no

Font
Theme

အခန်း ၆ - ပလက်ဖောင်း

ဘူတာရုံကြီးသည် ထင်ထားသည်ထက် ပိုမို တိတ်ဆိတ်ပြီး ဖုန်များ အပြည့်ပင်။ ခုံများ သံချေးတက််နေပြီး ကြမ်းပြင်မှာ အင်မတန် ညစ်ပတ်ကာ ဒုတိယထပ်သို့သွားသည့် ဓာတ်လှေကားမှာ အလုပ် မလုပ်ပေ။ သွေးစွန်းနေသည့် အဖြူရောင် အဝတ်တစ်ထည်အား လက်ကိုင်တန်း၌ ချိတ်ထား၏။

တဖျတ်ဖျတ် မီးရောင်နှင့်အတူ ဝင်ပေါက်၌ ရှိသည့် အကြီးဆုံး အီလက်ထရွန်းနစ် ဖန်သားပြင်ကြီးမှာ လိုင်းတစ်ချို့ ထင်နေ၍ မျက်နှာပြင်တစ်ဝက် ပျက်စီးနေသဖြင့် အင်မတန် ပြီးပြည့်စုံသော သရဲခြောက်သည့် နေရာမျိုးကို ဖန်တီးပေးနေသည်။

တဖျတ်ဖျတ် လက်နေသော အီလက်ထရွန်းနစ် ဖန်သားပြင်၌  SW214 ဟူသည့် ဘူတာရုံ နံပါတ်အား လှမ်းမြင်လိုက်ရ၏။ ထိုရုံနံပါတ်နှင့် ကောင်တာမှာ ဒုတိယထပ်၌ ရှိနေသည်။

ဝန်ဆောင်မှု ပြင်ပ စက်လှေကားနှင့် တက်ပြီး ပလက်ဖောင်းသို့ ရောက်ကာ ဘူတာရုံသို့ ဆက်ဝင်ကြ၏။

ပလက်ဖောင်း၌ လူသူမရှိသလို ရထားလည်း မရောက်သေးပေ။ ထိုနေရာသည် သရဲတစ္ဆေများအား ဆွဲဆောင်နေပုံပေါက်၏။ ကြမ်းပြင်၌ အမှိုက်သရိုက်များ ပြည့်နေကာ လေတိုက်တိုင်း အလေးချိန်မရှိသော စီးကရက်ဘူးခွံများနှင့် စာရွက် အပိုင်းအစများက လေထဲ လွှင့်နေသည်။ အရောင်ဖျော့ဖျော့ အကွက်များ ကြမ်းပေါ် ထင်နေပြီး တစ်စုံတစ်ယောက်အား ကြမ်းပေါ် တရွတ်တိုက်ဆွဲသွား၍ သွေးစက်များ ကျန်ခဲ့သည်နှင့်ပင် တူ၏။

ရထားစောင့်ရင်းနှင့် မီးခိုးရောင်ဆံပင်နှင့်လူ ဆောင့်ကြောင့်ထိုင်ချပြီး တုရှောင်ရှောင်အား နှစ်သိမ့်နေသည်။

"မိဘတွေနဲ့ တွေ့ရတော့မယ်၊ မကြောက်နဲ့တော့နော်။"

"အင်း..." မိန်းကလေးမှ ခပ်တိုးတိုးသာတုံ့ပြန်သည်။

ထွေထွေထူးထူး လုပ်စရာ မရှိသဖြင့် ကလေးဆီမှ နောက်ထပ် အချက်အလက်များ ရအောင်သာ မေးမြန်းရ၏။ "မိဘတွေက ဘယ်လို လူမျိုးလဲ။ နာမည်ရော သိလား။"

မိဘများ အကြောင်းပြောသည်နှင့် ကလေး၏ မျက်လုံးများ အရောင်တောက်လာသည်။ သို့သော် ခေါင်းငုံ့၍ ဘာမှ ပြန်မပြောလာပေ။

"ဘာလို့ ရှက်နေတာလဲ။" မီးခိုးရောင်ဆံပင်နှင့်လူသည် ကလေး၏ ဆံပင်အား ဖွကာ ရယ်သည်။

ရုပ််တည်နှင့်လူ ပြောလာ၏။ "မထင်ထားဘူး။ မင်းရုပ်က ကလေးတွေ မြင်တာနဲ့ သေးထွက်အောင် ကြောက်မယ့်ရုပ်ပေမယ့် ကလေးချော့တတ်သားပဲ။"

