no

Font
Theme

အပိုင်း ၁၀၀ (ထင်ထားသည်ထက်ပို၍ သဘောကျခဲ့မိသည်)

ဟိုင်န်ရီက အံ့ဩမှင်တက်သည့်မျက်နှာ ဖြစ်သွားသော်လည်း မကြာမီမှာပင် သိသာထင်ရှားစွာ ဝင်းလက်တောက်ပလာသည်။

သူ ကျွန်မကို ပြောခဲ့သည့်စကားများက စိတ်ရင်းမပါသည့်စကားများ မဟုတ်သည့်ပုံပင်။

တကယ့်စိတ်ရင်းဖြင့် ဝမ်းသာနေပုံရ၏။

ရူးရူးမိုက်မိုက် ကမ်းလှမ်းချက်ဟု ယူဆပြီး ပြောလိုက်သည့် ကျွန်မပါ ကြောင်သွားရသည့်အထိပင်။

ဟိုင်န်ရီက ပါးစပ်ကို အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်းမှ အလျင်အမြန်ပင် တိုးတိုးလေး ကပ်ပြောလာခဲ့သည်။

“ကျွန်တော်... ကျွန်တော်ကတော့ ကွီးန်၊ ခင်ဗျားသာ ကျွန်တော့်မိဖုရား ဖြစ်လာပေးမယ်ဆိုရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးယောက်ျား ဖြစ်လာမှာပါ။”

ထို့နောက် အက်ရှရှအသံဖြင့် သူက ကတိပေးလာသည်။

“အဲ့ဒါကြောင့် ကျွန်တော်လည်း ဆက်ဆက် ကြိုးစားပါ့မယ်။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံး မိန်းမ၊ အပျော်ဆုံး လူသား ဖြစ်လာအောင်လို့ပေါ့။”

သူ့မျက်လုံးများက တလက်လက်တောက်နေပြီး နှုတ်ခမ်းအစုံကလည်း မထိန်းချုပ်နိုင်သည့်အလား ပြုံးဖြီးနေသည်။

ဆယ်နှစ်လောက်ကြာမှ နောက်ဆုံးတွင် သခင်နှင့် ပြန်ဆုံရသည့် ခွေးကြီးတစ်ကောင်နှင့်ပင် တူနေ၏။

ဤကဲ့သို့ ခိုင်းနှိုင်းရသည်မှာ အဆင်ပြေပါ့မလား မသိသော်လည်း...

ကျွန်မဘဝတွင် မြင်ဖူးသမျှ သက်ရှိများအနက် ဤမျှအထိ ပြင်းပြင်းထန်ထန် ဝမ်းသာမှုကို ဖော်ပြတတ်သည့် သတ္တဝါမှာ ထိုအခြေအနေမျိုးမှ ရက်ထရီဗာသာ ဖြစ်သောကြောင့်ပင်။

ရက်ထရီဗာက ကျွန်မ မွေးဖွားသည့်နှစ်တွင် အတူတူမွေးဖွားပြီး ကြီးပြင်းလာခဲ့သည့် ခွေးကြီးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူ ဤမျှအထိ ဝမ်းသာနေသည်ကို မြင်ရတော့ တစ်ဖက်တွင် စိတ်သက်သာရာရသွား၏။

စိုးရိမ်စိတ်များက အပြည့်ရှိနေဆဲဖြစ်သော်လည်း အစောပိုင်းကလို မထိန်းချုပ်နိုင်လောက်သည့်အထိ မဟုတ်တော့ပေ။

ကျွန်မ ရူးကြောင်ကြောင်ကိစ္စတွေ လုပ်နေမိပြီဟု တစ်ဖက်က တွေးနေမိသော်လည်း အသိစိတ်က ဘေးမှနေ၍ ‘မဟုတ်ဘူး၊ ငါ ပုံမှန်အတိုင်းပဲ’ ဟု တိုးတိုးလေး ပြောနေပြန်သည်။

တစ်ဖက်တွင်လည်း ပါးစပ်ထဲသို့ ခါးသက်သက် ခံစားချက်တစ်ခု ဝင်လာ၏။

ကွာရှင်းရန် နီးကပ်နေချိန်မှ နောက်အိမ်ထောင်ပြုမည့်သူကို ချက်ချင်း ရှာတွေ့သွားသည့် ကျွန်မကိုယ်ကျွန်မ တကယ် သေးသိမ်လွန်းသူလို ခံစားရသည်။

နေပါဦး။

ဒီလိုပြောကြစတမ်းဆို ဆိုဗီရ်ရှုက ကွာတောင်မကွာရှင်းရသေးဘဲ နောက်အိမ်ထောင်ဖက်ကို အရင်ရှာထားခဲ့တာပဲမဟုတ်လား။

“ကျွန်မလည်း ကတိပေးပါ့မယ်။”

ကျွန်မ ပါးစပ်ဖွင့်ပြီး သူ့ကို ကတိတစ်ခု ပေးလိုက်သည်။

“မိဖုရားကောင်းတစ်ပါး ဖြစ်ပေးပါ့မယ်။ ရှင့်အတွက်ရော၊ ရှင့်ရဲ့ ပြည်သူတွေအတွက်ရော။”

ဤသည်က စိတ်ရင်းပင်။

ကျေးဇူးတင်ခြင်းနှင့် အားနာခြင်းကို ဖော်ပြရန်အတွက် ဤနည်းလမ်းမှလွဲ၍ အခြားမရှိပေ။

ကတိကို ကတိအတိုင်းသာ အဆုံးသတ်ထားမည်တော့မဟုတ်။

“ကွီးန်...”

“ပြီးတော့ နောင်တစ်ချိန်မှာ ရှင်ချစ်တဲ့ တခြားမိန်းမကို ချစ်သူအဖြစ် တော်ကောက်မယ်ဆိုရင်လည်း ကျွန်မ လုံးဝ ဝင်စွက်ဖက်မှာမဟုတ်ပါဘူး။”

“...”

ခဏချင်းမှာပင် ဟိုင်န်ရီ၏ မျက်နှာထားက ပြိုလဲသွားသလို တုန်လှုပ်သွားတော့သည်။

သူက အံ့ဩသွားသည့်အလား မျက်လုံးအဝိုင်းသားဖြင့် ကျွန်မကို အကြောင်သားကြည့်နေ၏။

“ဟိုင်န်ရီ။”

အင်မတန် အံ့ဩနေသည့် မျက်နှာထားကြောင့် ကျွန်မလည်း လိုက်၍ အံ့ဩကာ သူ့နာမည်ကို ခေါ်လိုက်မိတော့ သူက အတန်ကြာမှ ဟန်ဆောင်ပြုံးကာ ပြန်မေးလာသည်။

“ချစ်သူတဲ့လား။”

လုံးဝ မျှော်လင့်မထားသည့် စကားလုံးကို ကြားလိုက်ရသော မျက်နှာမျိုးပင်။

...ငါလည်း တော်တော်လွန်သွားတာကိုး။

စကားမှားသွားသည်။

လက်ပင်မထပ်ရသေးသည်ကို၊ ချစ်သူအကြောင်းက စပြောမိသတဲ့လား။

“ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ ပြောပြတာပါ။”

ကျွန်မ အမြန်လေး စကားလွှဲပြီး အစောပိုင်းက ထိတ်လန့်တုန်လှုပ်မှုကြောင့် ပျက်ယွင်းသွားသည့် မျက်နှာထားကို ပြန်ထိန်းလိုက်သည်။

သို့သော် စကားသာ လွှဲလိုက်ရခြင်းဖြစ်သော်လည်း သူ့ကို ပြောခဲ့သည့် ကမ်းလှမ်းချက်ကမူ စိတ်ရင်းပင်။

ဟိုင်န်ရီက ချစ်သူ ခေါ်လာခဲ့လျှင်လည်း...ရှော့ခ်မရအောင် ကြိုတင်ပြင်ဆင်ထားရန် စိတ်ကူးထား၏။

ဤတစ်ကြိမ်၌။

သမိုင်းတစ်လျှောက် ဧကရာဇ်များနှင့် ဘုရင်အများစုတွင် ချစ်သူများ ရှိခဲ့ကြသည်။

အလွန်နည်းပါးသော လူနည်းစုတွင် ချစ်သူမရှိကြသော်လည်း သူတို့က နဂိုကတည်းက နိုင်ငံရေးအရ လက်ထပ်ခဲ့ကြသူများ မဟုတ်ပေ။

ချစ်သူမထားသည့် ဧကရာဇ်ရှိခဲ့လျှင် ဆိုဗီရ်ရှုသာ ဖြစ်လိမ့်မည်ဟု တစ်ချိန်က တွေးခဲ့ဖူးသော်လည်း ထိုသို့မဟုတ်ခဲ့ချေ။

နောက်ဆုံး ဟိုင််န်ရီ၏အစ်ကိုတော်ဖြစ်သူ အနောက်ဘုရင့်တိုင်းပြည်၏ နတ်ရွာစံဘုရင်တွင်ပင် ချစ်သူအချို့ ရှိခဲ့၏။

သို့ဖြစ်သည်ကို ဟိုင်န်ရီတစ်ယောက်တည်းကသာ ကွဲထွက်နေနိုင်ပါ့မည်လား။

ကွဲထွက်လျှင်လည်း ကွဲထွက်နိုင်ပေလိမ့်မည်။

ဟုတ်တယ်၊ တစ်မူကွဲပြားတာလည်း ဖြစ်နိုင်တာပဲ။

သို့သော် အရင်ဆုံး မျှော်လင့်ချက်ထားပြီးမှ ထပ်ပြီး ရှော့ခ်မရလိုတော့ပေ။

ထို့အပြင် ဟိုင်န်ရီက ကောလာဟလများထဲကလောက် လူရှုပ်လူပွေတစ်ယောက် မဟုတ်သည်မှာ သေချာသော်လည်း တစ်သက်လုံး လွတ်လွတ်လပ်လပ် နေထိုင်လာခဲ့သည်မှာတော့ အမှန်ပင်။

ဟိုင်န်ရီက မေးရိုးကိုတင်းထားရင်း ကျွန်မကို ကြည့်ကာ တိုးညင်းသော အသံဖြင့် မေးလာသည်။

“ကွီးန်။ အဆင်ပြေမယ်ဆိုရင် အသေးစိတ်အကြောင်းအရာတွေ နားထောင်လို့ ရမလား။”

အစကမူ ဝမ်းသာနေသလိုရှိသော်လည်း။

နောက်ကျမှသာ ယင်းက ရိုးရိုးတန်းတန်း ဝမ်းသာရမည့်ကိစ္စ မဟုတ်ဘူးဟု တွေးမိသွား၍လားမသိ။

သူ့မျက်နှာက ရှုပ်ထွေးနေသလိုပင်။

“ကွီးန် ဘာကြောင့် ရုတ်တရက်ကြီး ကျွန်တော့်ကို နိုင်ငံရေးအရ လက်ထပ်ဖို့ ကမ်းလှမ်းရသလဲဆိုတာ သိချင်လို့ပါ။”

ဟိုင်န်ရီ နူးညံ့စွာပြုံးနေသည်ကို ကြည့်နေရင်းမှ ကျွန်မ၏ လက်က သူ့လက်ပေါ်တွင် ထပ်ထားဆဲဖြစ်ကြောင်း သတိပြုမိသွားကာ အမြန်ပင် လက်ကို ပြန်ရုပ်လိုက်သည်။

ဟိုင်န်ရီကလည်း ကျွန်မမျက်နှာပေါ်မှ သူ့လက်ကို ဖယ်လိုက်ရင်း ရှက်ကိုးရှက်ကန်း မျက်နှာထားမျိုးဖြစ်သွား၏။

ထို့နောက် ကျွန်မ၏ အရိပ်အခြည်ကို အကဲခတ်ရင်း အမြန်ပင် ထပ်ပြောလာသည်။

“ဒါပေမဲ့ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ ကွီးန်ကို ဒီကိစ္စ ပြန်စဉ်းစားပါဦးလို့တော့ လုံးဝ ဖျောင်းဖျမှာမဟုတ်ပါဘူး။”

“ကျေးဇူးပါပဲ။”

“ဒါပေမဲ့ ကွီးန်။ အကယ်၍ ကွီးန်သာ ကျွန်တော့်မိဖုရား ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့က ဇနီးမောင်နှံတွေ ဖြစ်လာမှာမဟုတ်လား။ ဟို... ဇနီးမောင်နှံဆိုတော့က။”

ရုတ်တရက် ဟိုင်န်ရီက စကားရပ်သွားပြီး သူ့မျက်နှာသူ လက်ဖြင့်ယပ်ခတ်နေတော့သည်။

သူက ‘ဇနီးမောင်နှံ’ ဟူသည့် စကားလုံး သုံးရသည်ကို အတော်လေး ရှက်နေပုံရကာ လက်တွေ့တွင်လည်း နားရွက်များရော ပါးများပါ နီမြန်းလာ၏။

သူ ဘာပြောမလဲဟု သိချင်သော်လည်း ဟိုင်န်ရီ စိတ်တည်ငြိမ်သွားစေရန် အရင်ဆုံး ကျွန်မလည်း အတူတူ လက်ဖြင့် ယပ်ဝိုင်းခတ်ပေးလိုက်သည်။

“အခု နည်းနည်း အဆင်ပြေသွားပြီလား။”

ဟိုင်န်ရီက နီမြန်းနေသော မျက်နှာနှင့်ပင် ရှိနေဆဲဖြစ်သော်လည်း ရွှန်းရွှန်းစားစားပြုံးပြနေရာမှ ရှက်သွားသလို တိုးတိုးရယ်ပြီးနောက် ပါးကို ကုတ်ရင်း စကားပြန်စလာသည်။

“ဟုတ်ကဲ့၊ ကျွန်တော်တို့က ဇနီးမောင်နှံတွေ ဖြစ်လာမှာမို့လို့ပါ။ ကွီးန် ဒီလိုဆုံးဖြတ်ချက်မျိုး ချရတဲ့အကြောင်းရင်းကို သိချင်ပါတယ်။”

ဟိုင်န်ရီက တကယ် ကျွန်မကို မိဖုရားအဖြစ် တင်မြှောက်ရန် စိတ်ကူးရှိသည်ဆိုလျှင် ဤအချက်ကို သိထားသင့်ပေသည်။

ကျွန်မ၏ ကမ်းလှမ်းချက်က အခြားသူများကြားလျှင် ရူးနေပြီဟုပြောကြမည့် ကမ်းလှမ်းချက်ပဲမဟုတ်ပါလား။

မကြုံစဖူးကိစ္စမျိုးဖြစ်ပြီး ဟိုင်န်ရီကိုပါ ဤကိစ္စထဲ ဆွဲသွင်းလိုက်မိပြီဖြစ်၍ ကျွန်မ၏ အခြေအနေကို အတိအကျ ပြောပြရန် စိတ်ကူးထား၏။

သို့သော် စကားမစရသေးမီမှာပင်။

လူနှစ်ယောက်က အနားသို့ ချဉ်းကပ်လာသဖြင့် ကျွန်မတို့နှစ်ယောက်စလုံး ပါးစပ်ပိတ်လိုက်ကြသည်။

လာနေသူနှစ်ဦးအနက် တစ်ဦးက အကယ်ဒမီဝတ်ရုံကို ဝတ်ထားသော်လည်း ကျန်တစ်ဦးကမူ သာမန်ဝတ်စုံနှင့်ဖြစ်၏။

သူတို့က ကျွန်မတို့၏ အရှေ့တည့်တည့်သို့ ရောက်လာကြပြီး သာမန်ဝတ်စုံနှင့်လူက ကျွန်မကိုမြင်သည်နှင့် ခါးကိုညွှတ်ကာ ပြောလာသည်။

“တောင်းပန်ပါတယ်၊ ဧကရီ အရှင်မ။ အထဲဝင်သွားတာ ကြာပြီဖြစ်ပေမဲ့ ဆက်သွယ်မှုမရှိလို့ စိုးရိမ်ပြီး လာရှာရတာပါ။”

ခဏလေး ကျောင်းအုပ်ကြီးနှင့် စကားပြောဦးမည်ဟုဆိုကာ အထဲဝင်သွားသည့် ကျွန်မ ပြန်ထွက်မလာသဖြင့် စိုးရိမ်လာသော ကိုယ်ရံတော်စစ်သည်များက လူလွှတ်လိုက်သည့်ပုံပင်။

ဟိုင်န်ရီက နာရီကို လှမ်းကြည့်လိုက်သည်။

တကယ်ပင် ထင်ထားသည်ထက် အချိန်က အတော်လေး ကုန်သွားခဲ့ပေပြီ။

အတွေးတူသွား၍လားမသိ ရယ်သံသဲ့သဲ့လေး ထွက်လာ၏။

သို့သော် သာမန်ဝတ်စုံနှင့်လူက ဟိုင်န်ရီကို လှမ်းကြည့်လိုက်ရာမှ ရုတ်တရက် အံ့ဩသွားသည့် မျက်နှာထားဖြစ်သွားရာ ဟိုင်န်ရီက ဆောင်းထားသည့် ဝတ်ရုံခေါင်းဆောင်းကို လက်ဖြင့် အောက်သို့ငိုက်ချလိုက်သည်။

‘ခိုးထွက်လာတာလို့ ပြောခဲ့တာပဲ။’

ဤနေရာတွင် ဟိုင်န်ရီနှင့် အကြာကြီး တွေ့နေခဲ့သည်ဟူသော ကောလာဟလ ထွက်သွားလျှင် ကျွန်မလည်း အခက်တွေ့နိုင်သည်။

သာမန် ဧကရီတစ်ပါး ဖြစ်နေချိန်ထက် ကွာရှင်းရန် နီးကပ်နေသည့် ယခုလိုအချိန်တွင် ပို၍ပင်ဆိုးဦးမည်။

“ဟုတ်သားပဲ။ ဒီလောက်နဲ့ ပြန်ကြတာပေါ့။”

ကျွန်မလည်း တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီးနောက် ဟိုင်န်ရီဘက်သို့ကြည့်ကာ ‘စာ’ ဟု နှုတ်ခမ်းလှုပ်ရုံမျှဖြင့် အသိပေးလိုက်သည်။

~~~~

ဟိုင်န်ရီတစ်ယောက် နာဗီရယ် သူ့ဘက်သို့ လျှို့ဝှက်စွာ၊ အလွန်ပင် လျှို့ဝှက်စွာ ‘စာ’ ဟု တိုးတိုးလေး ပြောလိုက်သည့် အခိုက်အတန့်၌။

ခြေထောက်များ ပျော့ခွေကာ သတိလစ် လဲကျလုမတတ် ဖြစ်သွားရသည်။

နာဗီရယ် ထွက်ခွာသွားပြီးနောက် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် ဟိုင်န်ရီက ဒယီးဒယိုင်ဖြင့် စင်္ကြံကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ကျောက်တိုင်ကို ခေါင်းမှီထားခဲ့၏။

စောစောက ဘာတွေဖြစ်သွားမှန်း သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

‘ကွီးန်နဲ့ တွေ့ခဲ့ပြီး...’

သူတို့နှစ်ဦး ဝီလ်ဝေါလ်တွင် တွေ့ခဲ့ကြသည်က တကယ်တော့ တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။

ဟိုင်န်ရီက နာဗီရယ် ဝီလ်ဝေါလ်သို့ ထွက်ခွာသွားပြီဟူသော သတင်းကို ကြားသည်နှင့် တောင်ပံကို အစွမ်းကုန်ခတ်ကာ ဤနေရာသို့ လိုက်လာခဲ့ခြင်းပင်။

သို့သော် စားသောက်ဆိုင်တွင် တွေ့ခဲ့သည်ကမူ တကယ့် တိုက်ဆိုင်မှုဖြစ်ပြီး ဟိုင်န်ရီက ထိုအဖြစ်အတွက် အတိုင်းထက်အလွန် ဝမ်းသာနေရ၏။

လူနှစ်ယောက် တစ်ချိန်တည်းတွင် စားသောက်ဆိုင်တစ်ခုတည်းကို ပြိုင်တူတွေးမိရန်မှာ မည်မျှအထိ ဖြစ်နိုင်ခြေရှိသနည်း။

သို့သော် ကံကောင်းခြင်းများက ထိုမျှနှင့်ပင် ပြီးဆုံးမသွားခဲ့ပေ။

နှစ်ဦးသား အတူတူ စားသောက်ခဲ့ကြသလို၊ လမ်းတစ်လျှောက် အတူတူလျှောက်ခဲ့ကြပြီး ဝတ်ရုံကိုပင် ဆင်တူဝတ်ဆင်ခဲ့ကြသေးသည်။

ထိုဆင်တူဝတ်ရုံ ဝတ်ထားသူများက ပတ်ဝန်းကျင်၌ပင် ၂၃ ယောက်လောက် ရှိနေသော်လည်း ဟိုင်န်ရီ၏မျက်လုံးထဲတွင်မူ ထိုကျောင်းသား ၂၃ ယောက်က မြင်ကွင်း၌ပင် မရှိသဖြင့် ကိစ္စမရှိပေ။

ဟိုင်န်ရီက လက်တစ်ဖက်ဖြင့် သူ့ပါးစပ်သူ ပိတ်ထားရင်း ခေါင်းနှင့် ကျောက်တိုင်ကို တဒုန်းဒုန်း အဆက်မပြတ် ဆောင့်နေမိသည်။

လက်ထပ်ခွင့်။

လက်ထပ်ခွင့် အတောင်းခံခဲ့ရသည်။

သူ၏ ကွီးန်က၊ မည်သည့်နည်းနှင့်မဆို အရခေါ်လာချင်ခဲ့သည့် သူ၏ ကွီးန်က ကိုယ်တိုင် သူ့ကို လက်ထပ်ခွင့်တောင်းလာခဲ့ခြင်းပင်။

မှူးမတ်များ၏ ဖိအားပေးမှုများနှင့် မက်ကန်နာ၏ ပူညံပူညံလုပ်မှုများကို အံတုပြီး တောင့်ခံထားရကျိုး နပ်သွားပေပြီ။

ဘေးနားမှ ဖြတ်သွားဖြတ်လာများက သူ့အား ထူးဆန်းသလို ကြည့်နေကြသည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ ဟိုင်န်ရီကမူ တစ်ယောက်တည်း ပြုံးနေမိသည်။

သို့သော် သူ့မျက်နှာက အမြန်ပင် ပြန်လည် ညှိုးမှိုင်သွား၏။

ပျော်ရွှင်မှုများ ကွယ်ပျောက်သွားတော့ ထိုနောက်ကွယ်တွင် ကပ်ပါလာသည့် အရိပ်အချို့ကို မြင်လိုက်ရသောကြောင့်ပင်။

နိုင်ငံရေးအရ လက်ထပ်ခြင်း၊ ချစ်သူ၊ ချစ်ရသည့်မိန်းမ၊ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟူသော ကတိ...

မည်သည့်အကြောင်းကြောင့် ဧကရီဖြစ်သူ နာဗီရယ်က မိဖုရားဖြစ်ချင်ရမှန်း မသိသော်လည်း ထိုစကားများထဲတွင် ချစ်ခြင်းမေတ္တာကို မည်သည့်နေရာတွင်မှ မမြင်ရသဖြင့် သူ ဝမ်းနည်းမိ၏။

‘ဒီအတိုင်း မိဖုရားနေရာကို လိုအပ်နေရုံ ဖြစ်မှာပေါ့။’

တစ်ယောက်တည်း တဟီးဟီးရယ်နေခဲ့သည့် လူက ယခုတစ်ကြိမ်တွင်မူ မျှော်လင့်ချက်မဲ့နေသည့် မျက်နှာဖြင့် ကြမ်းပြင်ကို ငေးကြည့်နေရာ ဘေးမှကြည့်နေသည့် ကျောင်းသားများလည်း သူတို့အချင်းချင်း တီးတိုး ပြောဆိုကုန်ကြတော့သည်။

ဟိုင်န်ရီကမူ ထိုအသံများကိုပင် မကြားရတော့ပေ။

သူက အားမရှိစွာဖြင့် နေရာမှထရပ်ကာ နှုတ်ခမ်းကို ဖျစ်ညှစ်ပင့်တင်ပြီး ပြုံးလိုက်သည်။

‘ဒါပေမဲ့လည်း တခြားတစ်ဖက်ကနေ တွေးကြည့်ရင် တော်သေးတာပဲပေါ့။’

နာဗီရယ်က သရဖူကို လိုချင်ခဲ့ပြီး သရဖူက သူ့လက်ဝယ်တွင် ရှိနေသည်။

နောက်ပြီး နိုင်ငံရေးအရ လက်ထပ်တာပဲဖြစ်ဖြစ် ဘာဖြစ်သေးလဲ။

လောလောဆယ် နာဗီရယ်သာ အပါးမှာ ရှိရုံလေးရှိပေးမယ်ဆိုရင်။

ရင်းနှီးလာအောင် ကြိုးစားဖို့ အခွင့်အရေးနဲ့ အချိန်တွေက ရလာဦးမှာပဲကို။

‘ဒါပေမဲ့ တကယ်ပဲ ဘာကိစ္စများရှိနေလို့...’

~~~~

နန်းတော်သို့ ပြန်လာသည့် ရက်ပိုင်းအတွင်း။

ကျွန်မ ဟိုင်န်ရီနှင့် အပေးအယူလုပ်ခဲ့သည့်ကိစ္စကို ပြန်တွေးနေမိသည်။

သူက ကျွန်မကို မိဖုရားအရိုက်အရာပေးပြီး ကျွန်မက သူ့အတွက် အတွေ့အကြုံရှိသော မိဖုရားတစ်ပါး၏ အခန်းကဏ္ဍကို ဆောင်ရွက်ပေးရန်။

သို့သော် ပြန်လာသည့် မြင်းရထားထဲတွင် အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်တော့ သူ့ကို အားနာမိလာ၏။

အခြေအနေအရ လက်ခံလိုက်သော်လည်း ယခုလောက်ဆိုလျှင် သူလည်း အသိစိတ်ပြန်ဝင်ပြီး သိသွားလောက်လေမလား။

မည်မျှပင် ဝမ်းသာနေပါစေ၊ ဤအပေးအယူက သူ့အတွက် နစ်နာမည်ဟူသောအချက်။

လူရှုပ်လူပွေဟု ကောလာဟလရှိသည့် သူက ကျွန်မနှင့် ပြန်လည်ထိမ်းမြားမည်ဆိုလျှင် ကျွန်မတို့ကြားမှ အရှုပ်တော်ပုံသတင်းက တိုင်းပြည်အတော်များများသို့ ပျံ့နှံ့သွားမည်မှာ သေချာပေသည်။

ယခင်က ပေါ့ပြက်ပြက် ပုံရိပ်ကိုဖျောက်ပြီး ခန့်ညားထည်ဝါသည့်ပုံစံနှင့် အရှိန်အဝါကို တည်ဆောက်ရမည့် တိုင်းပြည်ဦးသျှောင်အတွက် ဤသည်က မကောင်းသည့်ကိစ္စသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် တိုင်းတစ်ပါးသားနှင့် လက်ထပ်ထိမ်းမြားခြင်းကို ပုံမှန်အားဖြင့် ထိုတိုင်းပြည်နှင့် ဆက်ဆံရေးကောင်းမွန်စေရေးအတွက် လုပ်ဆောင်လေ့ရှိကြပေသည်။

ဆိုဗီရ်ရှုနှင့် ကွာရှင်းပြီး သွားမည့် ကျွန်မထံမှ ထိုအခန်းကဏ္ဍကို မျှော်လင့်၍ရမည်မဟုတ်ပေ။

တစ်ဖန် အရှေ့အင်ပါယာ၏ ဧကရီမျိုးရိုးအဖြစ် နာမည်ကျော်သည့် ကျွန်မတို့ အိမ်တော်က အနောက်ဘုရင့်တိုင်းပြည်၏ တော်ဝင်မိသားစုဝင်ဖြစ်သည့် ဟိုင်န်ရီအတွက် ပြည်တွင်း တိုင်းရေးပြည်ရာများတွင် အကူအညီဖြစ်လာမည်လည်းမဟုတ်ပေ…

‘အဲ့ဒါတောင်မှ သူက စိတ်မပြောင်းဘူးဆိုရင်တော့ ငါ့ဘက်က အစွမ်းကုန် ကြိုးစားပေးရုံအပြင် မရှိဘူးပေါ့။’

တော်သေး၍ ကျွန်မတွင်လည်း ဟိုင်န်ရီအတွက် အထောက်အကူဖြစ်မည့် အချက်အချို့ ရှိနေသည်။

ကျွန်မက ဟိုင်န်ရီနှင့် ဆန့်ကျင်ဘက် အကဲဖြတ်ခံရသူပင်။

အေးစက်သည့် သံမဏိလိုပဲဟု အကဲဖြတ်ခံရသည့် ကျွန်မ၏ပုံရိပ်က သူ၏ ပေါ့ပြက်ပြက်ပုံရိပ်ကို ပြန်လည်ဟန်ချက်ညီစေနိုင်လိမ့်မည်။

ဧကရီတစ်ပါးအနေနှင့် အတွေ့အကြုံများကို အသုံးချပြီး သူ၏ တိုင်းပြည်ရေးရာများတွင် ချက်ချင်း အင်အားဖြည့်ပေးနိုင်သလို…

‘လွီပ်(ထ်)။’

ဟုတ်သားပဲ။

ခါ့ဖ်မန်း မင်းသားကြီးက နိုင်ငံတကာ ကုန်သွယ်ဖက်ကို ဆက်ရှာနေမယ်လို့ ပြောခဲ့တယ်မဟုတ်လား။

အနောက်ဘုရင့်တိုင်းပြည်နဲ့ လွီပ်(ထ်)ကြားမှာ သံတမန်ဆက်သွယ်ရေးကို ငါက ကြားဝင်ဆောင်ရွက်ပေးနိုင်လောက်မလားမသိဘူး….

အနောက်ဘုရင့်တိုင်းပြည်သို့ ရောက်ပြီးနောက် လုပ်ရမည့်ကိစ္စများကို စိတ်ထဲမှ စဉ်းစားနေမိရင်း ကျွန်မ ခေါင်းခါကာ သက်ပြင်းကို ပြင်းပြင်းရှူလိုက်သည်။

ဟိုင်န်ရီက အခြေအနေအရ ပြောခဲ့ခြင်းလား၊ တကယ် စိတ်ရင်းနှင့် ပြောခဲ့ခြင်းလားဆိုသည်ကို မသေချာသေးဘဲနှင့်။

တစ်ယောက်တည်း အင်မတန် ရှေ့ရောက်နေမိပြီ။

အချိန်ကိုက်ပင် မြင်းရထားက ဖြည်းဖြည်းချင်း ရပ်သွားသဖြင့် ကျွန်မ လက်ကိုင်မှန်ကို ထုတ်ယူကာ မျက်နှာထားကို အမြန်ပြန်ပြင်လိုက်သည်။

သို့သော် မြင်းရထား လုံးဝ ရပ်သွားပြီးသည့်နောက်တွင်မူ။

‘ဒါပေမဲ့လည်း ဟိုင်န်ရီက ငါနဲ့ လက်ထပ်ပြီးမှ တခြားမ်ိန်းမကို ချစ်သွားမယ်ဆိုရင်တောင် ဆိုဗီရ်ရှုတုန်းကလောက်တော့ ပင်ပန်းရလောက်မှာမဟုတ်ဘူး။’

မသိစိတ်မှ ထွက်ပေါ်လာသည့် အတွေးက ကျွန်မ၏ခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်သွားသဖြင့် မျက်နှာထား ပျက်ယွင်းသွားခဲ့ရသည်။

ကျွန်မ ယိုင်သွားသဖြင့် မြင်းရထားပေါ်မှဆင်းရန် ကူညီပေးနေသည့် ကိုယ်ရံတော်လည်း လန့်သွားကာ လက်ကို လှမ်းပေးလာ၏။

“ဧကရီ အရှင်မ။ အဆင်ပြေရဲ့ပါလား။”

ကျွန်မ ကိုယ်ရံတော်၏လက်ကိုကိုင်ကာ ဟန်ချက်ပြန်ထိန်းလိုက်ပြီးနောက် ပြုံးလျက် အဆင်ပြေကြောင်း ပြောလိုက်သည်။

သို့သော် နောက်ကျမှ သိလိုက်ရသည့် အသိကြောင့် ရင်ထဲ၌မူ ရှုပ်ထွေးကာ မူးနောက်နေ၏။

မြင်းရထားတံခါး အနောက်ဘက်တွင် ဖြည်းဖြည်းချင်း ပိတ်သွားသည့်အသံ ထွက်လာပြီး ကျွန်မ ကိုယ်ရံတော်၏ စောင့်ကြပ်ပို့ဆောင်မှုကို ခံယူကာ လျှောက်သွားစဉ် ဟိုမှသည်မှ ဂါရဝပြုသံများ စတင်ထွက်ပေါ်လာသည်။

ငေးငိုင်နေသည့်စိတ်နှင့် စင်္ကြံလမ်းအတိုင်း လျှောက်သွားရင်း ကျွန်မ ထိုအသိကို တဖြည်းဖြည်း လက်ခံလာမိ၏။

ငါ... ဆိုဗီရ်ရှုကို အများကြီး သဘောကျမိခဲ့တာကိုး။

ဤသည်က ယောက်ျားနှင့် မိန်းမကြားမှ အချစ်လား၊ သို့မဟုတ် အကြာကြီး ဇနီးမောင်နှံအဖြစ် နေထိုင်လာခဲ့ရာမှ ဖြစ်ပေါ်လာသည့် သံယောဇဉ်လား၊ ကျွန်မ အမြဲတွေးနေခဲ့တဲ့ သူငယ်ချင်း သံယောဇဉ်လားဆိုသည်ကို ခွဲခြား၍မရသေးပေ။

သို့သော် မည်သို့သော ပုံစံပင်ဖြစ်ပါစေ ကျွန်မက ဆိုဗီရ်ရှုကို အင်မတန် အများကြီး သဘောကျမိခဲ့၏။

ကျွန်မ ထင်ထားသည်ထက်ပို၍။

“...”

သို့သော် ဤအချက်ကို လက်ခံလိုက်သည်ဆိုတိုင်း ပြောင်းလဲသွားစရာမရှိချေ။

သူ့ကို သဘောကျသည်၊ ဟင့်အင်း၊ သဘောကျခဲ့သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းနှင့် ကျွန်မ၏ဘဝကို စွန့်လွှတ်ပြီး သူ့အပါးတွင် ကျန်ရှိနေရန် စိတ်ကူးမရှိပေ။

~~~~

“ဧကရီ အရှင်မ။ အရှင်ဧကရာဇ်က ဆာ ခိုရှာရ်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါပြီ။”

သို့သော် ချစ်ခြင်းမေတ္တာကို သိရှိသွားပြီးသည့်နောက်တွင်မူ ပြန်လည်ရရှိလာသည့် ဒဏ်ရာက ခံစားချက်အရ ပို၍ကြီးမားခဲ့သည်။

‘ဆိုဗီရ်ရှုကို ဖက်တွယ်မနေတော့ဘူး။ ငါလည်း ငါ့ဘဝကို ကာကွယ်နိုင်မဲ့ လမ်းစဉ်ကို ရှာရမှာပဲ’ ဟု တွေးနေမိသော်လည်း ဆိုဗီရ်ရှုက ကျွန်မ မရှိခိုက်တွင် အစ်ကို့ကို ပြည်နှင်ဒဏ်ပေးလိုက်သည်ဟူသော သတင်းက ခါးသီးကာ နာကျင်ရ၏။

သူ့မှာ တကယ်ပဲ ငါ့အပေါ် သံယောဇဉ် တစ်စက်ကလေးတောင် မကျန်တော့ဘူးလား။

“ဘယ်ကိုသွားလိုက်လဲဆိုတာ ကြားမိသေးလား။”

“မသိပါဘူး။ ကိစ္စက အရမ်းကို ရုတ်တရက်ကြီး ဖြစ်သွားတော့...”

နယ်စားကတော်ကြီး အယ်လီဇာက ကျွန်မကို အကျိုးအကြောင်းပြောပြနေရင်း တစ်ချိန်လုံး ငိုတော့မလို ညှိုးညှိုးငယ်ငယ်မျက်နှာဖြင့် ရှိနေခဲ့သည်။

လော်ရာကမူ စိတ်တိုတိုဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။

ကျွန်မ စိတ်ပျက်လက်ပျက် ခံစားချက်တစ်ဝက်ဖြင့် လက်တင်ကုလားထိုင်ပေါ်တွင် ကိုယ်ကို မြှုပ်ထားလိုက်မိသည်။

“ပြည်နှင်ဒဏ်ပေးမယ်မှန်း သိထားပေမဲ့။ အခုလောက် မြန်မြန်ကြီး...”

“ဧကရီ အရှင်မ ခရီးသွားနေတဲ့အချိန်ကို တမင်စောင့်နေခဲ့တဲ့ပုံပါပဲ။”

တစ်ဖန်ပြန်၍ ဆိုဗီရ်ရှု ယခင်က ပြောခဲ့သည့်စကား၊ တစ်ချိန်ကျလျှင် အစ်ကို၏ ပြည်နှင်ဒဏ်အမိန့်ကို ပြန်ရုပ်သိမ်းပေးမည်ဟူသော စကားက အဓိပ္ပာယ်မရှိလွန်းသလိုပင်။

သူက ကျွန်မ သူ့စကားကို တကယ် ယုံကြည်လိမ့်မည်ဟု ထင်ခဲ့လေသလား။

ဆောက်တည်ရာမရသည့် စိတ်ဖြင့် မျက်လုံးမှိတ်ထားစဉ် နယ်စားကတော်ကြီး အယ်လီဇာက အသာအယာ မေးလာသည်။

“လူလွှတ်ပြီး ဆာ ခိုရှာရ်ဆီ ငွေနဲ့ စာ ပို့ပေးလိုက်ရမလားရှင့်။”

“အဲ့ဒီလိုပဲ လုပ်ရမှာပေါ့။”

ကျွန်မ ထိုင်ခုံမှထကာ စာရေးစားပွဲဆီ သွားလိုက်သည်။

သို့သော် ထိုင်ခုံကိုဆွဲကာ ထိုင်လိုက်ပြီးသည့်နောက် စားပွဲအံဆွဲကိုဖွင့်မည့် အခိုက်အတန့်တွင်။

ကျွန်မ လှုပ်ရှားမှုများ ရပ်တန့်သွားရတော့သည်။

အံဆွဲတံခါးကြားမှ အရောင်နုနု မျက်နှာချေမှုန့်လေးများ စီးကျလာ၏။

လက်ညှိုးဖြင့် တို့ကြည့်လိုက်တော့ သေသေချာချာ အမှုန့်များ ပေကျံကာပါလာခဲ့သည်။

“...”

ဤအမှုန့်က ငွေရောင်ဖြစ်ပြီး သေချာကြည့်မှသာ အနည်းငယ် တလက်လက်တောက်နေရုံရှိကာ အမှတ်တမဲ့ဆိုလျှင် လိမ်းထားမှန်း မသိနိုင်လောက်အောင် အရောင်နုလှ၏။

ဝီလ်ဝေါလ်သို့ မထွက်ခွာမီ။

စိုးရိမ်စိတ်ဖြင့် ကျွန်မ အံဆွဲတွင် သုတ်ထားခဲ့ခြင်းဖြစ်သည်။

တစ်စုံတစ်ယောက် ကျွန်မအခန်းအံဆွဲကို ခိုးဖွင့်လျှင် သိနိုင်စေရန်ပင်။

“ဧကရီ အရှင်မ။ ဘာဖြစ်လို့ပါလဲ။”

ကျွန်မ ငြိမ်သက်သွားကာ လက်ညှိုးကိုသာ စိုက်ကြည့်နေသဖြင့် နယ်စားကတော်ကြီး အယ်လီဇာက အမြန်ပင် အနားတိုးကာ မေးလာသည်။

ကျွန်မ အမြန်ပင် အမှုန့်များကို ခါထုတ်ပြီး ပြန်မေးလိုက်၏။

“ဧကန္တ ကျွန်မ မရှိတဲ့ကြားထဲမှာ ကျွန်မအခန်းထဲကို လာသွားတဲ့သူ ရှိလား။”

“ရံရွေတော်တွေက ခွင့်ရလို့ အိမ်ပြန်သွားကြတာပါ။”

စင်္ကြံသို့ထွက်ပြီး အခန်းကိုစောင့်ကြပ်နေသည့် ကိုယ်ရံတော်များကို ထိုမေးခွန်းပင် မေးလိုက်ရာ သူတို့ကလည်း အလားတူပင် ဖြေကြားလာကြသည်။

“သန့်ရှင်းရေးလုပ်ဖို့ အမြဲလာနေကျ အစေခံတွေပဲ လာသွားတာပါ၊ ဧကရီ အရှင်မ။”

‘အမြဲတမ်း ငါ့အခန်းကို ဝင်ထွက်နေတဲ့သူတွေရဲ့ လက်ချက်တော့ မဟုတ်လောက်ဘူးထင်တယ်...’

“ဘာဖြစ်လို့ပါလဲ၊ ဧကရီ အရှင်မ။”

မေးခွန်းက ထူးဆန်းနေ၍လားမသိ ကိုယ်ရံတော်ကလည်း ကျွန်မကို ပြန်မေးလာသည်။

“တစ်ယောက်ယောက် အခန်းကို မွှေနှောက်သွားတဲ့အထောက်အထား တွေ့လို့။”

ယခုတစ်ကြိမ်တွင်မူ အဖြေပေးလိုက်တော့ လိုက်ပါလာသည့် ရံရွေတော်များရော၊ တံခါးရှေ့မှ အစောင့်များပါ အံ့ဩသွားကြကာ အချင်းချင်း ကြည့်လိုက်ကြသည်။

ထိုစဉ် ကိုယ်ရံတော်တစ်ဦးက “အာ” ဟု တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရေရွတ်ခဲ့၏။

“အဲ့ဒီလိုဆိုမှ၊ ဧကရီ အရှင်မ။ ပြီးခဲ့တဲ့ ရက်ပိုင်းက အထွေထွေ လူစုဆောင်းတဲ့ အမိန့်ထွက်လာလို့ ခဏလောက် နေရာကနေ ဖယ်ပေးလိုက်ရတာတော့ရှိပါတယ်။”

“အထွေထွေ လူစုဆောင်းတဲ့အမိန့်။”

“ဟုတ်ကဲ့။ နန်းဆောင် အသီးသီးက အစောင့်တွေကို တစ်လှည့်စီ ခေါ်ယူခဲ့တာပါ။”

အဲ့ဒီကြားထဲမှာ ကျူးကျော်သူက ငါ့အခန်းထဲ လာသွားတာလား။

“တကယ်ပဲ လူစုမိန့်ပေးတဲ့သူက ဘယ်သူလဲ။”

“စစ်သည်တော်တပ်မှူးပါ။”

‘ဆိုဗီရ်ရှု…”

မနှစ်မြို့ဖွယ် အတွေးတစ်ခု ဝင်လာသည်။

ကျွန်မ အမြန်ပင် အခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် ဟိုင်န်ရီထံမှ ရထားသောစာများ ဝှက်ထားရာနေရာကို စစ်ဆေးလိုက်၏။

စိုးရိမ်စိတ်ဖြင့် သူနှင့် အပြန်အလှန် ပေးစာများကို ဝှက်ပြီး သိမ်းထားခြင်းဖြစ်သော်လည်း စစ်သည်တော်တပ်မှူးက ဤကိစ္စတွင် ပါဝင်နေသည်ဆိုလျှင် သူ စာများကို ယူသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

ဒီအတိုင်းလည်း ကွာရှင်းနိုင်သည့်တိုင် ဆိုဗီရ်ရှုက ယခုမှစ၍ ကျွန်မနှင့် ကွာရှင်းရန်အတွက် အမှားမျိုးစုံကို လိုက်ဖမ်းနေပြီဖြစ်သောကြောင့်ပင်။

‘မရှိတော့ဘူး။’

နိမိတ်မကောင်းသည့် ခန့်မှန်းမှုက မှန်ကန်သွားခဲ့သည်။

ဟိုင်န်ရီ ကျွန်မဆီပို့ခဲ့သည့် စာအားလုံး ပျောက်ဆုံးသွားချေပြီ။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment