အပိုင်း ၁၆ - ဖြတ်သန်းနေသောရထား (အခန်း ၈)
မှတ်ညဏ်များမှာ အပိုင်းအစများသာ ပေါ်လာ၍ ပုံဖော်မရပေ။ တချို့မြင်ကွင်းများသည် အသံနှင့်ပုံရိပ်တွဲနေပြီး တချို့မှာ အသံသာပါ၍ ပုံရိပ်များမပါလာချေ။ တချို့ပုံရိပ်များက မခံမရပ်နိုင်အောင် နာကျင်စေပြီး တချို့မှာ နှာခေါင်းအတွင်း တစ်နေရာကို ကျင်စူးလာစေသည်။
ရထားစပယ်ယာအနေနှင့် ထိုဖြစ်ရပ်မျိုး ယခင်ကမကြုံဖူးပေ။ မရင်းနှီးသော စကားလုံးအချို့ သူ့စိတ်ထဲ၌ ရှင်းလင်းစွာ ပေါ်လာသည်။
ဆေးရုံ၊ နှလုံးရောဂါကုထုံး၊ ပိုးသတ်ဆေး၊ နှလုံးရောဂါ၊ အသက်ရှုရခက်ခြင်း၊ ICU၊ မေပယ်လ်ရွက်များ၊ တူရိယာများ။
ဗရုတ်သုတ်ခဆန်ကာ အဆက်အစပ် မရှိသည့်စကားလုံးများ သူ့စိတ်ထဲရစ်ဝဲနေပြီး သူမကြားဖူးသည့် လေသံနှင့် နားရွက်နားကပ်ပြောလာသည့် စကားလုံးတစ်ချို့.....
"သူ တောင့်မခံနိုင်ခဲ့ဘူး။"
အသံမှာတည်ငြိမ်သည်ထက် သွေးအေးလှသည်။
သူတုန်လှုပ်လာသည်။ ခန္ဓာကိုယ်အတွင်းပိုင်း၌ တစ်စုံတစ်ဦးက ဗုံးဖောက်ခွဲသွားသည့်အတိုင်း အသားတခြား၊အရိုးတခြား ဆုတ်ဖြဲခံရသည့်နှယ် ကြေကွဲပျက်စီးနေသည်။ စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုက သူ့ကိုယ်တွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည်။ ရုပ်ပိုင်းဆိုင်ရာ၌လည်း ခြေလက်များပျော့ခွေကျကာ ထုံကျင်လာသည်ကို သူခံစားရသော်လည်း ဘာကြောင့်မှန်း သူနားမလည်နိုင်။
ပိုင်လော့ဖုန်း ကြမ်းပြင်၌ဒူးထောက်ကာ ချောင်းဆိုးနေဆဲပင်။ စပယ်ယာကလည်ပင်းအား အားနှင့်ဖိကာညှစ်ထား၍ အသံကအက်ကွဲနေပြီး ချောင်းဆိုးမရပ်နိုင်ဖြစ်နေသည်။ နံဘေးမှစိုးရိမ်တကြီး ခေါ်သံများကိုလည်း သူမတုံ့ပြန်နိုင်။ သူ့ဘေး၌ လူတချို့ဝိုင်းအုံနေကြသည်။
"ဒီနေရာမှာ မီးလောင်ထားတယ်။" စုချာက စိုးရိမ်တကြီးပြောလိုက်သည်။ "ဒီဒဏ်ရာကတော့ ကုမှဖြစ်လိမ့်မယ်။"
ရှစ်ယွမ်က တစ်ခြားသူများဖက်လှည့်မေးလာသည်။ "မီးလောင်ဒဏ်ရာလိမ်းဆေး ဘယ်သူ့မှာပါလဲ။"