ဆံပင်မီးခိုးရောင်နှင့်လူ သူ့အား လှည့်ကြည့်လာသည်။ "မင်းက ရိုင်းသားပဲ။"

ရုပ်တည်နှင့်လူ နှစ်ချက်သာ ရယ်သည်။

"အင်း...အခုတော့ ဂိမ်းထဲ ဝင်ရတော့မှာပဲ။" ဆုချာ လက်နှစ်ဖက်အားမြောက်ကာ အောင်ပွဲခံ၏။ "ဒါနဲ့...ရထား ဘယ်တော့လာမလဲ။"

"မိနစ် နှစ်ဆယ်လောက် လိုသေးတယ်။" ပိုင်လော့ဖုန်း ပြန်ဖြေသည်။

"ကောင်းတယ်၊ ကောင်းတယ်။" ဆုချာ နောက်သို့ လှည့်ကြည့်သောအခါ အားလုံး၏ မျက်နှာများမှာ သွားကိုက်၍ နာသကဲ့သို့ ရှုံ့မဲ့နေကြ၏။

"ဘာဖြစ်နေကြတာလဲ။" ဆုချာ ခေါင်းစောင်းကာ မေးလိုက်သည်။ "တောင်တွေဖြတ်၊ မြစ်တွေကူး အနောက်အရပ်ကို ခရီးသွားသလို အခက်အခဲတွေ ဖြတ်ပြီးမှ ဂိမ်းထဲ ဝင်ရမှာကို မပျော်ကြဘူးလား။"

"ဘယ်လိုပျော်နိုင်မှာလဲ။" လူငယ်တစ်ဦး ပြန်ပြောလာ၏။ "ဂိမ်းတောင် မစရသေးဘဲ ဒီလောက် ပင်ပန်းနေတာ နင်က ပျော်နေတာလား။"

ပိုင်လော့ဖုန်း ကြည့်လိုက်သောအခါ ထိုသို့ ပြောလာသူမှာ ဂိတ်တံခါးကို ဖြတ်ပြီးနောက် ကြမ်းပြင်ပေါ် ထိုင်ကာ 'ဘာတွေဖြစ်နေတာလဲ။'ဟု အော်၍ ငိုယိုနေခဲ့သော လူငယ်ဖြစ်နေသည်ကို တွေ့ရ၏။

"အင်း...ဒါလည်း ဟုတ်သားပဲ။" ဆုချာ ရှက်ရှက်နှင့် ရယ်မိသည်။ "ဆောရီး၊ ငါက ဒီတိုင်း အကောင်းမြင်စိတ်များတဲ့သူ မလို့။"

လူငယ် ခါးကို ကိုင်းကာ မကြားတကြား ပြောနေ၏။ "ဒါ အကောင်းမြင်တတ်တာ မဟုတ်ဘူး။ ဒီလို အခြေအနေမှာ ရယ်နေနိုင်တာ စိတ်လွတ်နေလို့ပဲ၊ အရူးမ။"

"ဟဲ့..." သူ့ နံဘေးမှ မိန်းကလေးက ထိုစကားအား သဘောမတွေ့ဘဲ သူ့ လက်မောင်းအား ကိုင်ကာ ဆူပူလေ၏။ "နင် စကားပြောတာ ဆင်ခြင်။"

"ငါအမှန် ပြောနေတာ။" ကောင်လေး ထအော်သည်။ "အခြေအနေကို ကြည့်ဦး။ ဂိမ်းထဲတောင် မရောက်သေးဘူး။ စက္ကူရုပ်တွေ လိုက်တာ ခံနေရပြီ။ ဒါတောင် သူက ရယ်နိုင်သေးတယ်။ ဘာရယ်စရာပါနေလို့လဲ။ သူက ရူးနေတာ။"

"မင်း ဘာပြောလိုက်တာလဲ။" မီးခိုးရောင်ဆံပင်နှင့်လူ စိတ်ရှုပ်လာပုံရသည်။ ဆုချာအား ဆွဲကာ အနောက်သို့ ပို့ပြီး သူ အရှေ့တက်လာ၏။ "မင်းက ဘာကောင်မလို့ သူများ ရယ်တာ၊ ငိုတာကို လိုက်ဆုံးဖြတ်ပေးနေတာလဲ။ မင်းဘေးက လူအားလုံးက မင်းလို အော်လိုက်ငိုလိုက် လုပ်နေရမှာလား။"

ပိုင်လော့ဖုန်း သဘောမကျပုံရသော်လည်း မျက်မှောင်သာ ကြုံ့နေပြီး ဘာမှ ဝင်မပြောပေ။

"ရပြီ၊တော်တော့။ ရန်မဖြစ်ကြနဲ့။" လီချန်စစ် တရားဝင်ချသည်။ "ဖြစ်သမျှက စိတ်မချမ်းမြှေ့စရာတွေ ဆိုပေမယ့် တစ်ခြားသူ အပေါ်တော့ အပြစ်ပုံချလို့ မရဘူး။ အချင်းချင်း ရန်မဖြစ်ဘဲ နေကြရအောင်။"

လူငယ်တစ်ဦး ရှေ့တိုးလာသည်။ "ဒီ ဦးလေး ပြောတာ မှန်တယ်။ ဂိမ်းထဲ ဝင်ရမယ့် ထုတ်လွှင့်သူတွေက ရန်ဖြစ်နေလို့ မရဘူး။ မင်းတို့ ဖိုရမ်ကို ကြည့်ပြီးပြီမလား။ "တားမြစ်ချက်တစ်ဆယ်"ဆိုတာ သိလား။ မင်းတို့ ဖတ်ပြီးလောက်မှာပါ။"

သူတို့ ပြောနေကြသည့် ဖိုရမ်မှာ မှန်ကန်သော အချက်အလက်များနှင့် စာရင်းသွင်းထားသည့် "Wish"သို့ ဝင်ရောက်ရန် တရားဝင် ဖိတ်ကြားခံရသူများ ရှိသည့် ဖိုရမ်ဖြစ်၏။

ပိုင်လော့ဖုန်းလည်း ထိုဖိုရမ်အတွင်း ဝင်ခဲ့ဖူးသည်။

တားမြစ်ချက်တစ်ဆယ်သည် ဖိုရမ်အတွင်း၌ ပင်ထိုးထားသော ပို့စ်များထဲမှ တစ်ခုဖြစ်သည်။ ဝါရင့်ထုတ်လွှင့်သူ တစ်ဦးမှ အကျဥ်းချုပ် ဖော်ပြထားသည့် အသက်ရှင်ရန် စည်းကမ်း ဆယ်ချက်ဖြစ်၏။ ဖိုရမ်အရ အသက်ရှင်ချင်ပါက ထိုဆယ်ချက်အား မချိုးဖောက်ရဟု ပါဝင်သည်။

ပထမစည်းမျဥ်းမှာ.....

အတွင်းမှာ ရန်မဖြစ်ရ။ တွဲဖက်မှာ မည်မျှ ရွံရှာစက်ဆုပ်စရာ ကောင်းပါစေ၊ စည်းလုံးမှု ရှိရမည်။

သဲလွန်စ အားလုံးကို အသိပေးကာ တစ်ခုခု တွေးမိသည်နှင့် အသံကျယ်ကျယ်ထုတ် ပြောရမည်။ အချက်အလက်များအား မိမိဘာသာ မသိမ်းထားခြင်းမှာ ဂိမ်းအား နိုင်ရန် အကောင်းဆုံး နည်းလမ်းဖြစ်၏။

အချင်းချင်း သွေးကွဲကြပါက အကျိုးရှိမည့်သူသည် သရဲတစ္ဆေများ၊  NPC များနှင့် Wish ဖြစ်လိမ့်မည်။

တားမြစ်ချက်တစ်ဆယ်သည် သောင်းနှင့်ချီသော ပြန်စာများရှိပြီး အားလုံး လက်ခံလိုက်နာကြသည့် "Wish"၏ကျမ်းစာဖြစ်သည်။

တားမြစ်ချက်တစ်ဆယ် အကြောင်းပြောမှသာ လူငယ် ငြိမ်သွားတော့၏။ လက်သီးဆုပ်လျက် နေရာ၌ ရပ်ကာ အတော်ကြာမှ မျက်ရည်များ ကျလာပြီး အတော်လေး ဒေါသထွက်နေပုံရသည်။

ပြီးနောက် မျက်ရည်များအား သုတ်ကာ တိုးတိုးလေး ပြော၏။ "ငါ တောင်းပန်ပါတယ်။"

သူ ငိုသောအခါ ဆုချာမှာ ကြောင်အနေမိသည်။ ပြီးနောက် မအီမသာနှင့် တစ်ချက် ရယ်မိ၏။ "ဟာ...ဘာဖြစ်ပြန်ပြီလဲ။ ငါက နင့်ကို အနိုင်ကျင့်တာနဲ့တူနေပြီ။ ကလေးကလား...ဘာလို့ငိုနေတာလဲ။ မငိုပါနဲ့....."

သူ့စကားကြောင့် ကောင်လေး ရှက်သွားပြီး တစ်ဖက်သို့ လှည့်၍ မျက်ရည်များအား ကြိတ်သုတ်ကာ တရှိုက်ရှိုက်နှင့် ငိုနေသည်။

ကျန်သည့် လူအားလုံး သူ့နား စုပြုံကာ နှစ်သိမ့်ပေးနေကြသော်လည်း ရုပ်တည်နှင့်လူ ၊ ပိုင်လော့ဖုန်းနှင့် ဆံပင်မီးခိုးရောင်နှင့်လူတို့သာ မလှုပ်မယှက် ဆုချာ ဘေး၌ ရပ်နေကြ၏။

ဆုချာလည်း ဘာဆက်လုပ်ရမှန်း မသိ၍ ထိုအတိုင်းသာ ရပ်နေသည်။

"ဂရုမစိုက်နဲ့ ဆုချာ။ ပျော့ညံ့တဲ့ကောင်။" မီးခိုးရောင်နှင့်လူ ပြောသည်။ "သူ့ဘာသာ ဘာမှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲ သူများကို လိုက်အပြစ်တင်နေတာ။ ပြီးမှ မျက်ရည်ချူပြီး အသနားခံပြနေတယ်။ သူ့ကို ဂိတ်တံခါးပေါ်  ဘယ်သူ ဆွဲတင်ပေးလဲတောင် မသိတော့ဘူး။ ကျေးဇူးကန်းတဲ့ကောင်။"

ဆုချာ သူ့အား ကြည့်ကာ ခြောက်ကပ်ကပ် ရယ်ပြမိသည်။

ပိုင်လော့ဖုန်း ဝင်ပြောလာသည်။ "သူ ပြောတာ မှန််တယ်။ သရဲကြောက်တာ လက်ခံတယ်။ စိတ်အားငယ်တာလည်း လက်ခံတယ်။ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်ရုံနဲ့ မိန်းကလေးတစ်ဦးကို စိတ်အနှောင့်အယှက်ပေးတာကတော့ ယောကျ်ားမဟုတ်ဘူး။ အသက်ကြီးပြီး အချိန်မစီးတာပဲ။"

"ထောက်ခံတယ်။ ဂရုစိုက်မနေနဲ့။ အသုံးမကျတဲ့ကောင်။ တစ်ခါတစ်လေ မိန်းမတွေကမှ ယောကျ်ားတွေထက် ပိုအသုံးကျသေးတယ်။ ငါ့မိန်းမလိုပေါ့။ သူက ငါ့ထက်တောင် ပိုတော်သေးတယ်။ မင်းရောပဲ။ ပူညံပူညံ လုပ်နေတဲ့ ယောကျ်ားတွေထက် မင်းကမှ ပိုအားကိုးရသေးတယ်။" မီးခိုးရောင်နှင့်လူ ပြုံးကာ ပြောလာသည်။

"မိန်းမ ရှိတာလား။" တစ်ယောက်သည် မေးလာ၏။

"ရှိတယ်။ သူ့အတွက်ပဲ ဒီကို လာခဲ့တာ။"

ရုပ်တည်နှင့်လူ ထပ်မေးသည်။ "သူ ဘာဖြစ်သွားလို့လဲ။"

