အပိုင်း ၆၈ (ကျေးဇူးတရား)
“ဖြည်းဖြည်းချင်း ပြောပြပါဦး၊ မြို့စားကတော်။”
ကျွန်မ ချော့မော့သောလေသံဖြင့် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ပေးလိုက်သည်။
မြို့စားကတော်က မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ကျွန်မကို ကြည့်လာ၏။
ကြံ့ကြံ့ခံသည့် ကြယ်တာရာကဲ့သို့ တောက်ပခဲ့သော သူ၏မျက်လုံးများတွင် နာကျင်မှုတို့ စွန်းထင်နေလေသည်။
“ဗိုင်းကောင့်က တရားရင်ဆိုင်ခွင့် မရတော့ပါဘူးတဲ့၊ ဧကရီအရှင်မ။”
“တရားရင်ဆိုင်ခွင့် မရဘူးဆိုတာက ဘာစကားလဲ။”
“တရားသူကြီးချုပ်ဆီကို ဗိုင်းကောင့်နဲ့ပတ်သက်တဲ့ အမှုတွဲ ရောက်မလာဘူးလို့ သိရပါတယ်။”
တရားသူကြီးချုပ်မှာ တူအာနီယာ မြို့စားကတော်ကို နှစ်သက်မြတ်နိုးသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။
သူက မြို့စားကတော်အား လျှို့ဝှက်အသိပေးခဲ့ခြင်းဆိုလျှင် အမှန်ဖြစ်နိုင်ခြေ အလွန်များ၏။
“ဘာဖြစ်လို့လဲ။ ဧကန္တ။ လေဒီ ရက်ရှ်တာက ကိုယ်ဝန်ရှိနေလို့လား။”
မြို့စားကတော်က နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေါင်းညိတ်ပြလာသည်။
“ဟုတ်ပါတယ်။ အရှင်ဧကရာဇ်က ဗိုင်းကောင့် လန်ဒရယ်ကို အဲ့ဒီမိန်းမကို သတ်ဖို့ကြံစည်မှုနဲ့ အပြစ်မပေးဘဲ တော်ဝင်သွေးသား ကလေးကို သတ်ဖို့ကြိုးပမ်းမှုအနေနဲ့ ကိုင်တွယ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။”
ထိုသို့ဆိုလျှင် ဗိုင်းကောင့်ကို ကျိန်းသေပေါက် ကွပ်မျက်နိုင်မည်ဖြစ်၍ ထိုနည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဆိုဗီရ်ရှုက ဗိုင်းကောင့် လန်ဒရယ်ကို ရရာနည်းဖြင့် သေဒဏ်ပေးရန် ဆုံးဖြတ်ထားပုံရ၏။
အကယ်၍ အမှုက တရားသူကြီးချုပ်ထံ ရောက်သွားလျှင် လူသိရှင်ကြား တရားခွင်တွင် ဗိုင်းကောင့် လန်ဒရယ် ပြောလာမည့် စကားများကိုလည်း စိုးရိမ်နေပုံပင်။
စကပ်ကို ဆုပ်ကိုင်ထားသော မြို့စားကတော်၏ လက်ဖမိုးပေါ်တွင် အကြောစိမ်းများ ထောင်ထနေသည်။
“သူက 'အဲ့ဒီမိန်းမ' ကို ဓားနဲ့ထိုးပြီး အဖမ်းခံရတဲ့အချိန်မှာ ထူးဆန်းတဲ့ စကားတွေ ပြောသွားခဲ့တယ်လို့ ကြားပါတယ်၊ ဧကရီအရှင်မ။”
“ဟုတ်ပါတယ်။”
“ဗိုင်းကောင့် လန်ဒရယ်က……”
မြို့စားကတော်က အသက်ကို ခက်ခဲစွာ ရှူသွင်းရင်း အားကိုးတကြီး မျက်ဝန်းများဖြင့် ကျွန်မကို မော့ကြည့်လာသည်။
“ဗိုင်းကောင့် လန်ဒရယ်က ရိုးသားဖြောင့်မတ်တဲ့ လူငယ်တစ်ယောက်ပါ။ ဘာအကြောင်းရင်းမှမရှိဘဲ အခုလို စိတ်လိုက်မာန်ပါလုပ်မဲ့လူမျိုး မဟုတ်ပါဘူး။”
“……”
“သိပါတယ်။ စိတ်လိုက်မာန်ပါ ဖြစ်ခဲ့ရင်တောင် လူတစ်ယောက်ကို ဓားနဲ့ထိုးလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ဒါပေမဲ့ အနည်းဆုံး တရားရင်ဆိုင်ခွင့်တော့ ပေးသင့်ပါတယ်။ ဒါမှ သူ ဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရလဲဆိုတာ ရှင်းပြခွင့်ရမယ်၊ ဆင်ခြေပေးခွင့်ရမယ်၊ ပြီးတော့ အပြစ်ဒဏ် လျှော့ပေါ့ခွင့်လည်း ရနိုင်ဦးမှာမဟုတ်လား……”
နောက်ဆုံးတွင် မြို့စားကတော်လည်း မျက်ရည်များ ကျလာတော့သည်။
မိမိ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့သည့် လူငယ်တစ်ဦး သေဘေးနှင့် ရင်ဆိုင်နေရခြင်းအပေါ် သူ အလွန်အမင်း နာကျင်ခံစားနေရပုံပင်။
တူအာနီယာ မြို့စား၏ အစ်ကိုဖြစ်သူက မြို့စားကတော်ကို တစ်ဖက်သတ်ချစ်ခဲ့ပြီး အဆုံးစီရင်သွားခဲ့သည်ဟု ကြားဖူးသည်။
အမြဲတမ်း ယုံကြည်မှုအပြည့်နှင့် နေတတ်သဖြင့် သတိမထားမိခဲ့သော်လည်း ထိုဖြစ်ရပ်က မြို့စားကတော်အတွက် စိတ်ဒဏ်ရာတစ်ခုဖြစ်ခဲ့ခြင်း ဖြစ်နိုင်၏။
“မဟုတ်တောင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုင်းကောင့်နဲ့ တစ်ခါလောက် စကားပြောကြည့်ဖို့ စဉ်းစားထားပြီးသားပါ။”
မြို့စားကတော် အနည်းငယ် စိတ်တည်ငြိမ်လာသည်အထိ စောင့်ဆိုင်းပေးပြီးနောက် ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။
မြို့စားကတော်က မျက်လုံးအဝိုင်းသားဖြင့် ကျွန်မကို ကြည့်လာ၏။
“တကယ်လားရှင့်။”
ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မမှာလည်း သံသယဖြစ်စရာတစ်ခု ရှိနေလို့လေ။”
“သံသယဖြစ်စရာဆိုတာက……”
“မြို့စားကတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခဲ့တာက လေဒီ ရက်ရှ်တာများလားဆိုပြီး သံသယဝင်နေတာပါ။”
“ဒါဆို သတင်းတွေက အမှန်ပဲလားရှင့်။”
“အသေးစိတ်ကိုတော့ ဗိုင်းကောင့်နဲ့ တွေ့တဲ့အခါ မေးကြည့်ရမှာပေါ့။”
မြို့စားကတော်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တုန်ရီနေခဲ့သည်။
“လောလောဆယ်တော့ အရှင်ဧကရာဇ် ကိုယ်တိုင် စစ်ဆေးမေးမြန်းနေတာမို့လို့ ကျွန်မ သွားလို့မရသေးဘူး။ ဒါပေမဲ့ တရားရုံးပို့ဖို့ စိတ်ကူးမထားဘူးဆိုရင် စစ်ဆေးတာကလည်း မြန်မြန်ပဲ ပြီးသွားမှာပါ။ အဲ့ဒီအချိန်ကျရင် ကျွန်မ သွားတွေ့မှာမို့လို့ စိတ်မပူပါနဲ့။”
“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်၊ ဧကရီအရှင်မ။”
မြို့စားကတော်က အသက်ကို တစ်ချက် မှန်မှန်ပြန်ရှူလိုက်သည်။
ကျွန်မ လက်ကိုင်ပဝါကို ထုတ်ပေးခဲ့သော်လည်း သူက ထိုပဝါကို ဆုပ်ကိုင်ထားရုံသာရှိခဲ့ကာ မျက်ရည်များကို သုတ်ခြင်းမပြုခဲ့ပေ။ ထိုအတိုင်း အတော်ကြာအောင် ရှိနေပြီးမှ သူက လက်ကိုင်ပုဝါကို ခေါက်လိုက်ပြီး “ကျွန်မ ယူထားလို့ ရမလား” ဟု မေးလာသည်။
ဘာလို့ လက်ကိုင်ပဝါကို တကူးတကလဲ။
“ရပါတယ်။”
ထူးဆန်းနေသော်လည်း ခွင့်ပြုလိုက်သည်။
မြို့စားကတော်က လက်ကိုင်ပုဝါကို သူ၏ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချခဲ့၏။
ကျွန်မ၏ လက်ကိုင်ပဝါကို တကူးတက ယူဆောင်သွားရခြင်း၏ အဓိပ္ပာယ်ကို သူ ဆက်ပြောလာသည့် စကားတွင် သိလိုက်ရတော့သည်။
“ဗိုင်းကောင့် လန်ဒရယ်နဲ့ ပတ်သက်တဲ့ကိစ္စက အဆင်ပြေပြေ ပြီးဆုံးသွားသည်ဖြစ်စေ၊ မပြီးဆုံးသည်ဖြစ်စေ…… ကျွန်မ တစ်နေ့နေ့မှာ ဧကရီအရှင်မရဲ့ ဒီကျေးဇူးကို ဆက်ဆက် ပြန်ဆပ်ပါ့မယ်။”
“ကျေးဇူးတရားတဲ့လား။ အဲ့ဒီလို မပြောပါနဲ့။ ကျေးဇူးတင်ရလောက်စရာ ကိစ္စကြီးကြီးမားမားလည်း မဟုတ်ပါဘူး။”
“အခက်ခဲဆုံးအချိန်မှာ လက်ကမ်းပေးခဲ့တာ။ ဒါက ကျေးဇူးတရားပါပဲ။”
မြို့စားကတော်က ကျွန်မကို ခေတ္တ ငေးကြည့်နေပြီးမှ မေးလာသည်။
“တစ်ခါလောက် ပွေ့ဖက်လို့ ရမလားရှင့်။”
ကျွန်မ ခေါင်းညိတ်ပြလိုက်တော့ သူက ကိုယ်ကိုကိုင်းညွှတ်ပြီး ကျွန်မကို ဂရုတစိုက် ပွေ့ဖက်လာသည်။
ထို့နောက် ကျွန်မ၏ ကျောပြင်ကို အသာအယာ ပွတ်ပေးပြီးမှ ဖြည်းဖြည်းချင်း ခွာသွား၏။
တစ်စုံတစ်ယောက်ကို နှစ်သိမ့်ပေးနေသလိုပင်။
အံ့အားသင့်ကာ တောင့်တောင့်ကြီး ဖြစ်နေမိစဉ် သူက ခပ်ရေးရေးပြုံးပြီးနောက် ထရပ်ခဲ့သည်။
ဘာကြောင့် ထိုသို့ပြုမူရသလဲဟူသော အကြောင်းရင်းကို ရှင်းပြခြင်းမရှိဘဲ မြို့စားကတော်က တင့်တယ်စွာဖြင့် ဂါရဝပြုနှုတ်ဆက်ပြီး အပြင်သို့ ထွက်ခွာသွားတော့၏။
~~~~
နောက်တစ်နေ့တွင်။
ဗိုင်းကောင့် လန်ဒရယ်၏ စစ်ဆေးမေးမြန်းမှု ပြီးဆုံးပါက ကျွန်မထံ အကြောင်းကြားပေးရန် ကိုယ်ရေးအရာရှိတစ်ဦးကို တကူးတက စေလွှတ်ထားခဲ့သည်။
ထင်ထားသည်ထက် စောစီးစွာ မနက် ၁၁ နာရီဝန်းကျင်တွင်။
ထိုကိုယ်ရေးအရာရှိက ကျွန်မထံ အပြေးအလွှား ရောက်ရှိလာသည်။
“ဗိုင်းကောင့် လန်ဒရယ်ကို စုံစမ်းစစ်ဆေးတာ ပြီးသွားပါပြီ။ အရှင်ဧကရာဇ်ကလည်း ဆုံးဖြတ်ချက် ချလိုက်ပါပြီ၊ ဧကရီအရှင်မ။”
“ဘယ်လိုဖြစ်သွားလဲ။”
“သေဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။”
‘ထင်တဲ့အတိုင်း အဲ့ဒီလို ဖြစ်လာတာကိုး……’
“အသိပေးတဲ့အတွက် ကျေးဇူးပဲ။”
ကျွန်မလည်း ချက်ချင်းပင် အလုပ်ခန်းထဲမှ ထွက်လာခဲ့ပြီး ဗိုင်းကောင့် လန်ဒရယ် အချုပ်ခံထားရသည့် အကျဉ်းထောင်ဆီသို့ ဦးတည်လိုက်သည်။
အကျဉ်းထောင်ရှေ့တွင် အစောင့်တပ်သားများ ရှိနေသော်လည်း ကျွန်မကိုမြင်တော့ အံ့အားသင့်သွားကြရုံသာရှိကာ အတွင်းသို့ ဝင်ခြင်းကိုမူ မတားဆီးခဲ့ကြပေ။
ဆိုဗီရ်ရှုက ကျွန်မကို ဝင်ခွင့်မပေးရန် အမိန့်ထုတ်မထားသည့်ပုံပင်။
မှူးမတ်အနွယ်တော်များနှင့် တော်ဝင်မိသားစုဝင်များကို ဖမ်းဆီးထိန်းသိမ်းရာ အကျဉ်းထောင်၏ ပထမထပ်တွင် အခန်း ၆ ခန်း ရှိသော်လည်း ၅ ခန်းက လွတ်နေသည်။
ကျွန်မ တစ်ဦးတည်းသော အကျဉ်းသားရှိရာ အခန်းရှေ့သို့ လျှောက်သွားလိုက်၏။
သံတိုင်များဖြင့် ကာရံထားသော်လည်း အထဲတွင်မူ သာမန်အရပ်သားတစ်ဦး၏ အခန်းကဲ့သို့ ပြင်ဆင်ထားသည်။
ပင်ပန်းနွမ်းနယ်နေသောပုံစံဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ဗိုင်းကောင့် လန်ဒရယ်က ခြေသံကြားသဖြင့် အားအင်မရှိစွာ လှည့်ကြည့်လာရာမှ ကျွန်မကို မြင်သောအခါ အလန့်တကြား ထရပ်ခဲ့၏။
ထရပ်ရန် ကြိုးစားလိုက်သော်လည်း ခြေထောက်ကို တစ်ခုခု လုပ်ထားသလားမသိ၊ ယိုင်နဲ့ကာ လဲကျသွားတော့သည်။
အမှောင်ထဲတွင် မျက်စိအသားကျသွားပြီးနောက် ကြည့်လိုက်တော့ နှုတ်ခမ်းများ ပေါက်ပြဲကာ သွေးများ စီးကျနေရုံတင်မကဘဲ မျက်လုံးထောင့်များပါ စုတ်ပြဲနေလေ၏။
“တောင်းပန်ပါတယ်၊ ဧကရီအရှင်မ။ ဂါရဝပြုရမှာကို ခြေထောက်က စကားမနားထောင်လို့ပါ။”
“ဂါရဝမပြုလည်း……ရတယ်။”
နှစ်သစ်ကူးပွဲတော်တုန်းက မြို့စားကတော်၏ ရွေးချယ်မှုကို ခံရပြီး ကလေးတစ်ယောက်လို ပျော်ရွှင်နေခဲ့သည့် သူ၏ပုံရိပ်ကို ပြန်မြင်ယောင်လာမိသည်။
မှောင်မည်းနေသော အကျဉ်းထောင်ထဲတွင် ဖူးရောင်စုတ်ပြဲနေသည့် ယခုပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
သို့သော် ဤအခြေအနေမှာပင် ဗိုင်းကောင့် လန်ဒရယ်က ပြုံးနေ၏။
‘ဘာလို့ ပြုံးနေရတာပါလိမ့်။’
သူမေးလာသော မေးခွန်းကိုကြားမှ ကျွန်မ၏ သံသယများ ပြေလည်သွားရသည်။
“လူတွေက အဲ့ဒီမိန်းမ မြို့စားကတော်အပေါ် လုပ်ခဲ့တဲ့အရာတွေကို သိသွားကြပြီလားခင်ဗျ။”
“...”
ဗိုင်းကောင့်က ပေါက်ပြဲနေသော နှုတ်ခမ်းများဖြင့် အားယူပြုံးကာ တိုးညင်းစွာ ရေရွတ်ခဲ့သည်။
“တမင်တကာ အော်ပြောခဲ့တာကို။ အကုန်လုံး သိသွားအောင်လို့ အားကုန်သုံးပြီး အော်ခဲ့တာကို။”
“……”
“စဉ်းစားကြည့်တော့ ကျွန်တော်လည်း တော်တော် ရူးမိုက်နုံအခဲ့တာပဲ။ အဲ့ဒီမိန်းမဆီကို အရင်သွားရမှာမဟုတ်ဘဲ ကိုယ် သိထားတဲ့ အချက်အလက်တွေကို အရင် ဖြန့်လိုက်ရမှာ။ အဆုံးအထိ ငြင်းနေတဲ့ သူ့ပုံစံကို မြင်တော့ စိတ်လွတ်သွားပြီး……”
ဒါကြောင့် မြို့စားမင်း အယ်ရ်ဂီ ဖမ်းခေါ်သွားတဲ့ချိန်မှာတောင် ရက်ရှ်တာကို အော်ဟစ်ခဲ့တာကိုး။
ဗိုင်းကောင့် လန်ဒရယ်က အားအင်မရှိစွာဖြင့် နံရံကို မှီချလိုက်သည်။
မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးနေသည့်ပုံ ပေါက်သော်လည်း သူက ပြုံးနေဆဲပင်။
ခေတ္တ စဉ်းစားပြီးနောက် အမှန်အတိုင်း ပြောပြလိုက်သည်။
“အဲ့ဒီကိစ္စက မြုပ်ကွယ်သွားပြီ။”
ဗိုင်းကောင့် လန်ဒရယ်က တုန်လှုပ်သွားကာ ကျွန်မကို ကြည့်လာသည်။
နဂိုကတည်းက ပြူးကျယ်နေသော သူ၏မျက်ဝန်းများက ပို၍ပင် ကျယ်လာ၏။
“မြုပ်ကွယ်သွားပြီ၊ ဟုတ်လား။ မြို့စားကတော်နဲ့ ပတ်သက်တဲ့ကိစ္စလေ၊ အဲ့ဒါကို မြုပ်ကွယ်သွားပြီတဲ့လားဗျ။”
“ရက်ရှ်တာ ကိုယ်ဝန်ရှိနေတဲ့ကိစ္စ လူသိရှင်ကြား ဖြစ်သွားတော့ အကုန် မြုပ်ကွယ်သွားတာ။”
“အဲ့ဒီလို……ဖြစ်စရာအကြောင်းမရှိပါဘူး။ ဟား။ ကိုယ်ဝန်။ ကိုယ်ဝန်တဲ့လား။ မဖြစ်နိုင်တာ၊ အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး။”
ဗိုင်းကောင့် လန်ဒရယ်က ဆံပင်ကို ဆွဲဖွခဲ့သည်။
ဘာကြောင့်များ ဆက်တိုက် ပြုံးနေရတာပါလိမ့်လို့ တွေးနေတာကို။
သူက အဖမ်းခံရပြီးပြီးချင်း အချုပ်ထဲ ရောက်လာသဖြင့် ရက်ရှ်တာ၏ ကိုယ်ဝန်သတင်းကို မကြားရသေးပုံပင်။
ဆိုဗီရ်ရှုကလည်း ထိုအကြောင်းကို ပြောပြထားပုံမရပေ။
“ဗိုင်းကောင့်။ ရှင်က တရားရင်ဆိုင်ခွင့်မရဘဲ ကွပ်မျက်ခံရတော့မှာ။”
ဤသည်ကိုလည်း မသိထားခဲ့၍လားမသိ၊ ဗိုင်းကောင့် လန်ဒရယ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်၏။
နာကျင်စွာ ညည်းတွားရင်း နားလည်ရခက်သော စကားများကို ရေရွတ်ကာ ကိုယ်ကို လူးလွန့်နေသည်။
ကျွန်မလည်း ကိုယ်ကိုကိုင်းညွှတ်ပြီး ဗိုင်းကောင့် လန်ဒရယ်နှင့် မျက်လုံးချင်းဆုံအောင် လုပ်လိုက်၏။
သို့သော် ဗိုင်းကောင့်ကမူ နာကျင်ခံစားနေရသဖြင့် ကျွန်မဘက်ကို လှည့်ပင်မကြည့်နိုင်ခဲ့ပေ။
“ဗိုင်းကောင့်။ ကျွန်မကို ကြည့်စမ်း။”
အသံမြှင့်ကာ ခေါ်လိုက်မှပင် ဗိုင်းကောင့်က ကျွန်မဘက်သို့ လှည့်ကြည့်လာသည်။
သို့သော် သူ၏ မျက်ဝန်းများက မှိန်ဖျော့နေ၏။
အသိစိတ် လွတ်နေသလိုပင်။
ကျွန်မလည်း သံတိုင်ကို လက်ချောင်းဖြင့် ဒေါင်ခနဲ အသံမြည်အောင် ခေါက်ပြီး သူ၏ အာရုံကို ဖမ်းယူလိုက်သည်။
“ဗိုင်းကောင့်။ ကျွန်မကို ကြည့်။”
ထိုအခါမှပင် ဗိုင်းကောင့်၏ မျက်လုံးထဲသို့ သတိနည်းနည်း ပြန်ဝင်လာတော့၏။
ကျွန်မလည်း သူ့ကို တည့်တည့်စိုက်ကြည့်ကာ ပြောပြလိုက်၏။
“ဗိုင်းကောင့်။ ရှင်သာ သေရမဲ့သူဆိုရင် ကျွန်မလည်း ဒီလိုစကားမျိုးတွေကို တကူးတက လာပြောနေမှာ မဟုတ်ဘူး။”
“...”
“ကျွန်မပြောတဲ့ အဓိပ္ပာယ်ကို နားလည်လား။”
“ကျွန်တော့်ကို ကယ်ပေးနိုင်မဲ့နည်းလမ်း ရှိနေတာလားခင်ဗျ။”
“ရှိတယ်။”
“ဘယ်လိုနည်းလမ်းပါလဲ……”
ဗိုင်းကောင့် လန်ဒရယ်က မေးခွန်းထုတ်ပြီးသည်နှင့် အဖြေကို မိမိဘာသာ ရှာတွေ့သွား၍လားမသိ၊ နာကျင်သော မျက်နှာထားမျိုး ဖြစ်သွားသည်။
“ဧကန္တ ဧကရီအရှင်မဆီမှာ သုံးကြိမ်တိုင်တိုင် သုံးပိုင်ခွင့်ရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော့်အတွက် သုံးပေးမလို့လားဗျ။”
“အဲ့ဒီသဘောမျိုးပဲ။”
“ဒါပေမဲ့ ဧကရီအရှင်မ…… အရှင်ဧကရာဇ်က ကျွန်တော့်ကို တော်ဝင်မိသားစုဝင်ကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ စွပ်စွဲနေတာမဟုတ်လား။ လွတ်ငြိမ်းချမ်းသာခွင့်ကို တော်ဝင်မိသားစုဝင်အပေါ် လုပ်ကြံမှုမှာ သုံးလို့မရပါဘူး။”
“အဲ့ဒါက ကျွန်မ စဉ်းစားရမဲ့အပိုင်းပါ။”
“....”
“ရှင် လုပ်ရမှာက ဖြစ်ကြောင်းကုန်စင်ကို တိတိကျကျ ပြောပြဖို့ပဲ။”
“……အရှင်ဧကရာဇ်ကို အကုန်ပြောပြပြီးသားဆိုပေမဲ့လည်း အချည်းနှီးပါပဲ။”
ဗိုင်းကောင့် လန်ဒရယ်က အားမရှိစွာ ပြုံးခဲ့သည်။
“ဘယ်လို သက်သေမျိုးပဲ ယူလာပေးပါစေ၊ အရှင်ဧကရာဇ်က ကျွန်တော့်ကို အပြစ်ပေးမှာပါ။ အရှင်ဧကရာဇ်အတွက် အဖိုးတန်တာက မြို့စားကတော် မဟုတ်ဘဲ ‘အဲ့ဒီမိန်းမ’ ဖြစ်နေတာမို့လို့။”
ကျွန်မ သံတိုင်ကို နောက်တစ်ကြိမ် ဒေါင်ခနဲ ခေါက်လိုက်သည်။
“အရင်ဆုံး ပြောပြပါ။”
“……”
“မြို့စားကတော်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို လိုက်ရင်း အရင်တုန်းက ပြဿနာဖြစ်ခဲ့တဲ့နေရာ၊ ဆိုလိုတာက ဆာ မာရီယန် သေဆုံးခဲ့တဲ့ ဘုရားကျောင်းနားက ရွာအထိ ကျွန်တော် ရောက်သွားခဲ့ပါတယ်။”
အဝေးကြီးအထိ သွားခဲ့တာပဲ။
အတော်လေး အလေးအနက်ထားပြီး စုံစမ်းခဲ့ပုံပင်။
“အဲ့ဒီမှာ လူတွေက မြို့စားကတော်နဲ့ ဆာ မာရီယန်အကြောင်းကို အရက်ဝိုင်းက မြည်းစရာလို ပြောနေကြတာပါ။ အဲ့ဒီလို ပြောနေတဲ့လူတွေကို လိုက်စုံစမ်းရင်းနဲ့ အဲ့ဒီစကားကို အစောဆုံး စပြောခဲ့တဲ့ လူတချို့ကို ကျွန်တော် ဖမ်းမိခဲ့ပါတယ်။”
ဗိုင်းကောင့် လန်ဒရယ်၏ မျက်နှာက ပျက်ယွင်းသွားသည်။
“အားလုံးက စကားတွေကို တစ်ပုံစံ၊ တစ်လေသံတည်းပဲ ပြောနေကြတာဗျ။ ဘယ်လိုအဝတ်အစား ဝတ်ထားပြီး ဘယ်လိုပုံစံရှိတဲ့ အမျိုးသမီးက ဘယ်သူ့ဆီကို ဘယ်အချိန်မှာ လာခဲ့တယ်ဆိုတာမျိုးတွေပေါ့။ ထူးဆန်းနေပါတယ်။ အမှန်တရားဖြစ်ရင်တောင် လူအများကြီးရဲ့ ပါးစပ်ကနေ တစ်ဆင့်စကားတစ်ဆင့်နား ဖြစ်သွားရင် နည်းနည်းစီ ပြောင်းလဲသွားတတ်တာပဲကို အားလုံးက တစ်ထေရာတည်း ပြောနေကြတာပါ။ ပြီးတော့ ဒါက တော်တော်လေး ကြာခဲ့ပြီးတဲ့ကိစ္စမဟုတ်ပါလား။”
“ဟုတ်တယ်လေ။”
“ဒါကြောင့် ကျွန်တော်က မေးခွန်းတွေထဲမှာ ထောင်ချောက်ဆင်လိုက်ပါတယ်။ ပြီးတော့ တစ်ယောက်ချင်းစီကို သီးခြားစီ မေးလိုက်တယ်ဗျ။ ထင်တဲ့အတိုင်းပဲ၊ သတ်မှတ်ထားတဲ့ အဖြေကနေ လွဲသွားတာနဲ့ သူတို့ စကားတွေက မညီတော့ပါဘူး။”
ပိုက်ဆံပေးပြီး လူဝယ်ကာ သတင်း ပြန်ဖြန့်ခိုင်းခဲ့ခြင်းပင်။
“ဒါပေမဲ့ အဲ့ဒီလောက်နဲ့တော့ ဘယ်သူက ဒီလိုလုပ်ခဲ့သလဲဆိုတာကို မသိနိုင်ခဲ့ပါဘူး။ ကျွန်တော်လည်း အဲ့ဒီအချိန်တုန်းက ‘အဲ့ဒီမိန်းမ’ ကို တရားခံလို့ လုံးဝ မတွေးခဲ့မိဘူးပေါ့။”
အေးစက်တည်ငြိမ်နေခဲ့သော ဗိုင်းကောင့် လန်ဒရယ်၏ မျက်ဝန်းများက စူးရှစွာ တောက်ပလာသည်။
“ဒါကြောင့် လူမှုရေးလောကမှာ မကြာခဏ လှုပ်ရှားတတ်တဲ့ လူတွေရဲ့ ပုံတူပန်းချီကားတွေကို ရှာပြီးတော့ သူတို့ကို ဝယ်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ လက်ညှိုးထိုးခိုင်းခဲ့ပါတယ်။ တခြားလူကို အပြစ်လွှဲချမိမှာစိုးလို့ ဒီတစ်ခါလည်း တစ်ယောက်ချင်းစီကို သီးခြားစီ ရွေးခိုင်းခဲ့တာပါ။”
ထိုပုံများထဲတွင် ရက်ရှ်တာ ရှိမည်မဟုတ်ပေ။
ရက်ရှ်တာက နန်းတော်ထဲတွင်သာ တစ်ချိန်လုံး ရှိနေခဲ့သောကြောင့်ပင်။
“ဗိုင်းကောင့် လိုတဲရှု ဖြစ်နေခဲ့ပါတယ်။”
ဗိုင်းကောင့် လန်ဒရယ်က အမုန်းတရားကို မထိန်းချုပ်နိုင်သဖြင့် နာကျင်ခံစားနေရပုံပင်။
“ပြီးတော့ သူ့ကို ခိုင်းတဲ့သူက ‘အဲ့ဒီမိန်းမ’ ပဲပေါ့။”
“ဘာလို့ ရက်ရှ်တာလို့ ထင်ရတာလဲ။”
“ဗိုင်းကောင့် လိုတဲရှုက ‘အဲ့ဒီမိန်းမ’ နဲ့ မပတ်သက်ခင်အထိ လူမှုရေးလောကမှာ မျက်နှာပြခွင့်တောင်မရတဲ့ လူစားမျိုးပါ။ အဲ့ဒီလိုလူက အစပိုင်းမှာ ‘အဲ့ဒီမိန်းမ’ ကို အပုပ်ချပြီး လူသိများအောင် လုပ်တယ်၊ အဲ့ဒီနောက်ပိုင်းကျတော့ ‘အဲ့ဒီမိန်းမ’ ကို ချီးမွမ်းပြီး လျှောက်သွားနေတာမဟုတ်လား။ နွမ်းပါးတဲ့ နယ်မြေအရှင်သခင်က ရုတ်တရက်ကြီး ငွေသုံးတဲ့နေရာမှာလည်း လက်ဖွာလာတယ်လေ။”
“ဒီအကြောင်းတွေကို အရှင်ဧကရာဇ်ဆီ အကုန်ပြောပြခဲ့တာလား။”
“ဟုတ်ပါတယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။”
“ဒါနဲ့ ဒီကိစ္စကို တစ်ယောက်တည်း စုံစမ်းပြီး ပြီးသွားတာလား။ ဒါနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ဘာညာရော မရှိဘူးလား။”
“ရှိပါတယ်။”
“ဘယ်မှာလဲ။”
“ကျွန်တော့်စာကြည့်ခန်း စားပွဲရဲ့…… အံဆွဲထဲမှာ ရှိပါတယ်။”
ခေတ္တ စကားဖြတ်လိုက်ပြီးနောက် ကျွန်မ အပြင်သို့ ထွက်လာကာ ဆာ အာရ်တီနာကို ခေါ်ပြီး အကူအညီတောင်းလိုက်သည်။
“ဗိုင်းကောင့် လန်ဒရယ်ရဲ့ အိမ်တော်ကို သွားပြီး ဒီကိစ္စကို စုံစမ်းထားတဲ့ အစီရင်ခံစာကို သွားရှာပေးပါ။ ဗိုင်းကောင့်ရဲ့ စာကြည့်ခန်း အံဆွဲထဲမှာ ရှိတယ်တဲ့။ အတတ်နိုင်ဆုံး အမြန်ဆုံးနော်။”
ဆာ အာရ်တီနာ ထွက်သွားပြီးနောက် ကျွန်မလည်း ဗိုင်းကောင့် လန်ဒရယ်ရှိရာသို့ ပြန်လာခဲ့သည်။
သူက ကြောင်တောင်တောင် မျက်နှာထားနှင့်ရှိနေ၏။
“အစီရင်ခံစာကို ဘာလို့……”
“ရှင့်ကို ကယ်ထုတ်ဖို့အတွက် သုံးလို့ရမယ် ထင်လို့လေ။”
ဗိုင်းကောင့် လန်ဒရယ်က ကျွန်မစကားကို ကောင်းကောင်း နားလည်ပုံမရသော်လည်း မျက်ရည်များ ဝဲလာသည်။
“ကယ်ပေးဖို့ ကြိုးစားပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ။”
“တူအာနီယာ မြို့စားကတော်က တောင်းဆိုခဲ့လို့ပါ။ ရှင့်ကို ကယ်ပေးဖို့။”
ဗိုင်းကောင့်က ခေတ္တမျှ ငိုင်သွားပြီးမှ မျက်ရည်များ စီးကျလာတော့သည်။
“အဲ့ဒီပုဂ္ဂိုလ်၊ အဲ့ဒီပုဂ္ဂိုလ်ရော ဘယ်လိုနေလဲဗျ။”
“……”
“ကျွန်တော့်ကြောင့် အဲ့ဒီပုဂ္ဂိုလ် ပိုပြီး ပူဆွေးသောက မရောက်ရဘူးလားဗျာ။”
ဗိုင်းကောင့် လန်ဒရယ်က မြို့စားကတော်ကို အတော်လေး သဘောကျသည့်ပုံပင်။
အစောပိုင်းကထက် ပို၍ စိတ်ထိခိုက်နေသော မျက်နှာဖြင့် သူက ဒူးပေါ်ခေါင်းအပ်ကာ ရှိုက်ငိုနေရှာ၏။
မိမိကိုယ်တိုင် အသက်ဘေးနှင့် ကြုံနေရသည့်တိုင် မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးနိုင်သည့် အချစ်မျိုး…… ရက်ရှ်တာကို ဓားနှင့်ထိုးခဲ့သည့် သူ၏ လုပ်ရပ်က စစ်သည်တော်ကျင့်ဝတ်နှင့် သွေဖည်နေနိုင်သော်လည်း မြို့စားကတော်အပေါ် ထားရှိသည့် ဗိုင်းကောင့်၏ စိတ်ရင်းကမူ အလွန် လေးနက်ခိုင်မာသည့်ပုံပင်။
“ဆာ လန်ဒရယ်ကို လုံးလုံးလျားလျား အပြစ်မရှိသူအဖြစ် လုပ်ပေးလို့တော့ မရပေမဲ့။”
ဗိုင်းကောင့် လန်ဒရယ်က ဒူးပေါ်မှ ခေါင်းထောင်ကာ ကျွန်မကို ကြည့်လာသည်။
“ပြည်နှင်ဒဏ်အဖြစ်တော့ ပြောင်းလဲပေးနိုင်တယ်။”
“စကားနဲ့တင်...”
“ကျိန်းသေအတိအကျ။”
“....”
“ယူသွားချင်တဲ့ ပစ္စည်းရှိရင် ကြိုပြောထား။ ရှင့်အိမ်တော်ထိန်းကို အကြောင်းကြားပေးထားမယ်။”
~~~~
အခန်းထဲပြန်ရောက်တော့ ဗိုင်းကောင့် လန်ဒရယ် ပြောပြခဲ့သည့် ပစ္စည်းစာရင်းကို ချရေးလိုက်သည်။
ထို့နောက် တူအာနီယာ မြို့စားကတော်နှင့် ရင်းနှီးသော ရံရွေတော်တစ်ယောက်ကိုခေါ်ကာ ဗိုင်းကောင့် လန်ဒရယ်၏ အိမ်တော်မှ အိမ်တော်ထိန်းဆီ ဤအရာကို သွားပေးရန် ညွှန်ကြားလိုက်၏။
ရံရွေတော် ထွက်သွားပြီး မကြာခင်မှာပင် ဆာ အာရ်တီနာ ပြန်ရောက်လာသည်။
“စာရွက်စာတမ်းတွေယူပြီး ထွက်လာတုန်း နန်းတော်ကလွှတ်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ မြင်းစီးပြီး လာနေတာကို တွေ့ခဲ့ပါတယ်။”
“သူတို့နဲ့ တိုးခဲ့သေးလား။”
“တိုးနိုင်ခြေရှိတာမို့လို့ ရှောင်ထွက်ခဲ့လိုက်ပါတယ်။”
ဆိုဗီရ်ရှုက ဗိုင်းကောင့် လန်ဒရယ် စုံစမ်းထားသည်များကို အစအနဖျောက်ပစ်ရန်ကြိုးစားနေခြင်းပင်။
“ကောင်းပြီ။”
ကျွန်မ သူ့ဆီမှရသည့် အစီရင်ခံစာကို အလျင်အမြန် စစ်ဆေးလိုက်၏။
ဗိုင်းကောင့် လန်ဒရယ် ပြောပြခဲ့သော အကြောင်းအရာများနှင့် အတူတူပင်။
တစ်ချက်မှလွဲ၍။
‘ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာဆီကနေ အနီရောင်မီးလျှံကျောက်မျက် စီခြယ်ထားတဲ့ လက်စွပ်ကိုရပြီး လေလံပွဲမှာ ရောင်းလိုက်တယ်တဲ့လား။’
ဗိုင်းကောင့် လိုတဲရှုနှင့် ရက်ရှ်တာတို့ နီးစပ်သော ဆက်ဆံရေးရှိကြောင်း သက်သေအဖြစ် သူက ဤလက်စွပ်ကို သာဓကပေးထားခြင်းဖြစ်သော်လည်း…..
‘ဒါကို သူက ဘယ်လိုသိသွားတာလဲ။’
အနီရောင်မီးလျှံကျောက်မျက် စီခြယ်ထားသည့်လက်စွပ်။
ဤလက်စွပ်က ဆိုဗီရ်ရှုထံတွင် ရှိနေမှန်း သိရှိသူ သိပ်မရှိပေ။
ဧကရာဇ်ထံ ဆက်သထားသည့် ရတနာစာရင်းကို မည်သူက အလွတ်မှတ်ထားမည်နည်း။
ထိုမျှမကသေး ဆိုဗီရ်ရှုက ဤလက်စွပ်ကို ရက်ရှ်တာထံ ပေးလိုက်ကြောင်း သိထားသူဆိုလျှင် ပို၍ပင်နည်းဦးမည်။
ကျွန်မကိုယ်တိုင်ပင် ဆိုဗီရ်ရှုသာ 'ကန္တာရပန်း' အကြောင်း မပြောခဲ့လျှင် သိမည်မဟုတ်ပေ။
ဤသည်ကို ဗိုင်းကောင့် လန်ဒရယ်က မည်သို့ သိနေရသနည်း။
‘ဟင့်အင်း၊ အခု ဒါက အရေးကြီးတာမဟုတ်ဘူး။'
ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းရမည်။
ကျွန်မ အစီရင်ခံစာကို စားပွဲ၏ လျှို့ဝှက်အံဆွဲထဲတွင် ဝှက်ထားလိုက်ပြီး ထိုအတိုင်း ပင်မနန်းဆောင်ဆီ တန်းသွားလိုက်၏။
ကျွန်မ ပုံမှန်အလုပ်လုပ်နေကျ ရုံးခန်းအစား ဆိုဗီရ်ရှု၏ ရုံးခန်းဆီသို့။
ဆိုဗီရ်ရှုက အခန်းထဲတွင် တစ်ခုခုကို စဉ်းစားရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရာမှ ကျွန်မကိုမြင်တော့ အံ့သြသွားသည်။
“ဧကရီ။ ကိစ္စရှိလို့လား။”
ဆိုဗီရ်ရှုက ကျွန်မ ဗိုင်းကောင့် လန်ဒရယ်ဆီ သွားခဲ့ကြောင်း မသိသေးသည့်ပုံပင်။
“ဟုတ်ကဲ့။”
“ဘာကိစ္စများလဲ။”
“ဗိုင်းကောင့် လန်ဒရယ်နဲ့ ပတ်သက်တဲ့ကိစ္စပါ။”
“……အဲ့ဒီကိစ္စက ဧကရီ ဝင်ပါရမဲ့ကိစ္စ မဟုတ်ဘူး။”
“ဗိုင်းကောင့် လန်ဒရယ်ကို ပေးထားတဲ့ သေဒဏ်ကို ပြည်နှင်ဒဏ်အဖြစ် ပြောင်းပေးပါ။”
“ဧကရီ ဝင်ပါရမဲ့ကိစ္စ မဟုတ်ဘူးလို့ ပြောပြီးပြီလေ။”
ဆိုဗီရ်ရှုက ပြတ်ပြတ်သားသား ပြောပြီး စိတ်ရှုပ်သလို လက်ခါပြခဲ့သည်။
“ဒါကို လာပြောတာဆိုရင် ပြန်လိုက်တော့။”
“အရှင်ဧကရာဇ်။”
“ငါလည်း အာရုံတွေများနေရတာဆိုပေမဲ့၊ ရက်ရှ်တာက အခု ငါ့ကလေးကို လွယ်ထားရတာ၊ ဧကရီ။ ဗိုင်းကောင့် လန်ဒရယ်က တမင်လုပ်တာ မဟုတ်ရင်တောင် ငါ့ကလေးကို သတ်မိတော့မလို့။”
“ဗိုင်းကောင့် လန်ဒရယ် ဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရသလဲဆိုတာကရော အရေးမကြီးဘူးလား။”
“အင်း။ ငါ့အတွက် အရေးကြီးတာက ငါ့ကလေး သေလုနီးပါးဖြစ်ခဲ့တဲ့ကိစ္စပဲ။ သူ ဘာကြောင့် အဲ့ဒီလိုလုပ်ရသလဲဆိုတဲ့အချက် မဟုတ်ဘူး။”
ဆိုဗီရ်ရှုက တံခါးဘက်ကို လက်ညှိုးထိုးပြပြန်သည်။
“အဲ့ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ဖို့လာတာဆိုရင် ထွက်သွားလိုက်တော့။”
“ဒါဆိုရင် ဗိုင်းကောင့် လန်ဒရယ် စုံစမ်းထားတဲ့ အကြောင်းအရာတွေကို သီးသန့်ပဲ ကိုင်တွယ်ရတော့မှာပေါ့။ သိပါပြီ။”
ကျွန်မ သဘောတူလိုက်ပြီး တံခါးဘက်သို့ လှည့်ထွက်လာခဲ့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်တွင် ဆိုဗီရ်ရှုက “ခဏနေဦး” ဟု အနောက်မှ လှမ်းခေါ်ခဲ့၏။
ပြန်ကြည့်လိုက်တော့ သူက “ဘာစကားလဲ” ဟု မေးလာသည်။
“ဗိုင်းကောင့် လန်ဒရယ် စုံစမ်းထားတဲ့ အကြောင်းအရာတွေကို သီးသန့်ကိုင်တွယ်မယ်တဲ့လား။”
“သူ လေဒီ ရက်ရှ်တာကို ဓားနဲ့ထိုးရတဲ့ အကြောင်းရင်း။ မြို့စားကတော် တူအာနီယာနဲ့ ပတ်သက်တဲ့ သတင်းမှားတွေအကြောင်း စုံစမ်းထားတဲ့ကိစ္စ။”
“ဘာ။”
“ဒါက အရှင်ဧကရာဇ်ရဲ့ကလေး သေလုနီးပါးဖြစ်ခဲ့တဲ့ကိစ္စနဲ့ သီးခြားစီဖြစ်နေတဲ့ အမှုမို့လို့ပါ။”
~~~~
Miel's Translations