no

Font
Theme

အပိုင်း ၂၄ - ဖြတ်သန်းနေသောရထား (အခန်း ၁၆)

သစ္စာတိုက်ပွဲ

ထိုစကားလုံးများ ပေါ်လာချိန်၌ စပယ်ယာခန်းထဲ ရှိသမျှလူအားလုံး နေရာ၌ ရပ်တန့်ကုန်ကြသည်။

အတော်ကြာပြီးမှ တောင့်တင်းနေသည့် လည်ပင်းရိုးများကို ဖိအားပေးကာ သူတို့ခေါင်းပြန်မော့ လာကြ၏။ အခြေအနေအား လုံးလုံး သဘောမပေါက်ကြသေး၍ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ မယုံကြည်မှုများ ပြည့်နှက်နေသည့် မျက်နှာများ တစ်နည်းအားဖြင့် စိတ်လွတ်နေကြသလို ဆယ်စက္ကန့်လောက် သူတို့အချင်းချင်း ကြည့်နေမိကြ၏။

ထိုမြင်ကွင်းအားလုံးကို ထုတ်လွှင့်ခန်းမှတဆင့် မှတ်တမ်းတင်ကာ ပရိုဂရမ်ရေးသူ၏ ဓာတ်ခွဲခန်းရှိ ဧရာမအီလက်ထရွန်နစ် ဖန်သားပြင်သို့ ထုတ်လွှင့်ထားပြီးဖြစ်သည်။

"အသိစိတ်နိုးကြားမှုသတိပေးချက်" ဟူသည့် စာသားပေါ်နေခဲ့သော မျက်နှာပြင်သည် လက်ရှိ၌  ကြီးမားသော စောင့်ကြည့်ရေး မျက်နှာပြင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုမျက်နှာပြင်ပေါ်၌ သေးငယ်သော မျက်နှာပြင်ကိုးခုကို အညီအမျှ ပြန်ခွဲထားပြီး တစ်ခုချင်းစီ၌ ယခုဂိမ်းမှ ကစားသမား တစ်ဦးစီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသထားသည်။

သေဆုံးသွားသော ကစားသမားနှစ်ဦး၏ တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်မှာ ငြိမ်သက်နေ၏။

ဂိမ်းဖန်တီးသူသည် ထိုမျက်နှာပြင်ရှေ့၌ ခါးထောက်ရပ်ကာ နှုတ်ခမ်းတွန့်ရုံပြုံး၍ ကျန်သည့်မျက်နှာပြင် ခုနစ်ခုအားကြည့်နေသည်။

ရယ်သံမထွက်စေရန် ပါးစပ်ပေါ် လက်တင်ကာဖိထားသော်လည်း သူအရယ်မရပ်နိုင်ဖြစ်နေ၏။

"ခွီး....."

နောက်ဆုံး သူမထိန်းနိုင်တော့ဘဲ ထရယ်တော့သည်။ လက်နှစ်ဖက်အားပိုက်ကာ ခေါင်းကိုမော့၍ အရူးလိုရယ်နေ၏။ ထို့နောက် သူ့ကိုယ်သူဖက်ထားရင်း ခန္ဓာကိုယ်ကို ဟိုဖက်သည်ဖက် ယိမ်းနေသည်။

အရူးတစ်ယောက်လို ရယ်မောရင်း မကတတ်သေးသည့် ဘဲလေးအက သမားတစ်ဦးလို လက်နှစ်ဖက်ဖြန့်ထုတ်ကာ ဖန်သားပြင်ရှေ့မှ နေရာလွတ်အား စတိတ်စင်လို သဘောထားပြီး ယိမ်းထိုးကနေ၏။

သူကလက်နှစ်ဖက်အား ဆန့်ထုတ်ထားရင်းနှင့် ဖန်သားပြင်ကို ကျောပေးရပ်ကာ ရယ်သံမှာ ပိုပိုကျယ်လာပြီး လူမရှိသည့် ဓာတ်ခွဲခန်းထဲ၌ ပဲ့တင်ထပ်နေသည်။

ဖန်သားပြင်ဆီ သူပြန်လှည့်လာ၏။

ဖန်သားပြင်ပေါ်မှ သစ္စာတိုက်ပွဲ ဟူသည့် စာလုံးကိုကြည့်ကာ သူငယ်အိမ်များ ကျုံ့ဝင်သည်အထိ ကြောက်ရွံ့ကာ စကားသံပင်မထွက်ဘဲ အချင်းချင်း အကဲခတ်နေကြသည့် လူတစ်စုအား သူစိတ်လှုပ်ရှားစွာနှင့် အသေအချာကြည့်နေသည်။ ပါးစပ်က နားရွက်ချိတ်မတတ် သူပြုံးနေ၏။

ရုတ်တရက် အေးစက်လာသလို သူ့ကိုယ်သူအတင်းအကျပ် ဖက်ထားသေးသည်။ ပြီးနောက် အင်္ကျီစအား မျက်နှာအထိဖုံးအောင် ဖက်ထားသည့် လက်နှစ်ဖက်နှင့် လိပ်တင်လိုက်၏။ မျက်နှာအား ဖုံးထားသော်လည်း အရူးလိုရယ်သံက မပျောက်ကွယ်သွားသေးပေ။

သစ္စာတိုက်ပွဲ ဟူသည့်စာလုံး၏ ဆိုလိုရင်းကို သိကြပြီးဖြစ်၍ ရထားပေါ်မှ လူများမှာ အတော်ကြာသည်ထိ စကားမပြောနိုင်ကြချေ။

အတော်ကြာမှ ပိုင်လော့ဖုန်းဆီမှ အသံထွက်လာသည်။ "သစ္စာတိုက်ပွဲ ဟုတ်တယ်မလား။"

"အင်း။" ကျန်းမုန့်ရီ၏မျက်နှာမှာ အတော်တည်ငြိမ်နေ၏။ "ဒီလိုပြောထားတာပဲ။"

တိုက်ရိုက်ထုတ်လွှင့်သူ အားလုံး၏မျက်နှာများက သူမသာကိုယ်မသာပင် ပျက်ယွင်းနေကြ၏။

စပယ်ယာက ထွက်သွားရန်ပြင်ပြီးမှ အချက်ပေးသံကြားသဖြင့် နေရာ၌ပြန်ရပ်နေသည်။ မိသားစုတစ်ခုလုံး ကွပ်မျက်ခံရတော့မလို ပျက်ယွင်းနေသည့် မျက်နှာများအား စိတ်အလွန်ရှုပ်နေဟန်ဖြင့် ကြည့်နေ၏။

သို့သော် သူဘာမှမမေးဘဲ အတော်ကြာအောင် ရပ်နေပြီးနောက် တံခါးဖွင့်၍ ထွက်သွားရန်ပြင်သည်။

"နေဦး။" ရုတ်တရက် ပိုင်လော့ဖုန်း အသံကျယ်ကျယ်နှင့် ထအော်လေ၏။ ဂိမ်းထဲစဝင်ကတည်းက သူယခုလို အသံကျယ်ကျယ် မပြောဖူးဘဲ လည်ချောင်းကွဲမတတ် အော်နေခြင်းပင်။

စပယ်ယာ လန့်သွားပြီး နေရာ၌တုံ့ခနဲရပ်ကာ ပြန်လှည့်လာပြီး စိတ်ရှုပ်နေသည့်အသံနှင့် မေးလာသည်။ "ဘာဖြစ်ပြန်ပြီလဲ။"

"မင်းသွားလို့မရဘူး။ တံခါးပိတ်လိုက်။ မင်းလုံးဝမသွားရဘူး။"

"မင်းဘာဖြစ်ချင်နေတာလဲ။ ငါကဘာလို့ နားထောင်ရမှာလဲ။"

"သူမင်းကိုသတ်လိမ့်မယ်။"

"ဘယ်သူကလဲ။"

"ဖန်းတီသူ၊ ဒီဂိမ်းကိုဖန်တီးတဲ့သူ။".

ပိုင်လော့ဖုန်း ဘာကိုမှဂရုမစိုက်နိုင်တော့။

သူခွေလဲကျကာ ဒူးထောက်လျက် အပြေးတပိုင်းနှင့် ရှေ့တိုးလာပြီး စပယ်ယာ၏ လက်နှစ်ဖက်ကိုဆွဲ၍ သူ့အားလှုပ်ခါရင်း အော်ဟစ်နေ၏။ "ဒါကဂိမ်းတစ်ခုပဲ။ ဒီဂိမ်းရဲ့ဖန်တီးသူကြောင့် မင်းကဒီထဲရောက်နေတာ။ မင်းကအခု NPC ဖြစ်နေပြီ။ မင်းရှုံးသွားလို့ NPC ဘဝ ရောက်သွားခဲ့တာ။"

"မင်းကသူ့အတွက် ကုဒ်လေးတစ်လုံးပဲ။ သူက ပျက်သွားတဲ့ကုဒ်တွေကို ရှင်းထုတ်တတ်တယ်။ သူမင်းကိုသတ်မှာ။ ဘယ်လိုသတ်မလဲ မသိပေမယ့် မင်းအန္တရာယ်ရှိနေပြီ။ သူငါ့ထုတ်လွှင့်ခန်းမှာ ကြေညာချက်ပို့သွားတယ်။"

သူ့စကားများက အလျင်စလို၊ ဖရိုဖရဲ၊ အစီအစဥ်မကျ၍ အဓိပ္ပါယ်မရှိသလောက်ပင်။

စပယ်ယာ၏ အမူအရာသည် အချိန်ကြာလာသည်နှင့်အမျှ နားမထောင်ချင်သည့်ပုံ ပိုပေါက်လာ၏။

အကုန်ပြောပြီးသည်နှင့် ပိုင်လော့ဖုန်းက သူ့အားနားလည်ပေးရန် တောင်းပန်တိုးလျှိုးသည့် အကြည့်နှင့် မော့ကြည့်လာသည်။

သို့သော် ထိုအကြည့်အား စပယ်ယာက နားလည်ပုံမရ။ "ဘာလဲ။"

"ငါ....." ပိုင်လော့ဖုန်း ပူပန်မှုကြောင့် ငိုမိတော့မည်။ အသက်ရှုမမှန်သည့်ကြားမှ အတင်းကြိုးစားကာ ပြောလာသည်။ "မင်းက ငါ့ကောင်လေး။ မင်းလွန်ခဲ့တဲ့ ငါးနှစ်ကသေသွားတာ။ ဒါ ဒါက ဆန္ဒဖြည့်ပေးနိုင်တဲ့ ဂိမ်းပဲ။ မင်းက ဒီကိုလာတာ ငါ့ကိုကယ်ဖို့.....အဲဒါကြောင့်....."

စိုးရိမ်မှုကြောင့် စကားကို အဆုံးမသတ်နိုင်သလို မည်သို့ရှင်းပြရမည်မှန်း သူမသိတော့။

သူ စပယ်ယာ-စုယွီအား အတင်းဆွဲထားပြီး သူ့မျက်လုံးများက နားလည်ပေး

ရန် စိတ်အားထက်သန်စွာ အသနားခံနေခဲ့သည်။

သို့သော် စပယ်ယာက လုံးဝလက်မခံသဖြင့် ပိုင်လော့ဖုန်းမှာ စိုးရိမ်တကြီး တိုက်တွန်းနေရုံကလွဲ ဘာမှမတတ်နိုင်ပေ။

သူအံကိုကြိတ်ကာ စကားလုံးများအား ဖိပြောလိုက်၏။ "အတိုချုပ်ပြောရရင် မင်းငါ့ကိုကယ်ဖို့ ဒီဂိမ်းထဲဝင်လာပေမယ့် မင်းရှုံးသွားတာ။ မင်းက NPC ဖြစ်သွားပြီးမှ ငါရောက်လာတော့ NPC မဖြစ်ခင်က မှတ်ညဏ်တွေပြန်ရလာလို့ ဂိမ်းဖန်တီးသူက မင်းကိုသတ်ချင်နေတာ။ မင်းနားလည်လား။"

"ဟမ်၊ မင်းဘာတွေပြောနေတာလဲ။" စပယ်ယာက ဒေါသထွက်ကာ ဘာမှဆက်မပြောနိုင်သေးပေ။ စုတ်သပ်ရင်း ပိုင်လော့ဖုန်း၏ လက်များကို ဖယ်ချသည်။

"ဘာဂိမ်းလဲ၊ မင်းရူးနေပြီလား။ မင်း..."