မီးခိုးရောင်နှင့်လူ ပြန်မဖြေပေ။

အပြင်၌ မိုးရွာနေဆဲပင်။ လေပြင်း တိုက်ခတ်မှုကြောင့် မိုးသံများ ပိုကျယ်လောင်နေပြီး ကောင်းကင်ပြိုကျသကဲ့သို့၊ အမိုးပေါ်၌ ဒရမ်တိီးနေသကဲ့သို့ ထင်ရစေ၏။

သူ စီးကရက်ကြုတ်ကို ယူထုတ်ပြီး စီးကရက်တစ်လိပ် မီးငြှိလိုက်သည်။

"သေပြီ။" အတော်ကြာမှ ပြန်ဖြေ၏။ "လွန်ခဲ့တဲ့ လေးနှစ်က သတ်သေခဲ့တာ။"

လေထုမှာ လေးလံလာသည်။

ရုပ်တည်နှင့်လူမှာ ဘာပြန်ပြောရမည်မှန်း မသိတော့ချေ။

"သမီး ဆေးရုံဆင်းတဲ့ နေ့မှပဲ သူသတ်သေခဲ့တာ။ ဂတ်စ်မီးဖိုဖွင့်ပြီး ကာဗွန်မိုနောက်ဆိုဒ်တွေ ရှူထားလို့ မကယ်နိုင်ခဲ့ဘူး။ ဗီရိုထဲက သေတမ်းစာကိုလည်း ဖတ်လိုက်ရတယ်။"

"မင်းကရော။ ဘာလို့ရောက်လာတာလဲ။"

"အကြောင်းပြချက် အတူတူပဲ။ မိန်းမတော့ မဟုတ်ဘူး၊ ညီမလေး။ ကားတိုက်မှုဖြစ်ပြီး ဆုံးသွားတာ။ နောက်ဆုံးအကြိမ်လေးတောင် မတွေ့လိုက်ရဘူး။" ရုပ်တည်နှင့်လူ ပြန်ဖြေသည်။

မီးခိုးရောင်ဆံပင်နှင့်လူ သူ့ကို ကြည့်လာ၏။

ရုပ်တည်နှင့်လူကလည်း သူ့အား ပြန်ကြည့်လာသည်။ လေပြင်းတစ်ချက် ၎င်းတို့အား ဖြတ်တိုက်သွားပြီး လွတ်နေသော မီးရထားသံလမ်းတစ်လျှောက် ရေစက်များ ကျနေသံသည် မိန်းကလေးတစ်ယောက် အပြင်းအထန် ငိုကြွေးနေသံကဲ့သို့ ကြောက်စရာကောင်းလောက်အောင် မြည်ဟီးနေသည်။

ဆံပင်ရှည်များ မျက်လုံးကို ဖုံးနေ၍ သူ၏အကြည့်အား မည်သူကမှ မတွေ့ရပေ။

မိမိအား နားလည်ပေးနိုင်သူကို တွေ့လိုက်၍လား၊ ထူးဆန်းသည့် သဘာဝလွန် ဂိမ်းအက်ပ်ထဲမှာ ပိတ်မိနေ၍လား မသေချာသော်လည်း သူ ဟန်ချက်ပျက်လာသလို ခံစားရ၏။ သို့မဟုတ် ဖုံးကွယ်ထားသည့် ခံစားချက်များအား ထုတ်ပြရန် လိုအပ်နေ၍ ဖြစ်လိမ့်မည်။

မည်သို့ဖြစ်စေ ရုပ်တည်နှင့်လူ ဆက်ပြောပြလာသည်။

"ငါက ဂိမ်းကစားတာကို ထုတ်လွှင့်တဲ့သူ။ ငါ့ညီမ ကားတိုက်ခံရတော့ ငါက ဂိမ်းဆော့နေတာ။ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီက တင်းကျပ်တဲ့ စည်းကမ်းချက်တွေ အများကြီး ထုတ်ထားတာကို လိုက်နာရတယ်။ ထုတ်လွှင့်နေတုန်း အနှောင့်အယှက် မဖြစ်အောင် ဖုန်းပိတ်ထားရတယ်။"

"ဆေးရုံက အကြိမ် ၈၀၀ လောက် ဖုန်းခေါ်ပေမယ့် ငါတစ်ခါမှ မကိုင်ခဲ့မိဘူး။"

"ဖုန်းဖွင့်မိတဲ့ အချိန် ငါ့ညီမရဲ့ အလောင်းက အေးစက်နေပြီ။" သူ့အသံမှာ လေနှင့် ပါသွားလောက်သည်အထိ တိုးလျနေ၏။

ပိုင်လော့ဖုန်း မေးလာသည်။ "မိဘတွေကရော။"

ရုပ်တည်နှင့်လူ သူ့အား ကြည့်လာသည်။ "မိဘတွေက လွန်ခဲ့တဲ့ ရှစ်နှစ်၊ကိုးနှစ်လောက်က ထရပ်ကား အကြိတ်ခံရပြီး သေသွားပြီ။"

ပိုင်လော့ဖုန်း ဘာမှဆက်မပြောလာပေ။

"ငါဆယ့်လေး၊ ဆယ့်ငါးလောက်မှာ သေသွာကြတာ။ ညီမလေးက စာရပြီး ငါက ကျောင်းမတက်ချင်လို့ ထွက်ပြီး သူ့ကို ကျောင်းထားဖို့ ထုတ်လွှင့်သူ လုပ်ခဲ့တာ။"

"ဒီလိုနေရာမျိုးမှာ ငါ့ ဇာတ်ကြောင်းက ဘာမှမထူးခြားပါဘူး။ အားလုံးက ဒီကို ဆန္ဒနဲ့ဘဝကို လောင်းကြေးထပ်ပြီး ရောက်လာကြတာ။ ငွေလိုတာ၊ တစ်စုံတစ်ဦးကို အသက်ပြန်ရှင်စေချင်တာ၊ ရောဂါကုသချင်တာ၊ အချိန်ကို နောက်ပြန်လှည့်တာတွေလိုမျိုးပေါ့။"

သူ စကားပြောရင်း ပိုင်လော့ဖုန်းအား လှည့်ကြည့်သည်။ "ဟုတ်တယ်မလား။ မင်းက လိုဏ်ခေါင်းထဲမှာ အပြေးအမြန်ဆုံးပဲ။ မင်းအသက်ကိုပါ ရင်းဖို့ ရောက်လာတာမလား။ ဘာအတွက်လဲ။"

ပိုင်လော့ဖုန်း ခပ်ဖွဖွပြုံးကာ ပြန်ဖြေသည်။ "ငါ့ ကောင်လေးအတွက်။"

ရုပ်တည်နှင့်လူ၏ မျက်လုံးများ ပြုးကျယ်သွား၏။ "မင်းက ဂေးလား။"

"ဟုတ်တယ်။" ပိုင်လော့ဖုန်း ခပ်တည်တည်ပင်။ "စိတ်အနှောင့်အယှက် ဖြစ်လို့လား။"

"မဟုတ်ဘူး၊ ဒီတိုင်း အံ့သြသွားတာ။ သူကရော ဘာဖြစ်သွားလို့လဲ။"

"သတ်သေတာ" ပိုင်လော့ဖုန်း ပြန်ဖြေ၏။ "ဘာသေတမ်းစာ၊ ဘာမှမချန်ခဲ့ဘူး။"

သူသည် ထိုစကားအား ညစာမစားခဲ့ရသည့် အကြောင်းကိုပြောသလို တည်ငြိမ်စွာ ပြောနေသည်။

မျက်နှာကြည့်ရုံနှင့် ဆက်မပြောချင်တော့မှန်း သိသာနေ၍ ရုပ်တည်နှင့်လူက ဖိအားမပေးဘဲ ခေါင်းသာ ငြိမ့်ပြလိုက်၏။

"အားလုံးက တစ်စုံတစ်ဦးကို အသက်သွင်းဖို့လာကြတာကိုး။" နောက်တစ်ဦးမှ ဝင်ပြောလာသည်။

သူတို့ သုံးဦး လှည့်ကြည့်သောအခါ ဆုချာအားတွေ့ရ၏။

ဆုချာ သူတို့အား ပြုံးပြလာသည်။ "ငါလည်းအတူတူပဲ။ ငါ့ရည်းစား သေသွားလို့။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment