အပိုင်း ၂၉ - ဖြတ်သန်းနေသောရထား (အခန်း ၂၁)
ထိုစကားများအားပြောချိန်၌ စပယ်ယာ၏အမူအရာက နည်းနည်းမှမပျက်သွားချေ။ အပြင်တွင်နှင်းကျနေသည့်အကြောင်း ပြောနေသလို မျက်နှာထားနှင့်ပြောနေ၏။
သူ့မျက်နှာထားက တည်ငြိမ်လွန်းနေ၍ ပိုင်လော့ဖုန်းက သူနားကြားမှားသည်ဟု ထင်လိုက်မိသည်။
"ဘာဖြစ်သွားတယ်။"
"အဖွဲ့သားတစ်ယောက် သူ့ကိုယ်သူဖောက်ခွဲမိသွားတယ်။ ဒီကိစ္စကို ထည့်မတွေးမိတော့ နှောင့်နှေးကိရိယာကို မလိုဘူးထင်ခဲ့ကြတာ။"
"သူက သူ့အမေရဲ့ ကင်ဆာရောဂါ ကုသစရိတ်ရဖို့လာတာ။ ငွေမရခင် သူအရင်သေသွားခဲ့တယ်။"
"အထွေအထူးတော့ မဟုတ်ပါဘူး။ ဒီမှာဒါမျိုးတွေက ဖြစ်နေကျပဲ။"
ပိုင်လော့ဖုန်း ဘာမှပြန်မပြောနိုင်ပေ။
စပယ်ယာက စကားလမ်းကြောင်းလွဲလိုက်သည်။ "ဒါပေမယ့်မင်းက ဒါတွေအားလုံးကို ခဏအတွင်းသဘောပေါက်တော့ မင်းရှေ့လျှောက်အဆင်ပြေမှာပါ။ ပြောသင့်တာအားလုံး ပြောပြီးပြီဆိုတော့ စိတ်လည်းချနိုင်ပြီ။"
စပယ်ယာက ပုဆိန်ကိုမကာ ရထားတွဲတစ်ဆယ်ဆီ လျှောက်သွားသည်။
"ဘယ်သွားမလို့လဲ။" ပိုင်လော့ဖုန်း အလောတကြီးထမေးမိ၏။
"သွားသင့်တဲ့နေရာကိုပေါ့။" စပယ်ယာပြန်ဖြေရင်း လက်ကိုတံခါးလက်ကိုင်ဘု၌ တင်လိုက်သည်။
သူ ပိုင်လော့ဖုန်းအား ပြန်လှည့်ကြည့်လာ၏။
"ကိုယ်သွားရတော့မယ်။"
"အချိန်တန်နေပြီ။"
ပိုင်လော့ဖုန်း၏မျက်နှာ ချက်ချင်းဖြူဖျော့သွားပြီး အတိတ်ကတစ်ခုခုကို အမှတ်တမဲ့ သတိရသွားဟန်နှင့် မျက်လုံးထဲ၌ အကြောက်တရားများ ပေါ်လာ၏။
"ငါလည်းလိုက်မယ်။"
သူကပြောရင်း စပယ်ယာဆီပြေးဝင်လာသည်။
"ရပ်" စပယ်ယာ အသံကုန်ဟစ်အော်လာသဖြင့် ပိုင်လော့ဖုန်းနေရာ၌ တောင့်ခနဲရပ်သွားတော့၏။
"ဘယ်ကိုလိုက်မှာလဲ။ ဒါမင်းရှိနေရမယ့် နေရာမဟုတ်ဘူး။"
သူလက်ကိုင်ဘုအားလှည့်ကာ တံခါးကိုဖွင့်လိုက်သည်။ ထိုကျဥ်းမြောင်းသည့် နေရာလပ်ကြားသို့ အပြင်မှလေများ အလုံးအရင်းနှင့် ဝင်ရောက်လာပြီး ရထားတွဲထဲမှလေထုအား အေးစက်သွားစေ၏။
