက်အရိုက်ခံလိုက်ရ၏။
ရိုက်ချက်မှာကြမ်းလွန်း၍ လျန့်ရိထုံကြမ်းပေါ်လဲကျသွားသည်။
ကျန်းမုန့်ရီကသူ့အား ဒေါသတကြီး စိုက်ကြည့်နေ၏။
လျန့်ရိထုံမှာ နားမလည်နိုင်ဟန်နှင့် ရုတ်တရက်အရိုက်ခံရမှုကြောင့် ဒေါသထွက်သွားပုံရသည်။ "မင်းဘာသဘော....."
စကားတစ်ဝက်၌ သူရုတ်တရက်သတိရလာပြီး တစ်ဖက်သို့ပြန်လှည့်ကြည့်လာသည်။
ပိုင်လော့ဖုန်း တံခါးဝ၌ အားမရှိတော့သယောင် ခြေထောက်များပျော့ခွေကာ လဲနေ၏။
၎င်းတို့ဖုန်းများရှိ အက်ပ်မှအနိုင်ရတီးလုံးသံများ ထွက်ပေါ်နေသည်။ ပါတီပွဲမှအော်ဟစ်သံများ၊ မီးရှူးမီးပန်းသံများနှင့်အတူ ဖုန်းမျက်နှာပြင်၌ တောက်ပသောအောင်ပွဲခံ ပုံရ်ပ်များအားပြသနေ၏။
ပိုင်လော့ဖုန်း နဖူးနှင့်တံခါးဖိကပ်ကာ ငိုနေပြီး မျက်ရည်စက်များက ကြမ်းပြင်ပေါ် တစ်စက်ချင်းကျနေသည်။
ဖုန်းထဲမှ အောင်ပွဲခံသည့် အသံများသည်
ပွဲတော်ကြီးတစ်ခုလို ကျယ်လောင်လွန်းနေ၏။
ဆူညံသည်။
ပိုင်လော့ဖုန်း ခန္ဓာကိုယ်အားကျုံ့ထားပြီး
ကြီးမားသော ဝမ်းနည်းပူဆွေးမှုအပေါ် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအနေနှင့် သူ့ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ရီနေ၏။ သူ့လက်များသည် တံခါးလက်ကိုင်ကိုပင် ဆုပ်ကိုင်ထားရန် အားမရှိတော့ချေ။
ဆူညံသည်.....ဆူညံလွန်းသည်။
ပိုင်လော့ဖုန်း ခေါင်းပေါ်မှ စပယ်ယာ၏ဦးထုပ်သည် ချောင်ထွက်လာပြီး ကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။ ထိုတခဏတွင် ဦးထုပ်သည် မရေတွက်နိုင်သော ဖုန်မှုန့်များအဖြစ်သို့ပြောင်းကာ လေထဲလွှင့်သွားကြသည်။ သူ့ပခုံးပေါ်မှ စပယ်ယာ၏ ကုတ်အင်္ကျီကလည်း ထိုနည်းတူပင် ပျောက်ကွယ်သွား၏။
ဖုန်းထဲမှတီးလုံးသံများ ဆက်ထွက်လာနေသဖြင့် လေထုအားအထူးအဆန်းနှင့် ကိုးရိုးကားရားဖြစ်စေသည်။
"ပိုင်....ပိုင်လော့ဖုန်း" လီချန်စစ် လက်နှစ်ဖက်အားပွတ်သပ်နေပြီး သူ့မျက်နှာပေါ်၌ အပြစ်ရှိစိတ်ကို အထင်းသားမြင်နေရ၏။ "တောင်းပန်ပါတယ်... ငါတို့မှာ တခြားရွေးချယ်စရာ မရှိလို့ပါ။"
ပိုင်လော့ဖုန်း ဘာမှမတုံ့ပြန်လာချေ။
လီချန်စစ်က အပြစ်ရှိစိတ်ကြောင့် ထပ်တောင်းပန်ရန်ပြင်ချိန်၌ ဖုန်းထဲမှ ရွှင်မြူးနေသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
(ကစားသမားအားလုံးကို ဂုဏ်ပြုပါတယ်။ လူသစ်ကစားသမားအဆင့်ကို အောင်မြင်သွားကြပါပြီ။ အလုပ်ကြိုးစားသော တရားဝင်ထုတ်လွှင့်သူ အဖြစ်သတ်မှတ်ခံရပြီး အမှတ်များစုဆောင်းခွင့် ရရှိပါပြီ။)
(Wish ကနေကြိုဆိုပါတယ်)
(ဂိမ်းကိုနိုင်သွားပါပြီ။ နောက်တစ်ဆင့်အားမစတင်မီ အနားယူကြပါ။ ထုတ်လွှင့်ခန်းမှပိတ်၍ ဂိမ်းမှထွက်ရန် ညွှန်ကြားချက်များကို လိုက်နာပြီး ပြည်သူပိုင်နားနေခန်းကို သွားကြပါ။)
အသံအား ထိုတစ်ကြိမ်သာထုတ်လွှင့်သည်။
ရထားတွဲ၏အနောက်ဖက်မှ တံခါးတစ်ချို့ ပွင့်လာပြီး ထူးဆန်းသည့် တကျွီကျွီသံထွက်လာ၏။
သို့သော် မည်သူမှ နေရာကနေမရွေ့ကြ
အသံတိတ်သဘောတူညီမှု ယူထားကြသလို အားလုံးအချင်းချင်း အကြည့်ဖလှယ်ကြပြီးနောက် ပိုင်လော့ဖုန်းအား ကြည့်လာကြသည်။
ပိုင်လော့ဖုန်း ကြမ်းပြင်၌ ဒူးထောက်ချရင်း ခေါင်းကိုငုံ့ထားဆဲပင်။ နဂိုကမှ ပိန်သူဖြစ်၍ ရထားမီးရောင်မှိန်မှိန်နှင့် ယခုလိုလေထုကြောင့် အထီးကျန်၊ ဝမ်းနည်းပူဆွေးစိတ်ထိခိုက်နေသည့် မုဆိုးဖိုတစ်ဦးနှင့် တူနေ၏။
"ပိုင်လော့ဖုန်း" ရှူရှင်းဆီမှ စကားသံထွက်လာသည်။ "တောင်းပန်ပါတယ်၊ ငါတို့အားလုံး နင့်အပေါ်အကြွေးတင်သွားပြီ။"
"ဟုတ်၊ဟုတ်တယ်၊ဟုတ်တယ်။ ငါတို့အကြွေးတင်သွားပြီ။" လီချန်စစ်ကနောက်မှ သံယောင်လိုက်၏။ "ဂိမ်းကဒီလိုဖြစ်လာတော့ ငါတို့ရွေးစရာမရှိပေမယ့် ပြောခဲ့တဲ့စကားတွေက အရမ်းလွန်သွားခဲ့တာ အမှန်ပဲ။"
"ဟုတ်တယ်၊ ဂိမ်းကြောင့်သာမဟုတ်ရင် ငါတို့ဒီလိုတွေ မပြောဘူး၊ ဟုတ်တယ်မလား။"ရှူရှင်းကနောက်သို့လှည့်ကာ ခပ်တောင့်တောင့်ရပ်နေသည့် လျန့်ရိထုံကို တံတောင်နှင့်တို့ပြီး "ပြီးတော့ နင်၊ မြန်မြန်တောင်းပန်လိုက်လေ။"ဟုပြောလေ၏။
လျန့်ရိထုံ "ငါ"
အမှန်၌ သူတောင်းပန်ချင်စိတ်မရှိပါ။ သို့သော် ရှူရှင်းကစောင့်ကြည့်နေသဖြင့် အားအင်ကုန်ခမ်းလာပြီး ဆောင့်ကြီးအောင့်ကြီးနှင့် ထိုစကားလုံးများကို ရေရွတ်လာသည်။ "အင်း၊ ဂိမ်းကသာ ဒီလိုမဖြစ်လာရင် ငါတို့သူ့ကို တကယ်မသေစေချင်ပါဘူး။ ခုတော့ငါတို့အပြစ်ပေါ့ ဟုတ်ပြီလား။"
သူ့တောင်းပန်မှုသည် အလောသုံးဆယ်နှင့် စိတ်ရင်းမပါဝင်ချေ။
"ပိုင်လော့ဖုန်း၊ ဝမ်းနည်းမနေပါနဲ့တော့။" စုချာက ရှေ့သို့အနည်းငယ်တိုးလာပြီး နူးညံ့၍တုန်ရီနေသည့် အသံနှင့်ပြောလာ၏။ "အလှမ်းတော့ဝေးပေမယ့် နင်သွားကြည့်ချင်လား။"
သူမ၏စကားလုံးများတွင် ကြောက်ရွံ့မှု၊ အပြစ်ရှိစိတ်၊ သနားညှာတာစိတ်နှင့် သူမအမည်ပင် မတပ်နိုင်သော ခံစားချက်များစွာ ပုန်းကွယ်နေသည်။
စုချာ၏ အသံထဲမှ ရင်းနှီးနေသသည့် တစ်စုံတစ်ရာအား ခံစားမိပြီးနောက် သူ၏ကောင်လေးမှာလည်း သေဆုံးပြီးဖြစ်ကြောင်း ပိုင်လော့ဖုန်း သတိရလာ၏။ "ဘယ်ကိုလဲ။"
"ပေါက်ကွဲသွားတဲ့နေရာလေ။ ဘာမှတော့ မကျန်လောက်ဘူးဆိုပေမယ့် နင်သာသွားချင်ရင် ငါလိုက်ခဲ့ပေးမယ်။"
သူမက ကျန်သည့်လူများဖက်သို့ လှည့်ကာပြောလာသည်။ "နင်တို့အရင်ဆက်သွားလိုက်ကြ။"
ပိုင်လော့ဖုန်း အသက်ကိုဝဝရှု၍ တံခါးလက်ကိုင်ကိုအားပြုကာ ယိမ်းထိုးရင်းနှင့် ထရပ်လာ၏။
"မလိုဘူး၊ ဆက်သွားကြရအောင်။ ကျေးဇူးတင်ပါတယ်။"
စုချာက စိုးရိမ်ပူပန်မှုအပြည့်နှင့် သူ့အားကြည့်နေဆဲပင်။
ကျန်သည့်လူများလည်း အခုမှစိတ်အေးရသလို သက်ပြင်းချကာ ဖုန်းထဲရှိ ထုတ်လွှင့်ခန်းမှထွက်ရန် ပြင်ကြသည်။
ပိုင်လော့ဖုန်း လွယ်အိတ်ကြိုးအားပြင်ရင်း လက်၌စေးကပ်ကပ်ခံစားရသဖြင့် ငုံ့ကြည့်လိုက်မိ၏။
ညာဖက်လက်ဖဝါး၌ သွေးများရှိနေသည်။ ရထားစပယ်ယာ၏ လက်မှသွေးများပင်။
အခြေအနေကို သဘောပေါက်သွားသည့် ခဏတာတွင် သူ့လက်မှာမဆိုစလောက် တုန်ရီလာ၏။
သူဘာမှမပြောဘဲ အိတ်ထဲမှတစ်ရှူးတစ်ရွက်ယူထုတ်ပြီး လက်ကိုသာဂရုတစိုက် သုတ်နေသည်။ ပြီးနောက်ထိုတစ်ရှူးအား လေးထောင့်ပုံသေးငယ်သေရပ်စွာ ခေါက်ပြီးလွယ်အိတ်ထဲ ပြန်ထည့်ကာဇစ်ပိတ်လိုက်၏။
အားလုံးပြီးသည်နှင့် ဖုန်းထဲရှိ ထုတ်လွှင့်ခန်းမှထွက်သည်။
ပြီးနောက် ထူးဆန်းသည့် အသံများထွက်လာသော ရထားတွဲဆယ့်နှစ်ဆီ တစ်ခြားသူများနှင့်အတူ လျှောက်လာ၏။
ရထားတွဲ၏ အလယ်တွင် တံခါးတစ်ချပ်၊ လေထဲပျံနေသည့် တံခါးတစ်ချပ်ရှိနေသည်။
တံခါးမှာ အရွယ်အစား တော်သင့်ရုံဟနေပြီး ယခုနကအသံသည် ထိုတံခါးမှလာခြင်းပင်။ ရှေးဗြိတိသျှစတိုင်ဖြင့် ရှေးခေတ်သစ်သား တံခါးဖြစ်သည်။ ထွင်းထုမှုလက်ရာများမှာ အနုစိတ်ကာခေတ်ဟောင်းဆန်ပြီး အရောင်အသွေးနက်ရှိုင်း၍ ရှေးဟောင်းရဲတိုက် သို့မဟုတ် စံအိမ်၌တွေ့နိုင်သည့် တံခါးမျိုးဖြစ်၏။
တံခါးကသာထူးခြားသည်မဟုတ် ရထားတွဲအတွင်း ယခုလိုတံခါးတစ်ချပ် ပေါ်လာခြင်းက ပိုထူးခြားသည့် အချက်ဖြစ်သည်။
တံခါး၏တစ်ဖက်တစ်ချက်၌ မည်သည့်နံရံမှမပါဘဲ 'Anywhere Door'ရုပ်ရှင်ထဲမှ အပြာရောင်စက်ရုပ်ကြောင်၏ တံခါးကဲ့သို့ ရထားတွဲ၏အလယ်၌ ထီးထီးကြီးတည်ရှိနေ၏။
ဖုန်းထဲရှိ Wish အက်ပ်မှ တက်ကြွသည့်လေသံဖြင့် စကားပြောသံထွက်ပေါ်လာသည်။
(ပြည်သူပိုင်နားနေခန်းသို့ သွားရန်တံခါးကိုဖြတ်ပါ)
ပိုင်လော့ဖုန်း ရှေ့တက်လာပြီး လက်ကိုင်ကိုလှည့်ကာ တံခါးကိုဆွဲဖွင့်လိုက်သည်။
တံခါး၏အနောက်ဖက်၌ ကမ္ဘာသစ်တစ်ခုရှိနေ၏။
သူတို့၏ခြေထောက်အောက်၌ နေရာသစ်ဆီသို့သွားသည့် လမ်းတစ်ခုရှိနေသည်။ ညဖက်ဖြစ်သည့်အလျောက် လမ်းတစ်ဖက်တစ်ချက်ရှိ ခေတ်ဟောင်းပုံစံ လမ်းမီးတိုင်များမှ နွေးထွေးသော အဝါရောင်အလင်းတန်းများ ထုတ်လွှတ်ပေးနေ၏။ မြင်းလှည်းတစ်စင်း ဖြည်းညှင်းစွာ ဖြတ်သွားနေပြီး မြင်မြင်သမျှ အရာဝတ္ထုအားလုံးမှာ ဗြိတိသျှအလယ်ခေတ်သို့ ရောက်နေသလို ခံစားရသည်။
ပိုင်လော့ဖုန်း တံခါးကိုပြန်ပိတ်ကာ လက်ကိုင်ကိုပါ လွှတ်ချလိုက်မိသည်။
အဖြစ်အပျက်များအား သူ့ဦးနှောက်က လိုက်မမီပါ။
တံခါးရှေ့၌ သူခဏလောက်ရပ်နေပြီး တံခါး၏နောက်ပိုင်းသို့ သူသွားလေ့လာသည်။
အရှေ့ဖက်မှ မြင်ရသည့်အတိုင်း လက်ရာမြောက်စွာ ထုထွင်းထားသော ဗြိတိသျှစတိုင်တံခါးတစ်ချပ်သာ တွေ့ရပြီး ဘာမှမထူးခြားနေပေ။
တစ်ပတ်ပတ်ပြီးနောက် ပိုင်လော့ဖုန်း တံခါးရှေ့၌ပြန်လာရပ်သည်။
"အခုထိမြင်ရသမျှအားလုံးက ငါတွေးနိုင်တဲ့ အနေအထားထက် ကျော်လွန်နေတယ်ဆိုပေမယ့် ရထားတွဲထဲမှာ ပေါ်လာတဲ့ တစ်ဖက်မှာ ကမ္ဘာသစ်တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ပွင့်နေတဲ့တံခါးကတော့..... Nobita Nobi ကမ္ဘာထဲ ရောက်သွားသလို အံ့သြစရာကောင်းနေတုန်းပဲ။"
ရှစ်ယွမ်ကပြောလာသည်။ "Nobita Nobi သာ ဆုတောင်းပြည့်ချင်ရင် အပြာရောင်စက်ရုပ်ကြောင်ဆီ တန်းသွားမှာပဲ။ ဒီမှာလာပြီး သက်စွန့်ဆံဖျား ကြိုးစားနေပါ့မလား။"
ထိုစကားက အဓိပ္ပါယ်ရှိသည်ဟု ပိုင်လော့ဖုန်းထင်၏။
ရှစ်ယွမ်ကရှေ့ထွက်လာပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။
တံခါးပွင့်လာသည်နှင့် အားလုံးအံ့သြမှုကြောင့် နေရာ၌ရပ်တန့်ကုန်ကြ၏။
"ဘာဖြစ်လို့လဲ။" ပိုင်လော့ဖုန်း ရှေ့သို့တစ်ချက် ကျော်ကြည့်ပြီးနောက် အခြေအနေကို သဘောပေါက်သွားသည်။
တံခါးအနောက်မှ ကမ္ဘာအသစ်သည် ပြောင်းလဲသွားလေပြီ။
ယခုတစ်ကြိမ်၌မူ သစ်တောလမ်းကျဥ်းကျဥ်းလေးအား တွေ့ရ၏။ ကောင်းကင်မှာမှိုင်းညို့ကာ တိမ်များအုပ်ဆိုင်းနေပြီး လမ်းနှစ်ဖက်၌ မြက်ပင်များ အထိန်းအကွပ်မဲ့ ကြီးထွားနေကြသည်။ ကျီးကန်းများခေါင်းထက်၌ တအာအာအော်နေကြပြီး သစ်ပင်များယိမ်းနွဲ့ကာ တိုက်ခတ်နေသည့်လေထဲ၌ ငိုသံလိုလို အသံများ အဝေးမှလွှင့်ပျံ့လာနေ၏။
'The Untold Story' သို့မဟုတ် 'The Haunted Village' ကဲ့သို့ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားတစ်ကားမှ မြင်ကွင်းကိုရုတ်ချည်း တွေ့လိုက်ရသည်နှင့်တူသည်။
တရုတ်လူမျိုးအဖွဲ့အတွက် ယခုလိုတရုတ် သရဲကားနောက်ခံမြင်ကွင်းသည် ယခုနကဗြိတိသျှကာလ နောက်ခံမြင်ကွင်းထက် ပိုကြောက်စရာကောင်းနေ၏။
လီချန်စစ်က တံတွေးမျိုချရင်း တခုတ်တရ အကြံပေးလာသည်။ "ပိတ်ပြီးပြန်ဖွင့်ကြည့်ကြမလား။"
အများစုက လက်လျော့ရန်တွေးနေကြပြီးဖြစ်၍ အားလုံးတညီတညွှတ်တည်း ခေါင်းငြိမ့်ကြသည်။
ရှစ်ယွမ်တံခါးကိုပိတ်ကာ ပြန်ဖွင့်လိုက်၏။
သစ်တောလမ်းကိုသာတွေ့ရသည်။
ပိတ်ကာပြန်ဖွင့်၏။
သစ်တောလမ်းပင်။
ထပ်ခါထပ်ခါ အကြိမ်ရေဆယ်ချီခန့် လုပ်ကြည့်သော်လည်း သစ်တောလမ်းမှာ ခေါင်းမာစွာနှင့် မပြောင်းလဲသွားခဲ့ပေ။
နောက်ဆုံး သူတို့လက်လျော့လိုက်ကြသည်။ ကံကြမ္မာကိုလက်ခံကာ တံခါးကိုဖြတ်ကာ မြက်ပင်ရှည်များကြား သူတို့တိုးဝင်လိုက်ကြ၏။
မြက်ပင်ရှည်များကို နံဘေးသို့တွန်းဖယ်ရင်း သူတို့ရှေ့ဆက်လာကြသည်။
ထိုတောလမ်းလေးသည် လူတစ်ဦးစီသာ စီတန်းလျှောက်နိုင်သည့် ကျဥ်းမြောင်းကာ အကွေ့အကောက်များသော လမ်းကျဥ်းလေး တစ်ခုသာဖြစ်၏။ လမ်းနှစ်ဖက်ရှိ မြက်ပင်များအား တွန်းဖယ်ရင်း ခက်ခက်ခဲခဲ ရှေ့သို့လျှောက်နေကြရသည်။
အက်ပ်မှ၎င်းတို့အား ရှေ့သို့သာဆက်လျှောက်နေစေပြီး ပထမဆုံးတွေ့ရသည့် အဆောက်အအုံသည် ပြည်သူပိုင်နားနေခန်းဖြစ်ကြောင်း ညွှန်ကြားလာ၏။
ဆယ်မိနစ်ကျော်ခန့်လျှောက်ပြီးနောက် မြင်ကွင်းထဲသို့ တစ်စုံတစ်ခု ဝင်ရောက်လာသည်။
"ဟိုမှာ၊ တွေ့နေရပြီ။" ၁.၉ မီတာခန့်မြင့်သည့် ရှစ်ယွမ်ကပြောလာ၏။ သူကခပ်လှမ်းလှမ်းမှ လေးထပ်အဆောက်အအုံအား ထိုးပြလာသည်။ "အဲ့ဒါဖြစ်မယ်ထင်လား။"
"လခွမ်း၊ အရမ်းပျက်စီးလွန်းမနေဘူးလား။"
"ဘာပဲပြောပြော ငါတို့လည်း ခဏပဲနားကြမှာလေ၊ သွားကြမယ်။"
အင်အားသုံးကာ ရှေ့ဆက်ကြရင်းနှင့် အဆောက်အအုံဆီ သူတို့ရောက်လာကြ၏။
နေရာမှာအတော်လေး ဟောင်းနွမ်းနေပြီး တံခါး၌ချိတ်ထားသည့်ဆိုင်းဘုတ်မှာ ရွဲ့စောင်းနေကာ လေဒဏ်မိုးဒဏ်ကြောင့် စာလုံးတစ်လုံးပင် ဖတ်မရအောင်ပျက်စီးနေသည်။ နံရံ၌စွန်းထင်းနေသည့် ရေကွက်များသည် သွေးများစိမ့်ထွက်နေသလို ညစ်ထေးနေပြီး နွယ်ပင်များဖုံးအုပ်နေ၏။
ရှစ်ယွမ် ရှေ့ဆက်လာကာတံခါးခေါက်လိုက်သည်။
တုံ့ပြန်သူမရှိ။
နှစ်ကြိမ်သုံးကြိမ်ခန့် ထပ်ခေါက်မှသာ အထဲမှပြန်ဖြေသံကြားရသည်။
"လာပြီ၊လာပြီ။" အသက်ကိုပြင်းပြင်း ရှုရှိုက်နေရပုံပေါ်သည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦး၏ ပြန်ဖြေသံကြားရ၏။ ထိုအသံနောက်မှ ခြေသံများကပ်ပါလာသည်။
ထိုလူက တံခါးလာဖွင့်ပေးသော်လည်း လေသံတိုးတိုးနှင့် ညည်းတွားရင်းလာနေခြင်းပင်။ "ဘာလို့ဒီလောက် ဆက်တိုက်ခေါက်နေတာလဲ၊ လူသစ်တွေ စိတ်ပျက်စရာ....."
တံခါးပွင့်လာသည်။
ထင်သည့်အတိုင်း သက်လတ်ပိုင်းအရွယ် ခပ်ဝဝလူတစ်ဦးဖြစ်နေ၏။ အပြင်မှလူအုပ်ကြီးအား တွေ့သောအခါ သူ့အမူအရာသည် ထိတ်လန့်သွားပုံရသည်။ "အားလုံးက လူသစ်တွေပဲလား။"
"ဟုတ်တယ်။" ပြန်ဖြေသူကရှစ်ယွမ်ဖြစ်၏။ "ဘာဖြစ်လို့လဲ။"
ထိုလူ၏မျက်နှာက မှုန်ကုပ်သွားပြီး အဖြေပြန်မပေးဘဲ တစ်ဖက်သို့လှည့်၍ ခပ်တိုးတိုးသာပြောလာသည်။ "ဝင်လာခဲ့ကြ။"
အားလုံးအထဲသို့ ဝင်ရောက်ကြပြီးဖြစ်၏။
အတွင်းဖက်သည် အိမ်အပြင်ပိုင်းလောက် ဟောင်းနွမ်းနေပုံမပေါ်ဘဲ အလင်းရောင်အတော်ဝင်ကာ မျက်စိပဒေသာဖြစ်အောင် အလှဆင်ထားသည်။ ဧည့်ခန်းထဲတွင် ဆိုဖာတစ်လုံး၊ လက်ဖက်ရည် အမျိုးအစားအစုံ တည်ခင်းထားသည့် ကော်ဖီစားပွဲတစ်လုံးနှင့် ကြမ်းပြင်၌ နူးညံ့သော ခေတ်ဟောင်းစတိုင်လ် တိရိစ္ဆာန်အရေခွံကော်ဇောတစ်ခုရှိ၏။ ဝင်ပေါက်ကို မျက်နှာမူထားသော ပါးစပ်ဟလျက်ရှိနေသည့် ဝက်ဝံခေါင်းတစ်ခုသာလျှင် နေရာဒေသနှင့် မအပ်စပ်သလို ခံစားရစေသည်။
ထုတ်လွှင့်မှု အစစ်အမှန်လား၊ အတုအယောင်လား ခွဲခြားရန်မလွယ်သော သတင်းများလာနေသည့် TV တစ်လုံးနှင့် ဘေး၌ ပန်းအိုးတစ်လုံးအားတွေ့ရ၏။
ဧည့်ခန်း၏နံဘေး၌ မီးဖိုခန်းဖြစ်သည်။ မကြာသေးမီက ရေပူတည်ထားပုံရပြီး လက်ရှိတွင် ဆူပွက်သံများ ကြားနေရပြီဖြစ်သည်။
ပိုင်လော့ဖုန်း ဟိုဟိုဒီဒီကြည့်ရင်း ထိုနေရာက မဆိုးလှဟု ခံစားရ၏။
ထိုလူအားသူ မေးခွန်းထုတ်လိုက်သည်။ "မင်းကမန်နေဂျာလား။"
ထိုလူကဆိုဖာ၌ပြန်ထိုင်ကာ သတင်းကြည့်နေပြီဖြစ်၏။ "ဒီမှာမန်နေဂျာမရှိဘူး။ ငါလည်းထုတ်လွှင့်သူပဲ။ ပြည်သူပိုင်နားနေခန်းကို ဘယ်သူမဆို လွတ်လွတ်လပ်လပ် အသုံးပြုလို့ရတယ်။"
"အမ်၊ မန်နေဂျာမရှိဘူး။ ဒါပေမယ့် အခန်းနေရာချတာမျိုးဆို မန်နေဂျာမရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။"
"အက်ပ်ကကိုင်တွယ်လိမ့်မယ်။ ခဏစောင့်နေလိုက်။ အက်ပ်ကမကြာခင် သင်ခန်းစာတစ်ခု ပို့ပေးလိမ့်မယ်။"
စကားပြောနေရင်း မီးဖိုခန်းထဲမှ ဆူပွက်သံများက ပိုကျယ်လောင်လာ၏။
ထိုလူကစုတ်သပ်ရင်း အသံကိုမြှင့်ကာ အော်ပြောလာသည်။ "လျန့်ယွဲ့ရှစ် မင်းရေပူဆူနေပြီ။"
ပြန်ဖြေသံက အပေါ်ထပ်မှလာ၏။ "လာပြီ။" အသံမှာတက်ကြွကာ ခွန်အားပြည့်ဝနေသည်။ ပျော်ပျော်နေတတ်ကာ တက်ကြွသည့်လူငယ်၏အသံမျိုးပင်။
ရှစ်ယွမ်လှည့်ကြည့်သောအချိန်၌ တိုက်ဆိုင်စွာပင် လှေကားထစ်များကို ပေါ့ပေါ့ပါးပါး ခုန်ကာဆင်းလာနေသည့် လျန့်ယွဲ့ရှစ်၏ ဖိနပ်ကို အရင် မြင်လိုက်ရသည်။