"ငါ့မှာပါတယ်။"
ရောင်စုံတီရှပ်နှင့် မိန်းကလေးက လွယ်အိတ်ကိုချွတ်ကာဇစ်ဖွင့်၍ ဆေးဘူးအား ရှာသည်။
ရထားတွဲထဲ၌ ဗြောင်းဆန်နေလျက်။
စပယ်ယာက မျက်မှောင်ကြုတ်ကာ သူ့ကုတ်အင်္ကျီကိုဆွဲဆန့်ပြီး တံခါးဖွင့်၍ ထွက်သွားရန်ပြင်သည်။
"ရပ်လိုက်။" ကျန်းမုန့်ရီက သူ့အားတားလိုက်သည်။
စပယ်ယာက သူ့အားလျစ်လျူရှူကာ တံခါးဖွင့်၍ ရထားတွဲဆီဝင်သွားသည်။
"ရပ်လို့ပြောနေတယ်လေ၊ ချီးပဲ။"
ကျန်းမုန့်ရီကပြေးလိုက်ကာ တံခါးမပိတ်သေးမီ ရထားတွဲထဲအတင်းဝင်လိုက်၍ သူ့လက်မောင်းအားဖမ်းဆွဲလာသည်။
"ဟေး.....မင်းလက်မှတ်။"
ရှစ်ယွမ်ကသူ့အား သတိပေးလာသော်လည်း နောက်ကျသွားလေပြီ။
ရထားတွဲထဲရှိ သရဲများအားလုံး ခေါင်းလှည့်ကာ ကျန်းမုန့်ရီအားကြည့်လာကြသည်။
အသက်တစ်ရှုစာခန့်ကြာမှ ကျန်းမုန့်ရီ တုံ့ပြန်ရန်သတိရပြီး သူ့လက်မှတ်သည် ဘောင်းဘီအိတ်ထဲ၌ ရှိကာ မထုတ်ယူရသေးပေ။
တစ်ဖက်မှခရီးသည်များက သူ့အားနီရဲနေသော မျက်လုံးများနှင့်စိုက်ကြည့်နေကြသည်။ အေးစက်သောလေက ရထားတွဲထဲသို့ ဝင်ရောက်လာပြီး ၎င်းတို့ပတ်လည်၌ သားရဲများ၏ အော်ဟစ်သံခပ်အုပ်အုပ်နှင့် မသဲမကွဲ ရယ်မောသံများ ပျံ့လွှင့်လာသည်။
သရဲတစ်ကောင်က ထရပ်ကာသူ့ဆီ မျောလာသည်။
ကျန်းမုန့်ရီ စိတ်မရှည်စွာနှင့် စုတ်သပ်ကာ နောက်လှည့်ပြီးအော်ဟစ်မိတော့၏။ "မင်းအခုပြန်လာခဲ့။"
စပယ်ယာက ခေါင်းမော့ကြည့်လာသော်လည်း ဘာမှတော့ ပြန်မပြော။
"ဒီကိုပြန်လာခဲ့။" ကျန်းမုန့်ရီက ထပ်ပြောသည်။ "ဘာကိုမှမဖြေရှင်းဘဲ ဘယ်ကိုထွက်သွားမလို့လဲ..."
နောက်ဆုံး၌ စပယ်ယာဆီမှအသံထွက်လာ၏။ "ဘာကိုဖြေရှင်းပေးရမှာလဲ..."
"ဘာဖြစ်ရဦးမလဲ။ မင်းဘာကြောင့် ဒီကိုရောက်နေတာလဲဆိုတာကနေ စရမှာပေါ့။"
"ငါကစပယ်ယာလေ၊ ဒီကိုမရောက်နေလို့ ငါက ဘယ်ရောက်နေရမှာလဲ။"
"မင်းကစပယ်ယာအတုကွ၊ မင်းကသာစပယ်ယာ အစစ်ဆိုရင် စုယွီကဘာဖြစ်သွားမလဲ..."
"ဘယ်သိမလဲ။" စပယ်ယာက အေးစက်စွာပြန်ပြောသည်။ "တစ်နေရာရာက ခွေးဝဲစားဖြစ်နေမှာပေါ့..."
"မင်း....." ကျန်းမုန့်ရီ ဒေါသတကြီး တုံ့ပြန်ရန်ပြင်လိုက်စဥ် ပတ်ဝန်းကျင်ရှိ သရဲများ၏ အော်ဟစ်သံများက ပိုကျယ်လာသည်။ ရယ်သံများက နားမခံသာအောင် စူးရှလာပြီး အရိပ်လိုလိုပုံရိပ်များက သူတို့အနီးသို့ စုဝေးလာကြသည်။
"လူ"
"လူ၊လူ။"
တုန်လှုပ်ခြောက်ခြား စရာအသံများက ပဲ့တင်ထပ်နေသည်။ ပုံရိပ်လိုသရဲများက လက်များဆန့်ကာ ကျန်းမုန့်ရီ၏ အဝတ်နှင့်လက်အား လာဆွဲနေကြသည်။
"လူ"
"လူ၊လူ။"
အရှေ့မှသရဲတစ်ကောင်က ပါးစပ်အားကျယ်ကျယ်ဟကာ သွေးများတစက်စက်ကျနေသည့် အစွယ်များနှင့် သူ့လည်ချောင်းအား ပြနေသည်။
ကျန်းမုန့်ရီ အတော်ကြောက်နေပြီဖြစ်သည်။
ပြေးစရာနေရာမရှိတော့မှန်း သဘောပေါက်လိုက်ချိန် သူငယ်အိမ်များ တုန်ရီလာပြီး အသည်းအသန် မောဟိုက်လာတော့သည်။
ရထားတွဲထဲ၌ ကျန်ခဲ့သည့်ငကြောက်ကောင်က ငယ်သံပါအောင်အော်နေသည်။ စုချာကလည်း ကျန်းမုန့်ရီ၏နာမည်အား ဆက်တိုက်ခေါ်နေသည်။
ကျန်းမုန့်ရီ မျက်လုံးများအားပိတ်ချလိုက်မိသည်။
ရုတ်တရက် - လက်ဖျောက်တီးသံတစ်ချက်
အသံမှာ စာရွက်ဆုတ်သံနှင့်တူပြီး တစ်စုံတစ်ခု ကြမ်းပြင်ပေါ်ပြုတ်ကျသလို ဗွမ်းခနဲအသံအားကြားရသည်။
သရဲအော်သံများ မကြားရတော့။
ရထားတွဲထဲမှ အော်ဟစ်နေကြသော အဖွဲ့ဝင်များ၏ အသံများလည်း ပျောက်ကွယ်သွား၏။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။
တောက်.....တောက်.....
စိုစွတ်နေသည့် အရာဝတ္ထုတစ်ခုထံမှ တစ်စက်စက်ကျနေသည်။
စက္ကန့်တစ်ချို့ ကုန်ဆုံးသွားလေပြီ။ ကျန်းမုန့်ရီ အံကြိတ်ကာခံမည်ဟု ဆုံးဖြတ်ထားသည့် အသားစများ ဆွဲဖြဲခံရသည့် နာကျင်မှုမျိုး မရောက်ရှိလာပေ။ လေထုထဲ၌ သွေးစိမ်းနံ့များသာခံစားမိသည်။
ကျန်းမုန့်ရီ ကာထားသည့်လက်ကိုချကာ မျက်လုံးအား တဖြည်းဖြည်းဖွင့်ကြည့်သောအခါ သူ့ပတ်ပတ်လည်မှ သရဲပုံရိပ်များ မရှိတော့။
အထက်ရှိ ရထားမီးလုံးက ကွဲအက်နေပြီး နန်းကြိုးမျှင်များ ယိမ်းခါနေသည်။
ခုံများ၊ကြမ်းပြင်၊မျက်နှာကျက်နှင့် ပြတင်းပေါက်များ၌ သွေးများအပြည့်နှင့်။
ကြမ်းပြင်၌ ခြေလက်နှင့်ဦးခေါင်းများ ပုံနေ၏။ မျက်လုံးတစ်လုံးက ကြမ်းပြင်၌လှိမ့်နေပြီး ကျန်းမုန့်ရီခြေထောက်ရှေ့၌ ရပ်သွားသည်။
ကျန်းမုန့်ရီ အနောက်သို့ဆုတ်လိုက်သောအခါ ကြမ်းပြင်ရှိ စေးကပ်ကပ်သွေးများကြောင့် ချော်လဲတော့သည်။
ရထားလုံးတစ်ခုလုံးကို မျက်စိမျက်ဆံပြူးလျက် သူပတ်ကြည့်မိသည်။
သရဲတစ်ကောင်ပင် မတွေ့ရချေ။
အဖြစ်အပျက်အား ကျန်းမုန့်ရီ အခုမှသာသဘောပေါက်တော့သည်။
စပယ်ယာအား သံသယမျက်လုံးများနှင့် ကြည့်ကာသူမေးလိုက်သည် "မင်း...."
စပယ်ယာက သူ့အားကျောပေးကာ တောင်ကြီးတစ်လုံးလို ရပ်နေဆဲ။ ရထားထဲမှလေအေးများက ပုခုံးပေါ်မှ သူ့အင်္ကျီစအား တလူလူ လွှင့်နေစေလျက်။
"အား.....အားလုံးကို သတ်လိုက်တာလား..." သာမန်ရုပ်ရည်နှင့်လူက တုန်ရီနေသောအသံနှင့် ရေရွတ်နေသည်။
"လက်ဖျောက်တစ်ချက်တည်းနဲ့လေ။"
"သောက်ကျိုးနည်း"
"ပြင်းလိုက်တာ။" ရှစ်ယွမ်က မျက်နှာမှချွေးစေးများအား လက်နှင့်ပွတ်သုတ်နေသည် "ဒီလိုအင်အားနဲ့ဆို သူသာစိတ်ပါရင် အချိန်မရွေး ငါတို့အားလုံးကို အလွယ်လေးသတ်လို့ရတယ်။"
စပယ်ယာက သူတို့ဖက်လှည့်လာသည်။ ဓားသွားကဲ့သို့ စူးရှသောမျက်လုံးများနှင့် ကျန်းမုန့်ရီအားစိုက်ကြည့်နေသည်။
"ဒါစပယ်ယာရဲ့အလုပ်ပဲ။ မင်းဘာမေးစရာရှိသေးလဲ။"
ကျန်းမုန့်ရီ စကားလုံးများတစ်ဆို့နေပြီး ဘာမှပြန်မပြောနိုင်တော့။
စပယ်ယာက သူ့ကိုကျော်ကာ အနောက်မှ ပိုင်လော့ဖုန်းအား ကြည့်လိုက်၏။
ပိုင်လော့ဖုန်း ချောင်းဆိုးနေဆဲဖြစ်သော်လည်း အတော်သက်သာနေပြီဖြစ်သည်။ လေကာအင်္ကျီ၏ ဇစ်တစ်ဝက်ခန့်အား ဆွဲချထားပြီး လက်တစ်ဖက်ကပြုတ်နေ၏။
စုချာက သူ့လည်ပင်းပေါ် မီးလောင်ဒဏ်ရာကို ဆေးနှင့် ခပ်ဖွဖွတို့လိမ်းပေးနေသည်။ သူ့အရေပြားမှာ လောင်ကျွမ်းနီရဲနေပြီး အရည်ကြည်ဖုများထကာ ကြည့်ရသည်မှာ စိတ်မချမ်းမြှေ့စရာပင်။
ပိုင်လော့ဖုန်းက လုံးဝမနာသလို မျက်နှာအမူအရာ မပျက်ပေ။
စပယ်ယာက မျက်မှောင်ကြုတ်ကာ ရှေ့တိုးလာပြီး ပိုင်လော့ဖုန်း ရှေ့၌လာရပ်သည်။
ပိုင်လော့ဖုန်းက သူ့ကိုမော့ကြည့်လာသည်။
စပယ်ယာက သူ့အား ခဏတာမျှ ငုံ့ကြည့်နေခဲ့သည်။ သို့သော် သူ့ဦးနှောက်ထဲမှ ပုံရိပ်အပိုင်းအစများက စုစည်းလာခြင်းမရှိ။
ပို၍ရှုပ်ထွေးကာ အဆက်အစပ် မရှိသည့် ပုံရိပ်များသာပေါ်လာပြီး ယခင်ထက်ပို၍ ဖရိုဖရဲဖြစ်နေသည်။
ထိုပုံရိပ်များမှ ထွက်ပေါ်လာသည့် ခံစားချက်များက သူ့ခန္ဓာကိုယ်အား ဆောက်တည်ရာမရဖြစ်စေ၏။
ခြေလက်များထုံကျင်ကာ ခေါင်းထဲနာကျင်မှုများ ဝင်ရောက်လာသည်။ ထိုခံစားချက်မျိုး သူ ယခင်က မကြုံခဲ့ဖူးပေ။
အတော်ကြိုးစားအားထုတ်၍ သူ့အားစည်းရုံးသိမ်းသွင်းပြီးနောက် ဆေးရုံမှပြန်ရန် သူသဘောတူလိုက်ရသည်။ သူနေရာမှ ထွက်လာသည့်တိုင် ခြေလှမ်းအနည်းငယ်လျှောက်ပြီးတိုင်း နောက်သို့ပြန်လှည့်ကြည့်နေမိ၏။
နောက်ဆုံးတွင် ဆေးရုံတံခါးဝသို့ရောက်သွားပြိီး နောက်ဆုံးနှုတ်ဆက်စကားကို ဆိုမိသည်။ "အားဖုန်း၊ ကိုယ်တကယ်သွားတော့မှာနော်။ အဆင်ပြေတယ်မလား..."
"စောစောအိပ်နော်။ နှလုံးကနေမကောင်းသေးဘူး။ အားဖုန်း၊ စောစောအိပ်လို့... မနက်ဖြန်မှ ယာဂုဆန်ပြုတ်လုပ်ခဲ့မယ်။"
သူ့တွင် စကားကို ထပ်ခါထပ်ခါ ပြောသည့်အကျင့်ရှိနေသည်။
တံခါးဘောင်အားကိုင်လျက် ထိုစကားများအား သူဆက်ပြောနေသည်။ "နေမကောင်းရင် ကိုယ့်ကိုခေါ်နော်။ ပြတင်းပေါက်ကနေ တွယ်တက်ခဲ့မယ်။ ကိုယ်ကတိပေးတယ်။"
ရထားစပယ်ယာသည် ရထားတွဲနံပါတ်ခြောက်၏ တံခါးကိုဖွင့်ကာ နောက်အခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
ပိုင်လော့ဖုန်း သူ့အားထပ်မတွေ့ရတော့။ သူဘယ်တော့မှ ပြန်မလာခဲ့ပေ။
စုယွီကသူ့အား တစ်ချက်ပင် လှည့်ကြည့်မလာခဲ့။
ပစ္စည်းများအား နှေးနှေးကွေးကွေး သိမ်းဆည်းတတ်သော စုယွီ၊ ပိုင်လော့ဖုန်း ခံစားချက်ပြင်းထန်ကာ နှလုံးအောင့်မည်ကို အင်မတန်ပူပန်တတ်သော စုယွီ၊ ထိုကာလများအတွင်း သူ့အားမဖက်ရဲ၊ မနမ်းရဲ၊ ဝန်မခံရဲသည့်စုယွီ၊ ယခု ထိုသူသည် ပိုင်လော့ဖုန်းအား တစ်ချက်ပင်စောင်းငဲ့မကြည့်တော့။
ပိုင်လော့ဖုန်း၏ လည်ပင်းမှဒဏ်ရာသည် မီးလောင်နေသကဲ့သို့ ပြင်းစွာနာကျင်နေသည်။
သူတောင့်မခံနိုင်တော့။ လည်ပင်းအား ဖိကိုင်ထားသည့်လက်မှာ တဆတ်ဆတ်တုန်နေသည်။
မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ခေါင်းငုံ့ကာ မျက်နှာကိုလက်နှင့်အုပ်၍ သူရှိုက်ကြီးတငင် ငိုမိတော့သည်။
လေထုက လေးလံလွန်းလျက်။ သူ၏ အော်ဟစ်ငိုယိုသံနှင့်အတူ အားလုံးကခေါင်းငုံ့ကာ ငြိမ်သက်နေကြသည်။
မည်သူကမျှ ဘာမှမပြောလာပေ။
ရထားက ဆက်သွားနေပြီး ရထားတွဲနံပါတ်ခုနစ်မှ သွေးများကတစက်စက် စီးကျနေဆဲ။
ကြမ်းပေါ်မှခြေလက်များကြား ရထားစပယ်ယာသည် တစ်ချိန်က သူ့လက်တစ်ဖက်အား ထိုနေရာ၌ ဆုံးရှုံးခဲ့ရသည်ကို မည်သူကမှ သိကြမည်မဟုတ်ချေ။