စပယ်ယာက သူ့အားလှည့်ကြည့်ကာ ပြောလာသည်။ "လုံးဝမလိုက်လာနဲ့။ မင်းကရှေ့ကိုပဲ ဆက်သွားရမယ်။"
"ဒါပေမယ့် ငါမင်းကိုအသေမခံနိုင်ဘူး။"
"ဒါဆို အဖွဲ့သားအားလုံးကို သေစေချင်တာလား။"
ထိုစကားတစ်ခွန်းက ပိုင်လော့ဖုန်းအား အသံတိတ်သွားစေသည်။
"ငါပြောချင်တာ....." ပိုင်လော့ဖုန်း နှုတ်ခမ်းနှစ်ခုကိုဖိကပ်ကာ အားတင်း၍ပြန်ပြောလာ၏။ "ငါအဲ့ဒီသဘော ပြောတာမဟုတ်ဘူး။"
"မင်းဒီလိုသဘောနဲ့ ပြောတာမဟုတ်မှန်း ကိုယ်သိပါတယ်။ ဒါပေမယ့် မင်းရွေးကိုရွေးရမယ်လေ။" စပယ်ယာက ချော့မြူသည့်အသံနှင့်ပြောလာသည်။
"ဒီနေရာက ဒီလိုပဲဆိုတာ ခဏခဏပြောပြီးပြီပဲ။ ရက်စက်တယ်လို့ ထင်ရပေမယ့် ဒါအမှန်ပဲ။"
"မင်းအသက်ရှင်မယ့် လမ်းကိုပဲရွေး။"
"ကိုယ်မင်းကို အပြစ်မတင်ဘူး။"
"ကိုယ်ဒီကိုသေဖို့လာပြီး မင်းအတွက် သေခဲ့ဖူးပြီးပြီ။ ဒါကြောင့် တစ်ယောက်ယောက်က မင်းလက်ထဲဓားထည့်ပေးလာရင် ထိုးလိုက်ဖို့မတွန့်ဆုတ်နေနဲ့။ ဓားကိုကိုယ့်နှလုံးတည့်တည့် ကိုသာထိုးချလိုက်။"
ထိုသို့ပြောရင်း စပယ်ယာကသူ့အား ပြုံးပြလာသည်။
"မင်းကိုယ့်ကိုကာကွယ်ပေးဖို့မလိုပါဘူး။ ကိုယ်ကသေပြီးသား။ မင်းအသက်ရှင်နေတာပဲ ကိုယ်မြင်ချင်တယ်။"
"ဒီလိုမျက်နှာမျိုး မလုပ်ပြနဲ့။ ငိုနေပြန်ပြီလား။"
ပိုင်လော့ဖုန်းက အင်္ကျီလက်နှင့် မျက်ရည်များကိုသုတ်ရင်း ပြန်ဖြေလာသည်။ "မငိုပါဘူး"
"လူလိမ်။" စပယ်ယာက ခပ်ဖွဖွရယ်၏။ "မငိုပါနဲ့၊ ကိုယ်လက်နှစ်ဖက်လုံးမအားတော့ မျက်ရည်သုတ်ပေးလို့မရဘူး။"
"နောက်ပိုင်းကျ ကိုယ့်မျက်ရည်ကိုယ်သုတ်ရတော့မှာ။ ဖြစ်နိုင်ရင်ကိုယ်ကတော့ မင်းကိုလုံးဝ မငိုစေချင်ဘူး။"
ပိုင်လော့ဖုန်း ဆက်မချုပ်တည်းနိုင်တော့။ သူမည်သို့ကြိုးစားပါစေ မျက်ရည်များက မရပ်နိုင်သဖြင့် ခေါင်းကိုငုံ့ကာ မျက်နှာအားဖွက်ထားမိသည်။
"စိတ်ဆိုးနေတာလား။" စပယ်ယာကမေးလာ၏။ "ဒီထရော်လီကား ပြသာနာထဲ မင်းကိုဆွဲသွင်းလိုက်လို့ ဖန်တီးသူကိုရော စိတ်ဆိုးသေးလား။"
ထရော်လီကား ပြသာနာဟူသည် ခက်ခဲသည့်စမ်းသပ်မှုကို ပြောနေမှန်း ပိုင်လော့ဖုန်းသဘောပေါက်သည်။
ဥပမာပြောရပါက မိမိအား ရွေးချယ်စရာ လမ်းနှစ်ခုပေးထားပြီး ပထမတစ်ခု၌ လူငါးဦးကို ချိတ်ဆွဲထားပြီး ထိုလမ်းကိုရွေးပါက ထိုလူငါးဦးလုံးကို ကားနှင့်ကြိတ်မိလိမ့်မည်။ ကံကောင်းသည်မှာ မိမိကလီဗာအား နင်းခွင့်ရထားပြီး လီဗာနင်းလိုက်သည်နှင့် ကားလမ်းကြောင်းပြောင်းကာ တစ်ဖက်မှလူတစ်ဦးတည်းကိုသာ ကြိတ်မိမည်ဖြစ်သည်။
ရွေးချယ်မှုကသာ အဓိကကျသည်ကို ထရော်လီကားပြသာနာဟုခေါ်၏။
လက်ရှိတွင်ဖန်တီးသူက သူ့အား ထရော်လီကားပြသာနာထဲ ဆွဲသွင်းလာပြီး သူ၏သေဆုံးပြီးသော ရည်းစားဖြစ်သူကတစ်ဖက်၊ အဖွဲ့သားများက တစ်ဖက်၌ရပ်နေကြသည်။
ဖန်တီးသူအပေါ် ပိုင်လော့ဖုန်း စိတ်မဆိုးဘဲ မည်သို့နေနိုင်မည်နည်း။
"စိတ်မဆိုးဘဲနေမလား။" ပိုင်လော့ဖုန်း၏ ရင်ဘတ်မှာ ပူလောင်မှုကြောင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေ၏။ စပယ်ယာ၏မေးခွန်းက သူ့ခံစားချက်များအား ပေါက်ထွက်လာစေသည်။
"ဘာလို့ငါဖြစ်နေရတာလဲ။ ဘာဖြစ်လို့ မင်းဖြစ်နေရတာလဲ။ ဘာလို့ဒီဂိမ်းက ဒီလိုဖြစ်နေရတာလဲ။ ငါကဘာလို့ မင်းကိုသတ်ရမှာလဲ။
"ငါ့ကိုသတ်ပါ၊သတ်ပါနဲ့ ဘာလို့မင်းက သေပေးတဲ့သူ ဖြစ်နေရတာလဲ။"
"သူတို့မှာရော မိသားစုမရှိဘူးလား။ ဒါနိုင်ထက်စီးနင်းလုပ်တာပဲ။ တကယ်လို့ ဒီနေရာမှာ သူတို့မိသားစုဝင်သာဆို သူတို့သတ်နိုင်ပါ့မလား။"
"မင်းကိုသတ်မယ့်သူက ဘာလို့ငါဖြစ်နေရတာလဲ။ မင်းကဘာလို့သေရမှာလဲ။ ဘာလို့ဒီလိုတွေဖြစ်ကုန်တာလဲ။"
သူအသံမှာ ငိုလိုက်ရယ်လိုက်နှင့် အဆုံးတွင်အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားတော့၏။ မျက်နှာနီရဲလျက် လည်ပင်းကြောများထောင်ကာ ဒေါသကြောင့် မျက်လုံးများပြူးကျယ်နေပြီး အကြည့်နှင့်ပြာကျစေနိုင်သည်အထိ စူးရှနေသည်။
ပိုင်လော့ဖုန်း အသက်ကိုလုရှုနေရသော်လည်း စပယ်ယာက သူ့အားငြိမ်သက်စွာရပ်ကြည့်နေ၏။ "မင်းကအမြဲဒီလိုပဲ။" စပယ်ယာ၏အသံမှာ ရေခဲလိုအေးစက်နေသည်။ "မင်းအမြဲဒီလိုလုပ်တယ်။"
"ဟမ်" ပိုင်လော့ဖုန်း သူ့စကားကိုနားမလည်ချေ။ စပယ်ယာက ရှင်းပြမနေတော့ဘဲ တံခါးလက်ကိုင်ကိုလွှတ်ချကာ သူ့ကိုပြောလာသည်။ "ဒီကိုလာခဲ့။"
ပိုင်လော့ဖုန်း သူ့ဆီသို့လျှောက်သွားလိုက်၏။
"နားထောင် အားဖုန်း၊ ဒါကနိုင်ထက်စီးနင်းလုပ်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဒီနေရာမှာကပုံမှန်ပဲ။ သေရေးရှင်ရေးကြုံလာရင် လူတွေရဲ့အရောင်အသွေး အမှန်တွေကအလိုလိုပေါ်လာပြီး ဘယ်အရောင်ကမှမလှတော့ဘူး။ ပြောရတာမကောင်းပေမယ့် ဒါလူ့သဘာဝပဲ။"
စပယ်ယာက သူ့အင်္ကျီကော်လံအား ပြင်ပေးလာသည်။ "ဒေါသထွက်လို့ရတယ်။ စိတ်ဆိုးလို့ရတယ်။ ဒါပေမယ့် သူများမတွေ့စေနဲ့။"
"သူများတွေမတွေ့စေနဲ့။ ဒီအချက်ကအရေးအကြီးဆုံးပဲ။ မဟုတ်ရင် ဒီအချက်က မင်းကိုခြိမ်းခြောက်နိုင်မယ့် လက်နက်ဖြစ်လာလိမ့်မယ် အားဖုန်း။"
စပယ်ယာက သူ့ဦးထုပ်ကိုချွတ်ကာ ပိုင်လော့ဖုန်းခေါင်းပေါ် တင်ပေးလာသည်။
"လျှို့ဝှက်ထားပါ၊ အားဖုန်း။ ကိုယ်ပြောတာသေချာနားထောင်၊ ကိုယ်သေရမှာမကြောက်ဘူး။ နောက်ဂိမ်းကျရင် ဖန်တီးသူက မင်းလက်နဲ့ကိုယ့်ကိုသတ်ဖို့ ဖိအားပေးလာနိုင်တယ်။ ဒီအချိန်ရောက်လာရင် တွန့်ဆုတ်မနေနဲ့နော်။"
"လုပ်စရာရှိတာကိုသာ ဆက်တိုက်လုပ်သွား။"
"ဘယ်သူ့ကိုမှလည်းမယုံနဲ့။ အားလုံးကမင်းကို ပစ်မှတ်အဖြစ်ရွေးထားနိုင်တယ်။ ကိုယ့်ကိုကိုယ်ပဲယုံ။"
ထိုစကားများက သူ၏နောက်ဆုံးဆန္ဒကဲ့သို့ စိုးရိမ်မှုများပါဝင်နေ၏။
ပိုင်လော့ဖုန်းကသူ့အား ကြေမွသွားတော့မည့် ရေခဲတုံးကဲ့သို့ ကူကယ်ရာမဲ့စွာကြည့်နေသည်။
စပယ်ယာကသူ့ခေါင်းအားပုတ်ပေးလာ၏။ "ကိုယ်အားလုံးပြောပြီးလို့ ပြောစရာမကျန်တော့ဘူး။ အခုကစပြီး မင်းအပေါ်ပဲမူတည်သွားပြီ။"
စပယ်ယာကသူ့အား တွန်းထုတ်လာ၏။
ပိုင်လော့ဖုန်း သတိလက်လွတ်နှင့် လဲကျသွားတော့သည်။
စပယ်ယာက တစ်ဖက်သို့လှည့်၍ တံခါးကိုဖွင့်လိုက်သဖြင့် လေများအလုအယက် ဝင်ရောက်လာ၏။ လေပြင်းလွန်း၍ ပိုင်လော့ဖုန်း မျက်လုံးများမှိတ်ထားရသည်။
ဘုန်းခနဲမြည်အောင် တံခါးဆောင့်ပိတ်သံနှင့် လေနှင့်နှင်းများ ရပ်တန့်သွား၏။
ပိုင်လော့ဖုန်း မျက်လုံးပြန်ဖွင့်သောအခါ စပယ်ယာက တံခါး၏တစ်ဖက်သို့ ရောက်နေပြီဖြစ်သည်။
ပိုင်လော့ဖုန်း အလန့်တကြားအော်ခေါ်ရင်း ထရပ်လိုက်မိ၏။ "စုယွီ"
စပယ်ယာကရထားတွဲဆယ့်တစ်၏ တံခါးကိုအပြင်မှ သော့ခတ်လိုက်သည်။
သံကြိုးနှင့်တံခါးလက်ကိုင်အား ဆက်တိုက်ရစ်ပတ်နေသဖြင့် တချွင်ချွင်မြည်သံများ ဆက်တိုက်ကြားနေရ၏။
ပိုင်လော့ဖုန်း တံခါးအားဆက်တိုက် လှုပ်ကြည့်သော်လည်း တံခါးကတုတ်တုတ်ပင်မလှုပ်ချေ။
ပိုင်လော့ဖုန်း တံခါးကိုထုရင်း ပြတင်းပေါက်မှန်ကြားမှအော်ဟစ်နေသည်။ "ပိုင်လော့ဖုန်း၊ မင်းဘာလုပ်တာလဲ။"
"ကိုယ်သေမလို့။" စပယ်ယာ၏ဆံပင်များသည် လေပြင်းကြောင့်တလူလူလွှင့်နေ၏။
"မင်းဆက်လိုက်လာမှာ ကိုယ်သိပ်ကြောက်တယ်။ မင်းသာသေသွားရင် ကိုယ့်အတွက်ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။"
"ကိုယ်က NPC မလို့ အသစ်ပြန်စလို့ရတယ်။ ဒါပေမယ့်မင်းက လုံးဝသေသွားနိုင်တယ်။"
"မင်းလည်းစဥ်းစားရုံနဲ့သိနိုင်တယ်မလား။"
"ငါ"
"သွားတော့။"
"........"
စပယ်ယာက သွေးကျနေသည့်လက်နှင့် ကွဲနေသည့်မှန်ပြတင်းအား ထိုးချလိုက်သည်။
"သွားတော့၊ အားဖုန်း။ ပြီးရင်ကိုယ့်ကိုလာကယ်ပါ။"
ပိုင်လော့ဖုန်း ဘာမှဆက်မပြောတော့ဘဲ မှန်တံခါးပေါ်က စုယွီ၏လက်ကို အုပ်ကိုင်လာ၏။ သို့သော်လက်ချောင်းများအား ယှက်ခွင့်မရခဲ့ပေ။
စပယ်ယာကရယ်သည်။
"ဒီလိုမျက်နှာမျိုး မလုပ်ပါနဲ့။ ကိုယ်က NPC မလို့ ထပ်ခါထပ်ခါ အသစ်ပြန်စရပြီး မှတ်ညဏ်တွေလည်း ပျောက်သွားမှာပဲ။ မင်းကိုလည်းကိုယ်ပြန်မေ့ဦးမှာပဲ။"
"ဒီအတွက်ကိုယ့်ကိုစိတ်ဆိုးရင် ကိုယ့်ကိုသတ်တဲ့အခါကျ သစ္စာဖောက်လို့တွေးပြီး နှလုံးတည့်တည့်ကို ဓားနဲ့ထိုးချလိုက်ပေါ့။"
"တော်တော့....."
"ဟုတ်ပါပြီ၊ ကိုယ်ဆက်မပြောတော့ဘူး။" စပယ်ယာကလက်အားဖြုတ်ချသွားသည်။
"နှုတ်ဆက်ပါတယ် ပိုင်လော့ဖုန်း။"
သူလှည့်ထွက်သွားပြီး ရထားတွဲနှစ်ခုကြားမှ လီဗာရှိသည့်နေရာသို့ လျှောက်သွားသည်။
စပယ်ယာက ပုဆိန်အားရထားတွဲ တစ်ဆယ်၏တံခါးရှေ့၌ စိုက်ချလိုက်ပြီး လီဗာကိုရှေ့သို့တွန်းတင်လိုက်၏။
ရထားနှစ်တွဲအားချိတ်ထားသည့် တံခါးချိတ်မှာပြုတ်ထွက်သွားပြီး ရထားတွဲတစ်ဆယ်နှင့် ဆယ့်တစ်တို့သီးသန့်ဖြစ်သွားတော့သည်။
ရထားတွဲဆယ့်တစ်နှင့် အနောက်မှအတွဲများသည် အရှိန်ကြောင့်ခဏတာ ရွေ့လျားနေပြီးနောက် နှင်းတောင်များကြား ရပ်နားသွားလေပြီ။
ပိုင်လော့ဖုန်း မှန်သားပြင်ပေါ်လက်တင်ထားရင်းနှင့် စပယ်ယာအားငေးကြည့်နေသည်။
စပယ်ယာကသူ့အားပြန်ကြည့်နေဆဲပင်။
နှစ်ဦးသားအကြည့်ချင်း ဆုံနေကြသော်လည်း ကြားမှအကွာအဝေးမှာ ကြီးမားသထက်ကြီးမားလာသည်။
မြင်ကွင်းထဲမှ ပိုင်လော့ဖုန်း၏ ပုံရိပ်ပျောက်ကွယ်ကာ နှင်းများအစားထိုးရောက်လာသောအခါ စပယ်ယာသည် ပုဆိန်ကိုပခုံးပေါ်တင်၍ ရှေ့သို့ဆက်လျှောက်သွား၏။
သူ့မျက်နှာပေါ်၌ မည်သည့်ခံစားချက်ကိုမှ မတွေ့ရချေ။ ပုဆိန်အား မီးလင်းဖိုဆီတရွတ်တိုက်ဆွဲလာသည်။
ထိုပွတ်တိုက်သံ တဂျစ်ဂျစ်နှင့်အတူ သူ့နားထဲ၌ အတိတ်ကသူ့အဖွဲ့သားများ၏ အသံကိုပြန်ကြားလာ၏။
"မင်းလည်း အချစ်အတွက်လာခဲ့တာပဲလား။ အားလုံးက အချစ်သူရဲကောင်းတွေပဲ။"
"စဥ်းစားလို့မရဘူး။ နားမလည်နိုင်တော့ဘူး။ ဒါကလိုအပ်လို့လား။"
"လက်တွဲဖော်ဆိုတာ ရွေးချယ်လို့ရပါတ်ကွာ။ ဒီကမ္ဘာမှာ လူလွတ်တွေဘယ်လောက်ပေါသလဲ။ ဘာလို့ကိုယ့်ကိုကိုယ် တစ်နေရာတည်းမှာ ဖက်တွယ်နေတာလဲ။"
"မင်းကအသက်စွန့်ကယ်ရင်တောင် အပြင်ပြန်ရောက်တဲ့အချိန် သူကဒါတွေကိုသိပါ့မလား။ နှစ်တွေကြာလို့ မင်းတို့နှစ်ယောက် လမ်းခွဲလိုက်ရင် ဒါတွေအားလုံးက အလဟာသဖြစ်ကုန်မှာပဲ။"
"ဘာကိုပြောချင်တာလဲ။" စပယ်ယာ သူ့အသံကိုသူ ပြန်ကြားလိုက်ရ၏။
"လိုအပ်တာပေါ့။" ထိုမေးခွန်းကို သူပြန်ဖြေနေသည်။
"မင်းအတွက်မလိုပေမယ့် ငါ့အတွက်လိုတယ်။"
"မင်းငါ့ကိုနားမလည်ပါဘူး။"
"ဒါသူ့အတွက် ငါလုပ်ပေးနိုင်သမျှအားလုံးပဲ။"
စပယ်ယာသူ၏ အသံတိုးတိုးအား သူပြန်ကြားနေရသည်။ "ကိုယ်ပါ....."
"အားဖုန်း၊ ကိုယ်ပါ။"
မီးလင်းဖိုဆီသွားနေသည့် သူ့ခြေလှမ်းများက ပိုပိုလေးလံလာ၏။
သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများအားလုံး တုန်ခါသည်အထိ အက်ရှနေသည့်အသံဖြင့် သူအော်ပြောနေသည်ကို သူပြန်ကြားနေရသည်။
"အားဖုန်း၊ ဒါကိုယ်မင်းအတွက် လုပ်ပေးနိုင်သမျှပါပဲ။"
ဒဏ်ရာရနေသည့် လက်ကိုပါမြှောက်ကာ ပုဆိန်အားလက်နှစ်ဖက်နှင့် မြှောက်တင်လိုက်သည်။
ရထားကဆက်သွားနေပြီး ရထားတွဲတစ်ဆယ်မှာ မြင်ကွင်းထဲမှပျောက်သွားလေပြီ။
သူ့နောက်မှတံခါးမှာ ရုတ်တရက်ဆွဲဖွင့်ခံလိုက်ရသည်။
"ပိုင်လော့ဖုန်း၊ ရထားဘာလို့ ရပ်သွားတာလဲ။" လျန့်ရိထုံကမေးလာ၏။
ရှူရှင်းက ဘေးဘီပတ်ကြည့်ကာ ထပ်မေးလာသည်။ "သူဘယ်မှာလဲ။ ဘယ်ရောက်သွားတာလဲ။"
ရှစ်ယွမ်ကသူ့ဆီရောက်လာသည်။ "ရေတွက်တာကခုထိ မရပ်သေးဘူး။ ငါမင်းအနာကို ဆားမသိပ်ချင်ပေမယ့်....."
"ပါးစပ်ပိတ်ထားကြ....." သူ့အသံမှာမကျယ်လှ။ ဒေါသ၊အာဃာတ၊အလိုမကျမှု စသည့်စိတ်ခံစားချက်များ ရောယှက်ကာ အင်မတန်ချုပ်တည်းထားရဟန်ပေါ်သည်။
သူတို့အားလုံးကို သတ်ပစ်ချင်နေသည့် လေသံမျိုးပေါက်၏။
"တောင်းဆိုတယ်။ ဘာမှမပြောကြနဲ့။ သူသေပေးလိမ့်မယ်။ ဟုတ်ပြီလား။"
သူ့စကားလုံးများသည် ဖိအားပေးခြင်းကြောင့် အပြစ်တင်သလို၊ နှလုံးသားမဲ့လွန်း၍ ရှုံ့ချနေသလို သူတို့အားခံစားရစေ၏။
လျန့်ရိထုံက ဆက်ပြောလာသည်။ "မင်းဘာတွေပြောနေတာလဲ။ အေး၊ ကောင်းပြီ။"
ရုတ်တရက်နှင်းမုန်တိုင်းကြားမှ ပေါက်ကွဲသံကျယ်ကျယ်အား ကြားလိုက်ရသည်။ အားလုံးရှေ့သို့ ကြည့်မိကြသောအခါ ရွေ့နေသောရထားတွဲများ ပေါက်ကွဲထွက်သွားသည်ကို တွေ့လိုက်ရ၏။ ရထားကရပ်သွားပြီး မီးခိုးလုံးများ လှိုက်တက်နေသည်။
မီးလုံးများသည် နှင်းပုံကြား၌ မီးပုံပွဲကျင်းပနေသလို တောက်လောင်နေပြီး ၎င်းတို့ဆက်သွားရမည့်လမ်းအား ညွှန်ပြနေသလိုပင်။
လျန့်ရိထုံ၏ဖုန်းမှ ဒေါင်ခနဲအချက်ပေးသံ မြည်လာသဖြင့် သူဖုန်းအားကြည့်လိုက်သည်။
(အချိန်ရေတွက်ခြင်း ရပ်နားပါပြီ)
(ရထားစပယ်ယာ သေဆုံးပါပြီ။ ဂိမ်းအနိုင်ရခြင်းအတွက် ထုတ်လွှင့်သူများအားလုံးကို ဂုဏ်ပြုပါတယ်)