သူစကားပြောနေစဥ် ရုတ်တရက်

ရထားပထမတွဲ၏ တံခါးကဘန်းခနဲပွင့်လာ၏။

ထိုတံခါးအား ဖွင့်လိုက်သူက စပယ်ယာမဟုတ်ပေ။

သူတို့အားလုံး တံခါးဆီ အကြည့်ရောက်သွားသည်။

ငကြောက်ကောင် လျန့်ရိထုံ ဖြူဖျော့နေသောမျက်နှာ၊ တုန်နေသောခြေထောက်နှစ်ဖက်နှင့် တံခါးဝ၌ အမောဆို့နေ၏။ စပယ်ယာအား တွေ့သောအခါ အလန့်တကြား ထအော်ပြီး ဖင်ထိုင်လဲဲပြန်သည်။

ပထမတွဲထဲ၌ သရဲများက အလောင်းများအား စားသောက်နေကြဆဲပင်။ သို့သော် စပယ်ယာ၏ ဆဲဆိုခြင်းမခံရစေရန် ဆရာမများရှေ့ နေ့လယ်စာစားနေကြသည့် မူကြိုကလေးများလို တိတ်ဆိတ်နေကြ၏။

လျန့်ရိထုံထအော်မှ သရဲများက လှည့်ကြည့်လာကြသည်။

ကျန်းမုန့်ရီကဆဲဆိုကာ ကြောက်ရွံ့နေသည့် ငကြောက်ကောင်အား လက်မောင်းမှဆွဲခေါ်ပြီး အခန်းထဲအမြန်ဝင်ကာ တံခါးပေါက်ကို ဆွဲပိတ်လိုက်ရ၏။

"မင်းဘယ်တွေလျှောက်ပြေးနေတာလဲ။ လီချန်စစ်တောင် ပင်မအဖွဲ့ဆီ ပြန်လာရမှန်းသိတယ်။ မင်းကဘာလုပ်နေတာလဲ။"

"ငါဒုတိယတွဲမှာ ရှိနေတာ။ ထွက်လာရင် သေမှာစိုးလို့။" လျန့်ရိထုံက ခပ်တိုးတိုးပြန်ဖြေသည်။

"မင်းကဘာမဆိုကြောက်နေတာပဲ။"

သူတို့စကားပြောနေကြစဥ် ဖုန်းမှနောက်ထပ် အချက်ပေးသံထွက်ပေါ်လာ၏။

ပိုင်လော့ဖုန်း ငုံ့ကြည့်သောအခါ ကြေညာချက်အသစ်အား တွေ့ရသည်။

(ဂိမ်းမုဒ်ကို ပြန်လည်ပြင်ဆင်ခြင်း)

(မင်္ဂလာပါ၊ ဒီတစ်ခေါက်ဂိမ်းကို သစ္စာတိုက်ပွဲအဖြစ် ပြောင်းထားပါတယ်)

(ဂိမ်းစည်းမျဉ်းများနှင့် ရည်ရွယ်ချက်များအားလုံးကို ဆုံးဖြတ်ပြီးပါပြီ၊ အောက်ပါစာသည် တစ်ကြိမ်သာ ပေါ်လာမည်ဖြစ်၍ မျက်လုံးဖွင့်ပြီး ဂရုတစိုက်ဖတ်ပါ)

ထိုစာကြောင်းများ အောက်တွင် ခလုတ်တစ်ခု ပေါ်လာသည် - လက်ခံမည်။

ပိုင်လော့ဖုန်း စပယ်ယာအား မော့ကြည့်သောအခါ စပယ်ယာက သူ့အားငေးနေပြီး အကြည့်ချင်းဆုံသောအခါ မျက်ခုံးမြှောက်ပြလာ၏။

လက်ရှိအခြေအနေအရ စပယ်ယာသည် အခန်းထဲမှ မထွက်ရန် ရွေးချယ်လိုက်ပုံပေါ်သည်။

ပိုင်လော့ဖုန်း သက်ပြင်းချကာ ခလုတ်ကိုနှိပ်လိုက်၏။

(စည်းမျဥ်းများ)

(ယခုပွဲ၏ ရည်ရွယ်ချက်မှာ ရထားကိုရပ်ခြင်းဖြစ်သည်)

( ၁။ရထားပေါ်၌ အသက်ရှင်သူ တစ်ဦးတည်းကျန်မှ ရထား အလိုအလျောက်ရပ်သွားမည်ဖြစ်ကာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူသည် ဤအချီတွင် အနိုင်ရရှိမည်ဖြစ်သည်)

(၂။စပယ်ယာသေဆုံးပါက ရထားသည်လည်း အလိုအလျောက် ရပ်တန့်သွားမည်ဖြစ်သည်)

(၃။လက်မှတ်များသည် ယခု အသုံးမဝင်တော့ပါ။  ရထားပေါ်ရှိ "ခရီးသည်များ" အားလုံး စတင်တိုက်ခိုက်တော့မည်ဖြစ်သည်)

(ယခုပွဲစဥ်သည် မိနစ်သုံးဆယ်ကြာမည်၊ အချိန်ပြည့်သည်အထိ စပယ်ယာနှင့် ထုတ်လွှင့်သူ အရေအတွက်များစွာ ကျန်ရှိနေပါက ရထားပေါက်ကွဲလိမ့်မည်)

ပိုင်လော့ဖုန်း ငြိမ်ကျသွားသည်။

စာဖတ်ပြီးသည်နှင့် အားလုံးကတစ်ပြိုင်တည်း စပယ်ယာဆီ လှမ်းကြည့်ကြ၏။

စပယ်ယာ - "ဘာလဲ"

လူတိုင်း၏ မျက်လုံးအကြည့်များ သိသိသာသာ ပြောင်းလဲသွားသည်။

ရထား ခရီးဆက်နေသလို စပယ်ယာခန်းရှေ့မှ လူအားလုံးသည်လည်း ၎င်းတို့၏ ယုတ်မာသော အတွေးများအား စတင်အကောင်အထည် ဖော်နေကြလေပြီ။

လီချန်စစ်က ချက်ချင်းထရပ်ကာ တောက်ပသော မျက်လုံးများနှင့် စပယ်ယာကိုကြည့်ရင်း တံတွေးမျိုချနေသည်။

ထိရှလွယ်သူ ပိုင်လော့ဖုန်းသည် လေထုထဲ လူသတ်လိုဇောရနံ့များ ပြည့်လာသည်ကို အာရုံခံမိနေ၏။

သူစပယ်ယာဆီ ပြေးကပ်ကာ အတင်းဖက်ထားပြီး မေးခွန်းထုတ်လာသည်။ "မင်းတို့ဘာလုပ်ကြမလို့လဲ။"

မည်သူမှ ပြန်မဖြေသေးခင် ဖုန်းမှအချက်ပေးသံ ထပ်မံထွက်ပေါ်လာ၏။

(အချိန်ရေတွက်ခြင်းစမည်)

(30:00)

ပိုင်လော့ဖုန်း မျက်တောင်ခတ်လိုက်သည်နှင့် ဂဏာန်းများက ပြောင်းသွားသည်။

(29:59)

ရေတွက်ခြင်းစတင်လေပြီ။

"ပိုင်လော့ဖုန်း" သူ့အား တစ်ယောက်ယောက် လှမ်းခေါ်လိုက်သည်။

ပိုင်လော့ဖုန်း ကြည့်လိုက်သောအခါ လီချန်စစ်ဖြစ်နေ၏။

သူသည်နံရံကို အမှိီပြုကာရပ်နေပြီး စပယ်ယာအား သူ့အပိုင်လို စိုက်ကြည့်နေသည်။

"မင်းဘာလုပ်သင့်လဲ သိတယ်မလား။ မင်းကငတုံးမှ မဟုတ်တာ။ မင်းအခုလုပ်မယ်ဆို သူတုံ့ပြန်ချိန်တောင် ရမှာမဟုတ်ဘူး။"

ပိုင်လော့ဖုန်း ငြိမ်သက်နေ၏။

သူငတုံးမဟုတ်သလို လီချန်စစ်၏စကားကို သူနားလည်သည်။

ထွက်လာသည့်စည်းမျဥ်းအရ နောက်ဆုံးတစ်ဦးသာ ကျန်သည်အထိ အချင်းချင်း သတ်ကြရမည်။ သို့မဟုတ် အားလုံးပေါင်းကာ စပယ်ယာအား သတ်ရမည်။

သူ၏ဦးရေပြား ကျိန်းစပ်လာပြီး တံတွေးမျိုချကာ စပယ်ယာအား ပိုတင်းတင်းဖက်လိုက်မိသည်။ "သူက သေပြီးသားလေ။"

"ဒါဆိုမင်းက ငါတို့အချင်းချင်း သတ်စေချင်တာလား။" လီချန်စစ်က အော်မေးလာသည်။

ပိုင်လော့ဖုန်း ပြန်မဖြေနိုင်တော့။

လီချန်စစ်၏ အကြည့်များက ဆုံးဖြတ်ချက် ချထားပုံပေါ်ပြီး သူ့မျက်လုံးထဲ၌ ဖော်မပြနိုင်သော အန္တရာယ် အငွေ့အသက်များ ကိန်းအောင်းနေ၏။ ထိုအကြည့်အား ဖုံးကွယ်ရန် ခေါင်းငုံ့ထားသော်လည်း အဆိပ်ပြင်းသည့်မြွေက သားကောင်ကိုဝိုင်းထားသလို မျက်လုံးများက ပိုင်လော့ဖုန်းနှင့် စပယ်ယာဆီမှ မခွာပေ။

အတွေးများအား မဖုံးကွယ်ထားသည့် မျက်နှာကြောင့် ခေါင်းငိုက်စိုက်ချထားခြင်းက သူ့အား လူသတ်သမားနှင့် ပိုတူစေသည်။

"မင်းမှာ သုံးစရာမရှိရင် ငါငှားပေးမယ်။ ပေါက်ကရတွေသာ မပြောနဲ့တော့။"

စပယ်ယာသည် ငတုံးမဟုတ်သဖြင့် သူတို့စကားများကို သဘောပေါက်နေ၏။

ပိုင်လော့ဖုန်း စပယ်ယာအားဖက်ထားရင်း ကြက်သီးများထလာ၏။ သူပါးစပ်ဟလာသောအခါ အသံမှာအက်ရှတုန်ရီနေပြီး ကြောက်စရာကောင်းလှသည်။

"ငါသူ့ကိုမသတ်နိုင်ဘူး။ သူကငါ့ကောင်လေး။"

ရှစ်ယွမ်ကပြောလာသည်။ "မင်းမလုပ်နိုင်ရင် ငါတို့လုပ်ရလိမ့်မယ်။"

ပိုင်လော့ဖုန်း အတော်လန့်သွား၏။ သူပတ်ဝန်းကျင်အား အကဲခတ်သောအခါ လျန့်ရိထုံ၏ အကြည့်များက ဖတ်ရခက်လောက်အောင် မှောင်မိုက်နေသည်။ ကျန်းမုန့်ရီကလည်း သူ့အားသတိကြီးကြီးထားကာ စောင့်ကြည့်နေ၏။ စုချာတစ်ဦးတည်းကသာ လမ်းဘေးခွေးလေးအား ကြည့်သလို သနားဂရုဏာသက်နေသည့် မျက်လုံးများနှင့်ကြည့်နေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment