အပိုင်း ၁၈ - ဖြတ်သန်းနေသောရထား (အခန်း ၁၀)
စပယ်ယာက အခန်းဆီ ယိုင်တိုင်တိုင်နှင့်လျှောက်လာသည်။
လမ်းတစ်လျှောက်လုံး ခေါင်းကိုက်ဝေဒနာနှင့် ရထားခါယမ်းနေမှုကြောင့် မည်သို့မှ မတ်မတ်မရပ်နိုင်ဘဲ ယိုင်ထိုးနေ၏။ တံခါးဝအရောက်၌ ရထားကအပြင်းအထန် လှုပ်ခါသွား၍ မူလကပင် မတည်ငြိမ်သည့် စပယ်ယာမှာ လဲကျသွားတော့သည်။
စပယ်ယာခန်း၌ အလိုအလျောက် ပွင့်သည့်စနစ်ပါ၍ ကျွီခနဲမြည်သံနှင့်အတူ တံခါးကအလိုလို ပြန်ပိတ်သွားလေ၏။ ထိုတံခါးသံကိုပင် သူကြားနိုင်စွမ်းမရှိတော့ပေ။
ကြမ်းပြင်၌ဒူးထောက်ရင်း လက်နှစ်ဖက်နှင့် ခေါင်းကိုဖိကာ သူအပြင်းအထန် ပင့်သက်ရှိုက်မိ၏။ နားထဲမှတစီစီအသံများက ပေါက်ကွဲမှုတစ်ခု၏ နောက်ဆက်တွဲအသံများနှင့် တူနေသည်။ မှတ်ဉာဏ်အစိတ်အပိုင်းများက ဦးခေါင်းအားအပိုင်းပိုင်း ကွဲစေပြီးဦးခေါင်းခွံအတွင်း အတင်းတိုးဝင်နေသလို သူခံစားရ၏။
သူ့ခေါင်းပေါ်မှဦးထုပ်သည် အနီးရှိကြမ်းပေါ်ပြုတ်ကျလာသည်။ အားယူကာသူခေါင်းထူရန် ပြင်သော်လည်း မျက်လုံးရှေ့၌ရှိသမျှက ပုံရိပ်နှစ်ထပ်ပေါ်ကာ ချွေးအေးများစီးကျလာ၏။ အနီး၌ကျနေသည့် ဦးထုပ်ကိုပင်သူရှင်းလင်းစွာ မြင်နိုင်စွမ်းမရှိချေ။
မှတ်ညဏ်များက အဆက်မပြတ် တိုးဝင်လာနေပြီး ၎င်းတို့အားသူခွဲခြားရန် အင်အားမကျန်တော့ပေ။ ပုံရိပ်တိုင်းတွင် အခုနကသူသတ်မိမလို ဖြစ်ခဲ့သည့် လူသားခရီးသည်က ပါဝင်နေသည်။ ကွာခြားချက်မှာ သူ့မှတ်ဉာဏ်ထဲကလူသည် အမြဲတမ်းအဖြူအပြာ ဝတ်စုံကိုသာဝတ်ထား၍ အဖြူရောင်နောက်ခံနှင့် ပိုးသတ်ဆေးနံ့များစွဲနေသည့် နေရာ၌ထိုင်နေတတ်ပြီး သူ့ခန္ဓာကိုယ်၌ ပုံသဏ္ဍာန်၊အရွယ်အစား စုံလင်သည့်ဆေးပြွှန်များ ချိတ်ဆက်ထားခြင်းပင်။
သူအံကိုကြိတ်ကာ 'ခုနကအသေသတ်လိုက်ရမှာ'ဟု တွေးမိသည်။ ထိုသို့လုပ်မှသာ အရာအားလုံး ရပ်တန့်သွားမည်ဟု သူထင်မှတ်နေ၏။
သူဦးထုပ်အားကောက်ကာ အားတင်း၍ထရပ်သည်။ ဦးထုပ်ပြန်ဆောင်းကာ စားပွဲဆီလျှောက်သွားပြီး ခုံ၌လေးဖင့်စွာထိုင်ချလိုက်၏။
ဘယ်သူလဲ။ သူဘယ်သူလဲ။
တိတ်ဆိတ်နေသည်ဖြစ်စေ၊ ဆူညံနေသည်ဖြစ်စေ၊ အဘယ်ကြောင့် တစ်ခါသာတွေ့ဖူး၍ စကားတစ်ခွန်းစ၊နှစ်ခွန်းစသာ ပြောဖူးသည့်လူဆီမှ ယခုလိုတုံ့ပြန်မှုမျိုး ပေါ်လာရသနည်း။ ထိုပုံရိပ်များ - ထိုပုံရိပ်များ သူ့ဘဝ၌ ဘယ်သောအခါမှ မကြုံတွေ့ဖူးခဲ့ပေ။
ဒုတိယတွဲရှေ့၌ အားလုံးဝိုင်းကြည့်ခံနေရသည့် ပိုင်လော့ဖုန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အားလုံးကိုပြန်ကြည့်နေမိသည်။
"ဘာလို့ငါ့ကိုကြည့်နေကြတာလဲ။ အခုပဲသေတော့မလိုဖြစ်လာတာ ငါဘယ်လိုသူ့ကို ထိန်းချုပ်နိုင်မလဲ။"
"ဒါပေမယ့် သူမင်းကိုသေအောင်မလုပ်သွားဘူးမလား။" ရှစ်ယွမ်ကပြောသည်။
"ဒါပေမယ့်သူက ငါ့အသံကိုမကြားချင်ဘူး။"
ရှစ်ယွမ်ကလည်းမခံပေ။ "ငါတို့ပြောရင်ရော သူကနားထောင်မယ်ထင်လို့လား။"
"........." ပိုင်လော့ဖုန်း၏ နှုတ်ခမ်းထောင့်များ တုန်ခါလာ၏။
"ဘာပဲပြောပြော၊ သူငါတို့ကိုမသတ်တာမင်းကြောင့်ပဲ။ မင်းက သူ့အပေါ်သက်ရောက်မှုရှိနေတယ်။ ငါတို့သာဆိုရင် စကားနှစ်လုံးမပြည့်ခင်သေနေလောက်ပြီ။ မင်းကထူးခြားတယ်ဆိုတာ သက်သေပြပြီးသားပဲ။"
ထူးခြားသည်ဟူသော စကားလုံး၏အလေးချိန်က မပေါ့လှပေ။ ပိုင်လော့ဖုန်း သက်ပြင်းချကာ မငြင်းနိုင်တော့ဟန်နှင့် ခေါင်းငြိမ့်လိုက်တော့သည်။
စုချာကတစ်ခုခု သတိပြုမိဟန်နှင့် မေးလာ၏။ "ပိုင်ကော၊ဘာဖြစ်လို့လဲ။ သူနဲ့မတွေ့ချင်လို့လား။"
"အဲ့လိုလည်းမဟုတ်ပါဘူး။ သူကမမှတ်မိတော့ သူ့ကိုမြင်နေရတာ နာကျင်ရတယ်။ ငါတစ်ယောက်တည်းနဲ့ဆိုင်တဲ့ ကိစ္စဆိုတော့စိတ်ပူမနေနဲ့ဦး။"
"ဒီလိုလုပ်ကြမယ်။ မင်းတို့ကဆက်သွားပြီး တစ်နေရာရာမှာ ပုန်းနေကြ။ ငါဒီမှာခရီးသည်ဟန်ဆောင်ပြီး သူထွက်လာအောင်လုပ်လိုက်မယ်။"
ပိုင်လော့ဖုန်း နာရီကြည့်လိုက်သည်။ "မိနစ်နှစ်ဆယ်တိုင်း ကင်းလှည့်ရတာဆိုတော့ မကြာခင်လာတော့မှာပဲ။ ပထမတွဲကိုသွားပြီး ခုံအလွတ်ရှာထိုင်ကြ။ ငါကတတိယတွဲကိုသွားမယ်။ ငါတို့ကြားကအကွာအဝေးအရ သူပြန်ရောက်တဲ့အချိန်ဆို ပထမတွဲကလူကို စစ်ဖို့အချိန်မကျန်လောက်ဘူး။"
"ပထမတွဲမှာလည်း လက်မှတ်စစ်ရှိမှာပဲ။ ထိုင်ခုံမှာမထိုင်နေရင် ကွပ်မျက်ခံရလိမ့်မယ်။ သတိထားကြဦး၊ မဖမ်းမိစေနဲ့။"
သူ့အစိီအစဥ်က အကျိုးအကြောင်းဆီလျော်သောကြောင့် အားလုံးလက်ခံကြပြီး သူ့ကိုချန်ခဲ့ကာ ပထမတွဲဆီသွားကြတော့သည်။
ကျန်းမုန့်ရီ၏ အားလုံးကိုစောင့်ရှောက်ဂရုစိုက်တတ်သည့် အကျင့်ကမပျောက်သွားပေ။ "အဆင်ပြေပါ့မလား။ အတူနေပေးရမလား။"
"ခင်ဗျားကျန်ခဲ့ရင် သူနဲ့စကားပြောရတာ အဆင်ပြေပါဦးမလား။ ကျွန်တော့်မှာ ဘယ်သူမှကြားလို့မရတဲ့ နှစ်ယောက်တည်းပြောရမယ့် စကားတစ်ခွန်းရှိတယ်။ သူလည်းချက်ချင်းမှတ်မိသွားလောက်တယ်။"
ကျန်းမုန့်ရီက တစ်ချက်တွေးကာလက်ခံ၍ တစ်ခြားသူများနှင့်အတူ ထွက်သွားတော့သည်။
ရထားကတရွေ့ရွေ့ ခရီးဆက်နေဆဲ။
ကြေညာချက်ထုတ်ပြန်ရန် အချိန်ရောက်ပြီဖြစ်၍ ရထားခေါင်းလောင်းသံမြည်လာပြီး အောက်ဖက်ရှိ အချက်ပြမီးများပွင့်လာ၏။
ခေါင်းလောင်းသံကျယ်လာလေလေ ခေါင်းပိုကိုက်လာလေလေဖြစ်သောကြောင့် စပယ်ယာကဦးခေါင်းကို ဆုပ်ညှစ်ထားရင်း လက်သီးဆုပ်လျက် ခေါင်းအား တစ်ချက်ပုတ်လိုက်သည်။ သူ့ကိုယ်သူကြားရုံသာ ဆဲဆိုရင်းနားထင်ကိုပွတ်လိုက်ပြီးနောက် မိုက်ကောက်ကိုင်ကာစကားစပြော၏။
"ရထားပေါ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဝန်ထမ်းအားလုံး ဝန်ထမ်းဥပဒေစာအုပ်ကို ဖတ်ပေးကြပါ။ ဖတ်ပြီးမှကင်းလှည့်ကြပါ။ သံသယဖြစ်ဖွယ်ပုဂ္ဂိုလ်နဲ့ကြုံရင် ချက်ချင်းကွပ်မျက်ပါ။
ခရီးသည်များ၊ ဒီကြေညာချက်ကိုကြားပြီးရင် ထိုင်ခုံကမထပါနဲ့။ ခွင့်ပြုချက်မရဘဲ နေရာကထွက်ခွာရင် စစ်ဆေးမှုကိုငြင်းပယ်တဲ့သဘောသက်ရောက်ပြီး ချက်ချင်းကွပ်မျက်ခံရမယ်။"
သူမိုက်ကိုလွတ်ချလိုက်သည်။ မူးဝေနေသည့်ခေါင်းအား လက်တစ်ဖက်နှင့်ဖိကာ နေရာမှထ၍ အနီးရှိတံခါးကိုဆွဲဖွင့်၏။ ထိုတံခါး၏အနောက်၌ စပယ်ယာခန်းနှင့်ဆက်ထားသည့် ယာဥ်မောင်းခန်းရှိသည်။
ထိုရထားကို သူကိုယ်တိုင်မောင်းနှင်ရ၏။ မောင်းနှင်သည်ဟုသုံးနှုန်းခြင်းက ချဲ့ကားသည့်သဘောရောက်ပြီး အမှန်တွင် အသေးစားစစ်ဆေးမှုများပြုကာ အလိုအလျောက် မောင်းနှင်စနစ်ကိုဖွင့်ရုံသာလုပ်ရသည်။
ယာဥ်မောင်းခန်းရှိ ပြတင်းပေါက်မှတဆင့် သံလမ်းပေါ် အရှိန်နှင့်ပြေးနေသော ရထားခေါင်းပိုင်းအားတွေ့နေရ၏။ လက်ရှိ၌ရထားသည် မီးပင်လယ်ကို ဖြတ်နေရသည်။ ထိုမီးတောက်များ၏အလွန်၌ စိမ့်မြေလွင်ပြင်ကြီးနှင့် နှင်းဖုံးနေသောတောင်တန်းများရှိ၏။
သူကထိုမြင်ကွင်းအား တစ်ချက်ပင်မကြည့်ဘဲ ခလုတ်ခုံကိုမှီထိုင်ကာ ခလုတ်တစ်ချို့နှိပ်ပြီး လီဗာကိုဆွဲချလိုက်ပြီးနောက် တံခါးကိုပြန်ပိတ်ကာ စပယ်ယာခန်းဆီ ပြန်လျှောက်လာသည်။
သူကအခန်းထဲရှိ စာအုပ်စင်ဆီလျှောက်သွားပြီး လေးလံသောစာရွက်ဖိုင်တွဲများ၊ စာအုပ်များစွာကို ဆွဲထုတ်ကာ စားပွဲပေါ်တင်၍ ခေါင်းအားလက်တစ်ဖက်နှင့်ထိန်းကိုင်ရင်း စာရွက်များအားလှန်လှောကာ တစ်ခုခုကိုရှာနေ၏။
ရုတ်တရက် အချက်ပေးသံမြည်လာသည်။ သူစိတ်ပျက်လက်ပျက်နှင့် တောက်ခေါက်လိုက်၏။
ထိုရထားအားမောင်းလာသည်မှာ နှစ်ရာချီပြီဖြစ်သော်ငြား ယခုလောက်အလုပ်များသည့် ညမျိုးသူမကြုံဖူးသေးပေ။
သူဖုန်းဆီထသွားကာပြန်ဖြေလိုက်သည်။ "ပြော"
ခဏလောက်နားထောင်ပြီးသောအခါ အံ့အားသင့်မှုကြောင့် သူနေရာမှမလှုပ်နိုင်တော့ပေ။ ဖုန်းချသည်နှင့် အခန်းအားပြန်ရှင်းရန်အာရုံမရဘဲ ဖိုင်များအားစားပွဲပေါ် ထိုအတိုင်းချထားခဲ့ပြီး တံခါးကိုတွန်းဖွင့်ကာ ဦးထုပ်ကိုအောက်သို့ဆွဲချရင်း ပြေးတော့သည်။
သူဘေးဘီအား လုံးဝမကြည့်သဖြင့် ပထမတန်းမှ သူထွက်လာကတည်းက ခိုးကြည့်နေသည့် စုချာကိုမတွေ့မိပေ။
တတိယတွဲ၏တံခါးကိုဖွင့်ကာ စပယ်ယာဝင်လာသည်။ သူတွေ့လိုက်ရသည်မှာ တင်ပျဥ်ခွေကာလက်တစ်ဖက်ကာ မေး၌ထောက်ထားပြီး နောက်တစ်ဖက်ကိုဒူးပေါ်တင်၍ ဝမ်းသာအားရပြုံးကာ သခင်လေးတစ်ပါးလို အေးအေးလူလူထိုင်နေသည့် ပိုင်လော့ဖုန်းဖြစ်နေ၏။
သူနှင့်မျက်နှာချင်းဆိုင်၌ ဦးရေပြား ပုပ်ပွနေပြီး ဆံနွယ်ရှည်များ တွဲလောင်းကျနေကာ မျက်လုံးတစ်လုံး ပြုတ်ထွက်နေသည့် လက်မှတ်စစ်ကရပ်နေသည်။
ပိုင်လော့ဖုန်း၏အပြုံးက တောက်ပလွန်းနေ၍ သူ့မျက်လုံးများကိုယားယံစေ၏။
သူဝင်လာချိန်၌ပိုင်လော့ဖုန်းက လက်မှတ်ကိုကိုင်ထားရင်း ယခုလိုပြောနေသည်။ "တစ် တစ်လီ တစ်၊ နှစ် တစ်လီ နှစ်၊ နှစ် နှစ်လီ လေး၊ သုံး လေးလီ ဆယ့်နှစ်၊ လေး ရှစ်လီ သုံးဆယ့်နှစ်၊ ငါး ခြောက်လီ သုံးဆယ်..."
သူ့ပါးစပ်မှဂဏန်းများသာ ရွတ်နေပြီးလက်မှတ်စစ်က မျက်နှာသေနှင့်ရပ်ကြည့်နေ၏။
အဝေးမှတွေ့နေရသည့် သူလည်းအတော်လေးဦးနှောက်ခြောက်နေလေပြီ။ သူသည်းမခံနိုင်တော့၍ အနားမရောက်ခင်မှာပင် "ထပ်မရွတ်နဲ့တော့။"ဟု ခပ်ပြတ်ပြတ်လေသံနှင့် အော်ပြောမိသည်။
ပိုင်လော့ဖုန်းက ချက်ချင်းအသံတိတ်သွားပြီး အပြုံးများပျောက်ကွယ်ကာ သူ့ကိုစိုက်ကြည့်လာ၏။
သူ၏အမူအရာသည် ပြုံးနေရာမှတိမ်ဖုံးသွားသလို မှောင်မဲသွားပြီး အကြည့်များကအေးစက်နေသည်။
စပယ်ယာအတွက် ထိုအကြည့်က လမ်းဘေးခွေးအားကြည့်သည့် အကြည့်ဟုခံစားရ၏။
"ငါ့ကိုတွေ့တာနဲ့ မရယ်တော့ဘူးပေါ့။" စပယ်ယာက မျက်မှောင်ကြုတ်နေသည်။ "ခုနကမင်း အားရပါးရ ရယ်နေတာမဟုတ်ဘူးလား။"
ပိုင်လော့ဖုန်းက နှုတ်ခမ်းကိုတင်းတင်းစေ့ကာပြန်မဖြေချေ။
"ထားပါတော့၊ အခု ထပ်ပြီးတော့ မင်းပဲလား။"
စကားပြောရင်း ဘေးဘီအားသတိထားကြည့်သောအခါ ထိုရထားတွဲရှိခုံအားလုံး၌ သူ့အဖွဲ့ဝင်တစ်ဦးမှမရှိနေချေ။
"မင်းသူငယ်ချင်းတွေကရော။ မင်းကိုထားသွားတာလား။"
"မဟုတ်ပါဘူး။ မင်းကဘာလို့ရောက်လာတာလဲ။"
ထိုမေးခွန်း၏အဖြေအား သူသိပြီးသော်လည်း ပိုင်လော့ဖုန်း ဝန်ထမ်းစာအုပ်ဖတ်ထားသည်ကို မသိသည့်စပယ်ယာက အဖြေပြန်ပေးလာသည်။
"ဒီမှာခရီးသည်တွေ စကားပြောခွင့်မရှိဘူး။"
စပယ်ယာက အချိန်မဖြုန်းချင်သလို လိုအပ်သည့်စကားကိုသာပြော၏။ "ဘာပဲဖြစ်ဖြစ်၊ ငါလည်းမင်းနဲ့ စကားပြောချင်နေတာနဲ့အတော်ပဲ။"
ပိုင်လော့ဖုန်း မမျှော်လင့်ထားသဖြင့် အနည်းငယ်ကြောင်သွားသည်။ "ဟမ်"
"မင်းပြောပြောနေတဲ့ စုယွီကဘယ်သူလဲ။"
ပိုင်လော့ဖုန်းသည်သူ့အား စုယွီဟုသာဆက်တိုက်ခေါ်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း၊ ဘယ်ကလာကြောင်းနှင့် အဘယ်ကြောင့်စုယွီဟု ခေါ်မိကြောင်း လုံးဝမရှင်းပြရသေးသည်ကို အခုမှသတိထားလိုက်မိသည်။
"ပြန်ဖြေလေ။ စကားမပြောတတ်တော့ဘူးလား။ ဒါမှမဟုတ် ပါးစပ်ထဲရှိတဲ့ နာမည်ခေါ်မိလို့ အခုမှဇာတ်လမ်း ဖန်တီးနေရလို့လား။"
"မဟုတ်ဘူး။ ဒီမေးခွန်းကို မေးတဲ့သူမရှိတာ ကြာပြိီမလို့ ချက်ချင်းပြန်မဖြေမိတာ။"
စပယ်ယာကသူ့ကို ဆက်ပြောရန်မျက်ခုံးမြှောက်ပြလာ၏။
"စုယွီက ငါ့ကောင်လေး။ မတွေ့ရတာ အရမ်းကြာနေပြီ။"
"သူကအခု ဒီရထားပေါ်မှာလား။"
ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းသူငယ်ချင်းတွေ ထဲကပဲလား။"
ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြလိုက်၏။
"သူကသေပြီ။"
"ဒါဆိုသူက ဒီထဲကခရီးသည်ပေါ့။"
ပိုင်လော့ဖုန်း ရယ်ရုံသာတတ်နိုင်တော့သည်။ သူရယ်သောအခါ စပယ်ယာက သူ့ခန့်မှန်းချက်မှန်သည်ဟု ထင်သွားပုံရ၏။
"ထင်သားပဲ။ ဒီတော့မင်းက သူ့ကိုနောက်ဆုံးတစ်ခေါက် တွေ့ရဖို့ဒါမှမဟုတ် အတူတူလိုက်သေဖို့ ငါ့ရထားပေါ်တက်လာတာပေါ့။ ငါကသူနဲ့ရုပ်တူနေလို့ မင်းလူမှားသွားတာမလား။"
"မင်းသူငယ်ချင်းတွေက အတူတူမနေပေးဘူးလား။ သူတို့ကသစ္စာရှိပုံပေါ်သားပဲ။ မဟုတ်တာများလား။ မင်းနဲ့အတူသေမယ့်အစား တစ်ယောက်တည်း လွှတ်လိုက်ပုံပဲ။"
"ဒါပေမယ့်နားထောင်၊ ဒီရထားစီးတဲ့လူတိုင်းက လူကောင်းတစ်ယောက်မဟုတ်ဘူး။ အားလုံးက ငရဲကိုသွားရမယ့် သရဲတွေပဲ။"
"ဒီမှာရှိတဲ့လူအားလုံးက လိမ်တာ၊လူသတ်တာ၊ယုတ်မာတာ တစ်ခုခုကို လုပ်ဖူးကြတဲ့သူချည်းပဲ။ အမုန်းတရား၊ အာဃာတတွေနဲ့ပြည့်နေကြတယ်။ ပြသာနာအကြိီးအကျယ် မတက်အောင်ငါကထိန်းသိမ်းနေရတာ။ မဟုတ်ရင်ဒီရထားက သွေးအိုင်ထဲနစ်နေလောက်ပြီ။"
"မင်းကောင်လေးဒီရထားပေါ် ရောက်နေတာ မင်းဘယ်လိုသိမှန်း ငါမသိပေမယ့် ဒီကိုရောက်လာတယ်ဆိုမှတော့ လူကောင်းမဟုတ်နိုင်ဘူး။"
"မင်းလည်းပြန်မဆင်းနိုင်ဘူး ဆိုပေမယ့် အမှန်ကိုသိသင့်တယ်ထင်လို့။"
"မဟုတ်ဘူး၊ မင်းပြောတာမမှန်ဘူး။" ပိုင်လော့ဖုန်းကပြန်ပြောသည်။
"ပါးစပ်ပိတ်ထား။ စောက်ကလေး။" စပယ်ယာကဖြတ်ပြောလာ၏။ "မင်းကဘာများသိလို့လဲ။ မင်းကောင်လေးနဲ့ စကားပြောရဖို့ ကြိုးစားနေတာရပ်လိုက်တော့။ ဒီရထားပေါ်မှာ ဘာလူကောင်းမှမပါလာဘူး။"
ပိုင်လော့ဖုန်းကရယ်သည်။ ထိုရယ်သံထဲ၌ သရော်မှုများပြည့်နေ၏။
စပယ်ယာက ဒေါသထွက်ကာ စကားပြောရန်ပြင်နေစဥ် သူကဦးအောင်ပြောလိုက်သည်။
"မင်းစောက်စကားအရမ်းများတာပဲ။"
စပယ်ယာ၏မျက်လုံးများ ပြူးကျယ်လာ၏။
"မင်းငါ့ကို သတ်မလို့လာတာမလား။ ဘာလို့စကားပြောနေသေးတာလဲ။ မင်းကထူးဆန်းသားပဲ။"
"ဘာလဲ၊ မင်းကိုသတ်ပေးစေချင်တာလား။" စပယ်ယာက မျက်မှောင်ကြုတ်လာသည်။ "ငါတကယ်လုပ်ပေးနိုင်မှန်း မင်းသိပါတယ်။"
"သိတာပေါ့။ အမှန်အတိုင်းပြောရရင် သေသေရှင်ရှင် ငါ့အတွက်က အရေးမှမကြီးတာ။"
သူကခြေထောက်ကိုအောက်ချကာ ကိုယ်ကိုရှေ့ကိုင်း၍ တရိုတသေပုံနှင့်ထိုင်ကာ စပယ်ယာအားမော့ကြည့်နေ၏။
စပယ်ယာက သူ့ကိုအုပ်မိုးကာရပ်နေသည်။
ထိုရှုထောင့်မှ သူ့ကိုငုံ့ကြည့်ရခြင်းက စပယ်ယာ၏အတွင်းမှ တစ်စုံတစ်ရာအား လှုပ်နိုးကာ အရေးပြားမှ ဖောက်ထွက်လာတော့မလိုဖြစ်စေ၏။
သို့သော်မဖောက်ထွက်လာခဲ့ပေ။
"မင်းတွေ့တဲ့အတိုင်းငါက အသက်ရှင်ရတာငြီးငွေ့နေတဲ့သူ။" ပိုင်လော့ဖုန်း၏ စကားသံကြောင့် စပယ်ယာအသိပြန်ဝင်လာသည်။
"ငါကလမစေ့ဘဲမွေးတယ်။ ငါ့ကိုမွေးပြီးတာနဲ့ အမေဆုံးသွားတာပဲ။ မွေးပြီးပြီးချင်းမှာပဲ မွေးရာပါနှလုံး ချို့ယွင်းချက်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ အဖေကဒီကိစ္စကြောင့် ငါ့ကိုပစ်သွားတယ်။"
"အဖိုးအဖွားတွေလည်း ငါ့ကိုမချစ်ကြဘူး။ အမေ့ရဲ့မိဘတွေက ငါ့ကိုပျိုးထောင်ခဲ့တာ။ ဒါပေမယ့် ငါ့အမေ ဆုံးပါးသွားတာ ကံဆိုးတဲ့ငါ့ကြောင့်မှန်း ငါသိနေခဲ့တယ်။"
"ငါအမြဲတွေးမိတယ်။ ငါသာမမွေးလာခဲ့ရင်....."
"ထုတ်မပြောရဲပေမယ့် ငါတကယ်တွေးခဲ့ဖူးတယ်။ မင်းမျက်လုံးထဲမှတော့ ငါကတက်ကြွပြီး ပျော်ပျော်နေတတ်တဲ့သူ ဖြစ်ချင်ဖြစ်မှာပေါ့။"
"ဒါပေမယ့် ဒါတွေကအမှန်မဟုတ်ဘူး။ နေ့တိုင်း မင်းငါ့ကို ဒီလိုလေးလံတဲ့ နှလုံးသားနဲ့၊ မွက်သိပ်တဲ့ဝမ်းနည်းမှုတွေနဲ့ ကြည့်နေတော့ စိတ်ညှိုးငယ်လာရာကနေ လုံးလုံးစိတ်ဓာတ်ကျလာခဲ့တယ်။"
"ငါဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး။ ငါ့ရောဂါက ငွေအရမ်းကုန်တော့ အားလုံးစိတ်ညစ်ကြရတယ်။"
"ငါလည်းစိတ်ညစ်ရတာပဲ။ ဒီကိစ္စအပေါ် ဘယ်သူမှဝမ်းမနည်းနေဖို့ ငါဆန္ဒရှိခဲ့တာ။ ငါကုသမှု မခံယူရလည်းဖြစ်တယ်။ အသက်ရှင်ဖို့ ကံပါလာသလောက်ပဲ ရှင်သန်ချင်တယ်။"
"တစ်နေ့မှာ ကုသလို့မရတော့ရင် ဆေးပိုက်တွေကိုဖြုတ်လိုက်ကြလည်းရတယ်။ ငါ့အတွက်က အသက်ရှင်ရဦးမယ့် နာရီပိုင်းလေးအတွင်းမှာ အားလုံးလာနှုတ်ဆက်ပေးရင် လုံလောက်ပါပြီ။"
"ငါသေရမှာမကြောက်ဘူး။ အားလုံးကို ပူဆွေးသောက ပေးခဲ့ရမှာကိုပဲကြောက်တယ်။"
"မင်းကဒီလိုတွေပြောနေရင် ငါကဘာဆက်လုပ်ရမလဲလို့ မင်းအမြဲပြောတတ်တယ်။ ငါကတော့မင်းကို စိတ်ချတယ်။ မင်းအဆင်ပြေသွားမှာပါ။ ငါ့ထက်သာတဲ့လူကို မင်းရှာတွေ့မှာပါ။ မင်းလိုလူကောင်းက ငါနဲ့အတူရှိနေတာ နှမြောဖို့ကောင်းတယ်။"
"ငါနဲ့ယှဥ်ရင် ကျန်းမာရေးကောင်းပြီး တစ်သက်လုံး မင်းအနားနေပေးနိုင်တဲ့လူကို ရှာသင့်တယ်။ ငါနဲ့နေ့တိုင်း ဆေးရုံမှာနေပြီး ပိုးသတ်ဆေးနံ့တွေ ရှုနေရတာက တကယ့်ဝေဒနာပဲ။"
"မင်းလိုလူက ဆေးရုံဆိုတဲ့ လှောင်အိမ်ထဲပိတ်မိမနေဘဲ လွတ်လွတ်လပ်လပ်နေသင့်တယ်။"
"ငါမင်းထက်အရင်ပဲ သေချင်တယ်လို့ ငါအမြဲပြောခဲ့တယ်။ တွဲလို့ရပေမယ့် ငါကအရင်သေရမယ့်လူလို့ ငါပြောခဲ့တယ်။ ငါသေတဲ့နေ့ကျ ပန်းတစ်စီးလောက်ယူလာပေးရင် လုံလောက်ပြီ။ ဒီဆေးရုံဝင်းကနေ ထွက်သွားတာနဲ့ ငါ့ထက်ကျန်းမာတဲ့လူကိုပဲရှာတော့။"
"ငါသေရမှာမကြောက်ဘူး။ မင်းမကြားချင်မှန်းသိပေမယ့် ဆေးရုံကုတင်မှာ ဆယ်နှစ်ကျော်လောက် အိပ်နေရပြီး ဆေးပိုက်တွေနဲ့ နေရတာထက်စာရင် သေလိုက်တာကမှပိုကောင်းဦးမယ်။"
"ငါ့လိုကံဆိုးတဲ့လူက နောက်ထပ်ငါးနှစ်၊ရှစ်နှစ်လောက် နေရရင်ကိုလုံလောက်နေပြီ။ ကောင်းကင်ဘုံကငါ့ကို အသက်ရှင်ခွင့်လည်းမပေး အသက်ဝဝရှူခွင့်လည်း မပေးမှတော့ ငါဘာတတ်နိုင်ပါ့မလဲ။"
"ဒါပေမယ့်ဘာလို့ မင်းဖြစ်နေရတာလဲ။" ပိုင်လော့ဖုန်းက ကူကယ်ရာမဲ့နေသည့် အသံနှင့်ရယ်ကာပြောနေသည်။ "ဘာလို့ဒီလောက်အထိ ခေါင်းမာပြီးဂရုစိုက်ပေးရတာလဲ။ အစက ကတိတွေပေးပြီး နောက်ကျဘာလို့ စကားနားမထောင်တာလဲ။ မင်းကိုဘယ်သူက ဒီကိုလာခိုင်းလို့လဲ။"
နောက်ဆုံးစကား၌ သူ့အသံကအက်ကွဲကာ ခံစားချက်များ လှိုက်တက်လာ၍ဆို့နင့်နေ၏။ ပိုင်လော့ဖုန်းက စပယ်ယာကိုကြည့်ကာ ထိုစကားကိုဆက်တိုက် ရေရွတ်နေသည်။
"ဘာလို့မင်းက လွယ်လွယ်နဲ့လိမ်ညာရက်ရတာလဲ။"
စပယ်ယာကနားမလည်ပေ။ မျက်မှောင်ကြုတ်ကာ သဘောမပေါက်ဟန်၊ အလိုမကျဟန်ဖြစ်နေသည်။
"ဘာလို့မင်းလိုလူက....." ပိုင်လော့ဖုန်း နှလုံးသားထဲမှ လာသည့်စကားပင်။
"ဘာလို့မင်းဖြစ်နေရတာလဲ။"
သူက စပယ်ယာအား မကြည့်နိုင်တော့သယောင် မျက်လွှာချကာ တိုးတိုးကလေးရေရွတ်သည်။
"ငါမင်းကိုမုန်းလိုက်တာ။"